ရခိုင်တွင် ပြည်သူများကို စစ်လိုရာစစ်ခွင့်ဂယက်

ကျောက်တော်မြို့ရှိ စက်လှေဆိပ်တွင် ခရီးသွားများကို ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်ဆေးနေစဉ် ။ (ဓာတ်ပုံ - မောရမြီ ကျော်လှမြင့် )

ရခိုင့်မြေတွင် တိုက်ပွဲများပြင်းထန်နေဆဲဖြစ်သဖြင့် မလုံမခြုံဖြစ်နေချိန် ဒေသခံပြည်သူများအပေါ် တင်းကျပ်မည့် ညွှန်ကြားချက်ကလည်း ထွက်လာပြန်သည်။

ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်မှာ Facebook တွင် ပျံ့နှံ့ပြီးမှသာ ပြည်သူများက သိရှိခွင့်ရခြင်းဖြစ်သည်။ အစိုးရက တရားဝင်ဝန်ခံထားခြင်း မရှိသေးသော်လည်း မြေပြင်တွင် ညွှန်ကြားချက်ကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)  က ရခိုင်မြောက်ပိုင်းမြို့နယ်ခုနစ်ခုတွင် ပြည်သူများနှင့် ရောနှောဝင်ရောက်နေသည်ကို သိရသဖြင့် မသင်္ကာသည့် နေအိမ်များကို ဝင်ရောက်စစ်ဆေးရန် ဇန်နဝါရီလ ၂၅ ရက်နေ့ရက်စွဲဖြင့် ညွှန်ကြားထားသည့် ညွှန်ကြားချက် ဖြစ်သည်။

ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ တပ်မတော်စုပေါင်း အဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုပေးထားခြင်း ဖြစ်သည်။

ဧည့်စာရင်းစစ်ဆေးခွင့်ကို ပယ်ဖျက်ထားပြီး နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုအတွက် ဥပဒေပြဋ္ဌာန်း အကာအကွယ်ပေးထားချိန်တွင် ပြည်နယ်အစိုးရက ယင်းသို့ ညွှန်ကြားခြင်းအပေါ် ဝေဖန်မေးခွန်းထုတ်သူများလည်း ရှိသည်။ပြည်သူများမှာ အခက်အခဲများစွာနှင့် ကြုံနိုင်ကြောင်း ထောက်ပြသူများလည်း ရှိနေသည်။ ထို့ကြောင့် အစိုးရအဖွဲ့၏ညွှန်ကြားချက်မှာ မှန်ကန်သင့်တော်ပါ၏လော။

“လူထုကတော့ ပိုပြီးတော့ စိုးရိမ်တာတွေ ဖြစ်လာမှာပေါ့။ ဒီလိုလုပ်ရပ်တွေက လက်နက်ကိုင်ပဋိပက္ခရှိတဲ့ နေရာတွေ ပြည်သူလူထုနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ခွဲလို့ ခက်ခဲတဲ့နေရာတွေမှာ လုပ်တာ ရှိပါတယ်”ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာမြန်မာ့အဖွဲ့အစည်း (MIPS)  ၏အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက မှတ်ချက်ပေးသည်။

နေအိမ်များကို ဝင်ရောက်ရှာဖွေမှု၊ သံသယဖြင့် ဖမ်းဆီးမှုများရှိလာသဖြင့် ဒေသခံများ ပြည်သူများ စိုးရိမ်မှုမြင့်တက်နေကြောင်း ဒေသခံများထံ မေးမြန်းချက်အရသိရသည်။ ခရီးသွားလာရန်၊ နေအိမ်တွင် ဧည့်သည်လက်ခံရန်တို့ကိုလည်း မဝံ့မရဲ ဖြစ်လာကြကြောင်း ၎င်းတို့ထံမှ သိရသည်။

(၁)

ရခိုင်ပြည်နယ်ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံမြို့နယ်တို့ရှိ ကျေးရွာများတွင် မသင်္ကာသည့် နေအိမ်များကို ဝင်ရောက်စစ်ဆေးရန် ပြည်နယ်အစိုးရက ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

လူဦးရေစာရင်း၊ အိမ်ထောင်စု စာရင်းမှန်ကန်မှုရှိ မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ မှတ်တမ်းဓာတ်ပုံရယူခြင်းတို့ ဆောင်ရွက်ရန် အဆိုပါမြို့နယ်၊ ခရိုင်အုပ်ချုပ်ရေး ဦးစီးဌာနများက တင်ပြမှုကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန် ပြည်နယ်အစိုးရက ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်ကြောင်း ညွှန်ကြားစာတွင် ပါရှိသည်။

ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်နယ်ဦးစီးမှူး၊ ပြည်နယ်မီးသတ်ဦးစီးမှူးစသည်တို့ကို လိပ်မူကာ အစိုးရက ညွှန်ကြားထားခြင်းလည်း ဖြစ်သည်။

ညွှန်ကြားချက်ထွက်ပြီးနောက် ဇန်နဝါရီလကုန်ပိုင်းတွင် ရသေ့တောင် မြို့နယ်ရှိ တိုက်ပွဲ ဖြစ်ပွားနေရာတစ်ဝိုက်က ကျေးရွာအချို့ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ညတွင် ကျောက်တော်မြို့တွင် ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာက ဒေသခံ ၂၄ ဦးသည် ကျောက်တော်မြို့ ရွာမရပ်ကွက် နေအိမ်တစ်အိမ်တွင် တည်းခိုနေစဉ် ဖေဖော်ဝါရီလ ၃ ရက်နေ့ညတွင် ဖမ်းဆီးခံရပြီး ၎င်းတို့ကို လက်ခံတည်းခိုခွင့်ပြုသည့် အိမ်ရှင်ဇနီးမောင်နှံမှာလည်း တစ်ပါတည်းဖမ်းဆီးခံထားရသည်။

အဆိုပါ ၂၄ ဦးသည် ကျေးရွာအနီး ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားသဖြင့် ကျောက်တော်မြို့နယ်သို့ စစ်ဘေးရှောင်လာခြင်းဖြစ်ပြီး ယင်းသို့ ရောက်ရှိနေမှုကို ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ သတင်းပို့ထားကြောင်း ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်က ပြောဆိုသည်။

“ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်လို့ ကြောက်လို့ ထွက်ပြေးလာကြတယ်။ မမျှော်လင့်ဘဲနဲ့ ဒီနေရာရောက်ပြီးမှ အဖမ်းခံရတယ်” ဟု ၎င်းက ဆိုသည်။

အိမ်ရှင်ဇနီးမောင်နှံအပါအဝင် အဆိုပါ ၂၆ ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့နှင့် တွေ့ဆုံခွင့်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း စစ်ဆေးနေသည့် ကာလဖြစ်သဖြင့် တွေ့ ခွင့်မပေးနိုင်ဟု ရဲစခန်းဘက်က တုံ့ပြန်ကြောင်း ဦးမောင်မောင်က ပြောဆိုသည်။

လက်ရှိတွင်တပ်မတော်က ဗိုလ်မှူးကြီးတစ်ဦးက အဆိုပါ ၂၆ ဦးကို မတရားအသင်းနှင့် ဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ထားသည်ဟု သက်ဆိုင်ရာ တရားရေးဌာနထံမှ သိရကြောင်း ၎င်းက ရှင်းပြသည်။

ကျောက်တော်မြို့ခံလည်းဖြစ်၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်သူလည်းဖြစ်သူ ဦးမောင်လှမြင့်ကမူ စစ်ဘေးရှောင်လာပြီး ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ မထားနိုင်သေးခင် ယင်းသို့ ပုဒ်မတပ်ကာ ဖမ်းဆီးခြင်းမှာ မဖြစ်သင့်ကြောင်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည် နယ်ရဲတပ်ဖွဲ့ကလည်း တရားဥပဒေနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟု မီဒီယာအချို့ကို တုံ့ပြန်ထားသည်။ တပ်မတော်ကမူ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ သတင်း ထုတ်ပြန်ခြင်း မရှိသေးပေ။ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းထံသို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကျောက်တော်မြို့နယ် ပန်းဖဲချောင်းကျေးရွာတွင်လည်း နေအိမ်သုံးလုံးကို ဖေဖော်ဝါရီလ ၅ ရက်နေ့ညက ရဲနှင့် တပ်မတော်အပါအဝင် ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်က ကျေးရွာအချို့ကို ထွေ/အုပ်ဦးဆောင်သည့် အဖွဲ့က စစ်ဆေးနေပြီး ကျေးရွာများက ကျောက်တော်မြို့သို့ လာသည့် လိုင်းစက်လှေများတွင်လည်း ပူးပေါင်းအဖွဲ့က မှတ်ပုံတင်စစ်ခြင်း၊ မှတ်ပုံတင်မပါသူများကို အမည်မှတ်ခြင်းလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

 (၂)

ပြည်နယ်အစိုးရခွင့်ပြုချက်အပေါ် ဝေဖန်မှုများရှိသည်။

ယင်းညွှန်ကြားချက်မှန် မမှန် အစိုးရအနေနှင့် ပြည်သူကို တရားဝင်ရှင်းပြသင့်ကြောင်း ထောက်ပြသူများရှိသည်။ ယင်း ညွှန်ကြားချက်မှန် မမှန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးဦးကျော်လွင်ကို မေးမြန်းရာ သေချာမသိဟုသာ ဖြေကြားသည်။

ညွှန်ကြားချက်တွင် ဝန်ကြီးချုပ်ကိုယ်စားလက်မှတ်ရေးထိုးထားသည် ဆိုသည့် ဝန်ကြီး ဦးကျော်အေးသိန်းကလည်း ယင်းစာကို မမြင်ရသေးသဖြင့် အတုဟုတ် မဟုတ်မသိဟု The Voice Journal သို့ ဖြေကြားထားသည်။ သတင်းမီဒီယာများတွင် ဖော်ပြနေမှုနှင့် ပတ်သက်၍လည်း ပြည်နယ်အစိုးရက တစ်စုံတစ်ရာငြင်းချက်ထုတ်ခြင်းလည်း မရှိပေ။

“ဟုတ်တယ်ဆိုရင်တော့ ပြည်နယ်အစိုးရက အဲဒီလိုလုပ်ပိုင်ခွင့်ရှိရဲ့လား”ဟု မေးခွန်းထုတ်သူက ရခိုင်အမျိုးသား ပါတီ ANP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖေသန်း ဖြစ်သည်။

တပ်မတော်အပါအဝင် သက်ဆိုင်ရာအဖွဲ့များကို တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးခွင့်ပြုခြင်းသည် ဒေသခံပြည်သူများ၏ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ရာ ရောက်သွားနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ၎င်းက ဆိုသည်။ ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုရာတွင် စစ်မဖြစ်သည့် ဒေသများလည်းပါဝင်နေခြင်းအပေါ်လည်း ၎င်းက အောက်ပါအတိုင်းဝေဖန်သည်။

“လူထုအတွက် တော်တော်ကို အခက်အခဲဖြစ်သွားနိုင်တယ်။ ပြည်နယ် အစိုးရအနေနဲ့ ပြည်သူလူထုကို ကာကွယ်ပေးရမယ့်အစား ပြည်သူလူထုကို ဒုက္ခရောက်အောင်လုပ်တယ်ဆိုတာက မဖြစ်သင့်ဘူး”

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားချက်သည် ဥပဒေအရညီညွတ်ကြောင်း ထောက်ပြသူက ဥပဒေအကြံပေး ဦးခင်မောင်မြင့် ဖြစ်သည်။

ဧည့်စာရင်းပယ်ဖျက်ထားသည့် အပြင် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းထားသဖြင့် ဝင်ရောက်စစ်ဆေးခွင့်ပြုသင့် မပြုသင့်အပေါ် မေးခွန်းထုတ်သူများရှိခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါပြဋ္ဌာန်းချက်မှာ သာမန်အခြေအနေအတွက်သာဖြစ်ပြီး ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲ၊ ARSA က ဝင်ရောက်တိုက်ခိုက်နိုင်သည့် အခြေအနေစသော ထူးခြားသည့် အခြေအနေရှိနေကြောင်း ဦးခင်မောင်မြင့်က ပြောဆိုသည်။

ယင်းသို့အခြေအနေတွင် တပ်မတော်က တိုက်ရိုက်ဝင်ရောက်စစ်ဆေးခွင့် မရှိသော်လည်း ဒေသအာဏာပိုင်ဖြစ်သည့် ပြည်နယ်အစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းခံလာ၍ လိုအပ်လျှင် အစိုးရအဖွဲ့က အမိန့်ညွှန်ကြားချက်ထုတ်ပေးရကြောင်း ၎င်းက ဆိုသည်။

“ဘာကြောင့်တုန်းဆိုတော့ ဒီထက်လိုအပ်လာခဲ့ရင် မြို့နယ်တစ်ခုချင်းပဲဖြစ်စေ၊ ဒေသတစ်ခုချင်းပဲဖြစ်စေ သမ္မတအမိန့်နဲ့ စစ်အုပ်ချုပ်ရေးတောင် ကြေညာခွင့်ရှိတာကို။ အဲဒီလိုမျိုးမကြေညာဘဲ မသက်ဆိုင်တဲ့ ပြည်သူတွေ အထိတ်တလန့်မဖြစ်အောင်၊ အုပ်ချုပ်ရေးအတွက် အခက်အခဲမဖြစ်အောင်လို့ ကန့်သတ်ပြီးတော့မှ ဆောင်ရွက်ခွင့်ပေးထားတာဆိုတော့ ပြောရမယ်ဆိုရင် လုပ်ထုံးလုပ်နည်းနဲ့ ညီပါတယ်”ဟု ဦးခင်မောင်မြင့်က မှတ်ချက်ပေးသည်။

သို့သော်လည်း စစ်ဆင်ရေးနယ်မြေ မဟုတ်သည့်နေရာများတွင် တပ်မတော်က တိုက်ရိုက် ဝင်ရောက်စစ်ဆေးခွင့်မရှိဘဲ အရပ်ဘက်နှင့်သက်ဆိုင်သည့် ရဲတပ်ဖွဲ့၊ ထွေအုပ်စသည်တို့ကသာ ဝင်ရောက်စစ်ဆေးခွင့်ရှိကြောင်း ၎င်းက ဆိုသည်။

မသင်္ကာ၍ ဝင်ရောက်စစ်ဆေးခြင်းမှာ ဥပဒေနှင့်ညီကြောင်း ဒေါက်တာမင်းဇော်ဦးကလည်း ပြောဆိုသည်။

“အမေရိကန်ကိုယ်တိုင်လည်း အီရတ်တို့၊ အာဖဂန်နစ္စတန်တို့မှာ လုပ်တာပဲ။ သူတို့ဆိုရင်မျက်လုံး Scan ဖတ်တာတို့၊  Database ထဲထည့်တာတို့၊ဓာတ်ပုံရိုက်တာတို့ကို လုပ်ကြတယ်”ဟု ၎င်းက ဥပမာပေးသည်။

သို့သော်လည်း အဓိကအားဖြင့် လူထုကို ထိခိုက်မှုနည်းနိုင်သမျ နည်းအောင်လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း ၎င်းက သတိပေးသည်။

“အစိုးရအပေါ် လူထုက အမြင်စောင်းတာတွေလည်း ဖြစ်နိုင်ပါတယ်။ လုံခြုံရေး အနေနဲ့ကတော့ ဒါမျိုးက မလုပ်လို့မရဘူး ဆိုတဲ့အမြင်၊ လုံခြုံရေးအမြင်နဲ့ ကြည့်တဲ့သူတွေလည်း ရှိမှာပေါ့”ဟု ဒေါက်တာမင်းဇော်ဦးက မှတ်ချက်ပေးသည်။

(၃)

ပြည်နယ်အစိုးရအပေါ် ပြည်သူလူထုက အယုံအကြည်မဲ့နိုင်သည်ဟု ထောက်ပြမှုလည်း ရှိသည်။ ယင်းညွှန်ကြားချက်သည် AA နှင့်သက်ဆိုင်သူ၊ မသက်ဆိုင်သူအားလုံးအပေါ်တွင် သက်ရောက်မှုကြီးနိုင်ပြီး အများပြည်သူအခက်အခဲနှင့် ကြုံတွေ့နိုင်ကြောင်း ထောက်ပြဝေဖန်မှုများလည်း ရှိသည်။

ဥပဒေကိုချိုးဖောက်သူများကို အထောက်အထားဖြင့် စနစ်တကျဖော်ထုတ်အရေးယူခြင်း၊ ကွင်းဆက်အရ အရေးယူခြင်းသာ လုပ်သင့်ပြီး မြို့နယ်ခုနစ်ခုက ပြည်သူအားလုံးကို အကျုံးဝင်နေသည့် လက်ရှိညွှန်ကြားချက်ကို ပယ်ဖျက်သင့်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။

“အခုက ဖြစ်ချင်ရာ ဖြစ် ဝင်စစ်လိုက်မယ်။ တွေ့ရင်လည်း တွေ့ မတွေ့ရင်လည်း ပြဿနာမရှိဘူးဆိုတဲ့ ပုံစံမျိုးက လူထုအနေနဲ့ အတိဒုက္ခရောက်မယ်။ မဆိုင်တဲ့သူတွေ မပတ်သက်သူတွေ အခက်အခဲတွေ့အောင် လုပ်ခြင်းအားဖြင့် အစိုးရ ပုံရိပ်ပိုဆိုးမယ်။ တကယ်လုပ်တဲ့သူက သူ့ဟာနဲ့ သူ ရှိတာ မှန်ပေမယ့် အားလုံးကို အုတ်ရောရော၊ ကျောက်ရောရောလုပ်တာက လူထုကိုပဲ ဒုက္ခပေးရာနဲ့ တူနေတယ်”ဟု ၎င်းက ထောက်ပြသည်။

လတ်တလောကျေးရွာများကို ဝင်ရောက်စစ်ဆေးသည့် လုပ်ရပ်များ အပေါ်လည်း ဝေဖန်မှုများရှိနေသည်။ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်မထွက်ပေါ်ခင်ကပင် ကျေးရွာများတွင် AA သည် ဒေသခံပြည်သူအဖြစ် အသွင်ယူကာ ပုံဖျက်ပြီး ဝင်ရောက်နေသည်ဟု တပ်မတော်က ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့်ပင် ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာအချို့တွင် ဝင်ရောက်စစ်ဆေးခဲ့သည်။

ဘူးသီးတောင်မြို့နယ် သရက်ချောင်းကျေးရွာတွင် AA က အသွင်ယူကာဝင်ရောက်လှုပ်ရှားနေသဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးပြီး တပ်မတော်စစ်ကြောင်းက လုံခြုံရေးလိုက်ပါဆောင်ရွက်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားတစ်ဦးသည် AA အတွက် ဆက်ကြေးကောက်ပေးခြင်း၊ သတင်းပေးပို့ခြင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ညွန်ကြားချက်ထွက်ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်နှင့် ၂၈ ရက်နေ့တို့တွင် ရသေ့တောင်မြို့နယ် သမီးလှနှင့် အုန်းချောင်းကျေးရွာတို့တွင်  AA က ယင်းသို့ အသွင်ယူကာ တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်သဖြင့် စစ်ဆေးခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

သို့သော်လည်း သမီးလှကျေးရွာသို့ ဝင်ရောက်စစ်ဆေးရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒေသခံများ၏ ရွှေ၊ ငွေ စသည့် အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည်ဟု ဒေသခံများက ပြောဆိုကြသည်။ ယင်းသို့ ယူဆောင်မှုအပေါ် စာရင် ပြုစုထားပြီး ပြည်နယ်လွှတ်တော်တွင် တင်ပြမည်ဟု ရသေ့တောင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်က ပြောဆိုထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးသဖြင့် စိုးရိမ်ကြောက်လန့်ကာ အချို့ကျေးရွာများတွင် အမျိုးသားများသည် ရွာတွင် မနေတော့ဘဲ အခြားကျေးရွာများသို့ တိမ်းရှောင်ကြကြောင်းလည်း ဒေသခံများထံမှ သိရသည်။

တပ်မတော်ကမူ ဒေသခံများတွင် အဖိုးတန်လက်ဝတ်ရတနာနှင့် ပစ္စည်းများပျောက်ဆုံးမရှိဟု သတင်းထုတ်ပြန်ထားသည်။ တပ်မတော်စစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လုံခြုံရေး ဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်နေကြောင်း တုံ့ပြန်ထားသည်။

စစ်ဖြစ်ပွားရာ ဒေသတွင် လိုအပ်ချက်အရ စစ်ဆေးကြရမည်ဖြစ်သော်လည်း ဒေသခံများ၏ ပစ္စည်းများ ယူဆောင်သည့်ကိစ္စမှာ မဖြစ်သင့်ကြောင်း ဦးဖေသန်းက ပြောဆိုသည်။

“တစ်ရွာလုံးကို ဘုန်ကြီးကျောင်းကိုခေါ်ပြီး ကိုယ်ထင်သလို လုပ်တာ။ ကိုယ်လိုချင်တာကို ယူသွားတာကတော့ တော်တော်ရုပ်ဆိုးတယ်။ လိုအပ်လို့ စစ်ဆေးရင်တောင် သက်သေအထောက်အထားနဲ့ ရပ်မိရပ်ဖိတွေ၊ အုပ်ချုပ်ရေးမှူးတွေ အထောက်အထားနဲ့ စနစ်တကျလုပ်သင့်တယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်မောင်ကလည်း စစ်ဆေးမှုများကို ပြုလုပ်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ဆောင်သင့်ပြီး အရေးယူလျှင်လည်း မည်သည့်အကြောင်းအရင်းကြောင့် အရေးယူသည်ကို ပွင့်ပွင့်လင်းလင်းရှင်းပြသင့်ကြောင်း မှတ်ချက်ပေးသည်။

“စိစစ်ခံတဲ့အချိန်မှာ မလိုအပ်တဲ့ အမုန်းတရားဖြစ်လာနိုင်တယ်။ ဥပဒေ ပြင်ပရောက်သွားနိုင်တဲ့ကိစ္စတွေကို ရှောင်ရှားရမယ်။ စစ်စရာရှိရင် စစ်ပါ။ သို့သော် လုပ်ထုံးလုပ်နည်း မလွဲပါစေနဲ့။ စည်းစိမ်ဥစ္စာထိခိုက်မယ့် တခြားကိစ္စတွေ ထိခိုက်မယ့် မလိုအပ်တဲ့ကိစ္စတွေကို ဆောင်ရွက်ဖို့ မသင့်ဘူး”ဟု ၎င်းက ဆိုသည်။

စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် သွားရောက်စစ်ဆေးရာတွင် ရပ်မိရပ်ဖများ၊ အရပ်ဘက်အဖွဲ့က ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များကိုပါ ခေါ်ယူသင့်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်က စစ်မီးမှာအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့နယ်တွင်ပါ တောက်လောင်လာသည်။ တစ်နည်းအားဖြင့် ရခိုင်မြောက်ပိုင်းတွင်သာ ဖြစ်နေသည့် စစ်မီးမှာ တောင်ပိုင်းသို့ပါ ကူးလာခြင်းဖြစ်သည်။ စစ်ဘေးကြောင့် ဒေသခံခြောက်ထောင်ကျော်မှာလည်း တိမ်းရှောင်နေရပြီဖြစ်သည်။

ယင်းသို့ မလုံမခြုံဖြစ်နေသည့် ဒေသတွင် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်မှာ မသက်ဆိုင်သူများကိုပါ ထိခိုက်ကာ ဒုက္ခရောက်လာလျှင် အစိုးရအပေါ် ပြည်သူက အယုံအကြည်ကင်းမဲ့နိုင်ပြီး ဝေဖန်မှုလည်း ပိုမိုမြင့်တက်လာနိုင်ကြောင်း ထောက်ပြသူများရှိသည်။ ယင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အောက်ပါအတိုင်းမှတ်ချက်ပေးသည်။

“လူထုခံစားချက်က နာကျည်းမှုတွေ ပိုပြင်းထန်လာမယ်လို့ ယူဆပါတယ်”  

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *