ရတက်ပွေရသည့် ရဟတ်ယာဉ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လိုက်ပါလာသည့် ရဟတ်ယာဉ် အရေးပေါ်ဆင်းသက်ရသဖြင့် စိုးရိမ်သံများ၊ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ရှမ်းပြည်နယ်ကပြည်သူများနှင့် သွားရောက်တွေ့ဆုံသည့် ခရီးစဉ်တွင် ဖေဖော်ဝါရီလ ၆ ရက်နေ့က မိုင်းတုံမြို့မှ မိုင်းဆတ်မြို့သို့ ထွက်ခွာစဉ် မိုင်းတုံမြို့က အတက်တွင် ရဟတ်ယာဉ် ဟိုက်ဒရောလစ်ဆီယိုစိမ့်သဖြင့် အရေးပေါ်ဆင်းသက်ရခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် ရဟတ်ယာဉ်နှစ်စင်းဖြင့် သွားရောက်ခြင်းဖြစ်ပြီး အတိုင်ပင်ခံက နံပါတ် (၁) ရဟတ်ယာဉ်ကို စီးနင်းခြင်းဖြစ်သည်။ နံပါတ်(၁) ရဟတ်ယာဉ် ချို့ယွင်းသဖြင့် နံပါတ် (၂) ရဟတ်ယာဉ်ကို ပြောင်းလဲစီးနင်းခဲ့ရသည်။

နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ ခရီးစဉ်တွင် ယင်းသို့ကြုံတွေ့ရမှုအပေါ် ပြည်သူများက စိုးရိမ်ကြပြီး အချို့ကလည်း ရဟတ်ယာဉ်အရည်အသွေးအပေါ် မေးခွန်းထုတ်ကြသည်။ တပ်မတော်က ပိုင်ဆိုင်သည့် အကောင်းဆုံးဖြစ်သည့် ရဟတ်ယာဉ်များကို အသုံးပြုထားခြင်း ဟုတ် မဟုတ်မေးခွန်းထုတ်ကြသေးသည်။

Mi 17 ရဟတ်ယာဉ်

အတိုင်ပင်ခံပုဂ္ဂိုလ်ခရီးစဉ်တွင် ရုရှားနိုင်ငံထုတ် Mi 17 ရဟတ်ယာဉ်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်။

ယင်းရဟတ်ယာဉ်သည် အင်ဂျင်နှစ်လုံးတပ်သယ်ယူပို့ဆောင်ရေးယာဉ် ဖြစ်ပြီး မျိုးကွဲများစွာရှိကြောင်း၊ အဆိုပါ ရဟတ်ယာဉ်များကို မြန်မာနိုင်ငံအတွက် အသုတ်ပေါင်းများစွာ ဝယ်ယူခဲ့ကြောင်း စစ်ရေးလေ့လာသုံးသပ်သည့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ အမှုဆောင်ဒါရိုက်တာဒေါက်တာနိုင်ဆွေဦးက ပြောကြားသည်။

“VIP ခရီးစဉ်အတွက်ဆိုရင် အသစ်တွေကိုပဲ တော်တော်များများသုံးလေ့ရှိပါတယ်။ တပ်မတော်ဘက်က အသစ်တွေ သုံးလေ့ရှိတာများပါတယ်။ အကောင်းဆုံးလည်း ပြင်ဆင်ထားတာ ဖြစ်တယ်ပေါ့။ တခြား သာမန်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ မတူဘဲနဲ့ လူကြီးတွေစီးဖို့ သေချာပြင်ဆင်ထားတာဖြစ်ပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် Mi 17 ရဟတ်ယာဉ်များကို ပြင်ဆင်ရေးအတွက် စက်ရုံများကိုလည်း လွန်ခဲ့သည့် ငါးနှစ်ခန့်ကပင် မြန်မာနိုင်ငံတွင် တည်ဆောက်ထားသဖြင့် ပြင်ဆင်နိုင်သည့်အခြေအနေရှိနေကြောင်း ၎င်းက ဆိုသည်။

Mi 17 ရဟတ်ယာဉ်သည် ကောင်းမွန်ပြီးစိတ်ချရသည့် အမျိုးအစားထဲတွင် ပါဝင်ကာ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်များတွင်လည်း အသုံးများကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း Mi 17 ရဟတ်ယာဉ်များကို အိမ်နီးချင်းထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်အပြင် အိန္ဒိယနှင့် ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့များပင် အသုံးပြုလေ့ရှိကြောင်းပြောဆိုသည်။

“ဒါကြောင့် သူက (Mi 17) အမျိုးအစားအားဖြင့်ရော၊ သယ်ယူပို့ဆောင်မှုအားဖြင့်ရော၊ နည်းပညာအားဖြင့်ရော စိတ်ချရတာ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

Mi 17 ရဟတ်ယာဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတ၊ ဒုတိယသမ္မတများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း စီးနင်းသည့် ရဟတ်ယာဉ်အမျိုးအစားသာဖြစ်ကြောင်း၊ ယင်းသို့အရေးကြီးသည့် ပုဂ္ဂိုလ်များစီးနင်းခြင်းဖြစ်သဖြင့် အထူးပြုပြင်ထားသည့် ရဟတ်ယာဉ်များဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇွန်လမှ ၂၀၁၈ ခုနှစ်အထိ တပ်မတော်က လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်လေယာဉ်မတော်တဆမှု ကိုးခုထက်မနည်း ဖြစ်ပွားခဲ့သည်။ ယင်းမတော်တဆမှုများတွင်  Mi 17 ပါဝင်ခြင်း မရှိခဲ့ပေ။

သို့သော်လည်း ၂၀၀၁ ခုနှစ်က ကရင်ပြည်နယ်တွင် Mi 17 ရဟတ်ယာဉ်တစ်စင်းရာသီဥတုဆိုးဝါးကာ ပျက်ကျခဲ့ရာ ယင်း ရဟတ်ယာဉ်တွင် လိုက်ပါလာခဲ့သည့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှူး (၂)  ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနှင့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်သီဟသူရသူရစစ်မောင်တို့ သေဆုံးခဲ့ သည်။

မြန်မာနိုင်ငံတွင် ရဟတ်ယာဉ်ပျက်ကျမှုကြောင့်သေဆုံးသူများအနက် ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးသည် အမြင့်ဆုံးအဆင့် နိုင်ငံခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။

ရဟတ်ယာဉ် ချို့ယွင်းခြင်း

အတိုင်ပင်ခံပုဂ္ဂိုလ်လိုက်ပါခဲ့သည့် ရဟတ်ယာဉ်မှာ ဆီယိုစိမ့်သဖြင့် အရေးပေါ် ဆင်းသက်ရသည်။ ထို့ကြောင့် ရဟတ်ယာဉ် ၏ကြံ့ခိုင်မှုကို မေးခွန်းထုတ်ကြသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ ယင်း ချို့ယွင်းမှုမှာ စိုးရိမ်ဖွယ်ရာအခြေအနေမဟုတ်ဘဲ ရာနှုန်းပြည့်စိတ်ချနိုင်အောင် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ဟိုက်ဒရောလစ်ဆီမှာ စက်သုံးဆီကဲ့သို့ ဆီမျိုးမဟုတ်ဘဲ မော်တော်ယာဉ်ဂီယာတွင် အသုံးပြုသည့် ဆီမျိုးသာဖြစ်ကြောင်း ပြောဆိုသည်။

ရဟတ်ယာဉ်သည် ဆက်လက်မောင်းနှင်နိုင်သည့် အခြေအနေဖြစ်သော်လည်း နိုင်ငံ့ခေါင်းဆောင်များလိုက်ပါသည့် ခရီးစဉ်ဖြစ်သဖြင့် တစ်စုံတစ်ရာမှားယွင်းမှု မဖြစ်အောင် ပြန်လည်ဆင်းသက်ခြင်းသာဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကကလူကြီး VIP ရဟတ်ယာဉ်တွေက ၁၀၀ ရာခိုင်နှုန်းစိတ်ချရဖို့ အရေးကြီးတယ်။ လုံးဝအမှားမခံဘူး”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လိုက်ပါစီးနင်းခဲ့သည့် ရဟတ်ယာဉ်မှာ မကြာသေးခင်က ဝယ်ယူထားသည့် ရဟတ်ယာဉ်များသာဖြစ်ပြီး အမြဲတမ်းစစ်ဆေးထားသည့် ရဟတ်ယာဉ်များဖြစ်ကြောင်း မြန်မာ့တပ်မတော်ထံမှ သိရသည်။

ယင်းဖြစ်ရပ်အပေါ် စက်မှုနည်းပညာနှင့် အလှမ်းဝေးကွာသူများက အပြုသဘောမဆောင်သည့် ဝေဖန်မှုများပြုလုပ်ကြခြင်းဖြစ်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောဆိုသည်။

“သိတဲ့လူတွေကတော့ ဒီလိုမျိုး ပြောမှာတော့ မဟုတ်ဘူးပေါ့။ နိုင်ငံ့အကြီးအကဲတစ်ယောက် သွားလာနေတာကို တပ်မတော်ကတော့ တစ်ခုခုအဖြစ်ခံမှာ မဟုတ်ဘူး။ ချွတ်ယွင်းမှုအဖြစ်ခံမှာ မဟုတ်ဘူး။ တတ်နိုင်သမျှ အကောင်းဆုံး ပြင်ဆင်ထားမှာပဲ”ဟုလည်း ၎င်းက မှတ်ချက်ပေးသည်။

ဟိုက်ဒရောလစ်ဆီယိုစိမ့်မှုမှာ သာမန်၊ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စဖြစ်ပြီး ရဟတ်ယာဉ်စက်နှိုးချိန်မှာ ဟိုက်ဒရောလစ် Pressure ကျဆင်းနေသဖြင့် ဆက်လက်မသွားရန် ရဟတ်ယာဉ်မှူးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောဆိုသည်။

“အကောင်းဆုံးပြင်ဆင်ထားတာ မှန်တယ်။ ဒါပေမဲ့ မမြင်နိုင်တဲ့ ချို့ယွင်းချက်တွေ ဖြစ်နိုင်တယ်ပေါ့”ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ ရဟတ်ယာဉ်ချို့ယွင်းချက်ကြောင့် အရေးပေါ်ဆင်းသက်ရန်ဆုံးဖြတ်ခဲ့သည့် ရဟတ်ယာဉ်မှူးကို ကျေးဇူးတင်စကားပြောဆိုခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာအချို့ကို ဖြေကြားထားသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကမူ စက်ပစ္စည်း၏ သဘောသဘာဝအရ ပျက်စီးချို့ယွင်းတတ်သဖြင့် မည်သူ့ကိုမျှ အပြစ်မတင်လိုကြောင်း ပြောကြားသည်။

“ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပါဘူး။ သူ့ရဲ့ ချို့ယွင်းချက်၊ အန္တရာယ်ရှိတဲ့ ကိရိယာတွေ သုံးမယ်ဆိုရင် ကြိုပြီးစစ်ဆေးရတာတွေ၊ စနစ်တကျ လုပ်ထားတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်”၎င်းက ဆိုသည်။

နိုင်ငံ့ခေါင်းဆောင်များအတွက် ပိုမိုကောင်းမွန်သည့် ရဟတ်ယာဉ်များကို အသုံးပြုသင့်ကြောင်း Facebook တွင်ဝေဖန်နေမှုများနှင့်ပတ်သက်၍ ဒေါက်တာမျိုးညွန့်က အောက်ပါအတိုင်းမှတ်ချက်ပေးသည်။

“ဒီဟာက ပုံသေကားချပ်ပြောလို့ မရပါဘူး။ စက်ဆိုတာက ပျက်တတ်တဲ့သဘော ရှိပါတယ်”

လုံခြုံရေး အရေးကြီးသည်

နိုင်ငံ့ခေါင်းဆောင်များ၏ လုံခြုံရေးမှာ အထူးအရေးကြီးသည်။

တပ်မတော်အစိုးရလက်ထက်တွင် ဒီမိုကရေစီအရေးအတွက် ကြိုးပမ်းခဲ့သဖြင့် ဒီမိုကရေစီပြယုဂ်ဟု တင်စားခံရသူလည်းဖြစ်၊ အတိုက်အခံဘ၀မှ အစိုးရဖြစ်လာသည့် NLD ပါတီ၏ ခေါင်းဆောင်လည်းဖြစ်၊ အစိုးရအဖွဲ့ကို အဓိက မောင်းနှင်သူလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ပုဂ္ဂိုလ်မျိုးအတွက် လုံခြုံရေးပိုမိုအရေးကြီးသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်ကဲ့သို့ နိုင်ငံ့ခေါင်းဆောင်လုံခြုံရေးကို အထူးဂရုစိုက်သည်ကို မြင်တွေ့ရကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦးက ပြောဆိုသည်။

နိုင်ငံ့ခေါင်းဆောင်များ၏ ခရီးစဉ်တွင် ရဟတ်ယာဉ်ဆိုလျှင်လည်း တစ်စင်းတည်းသွားခြင်းမရှိဘဲ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် အနည်းဆုံးနှစ်စင်း သုံးစင်းခန့်ဖြင့် မောင်းနှင်သွားလာကြောင်း၊ ယင်းအပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ တပ်မတော်ထောက်လှမ်းရေးဖြန့်ခွဲကာ လုံခြုံရေးပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ရကြောင်း ၎င်းက ရှင်းပြသည်။

“လုံခြုံရေးကို ဂရုစိုက်တယ်ဆိုတာက သေချာပါတယ်”ဟု ၎င်းက ဆိုသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကမူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် အထူးဂရုစိုက်ရန်လိုအပ်ကြောင်း ပြောဆိုသည်။

“ဒါပေမဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူများနဲ့ တပ်မတော်အကြား၊ နိုင်ငံရေးပါတီများနဲ့ တပ်မတော်ကြားမှာ အထင်အမြင်လွဲမှားတာတွေဖြစ်တဲ့အထိတော့ ဝေဖန်တာတွေ မလုပ်စေချင်ပါဘူး။ ကျွန်တော်တို့ရှေ့ဆက်ပြီး ဆက်သွားရမယ့် ကိစ္စတွေ ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။

မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်တွင် ဆီယိုစိမ့်မှုကြောင့် အရေးပေါ်ဆင်းသက်ရသဖြင့် နိုင်ငံ့ခေါင်းဆောင်များ၏ လုံခြုံရေးအတွက် တွေးပူခဲ့ကြရသည်။ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ လုံခြုံရေးအတွက် အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ အစားထိုးလို့မရတဲ့ ပုဂ္ဂိုလ်ပါ။ သူ့ရဲ့လုံခြုံရေးအတွက် အထူးပဲတတ်နိုင်သမျှ အကောင်းဆုံးဂရုစိုက်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်”

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *