တရုတ် – မြန်မာ စီးပွားရေးစင်္ကြံကိစ္စ ဒုတိယအကြိမ် ဆွေးနွေးရန် ပြင်ဆင်

photo by Photo Xinhua

မန္တလေး၊ ဖေဖော်ဝါရီ ၈

ရန်ကုန်၊ မန္တလေး၊ ရှမ်း၊ ရခိုင်နှင့် ဧရာဝတီတိုင်းတို့ကို ဖြတ်သန်းသွားမည် ဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံကိစ္စကို တရုတ်နိုင်ငံတွင် ဒုတိယအကြိမ် ဆွေးနွေးနိုင်ရန်အတွက် သမ္မတရုံးထံတင်ပြထားကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး  ဝန်ကြီးဌာနထံမှ သိရသည်။

ယင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီလအတွင်းလုပ်ဆောင်နိုင်ဖွယ်ရှိပြီး စင်္ကြံလမ်းတစ်လျှောက်ရှိ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ယင်းဌာနအမြဲတမ်းအတွင်းဝန် (စီမံကိန်း)ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

“အတည်ပြုချက်မရသေးတဲ့အတွက် ဘာတွေဆွေးနွေးမယ်၊ ဘယ်သူတွေပါမယ်ဆိုတာတော့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

မန္တလေးအပါအဝင် ယင်းလမ်းကြောင်းဖြတ်သန်းသွားသည့် ပြည်နယ်နှင့် တိုင်းအချို့မှဝန်ကြီးများလည်း ပါဝင်မည်ဟု သိရှိထားပြီး ဆွေးနွေးမည့် ရက်သည် ဖေဖော်ဝါရီလတတိယပတ်အတွင်း ဖြစ်နိုင်ကြောင်း မန္တလေးတိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူက ပြောကြားသည်။

အဆိုပါစီးပွားရေးစင်္ကြံတွင် ပါဝင်သည့် မူဆယ်-မန္တလေးရထားလမ်းကို  အလုပ်အကိုင်အခွင့်အလမ်းနှင့်ကုန်စည် စီးဆင်းမှုအတွက် မြန်မြန်အကောင်အထည်ပေါ်စေချင်ကြောင်း တိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။

“သူတို့ဘက်က တအားလုပ်ချင်နေပြီ။ ကျွန်တော့်တစ်ဦးတည်းအမြင်အရ ဒီဟာကို နင်းပြီးတော့ ကျွန်တော်တို့ဖွံ့ဖြိုးအောင် လုပ်ရမယ်။ ကျွန်တော်တို့ဆီ တရုတ်လာတော့ တရုတ်နဲ့ ဆက်ဆံရမှာပေါ့။  EU တို့ ဂျပန်တို့က ပိုပြီးရင်းနှီးမြှုပ်နှံမယ်ဆို သူတို့နဲ့ဆက်ဆံရမှာပေါ့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာလုပ်ချင်တဲ့သူကို ကျွန်တော်တို့က လက်သင့်ခံတယ်။ ပိုအကျိုးရှိမယ့်သူကို လက်ခံမှာပေါ့။ အကုန်လုံးရောပြွမ်းသော ပြွမ်းတော့ လက်ခံလို့ မရဘူး။ ဒါပေမဲ့  ပြည်သူတော့ သိရမယ်”ဟု ဝန်ကြီးချုပ်က  ပြောသည်။

မူဆယ်-မန္တလေးရထားလမ်းပိုင်းအတွက် လက်ရှိအသုံးပြုနေသည့် ရထားသံလမ်းများကို ပြုပြင်ရမည်ဖြစ်ပြီး ယင်း လမ်းပိုင်းပြီးစီးလျှင် ကုန်စည်များကို ရထားလမ်းမှ ပို့ဆောင်နိုင်မည်ဖြစ်၍ ၁၆ မိုင်ဂိတ်၊ ၁၀၅ မိုင်ဂိတ်စသည်တို့တွင် မော်တော်ယာဉ်များ စောင့်ဆိုင်းနေရခြင်းမျိုး မရှိနိုင်တော့ကြောင်း ၎င်းက ဆိုသည်။

“တစ်ခါတည်း အပြီးအစီးလုပ်နိုင်တယ်။ အဲဒါအမှန်အကန်ဖြစ်ပြီးဖြစ်တဲ့အတွက် လမ်းမှာ မစစ်နဲ့။ ဒီလောက်ကတော့ အာမခံချက်ပေး။ အကယ်၍ မဟုတ်တာပါလာရင်တော့ မူလက ခွင့်ပြုလိုက်တဲ့သူတွေကို တရားစွဲ။ မဟုတ်ရင် လမ်းမှာ  ကြာတယ်လေ။ ကုန်သည်တွေအတွက်လည်း အမြန်ရောက်တာပေါ့” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

နိုင်ငံပေါင်း ၇၀ ခန့်ကို ဖြတ်သန်းပြီး တရုတ်နှင့် ဥရောပကို ဆက်သွယ်မည့် လမ်းများ၊ ရထားလမ်းနှင့် ရေကြောင်းလမ်းများ ပါဝင်မည့် တရုတ်နိုင်ငံ၏ ပိုးလမ်းမကြီးစီမံကိန်း (One Belt One Road) စီမံကိန်း၏ အရေးပါသည့် အခန်းကဏ္ဍ စီမံကိန်းခွဲတစ်ခုအဖြစ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းကို အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းစီမံကိန်းသည် ကူမင်း-မန္တလေး-ရန်ကုန်နှင့်  ကျောက်ဖြူမြို့တို့ကို ချိတ်ဆက်ထားကာ ၁၇၀၀ ကီလိုမီတာရှည်လျားသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံစီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက်၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံမှ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် တရုတ်နိုင်ငံစီးပွားရေးစီမံကိန်းအေဂျင်စီ National Development and Reform Commission (NDRC)  ဥက္ကဋ္ဌ ဟေလိဖန်းတို့က နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *