Red Dot ပြဿနာ မည်သူဖြေရှင်းပေးမည်လဲ

လူနှစ်သောင်းကျော်တို့ တစ်ရက်တစ်မနက်အတွင်း ၎င်းတို့၏ ငွေပေါင်းသိန်းသောင်းချီ ဆုံးရှုံးလိုက်ရသည်။

စီးပွားဖြစ်ရေးကြံဆောင်ကာမှ မိမိပိုင်ဆိုင်မှုများပါ ဆုံးရှုံးသွားရခြင်းဖြစ်သည်။

အဘယ်ကြောင့် ထိုသို့ ဖြစ်ရသနည်း။

နိုင်ငံခြားသားပိုင် အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Red Dot ကုမ္ပဏီမှာ ၎င်းတို့ဆီမှ ကိုယ်စားလှယ် ရယူထားသူများကို တစ်စုံတစ်ရာ အကြောင်းကြားခြင်းမရှိဘဲ ကုမ္ပဏီကို ဖေဖော်ဝါရီလအတွင်း ပိတ်သိမ်းသွားခဲ့သဖြင့် ကိုယ်စားလှယ်ရယူထားသူများ၏ ငွေပေါင်းများစွာ နစ်နာဆုံးရှုံးသွားခဲ့သည်။

ထိုဖြစ်ရပ်မှာ မြန်မာနိုင်ငံ၏အွန်လိုင်းအခြေပြုငွေကြေးဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်အတွက် ပထမဆုံးသော ငွေကြေးလိမ်လည်သွားမှုကြီးလည်း ဖြစ်လေသည်။

Red Dot ကိုယ်စားလှယ်များထံ သိန်းသောင်းနှင့်ချီကာ ယူဆောင်ထားသည့် Red Dot ကုမ္ပဏီကို ပိတ်သိမ်းလိုက်သည့်အချိန်မှစ၍ တစ်ပတ်ကြာသည်အထိ နစ်နာသူကိုယ်စားလှယ်များကို ဖြေရှင်းပေးမည့်သူ မဲ့နေခဲ့သည်။

Red Dot ကိစ္စကို မည်သူဖြေရှင်းပေးမည်လဲ

Red Dot ကုမ္ပဏီသည် ငွေကြေးပေးချေမှု(Payment) လုပ်ငန်းကို လုပ်ကိုင်သော ကုမ္ပဏီဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာနှင့် Google တွင် အတိအလင်းဖော်ပြထားသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဌဦးဘိုဘိုငယ်ကမူ “Payment ကုမ္ပဏီ မဟုတ်ပါဘူး” ဟု ငြင်းဆိုသည်။

“Red Dot နဲ့ငွေပေးချေလို့ ရလား၊ အွန်လိုင်းဆားဗစ်နဲ့ မှာလို့ရလား မရပါဘူး။ Payment မဟုတ်ပါဘူး။ သူသည် ကိုယ်စားလှယ်လုပ်ငန်းတစ်ခုပါ။ အဲဒါကို Regulate လုပ်သင့် မလုပ်သင့်ကြည့်ရပါတယ်။ ပြည်သူလူထုရဲ့ အပ်ငွေတွေရှိရင်တော့ ကျွန်တော်တို့ သတိထားရပါတယ်”ဟု ဦးဘိုဘိုငယ်က ဆိုသည်။

လိုင်စင်ထုတ်ပေးထားခြင်း မရှိသဖြင့် ၎င်းတို့နှင့်မသက်ဆိုင်ကြောင်းလည်း ၎င်းက အတိအလင်း ပြောလိုက်သည်။

လိုင်စင်ရှိသည့် လုပ်ငန်းနှင့် လိုင်စင်မရှိသည့် လုပ်ငန်းများသည် ရောနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများက လိုင်စင်ရှိသည့် လုပ်ငန်းများနှင့် လိုင်စင်မရှိသည့် လုပ်ငန်းများကို တရားဝင်ကြေညာပေးသင့်ကြောင်း NLD ပါတီ စီပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောဆိုသည်။

“ပြည်သူလူထုကတော့ လိုင်စင်ရှိတယ်၊ မရှိဘူးဆိုတာကို ဘယ်လိုသိမလဲ။ လိုင်စင်မရှိတဲ့ လုပ်ငန်းတွေကို တကယ်လည်း လိုက်ပြီး တားဆီးအရေးယူပေးရမယ်။ ဒါမှသာ ဆုံးရှုံးနစ်နာနိုင်တာတွေ ထပ်မဖြစ်မှာပေါ့”

ထို့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ကလည်း Red Dot ကိစ္စမှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနကလည်း Red Dot ကိစ္စကို ဖြေရှင်းပေးနိုင်ခြင်းမရှိဟု ငြင်းဆိုထားသည်။

ထိုသို့ဆိုလျှင် တာဝန်အရှိဆုံးသော Red Dot ဘက်ကလည်း အဘယ်သို့ ဖြစ်မည်နည်း။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် Red Dot ကုမ္ပဏီရုံးချုပ်ဖွင့်လှစ်ခဲ့သည့် York Center ရှေ့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်၍ လုပ်ငန်းပိတ်သိမ်းပြီး ကုမ္ပဏီနှင့် သက်ဆိုင်သော ကိစ္စအဝ၀အားဖြေရှင်းနိုင်ရန် သက်ဆိုင်ရာဥပဒေအဖွဲ့အစည်းနှင့် စတင်ညှိုနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စာရေးသားကာ ကြေညာထားလေသည်။

ထို့အပြင် ကိုယ်စားလှယ်များ၏ ရရန်ရှိသော ငွေလက်ကျန်များကို သက်ဆိုင်ရာ ဥပဒေအဖွဲ့အစည်းမှ ဆက်သွယ်ဆောင်ရွက်ပေးရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဆက်သွယ်မည့် အချိန်ကို စောင့်ဆိုင်းပေးစေလိုကြောင်း ရေးသားထားသည်ကို Red Dot ကုမ္ပဏီ ရုံးချုပ်အောက်တွင် တွေ့ရသည်။

သို့သော် မည်သည့်အချိန်ကာလအထိ စောင်းဆိုင်းရမည်ကိုမူ ရေးသားထားခြင်းမရှိပေ။

Red Dot ကုမ္ပဏီအကြီးအကဲများကလည်း ယနေ့အချိန်ထိ မည့်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရပေ။

Red Dot ပြသနာ မည်သူ့မှာတာဝန်ရှိသနည်းဆိုသည်မှာ ကောက်ရိုးပုံထဲ အပ်ရှာသဖွယ်ဖြစ်နေကာ ကိုယ်စားလှယ်များမှာလည်း ငွေများဆုံးရှုံးခဲ့သော အပူသောကမီး ရင်ဝယ်ပိုက်ထားနေရဆဲဖြစ်သည်။

Red Dot ဘယ်လဲ၊ ဘာလဲ

Red Dot သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အကြာတွင် Red Dot ဖြင့် ဖုန်းငွေဖြည့်နိုင်သည့် ကိုယ်စားလှယ်ဆိုင်ပေါင်း ၁၀,၀၀၀ အထိ ရှိခဲ့ကြောင်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့သည်။

သို့သော် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ထုတ်ပြန်ထားချက်အရမူ Myanmar Red Dot Network Limited အမည်ဖြင့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ၁၇ရက်နေ့တွင် Registration Number 111450641 ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခဲ့ကြောင်း၊ ကုမ္ပဏီဒါရိုက်တာများမှာ အိုင်ယာလန်နိုင်ငံသား JOHN NAGLE ၊  နယ်သာလန်နိုင်ငံသား WOUTER DE JONG တို့ ဖြစ်ကြောင်း သိရသည်။

ထိုသို့ဆိုလျှင် –

Red Dot လုပ်ငန်းသည် ကုမ္ပဏီတည်ထောင်ခွင့် မရရှိခင်ကတည်းက မြန်မာနိုင်ငံတွင် အွန်လိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့ခြင်းမှာ ထင်သာမြင်သာ ဖြစ်နေလေသည်။

အွန်လိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်သော်လည်း ယင်းနှင့် သက်ဆိုင်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင်လည်း လိုင်စင်လျှောက်ထားခြင်း မရှိပေ။

Red Dot ကုမ္ပဏီသည် ဆက်သွယ်ရေးအော်ပရေတာလေးခုနှင့်လည်း Online Bill ဖြည့်နိုင်ရန် ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး Viber, Ananda, iflix, Viu တို့နှင့်လည်း ချိတ်ဆက်ကာ အွန်လိုင်းငွေကြေးဝန်ဆောင်မှုကို လုပ်ကိုင်ခဲ့သည်။ Red Dot သည် ဖုန်းဘေလ်ဖြည့် ခြင်းအပြင် မီတာဆောင်ခြင်း၊ ဗေဒင်မေးမြန်းခြင်း စသည့်ဝန်ဆောင်မှုများကိုလည်း လုပ်ကိုင်ခဲ့သည်။

ယခုကဲ့သို့ လေးနှစ်ကြာလုပ်ကိုင်ပြီးသည့်နောက်တွင် Red Dot ကိုယ်စားလှယ်မှာ သုံးသောင်းကျော်ရှိမည်ဟု Red Dot ကိုယ်စားလှယ်တစ်ဦးက ခန့်မှန်းပြောဆိုသည်။

ကိုယ်စားလှယ်ဆိုင်များထဲမှ အချို့သည် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ရရှိရန် Red Dot စက်တစ်လုံးကို ၇၅,၀၀၀ ဖြင့် ပေးဝယ်ခဲ့ရပြီး ဈေးလျှော့ချိန်တွင် ကျပ် ၅၀,၀၀၀ ဖြင့် ပေးဝယ်ခဲ့သူများလည်းရှိကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

Red Dot စက်ကို ကိုယ်စားလှယ်ရယူလိုပါက စက်အတွင်းသို့ ကြိုတင်ငွေအနည်းဆုံး ငါးသောင်းကျပ် ပေးသွင်းရမည်ဟုလည်း Red Dot ဘက်က စည်းကမ်းချက်သတ်မှတ်ထားလေသည်။

စက်အတွင်း ငွေကုန်ဆုံးသွားချိန်တွင် Red Dot အော်ပရေတာကို အကြောင်းကြားကာ ကုမ္ပဏီဝန်ထမ်းများက လာရောက်ငွေဖြည့်ပေးသွင်းခြင်းအပြင် အွန်လိုင်းမှ ငွေဖြည့်သွင်းခြင်းကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း ၎င်းတို့က ပြောဆိုသည်။

ယင်းကဲသို့ ကိုယ်စားလှယ်များနှင့် ယုံကြည်မှုယူကာ လေးနှစ်ခန့်ကြာလုပ်ဆောင်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် Red Dot စက်များ Error တက်သည်ဟုဆိုကာ ကိုယ်စားလှယ်အချို့မှာ ငွေဖြည့်ခြင်းလုပ်ငန်း လုပ်ဆောင်ရာတွင် အခက်တွေ့လာခဲ့လေသည်။

နောက်ပိုင်းတွင် စက်အတွင်းမှ ကျန်ရှိသည့်ငွေများကို ဖုန်းဘေလ်ဖြည့်ခြင်းလုပ်ငန်း မလုပ်ဆောင်နိုင်သည် အထိ ဖြစ်လာသည်။

ကိုယ်စားလှယ်များက စက်အတွင်းမှ ကျန်ရှိသည့် ငွေများ ဖုန်းဘေလ်ဖြည့်၍ မရကြောင်း ဖုန်းဆက်ပြောဆိုခြင်း၊ ကုမ္ပဏီသို့ သွားရောက်ကာ ပြောဆိုခြင်းများလုပ်ခဲ့သော်လည်း အကြောင်းမထူးခဲ့။ Error တက်နေသည်ဟုသာ ပြောဆိုပြီး ပြန်လည်ပြင်ဆင်ပေးမည်၊ ခေတ္တစောင့်ဆိုင်းရန်သာ Red Dot ဘက်က ဖြေရှင်းခဲ့လေသည်။

နောက်ဆုံးတွင်တော့ Red Dot သည် မည်သည့်ပြသနာမျှ ဖြေရှင်းမပေးဘဲ ကုမ္ပဏီရုံးခန်းကိုပါ ပိတ်သိမ်းသွားခဲ့လေသည်။ ကိုယ်စားလှယ်များဘက်က ငွေပေါင်းသိန်းသောင်းချီ ဆုံးရှုံးမှုကြီး ဖြစ်ပေါ်လာခဲ့သည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် Red Dot ပိတ်သိမ်းသွားခဲ့သည်။ ထိုအချိန်မှ စတင်ကာ Red Dot ကိုယ်စားလှယ်များထံမှ တူညီသည့် အသံတစ်ခုကိုကြားရသည်။

၎င်းတို့၏ ပိုက်ဆံများ Red Dot ကုမ္ပဏီတွင် ကျန်ရှိနေသေးခြင်းပင်။

“ကျွန်မတို့က စက်က ဖုန်းငွေဖြည့်မရဘူးပြောတော့ လာလုပ်ပေးမယ် တစ်ခါပြီး တစ်ခါချိန်းတယ်။ အခုတော့ ထွက်ပြေးသွားပြီ။ ကျွန်မလည်း စက်ထဲမှာ တစ်သိန်းကျော်လောက်ပါသွားတယ်”ဟု သန်လျင်မြို့နယ်တွင် Red Dot ဖြင့် ဖုန်းငွေဖြည့်လုပ်ငန်းလုပ်ကိုင်နေသည့် မစံပယ်က ဆိုသည်။

မစံပယ်သည် Red Dot ဖြင့် ဖုန်းငွေဖြည့်လုပ်ငန်း လုပ်ကိုင်နေသည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။ သူ၏ Red Dot စက်ထဲတွင် ပါသွားသည့် ကျပ် တစ်သိန်းကျော်နှင့် စက်ဖိုးငါးသောင်းကို ပြန်လိုချင်မိကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်မ ငါးလလောက်ရောင်းတာတောင် ငါးသောင်းလောက်ပဲ မြတ်တာ။ လုပ်တာလည်း သိပ်မကြာသေးဘူး။ အခုတော့ တစ်သိန်းကျော်ပြန်ပါသွားပြီ”

မစံပယ်ထက် ငွေကြေးပိုမိုဆုံးရှုံးသူများကလည်း မနည်းပေ။ အချို့က ငွေကျပ် နှစ်သိန်းကျော်မှ ငွေကျပ် ရှစ်သိန်းကျော်အထိ ဆုံရှုံးနေမှုများလည်းရှိကြောင်း ကိုယ်စားလှယ်များထံမှ သိရသည်။

ပြည်မြို့တွင် Red Dot ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်နေသည့် ကိုစည်သူသည် Red Dot ကုမ္ပဏီပိတ်သိမ်းလိုက်ချိန်တွင် ကျပ်ရှစ်သိန်းကျော်အထိ စက်အတွင်းကျန်ရှိခဲ့သည်။ စက်ဖိုး မပါသေးပေ။

“ပိုက်ဆံတော့ ပြန်လိုချင်တာပေါ့။ အခုက မသိဘူးပဲပြောနေကြတာ။ ဒီလောက် အကြီးအကျယ်လုပ်နေတာကို မသိဘူးဆိုတာတော့ မဖြစ်နိုင်ဘူး” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် Red Dot ကုမ္ပဏီ၏ အခြေအနေကို ဖြေရှင်းပေးနိုင်မည့် တာဝန်ရှိသူများကို တစ်ဦးတစ်ယောက်မျှ မတွေ့ရသေးပေ။

ဘယ်သူ့ စည်းကြပ်မှုအောက်မှာလဲ

၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့တွင် ဗဟိုဘဏ်က ထုတ်ပြန်ထားသည့် မိုဘိုင်းလ် ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများဆိုင်ရာ စည်းမျဉ်းများအရ မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုပေးသူများသည် ဗဟိုဘဏ်၏ စည်းကြပ်မှုအောက်တွင် ရှိသည်။

WaveMoney ၊ OK$ နှင့် True Money တို့ကို ဗဟိုဘဏ်က လုပ်ငန်းလိုင်စင်ချပေးထားကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဠ ဦးဘိုဘိုငယ်က ဖေဖော်ဝါရီလ ၆ ရက်က ပြောကြားထားသည်။ ထိုလုပ်ငန်းများသည် Red Dot ကိစ္စ လူသိရှင်ကြားဖြစ်အပြီးတွင် ကိုယ်စားလှယ်များနှင့် သုံးစွဲသူများ မစိုးရိမ်ရန် မြန်မြန်ဆန်ဆန် ထုတ်ပြန်ကြေညာသည့် လုပ်ငန်းများလည်း ဖြစ်သည်။

အခင်းဖြစ်ပွားနေသည့် Red Dot ကုမ္ပဏီမှာမူ Payment ကုမ္ပဏီ (မိုဘိုင်းလ်နည်းပညာကို သုံးပြီး ငွေပေးချေမှု ဝန်ဆောင်မှုပေးသူ) မဟုတ်ကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

သို့ဆိုလျှင် Red Dot ကုမ္ပဏီသည် ဗဟိုဘဏ်၏ စည်းကြပ်မှု အပြင်ဘက်တွင် ရှိနေသလား။

ဦးဘိုဘိုငယ်ကဲ့သို့ပင် ပြောဆိုသူ နောက်တစ်ဦးရှိနေသည်။ MyanmarUnion Pay ၏အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွတ် ဖြစ်သည်။

Payment သည် ကုန်ပစ္စည်းများဝယ်ယူရာတွင် ငွေသားမပါဘဲ ပေးချေနိုင်သည့်အပြင် တစ်နေရာမှ တစ်နေရာသို့ ငွေလွှဲပြောင်းပေးနိုင်ပြီး Red Dot ကုမ္ပဏီသည် Payment ကုမ္ပဏီမဟုတ်ကြောင်း ငွေရေးကြေးရေး ကျွမ်းကျင်ပညာရှင်လည်းဖြစ်သည့် ဦးဇော်လင်းထွတ်က ပြောဆိုသည်။

Payment ကုမ္ပဏီများသည် ဗဟိုဘဏ်၏ ထိန်းကျောင်းမှုအောက်တွင် ရှိကြောင်း ၎င်းက ပြောဆိုသည်။

Red Dot သည် Payment (မိုဘိုင်းလ် ငွေပေးချေမှု) လုပ်ငန်းမဟုတ်ကြောင်း ပညာရှင်အမြင်ရော အာဏာပိုင် အမြင်ပါ ရှိသော်လည်း Red Dot Net-work Myanmar Official Page  အမည်ရှိ Facebook စာမျက်နှာတွင်ပင် လုပ်ငန်း၏ Mission (ရည်မှန်းချက်) အဖြစ် “မြန်မာနိုင်ငံတွင် ခေတ်မီသော ကြားခံငွေပေးချေမှုစနစ်ကို လွယ်ကူ အဆင်ပြေစွာ သုံးစွဲနိုင်ဖို့က Red Dot Network  ၏ အဓိကမျှော်မှန်းချက်ပင် ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။ Products ခေါ် ဝန်ဆောင်မှုစာရင်းတွင် Cash Acceptance ၊ Mobile Topup နှင့် Bill Payment တို့ကို ဖော်ပြထားသည်။

Red Dot ၏ Website ဖြစ်သော reddotnetwork.com ကို ဖေဖော်ဝါရီ ၇ ရက်က The Voice Journal က ဝင်ရောက်ကြည့်ရှုရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း မရခဲ့ပေ။ သို့သော် Google စာမျက်နှာတွင် reddotnet-work.com ၏ မိတ်ဆက်စာသားဖြစ်သော  ]]Reddot is a revolutionary new payments company that is rapidly building a network in Myanmar.}} ကိုမူ ဖတ်ရှုနိုင်ခဲ့သည်။ ထိုစာသားကို ယေဘုယျဘာသာပြန်လျှင် “Red Dot သည် မြန်မာနိုင်ငံတွင် ကွန်ရက်တစ်ခုကို မြန်ဆန်စွာတည်ဆောက်နေသည့် တော်လှန်ပြောင်းလဲသော မိုဘိုင်းလ်နည်းပညာကို သုံးပြီး ငွေပေးချေမှုဝန်ဆောင်မှုပေးသည့် ကုမ္ပဏီသစ် ဖြစ်သည်” ဟု တွေ့ရမည်ဖြစ်သည်။

သို့သော် ဗဟိုဘဏ်နှင့် လုံးဝမသက်ဆိုင်ခြင်း မဟုတ်ကြောင်း ပြောဆိုသူလည်းရှိသည်။

လိုင်စင်ထုတ်ပေးထားခြင်းမရှိသည့် အတွက် (ဗဟိုဘဏ်နှင့်) မသက်ဆိုင်သည် မှန်သော်လည်း လုံးဝ မသက်ဆိုင်ခြင်း မဟုတ်ကြောင်း အာဏာရ NLD ပါတီ၏ စီးပွားရေးကော်မတီ အဖွဲ့ဝင်နှင့် ဘဏ်နှင့် ငွေရေးကြေးရေးဆိုင်ရာ ကျွမ်းကျင်သူ ဦးရဲမင်းဦးက ပြောဆိုသည်။

“လုံးလုံးမဆိုင်ဘူးဆိုလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။  အများပြည်သူရဲ့ ပိုက်ဆံတွေကို လက်ခံပြီး လုပ်တဲ့ လုပ်ငန်းကိုကျတော့ စောင့်ကြည့်ဖို့ တာဝန် ရှိတယ်။ ဒါမှ အခုလိုမျိုးပြဿနာတက်ရင် အများပြည်သူဘက်ကနေ ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်နိုင်မှာပေါ့” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ လုပ်ငန်းများကို သက်ဆိုင်ရာဌာနများအနေနှင့် စောင့်ကြည့်ရန်တာဝန်ရှိပြီး ယခုကဲ့သို့ပြဿနာပေါ်ပေါက်နိုင်သည့် အခြေအနေမျိုးရှိပါက ခေါ်ယူသတိပေးတားမြစ်သင့်ကြောင်း ဦးရဲမင်းဦးက ပြောကြားသည်။

Wave Money ၊ OK$ နှင့် True Money  အချို့လုပ်ငန်းများသည် ဗဟိုဘဏ်လက်အောက်တွင် တရားဝင် လုပ်ငန်းလိုင်စင်ခွင့်ပြုထားသည့် လုပ်ငန်းများဖြစ်သည့်အတွက် ပြဿနာ တစ်စုံတစ်ရာတက်လာပါက ဗဟိုဘဏ်က ဖြေရှင်းပေးနိုင်ကြောင်း ငွေကြေးကျွမ်းကျင်ပညာရှင်များက ပြောဆိုသည်။

Red Dot ကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် မှတ်ပုံတင်ထားသော်လည်း လုပ်ငန်းလိုင်စင်ရရှိထားခြင်းမရှိကြောင်း ပညာရှင်များနှင့် ဌာနဆိုင်ရာမှ အကြီးအကဲများက ပြောဆိုထားသည်။

ယခုကဲ့သို့ ကိုယ်စားလှယ်များထံမှ ငွေကြေးသိန်းသောင်းချီ ဆုံးရှုံးမည့် အရေးဖြစ်ပေါ်နေသော်လည်း မည်သည့် ဥပဒေဖြင့် အရေးယူမည်ဟု ထုတ်ဖော်ပြောဆိုသည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသေးပေ။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဗဟိုဘဏ်အပါအဝင် အခြားဌာနများက Red Dot ကုမ္ပဏီကို အရေးယူရန်မှာ ၎င်းတို့နှင့် မသက်ဆိုင်ကြောင်းသာ ပြောဆိုထားသည်။

ဟာကွက်

Red Dot ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရှိသည့် လစ်ဟာနေသည့် ဥပဒေအချို့ကို အသုံးချကာ ယခုကဲ့သို့ ပြုလုပ်သွားခြင်းဖြစ်နိုင်ကြောင်း ဦးဇော်လင်းထွတ်က ပြောသည်။

“ဒီလိုကုမ္ပဏီ(Red Dot) မျိုးတွေကို ဘယ်လိုထိန်းကျောင်းတာမျိုးတွေ လုပ်သင့်တယ်ဆိုတာ မရှိဘူး။ မရှိတဲ့ အခါကျ ကုမ္ပဏီစာရင်းသွင်းတာကို သတ်မှတ်တဲ့ ပမာဏနဲ့ လုံလောက်ရင် လုပ်ပေးလိုက်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

မှတ်ပုံတင်လာသည့် ကုမ္ပဏီများ၏ ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး လိုအပ်ချက်များကို ပြောဆိုပြီး ထိန်းကျောင်းနိုင်သည့် ပုံစံမျိုးရှိပါက နစ်နာသူများကို အကာအကွယ်ပေးနိုင်မည်ဖြစ်ကြောင်း ဦးဇော်လင်းထွတ် က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ငွေပေးချေသည့် လုပ်ငန်းသည် တွင်ကျယ်လာပြီ ဖြစ်သည်။ တရားဝင်ငွေပေးချေသည့် လုပ်ငန်းများဖြစ်သည့်  Wave Money ၊ OK$ နှင့် True Money  နှင့် KBZ Pay တို့အပြင် အခြားတရားဝင်ငွေပေးချေနိုင်သည့် လုပ်ငန်းများလည်း ပေါ်ထွက် လာနိုင်သည်။

ပြည်တွင်းတရားဝင် ငွေလွှဲနိုင်သည့် Wave Money ဖြင့်ငွေပေးချေမည်ဆိုပါက ငွေလွှဲမည့်သူ ဖုန်းနံပါတ်၊ မှတ်ပုံတင်နံပါတ်နှင့် ငွေလက်ခံမည့်သူ ဖုန်းနံပါတ်မှတ်ပုံတင်နံပါတ်တို့ကို Wave Money ရရှိနိုင်သည့် ဆိုင်တိုင်းတွင် ငွေလွှဲနိုင်မည် ဖြစ်သည်။

Wave Money သည် ၎င်း၏ ငွေကြေးရာနှုန်းပြည့် (၁၀၀ ရာခိုင်နှုန်း) ကို ရိုးမဘဏ်တွင် စိတ်ချရသည့် ငွေစာရင်းဖြင့် အပ်နှံထားခြင်းကြောင့် Wave Money အပါအဝင် ဘဏ်များဖြင့် ချိတ်ဆက်ထားသည့် တရားဝင် အွန်လိုင်းငွေလွှဲသည့် လုပ်ငန်းများသည် ယုံကြည်စိတ်ချနိုင်သည်ဟု ငွေကြေးကျွမ်းကျင်ပညာရှင်များက ပြောဆိုသည်။

Red Dot ကဲ့သို့ လုပ်ကိုင်သည့် လုပ်ငန်းများနှင့် အွန်လိုင်းငွေပေးချေသည့် လုပ်ငန်းများတွင် စည်းကမ်းဖောက်ဖျက်မှုများရှိပါက တိကျသည့် အရေးယူခြင်းမျိုးကို ပြုလုပ်ထားရန် လိုအပ်ကြောင်း Flymya.com ၏ Executive Director လည်းဖြစ်၊ နည်းပညာလည်း နှံ့စပ်ကျွမ်းကျင်သူ ဦးငြိမ်းချမ်းစိုးဝင်းက ပြောသည်။

လက်ရှိအချိန်တွင် Red Dot ကုမ္ပဏီသည် မြန်မာနိုင်ငံရှိကိုယ်စားလှယ်များထံမှ ငွေကြေးယူဆောင်သွားခြင်းကို ဖြေရှင်းနိုင်မည့် တိကျသည့် အဖြေတစ်ခုကို ကိုယ်စားလှယ်များက လိုချင်နေကြသည်။

သို့သော် ယနေ့အထိ မည်သူကမှ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးပေ။

“သူတို့ကတော့ ပြေးပြီပေါ့။ မြန်မာနိုင်ငံက သူတွေ အဲဒီလောက်တောင် ညံ့လား။ လုပ်ငန်းကြီးတစ်ခုလုံး ပိတ်ခဲ့တဲ့သူကို ချက်ချင်းဖမ်းဖို့ ဘာလို့ မလုပ်နိုင်တာလဲ။ ပြည်ပထွက်ခွင့် ပိတ်တာတို့ ။ နာမည်ပျက် စာရင်းသွင်းတာတို့ တရားဝင်လုပ်သင့်တယ်လို့ ထင်တယ်”ဟု ပြည်မြို့မှ Red Dot ကိုယ်စားလှယ် ကိုစည်သူက ပြောသည်။

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *