အကယ်ဒမီအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ - မိုးကျော်လွင်

“ဒီနှစ်လည်း သည်းခံပေးပြီး ကြည့်ရတဲ့ကားတွေလည်း ရှိပါတယ်။  ပြောရတာ အားနာပါတယ်။ ပိုက်ဆံပေးကြည့်တာ အကြောင်းမဟုတ်ဘူး။ ထသွားလို့ရတယ်။ အခုဟာက ထသွားလို့လည်း  မရဘူး”

မတ်လမှာ ပြုလုပ်မယ့် အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး ဒုတိယအဆင့်တက်လာမယ့် ဇာတ်ကားတွေအတွက် ရွေးချယ်မှုပုံစံတွေ၊  ဇာတ်ကားတွေများလာတော့ အကဲဖြတ်ရတဲ့အခါ အခက်အခဲတွေနဲ့ အကဲဖြတ်ဝင်တွေ အပေါ် သတ်မှတ်ထားတဲ့စည်းမျဉ်း၊  စည်းကမ်းအကြောင်းတွေကို အကယ်ဒမီအကဲဖြတ်အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဦးကြည်စိုးထွန်းကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice :       လက်ရှိအကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေကို တစ်ရက်ကို ဘယ်နှကားနှုန်းနဲ့ ကြည့်ဖြစ်လဲ။

KST   :        ဇာတ်ကားတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့က စကြည့်ကြတယ်။ တစ်နေ့ နှစ်ကားနှုန်းနဲ့ တစ်ပတ်ခြောက်ရက်ကြည့် ဖြစ်တယ်။ မှန်းထားတာတော့ ၂လပိုင်းလောက်ဆို ဇာတ်ကားတွေ အကုန်ပြီးမယ်။ ပြီးရင်တော့ ဒုတိယအဆင့် တက်တဲ့ကား ထပ်ကြည့်မယ်။ ထပ်ကြည့်ပြီး နောက်ဆုံးဖိုင်နယ်ရွေးပြီးပြီဆိုရင် သက်ကြီးပညာရှင်အတွက် ထပ်ထည့်ပြီး ထပ်ကြည့်မယ်။ တဖြည်းဖြည်း မကျေနပ်မချင်း ဇာတ်ကားတွေ ကြည့်ကြမယ်။

Voice :       ဒုတိယအဆင့်တက်လာမယ့် ဇာတ်ကားတွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်မှာလဲ။

KST   :         အကုန်လုံးက ကြိုက်တယ်။ တစ်ဝက်ကျော်ကျော်က ကြိုက်တယ်ဆိုရင် အဲဒီကားက တက်သွားပြီ။ အဲဒီလို တစ်ဝက်ကျော်ကျော်မဟုတ်ဘဲ ဥပမာ – ဇာတ်ကားတစ်ကားကို လေးငါးဦးပဲ ကြိုက်တယ်။ ဇာတ်ညွှန်းဆရာ လေးဦး၊ ကင်မရာလေးဦးက ဆိုပါစို့။ သူတို့အဖွဲ့က ကြိုက်တယ်ဆိုရင် အဲဒီကားကို ဆွဲတင်ရမယ်။ ပြောချင်တာက တစ်ဝက်ကျော်ကြိုက်မှ အဲဒီရုပ်ရှင်ကားက အပေါ်တက်လာမှာ မဟုတ်ဘူး။ အုပ်စုတစ်ခုက ကြိုက်တယ်ဆိုရင်လည်း သူနဲ့ သက်ဆိုင်တဲ့ ဆုက တက်လာနိုင်တယ်။ ခါတိုင်းနှစ်တွေ အတွေ့အကြုံအရ အဲဒီလို ကျန်ခဲ့တဲ့ကားတွေလည်း တွေ့တော့ ဒီနှစ်တော့ အဲဒီလိုမျိုး မကျန်အောင် ဆွဲတင်တဲ့ ကားတွေလည်း ရှိမယ်။

Voice :       ဒီနှစ်က ဇာတ်ကားတွေက များတော့ အကဲဖြတ်အပိုင်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲ။

KST   :        ဒီနှစ်က ကားတွေ များတော့ ကောင်းတယ်။ ကြိုက်တယ်။ ပွင့်ပွင့် လင်းလင်းပြောရရင် ရယ်စရာကားတွေလည်း များတယ်။ ဒါပေမဲ့ တကယ်အားရစရာကောင်းတဲ့ ကားတွေလည်း ကြည့်ရတယ်။ အားရစရာကောင်းတဲ့ ကားတွေ များတော့ ကြောက်လည်း ကြောက်လာတယ်။ ဆရာက ဘာ တိုက်တွန်းလဲဆိုရင် ဒီကားရဲ့လိုအပ်ချက်တွေကိုတတ်နိုင်သမျှ  ကြည့်ပေးပါ။ အပြစ်ရှာခိုင်းတာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကားကောင်းတွေပဲ ပြိုင်တော့မှာဆိုတော့ ပြိုင်တဲ့အခါ လိုအပ်ချက်နည်းတဲ့ ကားတွေပဲ တက်စေချင်တယ်။ အခုကြည့်နေတဲ့ ဒီကားရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ကြည့်ပေးလို့ အမြဲတိုက်တွန်းတယ်။ အခုနောက်ပိုင်း လူငယ်တွေ ရိုက်တဲ့ကားတွေလည်း တအားကြိုက်တယ်။ ကြိုက်တဲ့အခါ ဘာလဲဆိုတော့ အသံပိုင်းဆိုင်ရာ၊ အရုပ်ပိုင်းဆိုင်ရာ မဟုတ်ဘူး။ သရုပ်ဆောင်ပိုင်းဆိုင်ရာတွေလည်း တော်တော်လေး ထူးခြားတာတွေ တွေ့ရတယ်။ ခက်တာက ဆရာကြိုက်တိုင်းလည်း ဟိုဘက်က ကြိုက်ချင်မှ ကြိုက်မှာဆိုတော့ အားနည်းချက်တွေကို ရှာပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ဖိုက်တင်ချနေမှာပဲ။

Voice :       အရင်နှစ်တွေက သည်းခံပြီး ကြည့်ရတဲ့ကားတွေ ရှိတယ်ဆိုတော့ ဒီနှစ်မှာ အဲဒီလိုကားမျိုးတွေ တွေ့ရလား။

KST   :        ဒီနှစ်လည်း သည်းခံပေးပြီး ကြည့်ရတဲ့ ကားတွေလည်း ရှိပါတယ်။ပြောရတာ အားနာပါတယ်။ ပိုက်ဆံပေးကြည့်တာ အကြောင်းမဟုတ်ဘူး။ ထသွားလို့ ရတယ်။ အခုဟာက ထသွားလို့လည်း မရဘူး။ ပြီးအောင် ကြည့်ရတာဆိုတော့ စာတမ်းထိုးတော့မှ မင်း တော်တော်ချာတဲ့ အကောင်ကွာ။ ကောင်းတဲ့ကားတွေလည်း ရှိတယ်။ ချာတဲ့ ကားတွေလည်း ရှိပါတယ်။

Voice :       ဒီနှစ်က စည်းမျဉ်း၊ စည်းကမ်းတွေ ပိုတင်းကျပ်ထားတော့ ဘယ်လိုမျိုး အားသာချက်တွေရှိလဲ။

KST   :        ဆရာဥက္ကဋ္ဌ လုပ်ရတဲ့အခါ ဒီနှစ်က ဒီစည်းမျဉ်းစည်းကမ်းကြောင့် အားရှိလာတာ။ ဘာဖြစ်လို့လဲဆိုတော့ ဆုံးဖြတ်တဲ့အခါမှာ စိတ်ခံစားချက်ကို ရှေ့တန်းတင်လို့ မရဘူး။ စည်းမျဉ်း စည်းကမ်းက ဒီလို ရှိတယ်။ ဒီစည်းမျဉ်းစည်းကမ်းအတိုင်းပဲသွားမှာ ဆိုတော့ အဲဒါပိုကောင်းတယ်။

Voice :       အကယ်ဒမီပေးပွဲပြီးတာနဲ့  နှစ်တိုင်းဝေဖန်မှုတွေရှိတော့ အဲဒီအပေါ် ဘယ်လိုပြင်ဆင်ထားလဲ။

KST   :        ဒီနှစ်က ကြောက်တဲ့လူတွေ  အများကြီးရှိတယ်။ အကဲဖြတ်အဖွဲ့ထဲက ကြောက်လို့ ထွက်ပြေးသွားတဲ့ သူတွေရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကားတွေက ပြိုင်ဆိုင်မှု ပြင်းထန်တယ်ဆိုပြီးတော့ ကြောက်လို့ ပြေးတာရှိတယ်။ ဆရာတို့က ခေါင်းရှောင်လို့ မရဘူး။ ဒီနှစ်က အကယ်ဒမီ  နဲ့ပတ်သက်တဲ့ စံချိန်စံညွှန်းလေးတွေရှိတော့ အားတက်တာပေါ့။ ခင်ဗျား ဘာနဲ့ လုပ်လဲဆိုရင် ကျွန်တော် ဒီစံချိန်စံချိုးနဲ့ လုပ်တာဆိုပြီး ပြစရာရှိတာပေါ့။ အဂတိ လေးပါးကင်းအောင် ဆရာတို့ အကဲဖြတ်အဖွဲ့က ဆုံးဖြတ်မယ်။ ဝေဖန်တဲ့သူကလည်း အဂတိတရားလေးတော့ ကင်းဖို့ လိုပါတယ်။ မောင်ဖြူရဲ့ ပရိသတ်ဖြစ်လို့ မောင်မည်းရသွားတာ မကျေနပ်ဘူးဆိုရင် ပုဂ္ဂိုလ်ဆွဲ မထားပါနဲ့လို့ ပြောချင်ပါတယ်။

Voice :       ဒီနှစ်က အကဲဖြတ်အဝင်တွေအတွက် စည်းမျဉ်း၊ စည်းကမ်းတွေ သတ်မှတ်ထားပြီး စည်းကမ်းဖောက်ဖျက်ရင် အဖွဲ့ဝင်ကနေ ရာသက်ပန်ထုတ်မှာဆိုတော့  အဲဒီအကြောင်း ပြောပြပါဦး။

KST   :        အရင်နှစ်တွေက ဖုန်းဆက်တယ်။ Message လာတယ်။ ဒါမျိုးလေးတွေ ရှိခဲ့ဖူးတယ်။ အဲဒီလိုမျိုး အသံတွေ  ထွက်တယ်။ အခု ဒီလိုမျိုးဖြေတယ်ဆိုတာ ဒီလိုမျိုးတွေ မလာအောင်ပါ။ တို့ရုပ်ရှင် အုပ်စုထဲကပဲ ဖုန်းဆက်တယ်။ Message တွေပို့တယ်။ ဒါတွေဟာ မသမာနည်းတွေ ဖြစ်တယ်။ ဒါတွေ မိသွားရင် မကောင်းတော့ဘူး။ ဒီဘက်က လူလည်း မကောင်းဘူး။ သူဘက်လည်း မကောင်းဘူး။ အဲဒါကို သိစေချင်လို့ ဒီစကားကို ဖြေတာပါ။ မလုပ်ပါနဲ့ ဒီအဖွဲ့က သန့်သန့်လေး သွားပါစေ။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *