ယွမ်၊ ယန်းတို့နှင့် ကခုန်ခြင်း

မြန်မာနယ်စပ်နှင့် တရုတ်ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုအတွက် ယွမ်ငွေကို သုံးရန် ICBC (Industrial and Commercial Bank of China) ဘဏ်နှင့် ဆွေးနွေးနေကြောင်း စီးပွား/ကူးသန်းဝန်ကြီး ဒေါက်တာသန်းမြင့်က ဒီဇင်ဘာလတတိယပတ်အတွင်း ပြောကြားခဲ့ပြီးနောက်ပိုင်းတွင် ယင်းကိစ္စမှာ အမှန်တကယ် ဖြစ်ပေါ်လာခဲ့တော့သည်။

သို့သော် သူချည်းပဲမဟုတ်။ နောက်ထပ် အာရှကျားဖြစ်သည့် ဂျပန်လည်း ပါသည်။

ဂျပန်နှင့် တရုတ်တို့၏ ငွေကြေးများဖြစ်သည့် ယန်းနှင့်ယွမ်တို့ကို နိုင်ငံတကာ ငွေပေးချေမှုပြုနိုင်သော ငွေကြေးအဖြစ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားဝင်လမ်းဖွင့်ပေးလိုက်ပြီ ဖြစ်သည်။ ယွမ်နှင့် ယန်းကို နိုင်ငံတကာငွေပေးချေမှု၊ စာရင်း ရှင်းလင်းမှုနှင့် ကုန်သွယ်ငွေပေးချေမှုတွင် တရားဝင်အသုံးပြုခွင့် ပေးလိုက်ခြင်းလည်း ဖြစ်သည်။

နိုင်ငံတကာငွေကြေးရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AuthorizeDealer-AD) လိုင်စင်ရဘဏ်အချင်ချင်း အပြန်အလှန်စာရင်းဖွင့်ခြင်းနှင့် စာရင်းရှင်းလင်းခြင်းတို့ကို စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ကြေညာသည်။

“အဓိကကတော့ US ဒေါ်လာပေါ်မှာ မှီခိုရမှုကို လျော့ကျအောင်လို့”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဆိုသည်။

“နောက်တစ်ချက်က ကျွန်တော်တို့အနေနဲ့ တရုတ်ပြည်၊ ဂျပန်ပြည်နဲ့ စီးပွားရေး ဆက်ဆံမှုများလာတော့မှာ ဖြစ်တဲ့အတွက် များလာတဲ့အခါကျတော့ ဂျပန်ငွေကြေးရော၊ တရုတ်ငွေကြေးကရော အမေရိကန်ဒေါ်လာကို တစ်ဆင့်ပြောင်းရတယ်။ ဂျပန်ယန်းကို ပြောင်းရင် သူတို့မှာ ကော်မရှင်ပေးရတယ်။ အမေရိကန်ဒေါ်လာ ပြောင်းပြီး မြန်မာငွေပြန်ဝယ်တဲ့ အခါမှာလည်း တစ်ခါပေးရတယ်။ ဂျပန်ယန်းကို ပြောင်းတဲ့အခါကျတော့ အခက်အခဲတွေ ဖြစ်ပေါ်ပြီး ငွေကြေးဆုံးရှုံးမှု ဖြစ်ပေါ်တယ်။ ကုန်ကျစရိတ်တွေ သက်သာအောင် ဒါတွေဖြေလျှော့ပေးလိုက်တဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးသည် ရှေးပဝေသဏီကတည်းက ကူးသန်းရောင်းဝယ်ခဲ့သော်လည်း မြန်မာနိုင်ငံထွက် ဆန်၊ ပဲ၊ ပြောင်း၊ သကြား အစရှိသည့်ထွက်ကုန်များကို တရုတ်တို့က တရားမဝင် ဝယ်ယူရခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘက်မှ တရားဝင်အခွန်ဆောင်တင်ပို့သော်လည်း တရုတ်နိုင်ငံဘက်တွင် တရားမဝင်ဖြစ်သွားပြီး အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးစစ်ဆေးမှုများပေါ်ပေါက်ပါက မြန်မာကုန်သည်များ ကုန်စည်ဆက်ပို့ရန် အခက် ကြုံခြင်း၊ ကုန်ဖိုးငွေအကျေအလည်မရခြင်း စသည့်ပြဿနာများကြုံရသည်။

တရုတ်နယ်စပ်မှတစ်ဆင့် ပို့ကုန်၊ သွင်းကုန်များအတွက် ငွေပေးချေရာတွင် ဘဏ်ငွေလွှဲစာတမ်း LC (Letter of Credit) ၊ TT (Telegraphic Transfer) ကို မသုံးဘဲ  ငွေသားတိုက်ရိုက် သို့မဟုတ် တရားမဝင် ဟွန်ဒီစနစ်ဖြင့် ပေးချေကြသည်။ ယွမ်ငွေကို နိုင်ငံတကာပေးချေနိုင်သော ငွေကြေးအဖြစ် မသတ်မှတ်ထားသော်လည်း တရားဝင်ပုံစံပေးချေအသုံးပြုနေဖြစ်သည်။

အဆိုပါဟွန်ဒီစနစ်ဖြင့် ပေးချေငွေများသည် မြန်မာနိုင်ငံ၏ ဘဏ်ငွေကြေးစနစ်ထဲသို့ စီးဝင်မှုမရှိသဖြင့် နိုင်ငံခြားငွေဝင်ထွက်မှုအချက်အလက်ကို မသိနိုင်သကဲ့သို့ သတ်မှတ်အခွန်အခများလည်း ဆုံးရှုံးနစ်နာသည်။ ထို့အတူယွမ်ငွေကို မြန်မာနိုင်ငံဘဏ်များက လက်မခံသဖြင့် တရုတ်နိုင်ငံဘဏ်များတွင် ငွေစာရင်းဖွင့်လှစ်ထိန်းသိမ်းထားရခြင်းမှာလည်း ကုန်သည်များအတွက် ပူပန်စရာတစ်ခုဖြစ်သည်။

အကြောင်းမှာ တရုတ်အစိုးရသည် တရုတ်နိုင်ငံဘဏ်များတွင်ဖွင့်လှစ်ထားသော မြန်မာဘဏ်စာရင်းများကို ပိတ်ဆို့မှု မကြာခဏပြုလုပ်ကြခြင်းကြောင့်ပင် ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇွန်လက တရုတ်နိုင်ငံဘက်တွင် ဖွင့်လှစ်ထားသည့် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းတစ်ထောင်နီးပါးကို တရုတ်အစိုးရက ပိတ်သဖြင့် ငွေကျပ်ဘီလီယံချီဆုံးရှုံးမှုများ ပေါ်ပေါက်ခဲ့သေးသည်။ တရုတ်ဘက်ကမူ မှောင်ခိုဂိုဏ်းများကို ဖြိုခွင်းခြင်းဖြစ်ကြောင်း အကြောင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းမှုများပြုလုပ်သဖြင့် ငွေစာရင်းပြန်လည်ဖွင့်ပေးမှု ရှိသော်လည်း ယခုထက်တိုင်ပိတ်ပင်ထားသော ဘဏ်စာရင်းများရှိနေဆဲဖြစ်ကြောင်း မူဆယ်အခြေစိုက် ကုန်သည်များထံမှ သိရသည်။

ယင်းပြဿနာများသည် တရားမဝင်ကုန်သွယ်မှုဖြစ်နေခြင်း၊ ယွမ်ငွေကြေး တရားဝင်ပေးချေ ခွင့်မပြုခြင်းတို့ကြောင့် ဖြစ်သည်။ တရုတ်ယွမ်ငွေကြေးကို လက်ရှိတွင် တရားဝင်ပေးချေနိုင်ပြီဖြစ်သဖြင့်  နယ်စပ်ရှိ အဆိုပါပြဿနာများပြေလည်သွားမည်လောဟု မေးစရာရှိသည်။

ယခုဖြေလျှော့မှုသည် ဘဏ်များမှ LC (Letter of Credit) ၊ TT (Telegraphic Transfer) တို့နှင့် ပို့ကုန်၊ သွင်းကုန်ငွေပေးချေမှုများအတွက် အဆင်ပြေလာနိုင်သော်လည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုသည် တရားမဝင်ဖြစ်သဖြင့် မပြေလည်နိုင်ကြောင်း ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။

ဗဟိုဘဏ်သည် ဤဖြေလျှော့ချက်ကို ပြုလုပ်ရန်အတွက် လွန်ခဲ့သည့် လေးလကျော်ကတည်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ ဆွေးနွေးခဲ့ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်းလည်း ယင်းဆွေနွေးပွဲများသို့ ကိုယ်တိုင် တက်ရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း သင်တန်းတာဝန်ခံ ဦးသိန်းမြင့်ဝေက ဆိုသည်။ ဦးသိန်းမြင့်ဝေသည် အဆိုပါ ဝန်ကြီးဌာန၏ လက်ထောက်ညွှန်ကြားရေးမှူးလည်း ဖြစ်သည်။

ပြည်ပကုန်သွယ်ရေးကဏ္ဍတွင် Trade Facilitation (ကုန်သွယ်ရေး ပံ့ပိုးမှု)၊ Trade Liberalization (ကုန်သွယ်ရေးဖြေလျှော့မှု)၊ Trade Negotiation (ကုန်သွယ်ရေးညှိနှိုင်းမှု)နှင့် Trade Education  (ကုန်သွယ်ရေးပညာပေးမှု) စသည့်ဖြင့် ကဏ္ဍအသီးသီးရှိသည်။

တရုတ်ယွမ်နှင့် ဂျပန်ယန်ငွေကြေးနှစ်မျိုး နိုင်ငံတကာပေးချေမှုငွေကြေးဖြစ်လာသဖြင့် မြန်မာနိုင်ငံ၏ Trade Facilitation (ကုန်သွယ်ရေးပံ့ပိုးမှု) လုပ်ငန်းကို အဓိကအကျိုးဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။ ထို့အပြင် အမေရိကန်ဒေါ်လာတစ်ခုတည်းကိုသာ အဓိကရောင်းဝယ်နေရာမှ ယွမ်နှင့် ယန်းငွေကြေးဈေးကွက်တစ်ခု ပေါ်ထွက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာငွေပေးချေမှုပြုနိုင်သော ငွေကြေးအဖြစ် ဒေါ်လာ၊ ယူရို၊ မလေးရှားရင်းဂစ်၊ ထိုင်းဘတ်နှင့် စင်ကာပူဒေါ်လာတို့ကို ခွင့်ပြုထားပြီး ဖြစ်သည်။ လက်ရှိတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက် အရေးပါသော တရုတ်ယွမ်နှင့် ဂျပန်ယန်းတို့ ခွင့်ပြုလိုက်ခြင်းကြောင်း ငွေပေးချေမှု အဟန့်အတားများ ပြေလျော့သွားနိုင်သည်။

အထူးသဖြင့် တရုတ်ယွမ်ငွေသည် မြန်မာကုန်သွယ်မှုကဏ္ဍအတွက် အရေးပါသော ငွေကြေးတစ်ခုဖြစ်သည်။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် တရုတ်-မြန်မာကုန်သွယ်မှု ပို့ကုန်၊ သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇ ဘီလီယံ ကျော်ရှိပြီး ယင်းပမာဏသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်း ဖြစ်သည်။

တရုတ်နှင့် ကုန်သွယ်ရာ မြန်မာနယ်စပ် မူဆယ်တွင် ယွမ်ငွေသည်သာ မျက်နှာပန်းလှသည်။ မြန်မာငွေကျပ်နှင့် အမေရိကန်ဒေါ်လာတို့မှာ အရောင်းအဝယ်ပြုရာတွင် မျက်နှာငယ်လှသည်။

ကမ္ဘာတွင် ရှေ့တန်းရောက်လာသော တရုတ်သည် အရပ်ရပ်သောကဏ္ဍတွင် လွှမ်းမိုးရန်ကြိုးစားရာ၌ ယွမ်ငွေကို ကုန်သွယ်မှုတွင် သုံးစွဲရေးလည်း ပါဝင်သည်။ ထို့ကြောင့်ပင် နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ယွမ်ငွေ အသုံးပြုကာ အရောင်း အဝယ် ပြုလုပ်နိုင်ရေးအတွက် ဂျပန်၊ ကိုရီးယားနှင့် ဗီယက်နမ် အစရှိသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၆၀ ခန့် နှင့် ဆွေးနွေးလျက်ရှိခြင်းဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုအတွက် ငွေပေးချေရာတွင် ယခင်က ယွမ်ငွေကို တရားဝင်နိုင်ငံတကာပေး ချေးငွေအဖြစ် ခွင့်မပြုသဖြင့် အမေရိကန် ဒေါ်လာကို တစ်ဆင့်ခံအသုံးပြုနေရခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတစ်ခုတင်သွင်းမည်ဆိုပါက ယင်းပစ္စည်းအတွက် ကျသင့်ငွေကို ယွမ်ငွေ မပေးချေနိုင်ခြင်းကြောင့် အမေရိကန်ဒေါ်လာကို ကြားခံအသုံးပြုရသည်။

ကုန်ပစ္စည်းတန်ဖိုးအတွက် ငွေပေးချေရာတွင် တရုတ်နိုင်ငံဘက်မှ ယွမ်၊ အမေရိကန်ဒေါ်လာနှစ်မျိုးစလုံးကို လက်ခံသော်လည်း မြန်မာနိုင်ငံဘဏ်များသည် အမေရိကန်ဒေါ်လာ၊ ယူရိုတို့ဖြင့် ငွေပေးချေမှုကိုသာ လက်ခံသဖြင့် အမေရိကန်ဒေါ်လာဝယ်ယူပေးချေနေရခြင်းဖြစ်ကြောင်း သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် Via ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးနေစေးက ဆိုသည်။

“ဒီကနေ တရုတ်ကို ဝယ်နေရတဲ့ ကုန်ပစ္စည်းက မြန်မာနိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်းလောက်ရှိမယ်။ ဒီက ငွေလွဲပြီဆိုရင် ဒေါ်လာကို ဝယ်ပြီးတော့မှ လွှဲလွှဲနေရတယ်။ တရုတ်မှာကလည်း ဒေါ်လာကို ဒီလောက် အလေးထားပြီး သုံးတာ မဟုတ်ဘူး။ သူတို့ဘဏ်ထဲကို တန်းပြီးတော့ လွှဲပေးနိုင်ရင် တရုတ်ကလည်း ပိုကြိုက်တာပေါ့။ တရုတ်ကလည်း ယွမ်နဲ့ပဲ လိုချင်တာပေါ့” ဟု ၎င်းက ဆိုသည်။

(Re-Export) ပြန်လည်တင်ပို့ကုန်တစ်ခုဖြစ်သည့် သကြားကုန်သွယ်မှုကို ကြည့်လျှင် ယွမ်ငွေဖြင့် တိုက်ရိုက် ပေးချေခွင့် မရသည့်အခက်အခဲကို ပိုမိုမြင်သာသည်။ မြန်မာနိုင်ငံသည် အိန္ဒိယနှင့် ထိုင်းတို့မှ သကြားဝယ်ပြီး တရုတ်သို့ ပြန်လည်တင်ပို့သည်။

သကြားဝယ်ရာတွင် အမေရိကန်ဒေါ်လာကို သုံးသည်။ တရုတ်သို့ သကြားကုန်တင်ပို့လိုက်ချိန်တွင် ယွမ်ငွေများ ပေးချေသည်။ ယင်းယွမ်ငွေကို မြန်မာနိုင်ငံဘဏ်များက လက်မခံသဖြင့် နယ်စပ်ရှိ တရုတ်နိုင်ငံဘဏ်များတွင် ငွေစာရင်း များ ဖွင့်လှစ်သိမ်းဆည်းထားရသည်။ တရုတ်အစိုးရက အဆိုပါငွေစာရင်းများ ပိတ်ဆို့လျှင် ကုန်သည်များ အခက်ကြုံရကြောင်း ဦးနေစေးက ဆိုသည်။

လက်ရှိတွင် ယွမ်ငွေကို တရားဝင်ခွင့်ပြုလိုက်ခြင်းကြောင့် ကုန်ပစ္စည်းတိုက်ရိုက်ဝယ်ယူနိုင်သဖြင့် အချိန်ကုန်သက်သာပြီး ကျပ်မှ ဒေါ်လာ၊ ဒေါ်လာမှ ယွမ် စသည့်ဖြင့် အဆင့်ဆင့်ငွေလဲလှယ်ရသည့် ကုန်ကျစရိတ်များ လျှော့ချနိုင်ကြောင်း ကုန်သည်များက ဆိုသည်။

ငွေလဲလှယ်ရသည့်အကြိမ်ရေများသည်နှင့် ကုန်ကျစရိတ်ကြီးမြင့်လာပြီး ငွေလဲလှယ်မှုကုန်ကျစရိတ်သည် ဝယ်ယူသော ကုန်ပစ္စည်းတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ဦးနေစေးက ဆိုသည်။

ယွမ်ကို ကုန်သွယ်မှုငွေပေးချေရာတွင် တရားဝင်ခွင့်ပြုလိုက်ခြင်း တရုတ်-မြန်မာကုန်သွယ်မှုအတွက် အလုံးစုံ ပြေလည်သွားသည်တော့ မဟုတ်ပေ။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် တရားမဝင်ကုန်သွယ်မှုဖြစ်ခြင်းကြောင့် နယ်စပ်မှ ငွေပေးချေရာတွင် တရားဝင်ပေးချေခွင့် မရနိုင်ကြောင်း မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် အထွေထွေအတွင်ရေးမှူး ဦးစိုင်းခင်မောင်က ဆိုသည်။ တရားဝင်ကုန်သွယ်မှုဆောင်ရွက်နိုင်မှသာ ငွေပေးချေမှုများလည်း တရားဝင်လာမည် ဖြစ်သည်။

“(နယ်စပ်မှာ) ကိုယ့်ဘက်မှာ ပြေလည်သွားမယ်။ တရုတ်ဘက်က တရားဝင်မဖွင့်မချင်း ဟိုဘက်ခြမ်းမှာ ဒီလို အခက်အခဲနဲ့တွေ့နေရဦးမယ်။ နှစ်ဖက် လုံးတရားဝင်ဖြစ်မှ ဒီလမ်းကြောင်းတွေက ချောမွေ့သွားမှာ။ နှစ်ဖက်လုံးတရားဝင်ပေါ့။ ဥပမာ ဒီဘက်ကသစ်သီးတို့၊ ဟိုဘက်က သွင်းကုန်တို့ပေါ့” ဟု ၎င်းက ဆိုသည်။

မည်သို့ဆိုစေ ဗဟိုဘဏ်၏ ယခုဖြေလျှော့မှုသည် အကျိုးရှိကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေက ဆိုသည်။ တရုတ်ယွမ်ကဲ့သို့ ဂျပန်ယန်းသည် မြန်မာ-ဂျပန် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုကြီး ထွားလာသဖြင့် ပေးချေမှု လွယ်ကူပြီး ကုန်သွယ်မှုချောမွေ့နိုင်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ-ဂျပန်ကုန်သွယ်မှုသည် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံကျော်ရှိလာပြီး တစ်နှစ်ထက် တစ်နှစ်ပိုမိုတိုးတက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ ယင်းပမာဏသည် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ကုန်သွယ်မှု တန်ဖိုး (ကန်ဒေါ်လာ ၈၂၂ သန်း) နှင့် နှိုင်းယှဉ်လျှင် ၄၂ ရာခိုင်နှုန်းကျော် တိုးတက်လာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၈ နှစ်ကုန်အထိ အဆင့် ၁၀ နေရာတွင်ရှိပြီး ကုမ္ပဏီပေါင်း ၁၁၂ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

“ဘာပဲပြောပြော ဒီငွေကြေးနှစ်ခုကို ထပ်မံခွင့်ပြုလိုက်တယ်။ ကုန်သွယ်ရေးနဲ့ပတ်သက်လို့ အရမ်းအရေးကြီးတဲ့ ငွေကြေးနှစ်ခု ဖြစ်တယ်။ ယွမ်ဆိုရင်လည်း BorderTrade မှာ အများကြီးအကူအညီရနိုင်တယ်။ ကုန်သွယ်ရေးအတွက် ဖြေရှင်းနိုင်မယ့် အခြေအနေရှိတယ်။ ယန်းနဲ့ပတ်သက်ရင်လည်း ဂျပန်နဲ့က ကုန်သွယ်မှုပမာဏ၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အရမ်းကြီးထွားလာတဲ့အတွက် အများကြီး အကျိုးပြုနိုင်ပါတယ်” ၎င်းက ဆိုသည်။

လက်ရှိတွင် နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်အချင်းချင်း အပြန်အလှန် စာရင်းဖွင့်လှစ်ပေးချေနိုင်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် တရားဝင်အဖွဲ့အစည်းများ အတွက် ငွေစာရင်းဖွင့်ခြင်းကို ခွင့်မပြုထားသေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊  မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခုနှင့် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခု စုစုပေါင်း ၃၅ ဘဏ်ကို နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ထုတ်ပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ  ဦးဘိုဘိုငယ်က ပြည်သူ့လွှတ်တော်တွင် ပြောဆိုသည်။

ယခုခွင့်ပြုလိုက်သည့် ငွေကြေးနှစ်မျိုးသည် ကုန်သွယ်ရေးသာမက အမေရိကန်ဒေါ်လာငွေကြေးတစ်ခုတည်းကို မှီခိုမှု လျှော့ချနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က ဆိုသည်။

“အမေရိကန်ဒေါ်လာနဲ့အပြိုင် ယွမ်ရော၊ ယန်းရောလုပ်လိုက်တဲ့အတွက် Trade မှာ ပံ့ပိုးမှုအများကြီးရမယ်။  အမေရိကန်ဒေါ်လာ Demand ကို ဘာပဲပြောပြော လျော့ကျစေတယ်။ ဒါလျော့ကျတဲ့အတွက်ကြောင့်လည်း Exchange Rate Stability (ငွေလဲနှုန်းတည်ငြိမ်မှု) ကို အထောက်အကူပြုတာပေါ့”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ကုန်သွယ်ရသည့်အနေအထားဖြစ်သဖြင့် ဒေါ်လာ လိုအပ်ချက်များပြီး ယင်းငွေကြေးတစ်ခုတည်းကိုသာ အဓိကမီခိုပါက ဒေါ်လာလိုအပ်ချက်များသော အချိန်များတွင် ငွေလဲနှုန်းမတည်မငြိမ်ဖြစ်ပြီး အခြေခံ ကုန်ဈေးနှုန်းများအပေါ်ရိုက်ခတ်မှုရှိနိုင်သည်။

အမေရိကန်စီးပွားရေးဒဏ်ခတ်ချိန်က ဒေါ်လာနှင့် ယူရိုငွေကြေးကို အဓိကမှီခိုလွန်းသဖြင့် ကုန်သွယ်ရေး ငွေပေးချေမှုများတွင် အခက်ကြုံရသည့် သာဓကများရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (အငြိမ်းစား)၊ ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

“အခုဆိုရင် Alternative Currency (အခြားသောငွေကြေး) တွေရှိလာတဲ့အခါကျတော့ အကျိုးများပါတယ်။ ကုန်သည်တွေလည်း အခွင့်အလမ်းတွေ များလာတယ်။ Market မှာလည်း အရင်တုန်းက အမေရိကန်ဒေါ်လာနဲ့ ယူရိုနဲ့ပဲ အဓိကရောင်းဝယ်ရာကနေ ရောင်းစရာဝယ်စရာလေးတွေ အမယ်တွေ များလာတယ်။ အမယ်တွေ စုံတော့ ပိုပြီးတော့ ဈေးကွက် Development ဖြစ်လာမယ်လို့ ယူဆပါတယ်”ဟု ၎င်းက ဆိုသည်။

ယခင်ကတည်းကပင် အမေရိကန်ဒေါ်လာအပေါ်မှီခိုမှုကို လျှော့ချရန်နည်းလမ်းရှာခဲ့ကြပြီး ယွမ်နှင့် ယန်းငွေကြေးကို နိုင်ငံတကာပေးချေမှုငွေကြေးအဖြစ် ခွင့်ပြုခြင်းကြောင့် ဆိုးကျိုးသိပ်မရှိနိုင်ကြောင်းလည်း ၎င်းက သုံးသပ်သည်။

တရုတ်ယွမ်နှင့် ဂျပန်ယန်းကို မြန်မာနိုင်ငံမှ တရားဝင်ငွေပေးချေနိုင်မည်ဖြစ်ရာ တရားမဝင်ငွေလွှဲငွေချေးသည့် ဟွန်ဒီစနစ်ကို ချေဖျက်နိုင်ဖွယ်ရှိသည်။ ဘဏ်များ၏ တရားဝင်ငွေပေးချေမှုလမ်းကြောင်းတွင် မြန်ဆန်လာလျှင် တရားမဝင် ဟွန်ဒီငွေလွှဲငွေပေးချေမှုများ ပပျောက်နိုင်ကြောင်း ၎င်းက ဆိုသည်။

ယွမ်နှင့် ယန်းကိုခွင့်ပြုခြင်းသည် နယ်စပ်ကုန်သွယ်မှုအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်သည်။ ထို့အတူ ဗဟိုဘဏ်၏ စွမ်းရည်နှင့် မြန်မာနိုင်ငံအတွက် တရုတ်တို့၏ အရေးပါမှုကို ပြခြင်းလည်း ဖြစ်သည်။ မြန်မာ-ဂျပန်ချစ်ကြည်ရေး၏ အရွေ့တစ်ခုဖြစ်သကဲ့သို့ အရှေ့ မျှော်မူဝါဒအချက်ပြခြင်းလည်း မည်သည်။

ထို့ကြောင့်ပင် လုပ်ငန်းရှင်အများစုက အကောင်းမြင်ကြသည်။ နာတာရှည်မြန်မာ့စီးပွားအတွက် ကိစ္စအားလုံး အဆင်ပြေချောမွေ့စေမည့် ၉၆ ပါးရောဂါ ပျောက်ဆေးမဟုတ်သော်လည်း ဝေဒနာကို လျော့ပါးစေသည့် ဆေးတစ်ခွက် ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ(အငြိမ်းစား)၊ ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်ကမူ  ဤဖြေလျှော့မှုမှသည် တရုတ်၊ ဂျပန်နှင့် မြန်မာ အခန်းကဏ္ဍကို ယခုလိုဆိုသည်။

“ရေရှည်မှာ သူတို့နဲ့ တိုက်ရိုက်လုပ်ငန်းလုပ်လို့ရမယ့် လမ်းပေါက်လေးတွေ ဖြစ်လာတာပေါ့”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *