မန္တလေးကို မျှော်ကြည့်ခြင်း

လေးထောင့်ဆန်သည့် မန္တလေးမြို့သည် မကြာမီ စက်ဝိုင်းပုံသဏ္ဌာန်ဖြင့်  ဖွံ့ဖြိုးလာတော့မည်ဖြစ်သည်။

မန္တလေးမြို့ကို ပတ်လည်ဝိုင်းနေသည့် အိမ်ရာစီမံကိန်းများကြောင့် မြို့ပြဖွံ့ဖြိုးမှုများရှိလာသလို လူနေထိုင်မှုအဆင့်အတန်းများလည်း မြင့်တက်လာမည် ဖြစ်သည်။

မိမိတို့ခေတ်က စက်ဘီးမှ ဆိုင်ကယ်ဝယ်နိုင်လျှင် ကျေနပ်နိုင်သည့် အခြေအနေဖြစ်သော်လည်း ယခုတွင် အပြိုင်အဆိုင်များလာခြင်း၊ မျှော်မှန်းချက်ကြီးလာခြင်း၊ အိပ်မက်ကြီးလာခြင်းတို့ကို လိုက်လံ အကောင်အထည်ဖော်သူများကြောင့် ဖွံ့ဖြိုးတိုးတက်မှုများအလိုလို ပါလာရကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

မန္တလေးမြို့အနီးတွင် အိမ်ရာစီမံကိန်းများစွာရှိသည်။ အိမ်ရာဟု ဆိုသော်လည်း Small City ဟုဆိုရမည့် မြို့အငယ်စားလေးများပမာ ဖန်တီးထားကြသည်။ နေချင့်စဖွယ်နေရာဖြစ်အောင် လုပ်ဆောင်ထားကြသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးတွင် ဖော်ဆောင်မည့် ရေတံခွန်တောင်စီမံကိန်းကိုလည်း မြို့ငယ်တစ်ခုအဖြစ် ဖန်တီးမည်ဖြစ်သည်။ လူနေထိုင်ရန်အိမ်ရာများအပြင် ဆေးရုံ၊ ကျောင်း၊ ကုန်တိုက်၊ လမ်းလျှောက်ဈေး၊ ဟိုတယ်၊ ဂေါက်ကွင်းနှင့် အပန်းဖြေဥယျာဉ် စသည်များပါဝင်မည် ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ လုပ်ဆောင်မည်ဟု ယင်း စီမံကိန်းလုပ်ဆောင်ခွင့်ရ ဖွံ့ဖြိုးသစ်ကုမ္ပဏီဥက္ကဋ္ဌ ဦးလီကျင်းထန်က ပြောသည်။

ဖွံ့ဖြိုးသစ်ကုမ္ပဏီသည် ပြည်တွင်းခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ဟိုတယ်၊ သွင်းကုန်ထုတ်ကုန်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများအပါအဝင် ကမ္ဘောဒီးယားနိုင်ငံတွင်ပါ ခရီးသွားလုပ်ငန်းများ လုပ်ဆောင်နေသည်ဟု ၎င်းက အဆိုပါစီမံကိန်းဖွင့်လှစ်ပွဲတွင် ပြောဆိုခဲ့သည်။

ရေတံခွန်တောင်အိမ်ရာစီမံကိန်းကိုလည်း မိမိတို့ အကျိုးအမြတ်တစ်ခုတည်းအတွက် မဟုတ်ဘဲ စီမံကိန်းဝန်းကျင်ရှိ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းပေါင်း တစ်သောင်းကျော်ကို ဖော်ဆောင်ပေးမည်ဖြစ်သလို ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန်၊ နိုင်ငံတော်အခွန်ဘဏ္ဍာ ပိုမိုရရှိစေရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဦးလီကျင်းထန်က ဆိုသည်။

မန္တလေးကို ဝန်းရံထားသည့် စီမံကိန်းများအနက် အိမ်ရာစီမံကိန်း၊ အထူးသဖြင့် စီးပွားရေးနှင့်တွဲဖက်သည့် မြို့ပြသစ်စီမံကိန်း ခုနစ်ခု ရှိသည်။

အမရပူရမြို့ပြခေတ်မီဖွံ့ဖြိုးရေးစီမံကိန်း၊ မြန်မာ့ရိုးရာတောင်သမန် ကျေးလက်စီမံကိန်း၊ ရေတံခွန်တောင်အိမ်ရာစီမံကိန်း၊ နန်းဦးလွင်အိမ်ရာစီမံကိန်း၊ မင်္ဂလာမန္တလေးစီမံကိန်း၊ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်း၊ မန္တလေး စက်မှုကုန်သွယ်ရေးစင်တာစီမံကိန်းတို့ ဖြစ်သည်။

ရန်ကုန် – မန္တလေးအမြန်လမ်းဆုံးလျှင် တွေ့ရမည့် မန္တလေးစက်မှုကုန်သွယ်ရေးစင်တာ Mandalay Industrial Trade Center – MITC စီမံကိန်းသည် စက်မှုအရောင်းပြခန်းများ၊ မော်တော်ကား အရောင်းပြခန်းများ၊ စက်မှုလယ်ယာသုံးယန္တရား အရောင်းဆိုင်များ၊ လူသုံးကုန်၊ လျှပ်စစ်၊ ဆောက်လုပ်ရေးလက်ကားဈေး၊ ကျောက်မျက်ဈေး၊ ဆူပါမားကတ်နှင့် တန်ဖိုးသင့်ကွန်ဒိုမီနီယံများ ပါဝင်မည် ဖြစ်သည်။

ယင်းစီမံကိန်းအတွင်း ဂါးဒင်းစီးတီးဟုခေါ်သည့် ဓာတ်လှေကားများပါဝင်မည့် အိမ်ရာဈေးနှုန်းများသည် တစ်ခန်းလျှင် ကျပ်သိန်းငါးရာဝန်းကျင်ရှိပြီး လူလတ်တန်းစားများကို ဦးတည်ထားသည်ဟု  အချက်အလက်များအရ သိရသည်။

အစိုးရအနေနှင့် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမျှတတိုက်ခန်းများကို အကောင်အထည်ဖော်နေချိန်တွင် အထက်တွင် ဖော်ပြခဲ့သည့် ပုဂ္ဂလိကအိမ်ရာစီမံကိန်းများရှိ တိုက်ခန်းများသည် လူအများစုအတွက် လက်လှမ်းမီနိုင်သည့် အနေအထားတွင် မရှိသေးချေ။

“လက်လှမ်းမမီနိုင်ဘူးဆိုတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့က ဒီဟာတွေကို လမ်းမတန်းပေါ်တွေ ဆောက်ကြတာများတယ်လေ။ အဲဒီတော့ မြေတန်ဖိုးရယ်၊ ရင်းနှီးမြှုပ်နှံမှုရယ်၊ အခွန်ရယ်ရှိတယ်။ အဲဒါတွေ အားလုံးပေါင်းလိုက်ရင် အဲဒီထက်ချရောင်းရင် ရှုံးဖို့ပဲရှိတော့တာ”ဟု ယင်းအိမ်ရာစီမံကိန်းကို လုပ်ဆောင်မည့် Mandalay Garden City Construction ကုမ္ပဏီဒါရိုက်တာဦးဇင်မင်းဆွေက ပြောသည်။

အစိုးရနှင့် ပုဂ္ဂလိကတို့၏ အိမ်ရာများ တည်ဆောက်ပုံ၊ လုံခြုံရေးအပိုင်းနှင့် အရည်အသွေးစသည်ဖြင့် များစွာကွာခြားသည့် အပြင် ပုဂ္ဂလိကအနေနှင့် အခြား Facility (ထောက်ပံ့မှု) များပေးသော်လည်း အစိုးရဘက်ကမူ ယင်းသို့ မရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က ကိုယ်ပိုင် Facility Management team ရှိတယ်။ အဲဒါနဲ့ ကျွန်တော်တို့က စီမံခန့်ခွဲပြီးတော့ နေထိုင်တဲ့သူတွေဆီက လစဉ်ကြေး ကောက်ခံသွားတာ။ အစိုးရမှာတော့ အဲလို ကောက်ခံခြင်း မရှိဘူး။ ကိုယ်ထူကိုယ်ထစနစ်ပဲလေ။ အိမ်ရာတွေက များသောအားဖြင့် အဲလိုသွားကြတာဆိုတော့လေ”ဟု အစိုးရအိမ်ရာနှင့် ပုဂ္ဂလိကအိမ်ရာတို့၏ ဝန်ဆောင်မှုကွာခြားပုံကို ဦးဇင်မင်းဆွေက ရှင်းပြသည်။

မိမိတို့တိုက်ခန်းများတွင် ထိန်းသိမ်းကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်း၍လုပ်ဆောင်သော်လည်း စည်းကမ်းလိုက်နာမှုများအားနည်းခြင်းကြောင့် သန့်ရှင်းသပ်ရပ်မှုမရှိကြောင်း၊ အမှိုက်ပုံးများထားပေးသော်လည်း တွေ့သည့် နေရာတွင် အမှိုက်စွန့်ပစ်မှုများရှိနေကြောင်း မန္တလေးစည်ပင်က တည်ဆောက်ပေးသည့် ကမ်းနားလမ်း အငှားအိမ်ရာတွင် နေထိုင်သူ ဦးစောထွန်းက ပြောသည်။

မြရည်နန္ဒာတန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာများသည်လည်း အစိုးရက စတင်ရောင်းချပေးစဉ်က တိုက်ခန်းလုံခြုံရေး၊ ဈေး၊ ကျောင်း၊ ကားပါကင် စသည့် လိုအပ်ချက်များဖြည့်ဆည်းပေးမည်ဟု ဆိုသော်လည်း သုံးနှစ်ဝန်းကျင်ကြာသည်အထိ မဖြည့်ဆည်းပေးသေးကြောင်း ယင်း အိမ်ရာတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

အစိုးရနှင့် လုပ်ငန်းရှင်များအနေနှင့် အိမ်ရာများတည်ဆောက်ပေးခြင်းကို ကြိုဆိုပြီး နောက်ထပ်လည်း များစွာတည်ဆောက်ပေးသင့်ကြောင်း ဖိုးလမင်းအိမ်၊ ခြံ၊ မြေအကျိုးဆောင်ကုမ္ပဏီပိုင်ရှင် ဦးဝဏ္ဏစိုးက တိုက်တွန်းသည်။

“တည်ဆောက်ပေးရုံပဲ လုပ်ပေးပြီး တခြားလိုအပ်တဲ့ ဆေးရုံဆေးခန်း၊ ဈေး၊ စာသင်ကျောင်းဆိုတာမျိုးတွေ မရှိဘူး ဆိုရင်တော့ အဲဒီအိမ်ရာတိုက်ခန်းတွေကို ဝယ်မယ့်သူ၊ ငှားမယ့်သူ ရှိမှာမဟုတ်ဘူး။ လိုအပ်တာတွေ လုပ်ပေးမယ်ဆိုရင်တော့ အဲဒီတိုက်ခန်းတွေ ရောင်းရမှာပဲ”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ အိမ်ရာစီမံကိန်းများများများရှိလေ အိမ်၊ ခြံ၊ မြေဈေးကွက်လည်း ကောင်းမွန်လေဖြစ်ပြီး ပုံမှန် အရောင်းအဝယ်ရှိနေမည်ဟု ဦးဝဏ္ဏစိုးက ဆိုသည်။ လက်ရှိအိမ်ရာများသည် မြို့နေလူဦးရေနှင့်စာလျှင် နည်းပါးသည့် ပမာဏ ဖြစ်နေသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စီမံကိန်းများ အောင်မြင်သည်၊ မအောင်မြင်သည်ဆိုသည်ကို ပထမဆုံးအနေနှင့် တိုင်းနှင့် ပြည်နယ်အစိုးရတို့၏ အားပေးမှုနှင့် သက်ဆိုင်ကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအတွက် သာယာတင့်တယ်သည့် နေရာကောင်းတစ်ခုကို ဖန်းတီးပေးရမည်ဖြစ်ကာ ယင်းအချက်ကို မိမိတို့ လိုလိုချင်ချင် လုပ်ဆောင်ခဲ့ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

လုပ်ငန်းရှင်များကို ဥပဒေနှင့်အညီ အကူအညီပေးနေပြီး မည်သည့်လုပ်ငန်းရှင်ကိုမှ ဥပဒေပြင်ပက အကူအညီမပေးခဲ့ဖူးကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

“ချမ်းသာတဲ့သူတွေက မန္တလေးမြို့မှာ လာရောက်ရင်းနှီးမြှုပ်နှံပြီးတော့ မန္တလေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးအတွက်၊ မန္တလေးတိုင်းမှာရှိတဲ့ လူတွေ အလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးတာက ကျေးဇူးတင်ထိုက်တယ်လို့ ထင်ပါတယ်”ဟု ဒေါက်တာဇော်မြင့်မောင်က ရေတံခွန်တောင် အိမ်ရာစီမံကိန်းဖွင့်ပွဲတွင် ပြောသည်။

အစိုးရအနေနှင့် ပြည်သူ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း စသူတို့အတွက် တန်ဖိုးသင့်အိမ်ရာ၊ တန်ဖိုးနည်း အိမ်ရာများကို တည်ဆောက်ပေးနေပြီး လုပ်ငန်းရှင်များမှ လုပ်ကိုင်သည့် အိမ်ရာစီမံကိန်းများကိုလည်း ခွင့်ပြုပေးနေကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

မန္တလေး၏ လက်ရှိအိမ်ရာစီမံကိန်းများသည် CBD ဟု ခေါ်သည့် စီးပွားရေးအထူးဇုန်ဧရိယာများတွင်သာ ဖော်ဆောင်ကြသည်က များသည်။ မင်္ဂလာမန္တလေး၊ ဂါးဒင်းစီးတီး၊ ရေတံခွန်တောင်စသည့် စီမံကိန်းများသည် CBD ဧရိယာများတွင် တည်ဆောက်ထားကြသည်။

CBD ဧရိယာများသည် လူနေထိုင်မည့် အိမ်ရာများနှင့်အတူ စီးပွားရေးလုပ်နိုင်သည့်နေရာများကိုပါ ထည့်သွင်းတည်ဆောက်ထားခြင်း ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာမှ လာရောက်၍ ရင်းနှီးမြှုပ်နှံမည့် သူများအတွက် ရုံးခန်း၊ ဆိုင်ခန်းဖွင့်လှစ်ရန် သင့်လျော်သည့် နေရာများကို ဖန်တီးပေးခြင်းဖြစ်သည်။

ဆိုရလျှင် လက်ရှိလုပ်ဆောင်နေသည့် အိမ်ရာများသည် နိုင်ငံတကာနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ထားသည်ဟု ပြောဆိုနိုင်ပြီး သာမန်လူတန်းစားများအတွက်မူ ဈေးနှုန်းကြီးမြင့်နေသည့် အနေအထားတွင် ရှိနေသေးသည်။

“၄၀ _၆၀မြေကွက်ကို လမ်းမတန်းပေါ်ဆို သိန်းငါးထောင် အနည်းဆုံးရှိတာ။ သိန်းငါးထောင်ဆိုတော့ တစ်ပေပတ်လည်ကို နှစ်သိန်းကျော်တယ်။ သူတို့ အဲဒီမှာ (ရေတံခွန်တောင်စီမံကိန်းမှာ) ရောင်းတာ မှ ၆၂,၈၀၀ ပဲ ရောင်းတာလေ တစ်ပေပတ်လည်ကို။ မြို့သစ်ဈေးနှုန်းနဲ့ တွက်ကြည့်ရင်တော့ အများကြီးနည်းနေသေးတာပေါ့”ဟု ဦးဇင်မင်းဆွေက တွက်ချက်ပြသည်။

နိုင်ငံတကာတွင်လည်း မြို့လယ်နှင့် နီးသည့်နေရာ(CBD Zone) တို့တွင် အလွှာပေါင်းစုံဝယ်ယူနိုင်ရန် မည်သူမျှ မဆောင်ရွက်ပေးကြောင်း၊ အမေရိကန်တို့တွင် ဆင်ခြေဖုံးဧရိယာဟု ခေါ်သည့် မြို့ပြင်ဧရိယာတွင် မြေတန်ဖိုးနည်းသည့်အတွက် တန်ဖိုးနည်းအိမ်ရာများကို ဖော်ဆောင်နိုင်ကြောင်း ၎င်းက ဆိုသည်။

“တန်ဖိုးအရမ်းနည်းတဲ့ တိုက်ခန်းတွေ၊ တန်ဖိုးနည်းအိမ်ရာတွေကတော့ မလုပ်နိုင်သေးဘူး။ ဒါက နိုင်ငံတော်က ဦးဆောင်ပြီး လုပ်မှ ရနိုင်တဲ့ အဆင့်မျိုး ဖြစ်နေတာ”ဟု ဦးဇင်မင်းဆွေက ပြောသည်။

မြေတန်ဖိုးကြီးမြင့်ခြင်း၊ ဘဏ်တိုးနှုန်းမြင့်မားခြင်း၊ အခွန် စသည့်အကြောင်း များကြောင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနှင့် ယင်းကဲ့သို့ မလုပ်ဆောင်နိုင်သေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ငွေကြေးဥစ္စာအပေါ်ကို မူတည်ပြီး လူနေမှုအဆင့်အတန်းက ပြောင်းလဲတတ်သည်။ တိုက်ခန်းနှင့် နေထိုင်ရန် အဆင်ပြေသူရှိသကဲ့သို့ အိမ်နှင့် ဝင်းနှင့်မှ နေထိုင်လိုသူလည်းရှိသည်။

“တကယ်တမ်းပြောရင် မန္တလေးမြို့ကြီးက အလျားလိုက်ချဲ့လို့ ရသေးတယ်။ လယ်မြေအလွတ်တွေတော့ အများကြီးရှိတာပေါ့။ မြို့လယ်ကောင်မှာတော့ နောက်ပိုင်းမှာ ဒေါင်လိုက်နေထိုင်မှုစနစ်တွေ ပေါ်လာလိမ့်မယ်။ တိုက်ခန်းတွေ ဘာတွေပေါ့”ဟု ဦးဇင်မင်းဆွေက သူ့ အမြင်ကို ပြောဆိုသည်။

အိမ်နီးချင်းထိုင်းနိုင်ငံရှိ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့တို့သည် လူနေမှုပုံစံများ အရမ်းကွာဟကြောင်း၊ ချင်းမိုင်သည် မန္တလေးကဲ့သို့ ရိုးရာယဉ်ကျေးမှုများ များစွာကျန်ရှိနေသေးပြီး ဘန်ကောက်မြို့သည် ဖွံ့ဖြိုးတိုးတက်မှုအားကောင်းကောင်း၊ ရန်ကုန်နှင့် မန္တလေးသည်လည်း ချင်းမိုင်နှင့် ဘန်ကောက်ကဲ့သို့ နောင်နှစ် ၃၀ တွင်လည်း ယခုလိုပင် ဖြစ်နေဦးမည်ဖြစ်ကြောင်း ဦးဇင်မင်းဆွေက သုံးသပ်သည်။

မန္တလေးမြို့ကို တောမြို့လေးဟု ပြောဆိုသူများကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အောက်ပါအတိုင်း ဟာသနှော၍ချေပလိုက်သည်။

“ရယ်စရာစကားတစ်ခွန်း ပြောချင်ပါတယ်။ တကယ့် ရယ်စရာပါ။ ဒီ (ရေတံခွန်တောင် အိမ်ရာစီမံကိန်း) ပရောဂျက်ပြီးသွားရင် မန္တလေးမြို့ကို တောမြို့လေးလို့ ပြောတာမှားတယ်လို့ ကျွန်တော်ထင်တာပဲဗျ။ မန္တလေးက တောမြို့မဟုတ်ပါဘူး။ နေရာကျဉ်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တော၊ မြို့ဆိုတာတွေက သတ်မှတ် ချက်တွေပါ။ အရေးကြီးတာက ပြည်သူတွေ စိတ်ချမ်းသာလက်ချမ်းသာနေနိုင်တဲ့ အခြေအနေ ဖန်တီးပေးဖို့ပါပဲ”

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *