ပြင်ဆင်သင့်သည်ဟုယူဆသော ၂၀၀၈ ခြေ/ဥ များ (အပိုင်း ၃)

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး

ယခင်ရေးသားခဲ့သည့် ပထမဆောင်းပါးတွင် ဖက်ဒရယ်စနစ် ပီပြင်စွာတည်ဆောက်နိုင်ရေး၊ ဗဟိုဦးစီးလွှမ်းမိုးမှု လျှော့ချသည့်အနေနှင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးရှိ နိုင်ငံသားများကို ကိုယ်စား ပြုသည့် လွှတ်တော်အမတ်များက ရွေးချယ်နိုင်ရေးအတွက် ပုဒ်မ (၂၆၁) ပါ အချက်များကို ပြင်ဆင်သင့်သည်ဟု သုံးသပ်တင်ပြခဲ့ပါသည်။ ဒုတိယဆောင်းပါးတွင် တရားမျှပြီး လွပ်လပ်သည့် ရွေးကောက်ပွဲများကို ပုံမှန်ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သက်တမ်း၊ လုပ်ပိုင်ခွင့်နှင့် အကာကွယ်များကို ခိုင်မာစေရန် ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း သုံးသပ်တင်ပြခဲ့ပါသည်။ ယခု တတိယဆောင်းပါးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဆိုင်ရာ ပြင်ဆင်သင့်သည်ဟု ယူဆသောအချက်များကို တင်ပြလိုပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ လုပ်ငန်းတာဝန်များကို ပုဒ်မ ၃၂၂ တွင် ပြဋ္ဌာန်းထားပါသည်။ အဆိုပါပြဋ္ဌာန်းချက်များအပေါ် မူတည်ပြီး ခုံရုံး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆုံးဖြတ်ချက်နှင့် သဘောထားများရယူရန် တိုက်ရိုက်တင်သွင်းခွင့်ရှိသူများမှာ သမ္မတအပါအဝင် ပြည်ထောင်စုအဆင့် ခြောက်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ၂၈ ဦးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုမှ ခြောက်ဦး စုစုပေါင်း ၄၀ ဦး ဖြစ်ပါသည်။ သွယ်ဝိုက်နည်းဖြင့် တင်သွင်းခွင့်ရှိသူများမှာ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ အနည်းဆုံး ၁၀ ရာခိုင်နှုန်း အရေအတွက်ရှိသော ကိုယ်စားလှယ်များဖြစ်ကြပါသည်။ ထို့ကြောင့် တိုက်ရိုက်နှင့် သွယ်ဝိုက်နည်းများဖြင့် တင်ခွင့်ရှိသူသည် ၄၀ ဦးနှင့် အစုအဖွဲ့ နှစ်စုဖြစ်ပါသည်။ လူဦးရေ သန်းပေါင်း ၅၀ ကျော်သည့် နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ လူပုဂ္ဂိုလ် ၄၀ ဦးနှင့် အစုအဖွဲ့ နှစ်ခုကိုသာ တင်သွင်းခွင့်ပြုခြင်းသည် သာမန်နိုင်ငံသားများအတွက် အခြေခံဥပဒေခုံရုံး၏ အကာအကွယ်ရယူခြင်းကို အားနည်းစေသည်ဟု ယူဆပါသည်။

နိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၂၂ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်များအပေါ်တွင် ခုံရုံးသို့ တိုင်ကြားခွင့်၊ ခုံရုံး၏ အဆုံးအဖြတ်ခံယူခွင့် ရှိသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပုဒ်မ ၃၂၂ ပုဒ်မခွဲ ( ဂ ) တွင် ‘ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညိညွတ်ခြင်း ရှိ-မရှိ စိစစ်ခြင်း’ ဟု ပြဋ္ဌာန်းထားပါသည်။

ပြည်ထောင်စုအစိုးရ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာအာဏာပိုင်များ၏ ဆောင်ရွက်ချက်များဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံသားများအပေါ်သို့ သက်ရောက်ပါသည်။ သို့ရာတွင် ပြည်ထောင်စုအစိုးရ၏အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ အုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်များသည့် ၎င်းတို့အား အပ်နှင်းထားသည့် ဆောင်ရွက်ခွင့်ဘောင်အတွင်း ဆောင်ရွက်ခြင်းဖြစ်သဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ညီ မညီကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးထံတင်ပြပြီး အဆုံးအဖြတ်ကို ခံယူရန်မဖြစ်နိုင်ပါ။ ထိုနည်းတူစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ အုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်များသည့် ၎င်းတို့အား အပ်နှင်းထားသည့် ဆောင်ရွက်ခွင့်ဘောင်အတွင်း ဆောင်ရွက်ခြင်းဖြစ်သဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ညီ မညီကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးထံတင်ပြပြီး အဆုံးအဖြတ်ကိုခံယူရန် မဖြစ်နိုင်ပါ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုအစိုးရများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ အုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်များသည့် ၎င်းတို့အား အပ်နှင်းထားသည့် ဆောင်ရွက်ခွင့်ဘောင်အတွင်း ဆောင်ရွက်ခြင်းဖြစ်သဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံနှင့် ညီ မညီကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးထံတင်ပြပြီး အဆုံးအဖြတ်ကို ခံယူရန်မဖြစ်နိုင်ပါ။ မည်သူမဆို မိမိတို့အပ်နှင်းထားသည့် ဆောင်ရွက်ခွင့်ဘောင်အတွင်း ဆောင်ရွက်ခြင်းအပေါ်တွင် မှားခြင်း မှန်ခြင်း သို့မဟုတ် အခြေခံဥပဒေနှင့် ညီခြင်း မညီခြင်း အမှုဖွင့်ကြမည်မဟုတ်ပါ။ ထို့ကြောင့် ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ရ စီရင်စုများ၏ အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်များ၏ ဆောင်ရွက်ချက်များအပေါ် နိုင်ငံသားများအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တင်ပြခွင့် အဆုံးအဖြတ်ခံယူခွင့်ရရှိရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက နိုင်ငံသား များအနေနှင့် အုပ်ချုပ်မှုဆိုင်ရာ အာဏာပိုင်အသိးသီး၏ အုပ်ချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်များအတိုင်း ခေါင်းငုံ့ခံခြင်းမှအပ အခြားနည်းမရှိ ဆိုရပေမည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃၅ တွင် အခြေခံဥပဒေခုံရုံး၏သက်တမ်းသည် ပြည်ထောင်စုလွှတ်တော်နှင့်အညီ ငါးနှစ်ဖြစ်သည်ဟုလည်းကောင်း၊ သက်တမ်းကုန်ဆုံးစေကာမူ ခုံရုံးအဖွဲ့ဝင်များသည် နိုင်ငံတော်သမ္မတက ခုံရုံးအသစ်ဖွဲ့စည်းပြီးသည့် အချိန်အထိ ၎င်းတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်းထားပါသည်။ ပြည်ထောင်စုလွှတ်တော်၏ သက်တမ်းနှင့်အညီ သတ်မှတ်ခြင်းသည် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် သမ္မတတို့မှ အမည်စာရင်းတင်သွင်းပြီး ပြည်ထောင်စုလွှတ်တော် သဘောတူညီချက်ဖြင့် ခန့်အပ်ခြင်းခံရသည့် ခုံရုံးအဖွဲ့ဝင်များအတွက် အစိုးရနှင့် လွှတ်တော်နှစ်ရပ်အတွင်း ရွေးကောက်ခံပါတီများ၊ ကိုယ်စားလှယ်များ အပြောင်းအလဲရှိသည်နှင့် ၎င်းတို့၏တာဝန်သည်လည်း ပြိးဆုံးသွားနိုင်သည်။ ထိုသို့သောအနေအထားတွင် လွတ်လပ်ပြီးတရားမျှတစွာဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအား စိစစ်ဆုံးဖြတ်နိုင်ရန် အလွန်ခက်ခဲမည်ဖြစ်ပါသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – (၂၁) ရာစု ပင်လုံအစည်းအဝေးများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများအား လွတ်လပ်ပြီး တရားမျှတစွာဖြေရှင်းပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတစ်ခုရှိရန် တောင်းဆိုထားသည်ကို တွေ့ရှိရပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးတစ်ခုကို ပြဋ္ဌာန်းပြီး လက်ရှိအချိန်အထိ ကျင့်သုံးနေဆဲဖြစ်ပါသည်။ ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြဋ္ဌာန်းချက်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ လိုလားချက်သည် ဖွဲ့စည်းမှုပုံသဏ္ဌာန် (Structure) အပိုင်းတွင် တူညီမှုရှိသည်ဟု ဆိုနိုင်ပါသည်။

သို့ရာတွင် မည်မျှအတိုင်းအတာအထိ လွတ်လပ်မှုရှိသည်၊ အစိုးရနှင့် လွှတ်တော်တို့၏ ဖိအားပေးမှုကို မည်သည့်နည်းလမ်းများဖြင့် ဥပဒေနှင့်အညီ တန်ပြန်ခွင့်ရှိသည်၊ တရားမျှတစွာဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို သမာသမတ်ကျကျ ဖြေရှင်းနိုင်ရန် ၎င်းတို့ကို အကာအကွယ်ပေးထားသည်ဆိုသည့် အနှစ်သာရ (Substance) ဆိုင်ရာ ပြဋ္ဌာန်းချက်များတွင် ဆက်လက်ညှိနှိုင်းကြရန် လိုအပ်သည်။ ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတစွာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု များကို အမြင့်ဆုံးအဆင့်ဖြေရှင်းပေးနိုင်မည့် အနှစ်သာရ (Substance) များ ဖြည့်စွက်ရန် လိုအပ်နေသည်ဟု ယူဆမိပါကြောင်း တင်ပြလိုက်ရပါသည်။ 

 

ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်

(ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန် (Andrew) သည် အမေရိကန်နိုင်ငံ Indiana University – Maurer School of Law မှ ဥပဒေသိပ္ပံပါရဂူဘွဲ့ Doctor of Juridical Science (SJD) ရရှိထားသည့် ဥပဒေသုတေသီဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *