ကမ္ဘာကို ကိုင်လှုပ်နေတဲ့ တရုတ်ပုဂ္ဂလိကလုပ်ငန်းကြီးတွေ

မြန်မာတချို့က တရုတ်ပစ္စည်းတွေကို အရင်အစွဲနဲ့ သတိထားနေတုန်းမှာပဲ တရုတ်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေဟာ ကမ္ဘာကို ပတ်နေပါပြီ။ အဲဒီတရုတ်ပစ္စည်းတွေရဲ့ မိခင်ပုဂ္ဂလိကလုပ်ငန်းကြီးတွေနဲ့ ဒီလုပ်ငန်းကြီးတွေကို ဦးဆောင်သူတွေအကြောင်း၊ ဒီလုပ်ငန်းကြီးတွေ လောက်လောက်လားလား ဖြစ်လာအောင် ရေခံမြေခံဖန်တီးပေးတဲ့ တရုတ်အစိုးရအဆက်ဆက်ရဲ့ နည်းဗျူဟာတွေအကြောင်းကို တရုတ်မှာ အနေကြာပြီး ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တိုက်ရိုက်ဆက်ဆံခဲ့တဲ့ စီးပွားရေးအတိုင်ပင်ခံ Edward Tse က ရေးထားတယ်။ တရုတ်ကို အမြင်ပြောင်းသွားစေမယ့် စာအုပ် ဖြစ်တယ်။

၂၀၁၄မှာ တရုတ်အင်တာနက်စီးပွားရေး e-commerce ကုမ္ဗဏီ Alibaba ဟာ စတော့ရှယ်ယာ ပထမဆုံး စရောင်းတဲ့ ကုမ္ပဏီတွေထဲမှာ အများဆုံးအဖြစ် ဒေါ်လာ၂၅ဘီလီယံဖိုးရပြီး ကမ္ဘာ့စံချိန်တင်ခဲ့တယ်။

Alibaba ဟာ တည်ထောင်သူ Jack Ma နဲ့တွဲပြီး လူသိများတယ်။ Jack Ma ဟာ ကမ္ဘာကျော် အနောက် မီဒီယာကြီးတွေမှာ ပါနေကျဖြစ်ပြီး တစ်ကမ္ဘာလုံးသိတဲ့ လူဖြစ်နေသလို Alibaba ကိုလည်း အားလုံးသိနေကြပြီ။ Alibaba ဟာ တရုတ်ကုမ္ပဏီဖြစ်တာတောင် ကမ္ဘာ့အဆင့်ထိ ရောက်လာတဲ့အတွက် အံ့ဩနေကြပေမယ့် တကယ်တမ်းမှာ သူ့လို ကမ္ဘာကို ကိုင်လှုပ်တဲ့ တရုတ်ကုမ္ပဏီတွေ မနည်းပါဘူး။ အဲဒီထဲကမှ အတော်များများက Alibaba လိုပဲ ပုဂ္ဂလိ က ကုမ္ပဏီတွေဖြစ်ပြီး ကျန်တာတွေကတော့ နိုင်ငံပိုင်ကုမ္ပဏီတွေ ဖြစ်တယ်။ ပုဂ္ဂလိကလုပ်ငန်းဆိုလို့ အရင်က ရှိတောင် မရှိခဲ့တဲ့ ကွန်မြူနစ်တရုတ်နိုင်ငံက ပုဂ္ဂလိကလုပ်ငန်းတွေဟာ အချိန်တိုတိုလေးအတွင်း ကမ္ဘာမှာ ထိုးဖောက်နိုင်တဲ့ ကုမ္ပဏီကြီးတွေ ဖြစ်လာတာ ဘာ့ကြောင့်လဲ။ ဒီစာအုပ်ကိုဖတ်ရင် သဘောပေါက်သွားပါလိမ့်မယ်။

ဒီမေးခွန်းရဲ့ အဖြေဟာ ရုန်းထဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံက ပုဂ္ဂလိကလုပ်ငန်းတွေ သိသင့်သိထိုက်သလို မြန်မာ့လုပ်ငန်းတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင်၊ ကြီးထွားဖွံ့ဖြိုးလာအောင် မြေတောင် မြှောက်ပံ့ ပိုးပေးဖို့ တာဝန်ရှိတဲ့ မြန်မာအစိုးရအတွက်လည်း အရေးကြီးပါတယ်။ တရုတ်ဟာ ကိုယ်လိုသူလို ဆင်းရဲတဲ့ နိုင်ငံကနေ တက်လာပြီး မြန်မာနဲ့ရေမြေစရိုက်နီးစပ်တဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းတွေကို ပံ့ပိုးရာမှာ၊ ရေခံမြေခံ ဖန်တီးပေးရာမှာ တရုတ်ဆီကနေ အောင်မြင်မှု၊ ကျရှုံးမှုသင်ခန်းစာတွေ ရယူနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးကတော့ မြန်မာနဲ့ ဖွံ့ဖြိုးမှုလှေကားမှာ အထစ်ပေါင်းများစွာ ကွာဝေးတဲ့အတွက် နောက်ခံအခြေအနေချင်းလည်း အလှမ်းဝေးပါတယ်။

Alibaba လိုမျိုး နာမည်ကြီး ဇော်တချို့ကတော့ တရုတ် Facebook ဖြစ်တဲ့ Wechat ရဲ့ မိခင်ကုမ္ပဏီ Tencent ၊ တရုတ် smartphone ဈေးကွက်ကို ကိုင်လှုပ်ပြီး ကမ္ဘာမှာ Samsung နဲ့ အပြိုင်ဖြစ်လာတဲ့ Xiaomi ၊ တရုတ် Google ဖြစ်တဲ့ Baidu ၊ ကမ္ဘာ့ကွန်ပျူတာလောက ထိပ်တန်းရောက်လာတဲ့ Lenovo နဲ့ လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ရေးကွန်ရက် ပစ္စည်းထိပ်တန်းထုတ်လုပ်သူ Huawei တို့ပါ။ အဲဒီထဲက တရုတ်ရဲ့ ထိပ်တန်းအင်တာနက် ကုမ္ပဏီ သုံးခုဖြစ်တဲ့ Baidu, Alibaba နဲ့ Tencent တို့ကို BAT လို့ ခေါ်ကြတယ်။ ကျင်လည်ရာ နယ်ပယ်ကွာခြားပေမယ့် ဒီလုပ်ငန်းတွေမှာ တူညီတဲ့အချက်ကတော့ နတ်ရေကန်ထဲချလိုက်သလို အကြီးမြန်တာပါပဲ။ Lenovo ဆိုရင် ၂၀၀၅ မှာတုန်းက ကုန်ပစ္စည်းတစ်မျိုးတည်း (တစ်ကိုယ်ရေသုံး ကွန်ပျူတာ ဏဃ) တွေကို ဈေးကွက်တစ်ခုတည်း (တရုတ်) မှာ ရောင်းခဲ့တာ။ ၂၀၁၅ မှာကျ သူက တစ်ကမ္ဘာလုံးမှာ တစ်ကိုယ်ရေသုံးကွန်ပျူတာ အများဆုံးရောင်းတဲ့သူ ဖြစ်နေပြီ။ ပြီးတော့ ကမ္ဘာမှာ Smart Phone တတိယအများဆုံးရောင်းသူ ဖြစ်နေပြီ။

တရုတ်လုပ်ငန်းတွေ ဒီလောက်ထိ အကြီးမြန်အောင်မြင်ရခြင်း အကြောင်းရင်းတစ်ရပ်က ပြိုင်ဆိုင်မှုက ကြောက်ခမန်းလိလိ ဖြစ်လို့ပါတဲ့။ တရုတ်လုပ်ငန်းတွေဟာ ဘယ်လောက်ပဲကြီးကြီး၊ သက်ဆိုင်ရာ နယ်ပယ်မှာ ဘယ်လောက်ပဲ ဦးဆောင်ဦးဆောင် အေးအေးဆေးဆေး မနေနိုင်ပါဘူး။ နောက်က လုပ်ငန်းတွေက အချိန်မရွေး မီလာပြီး ကျော်တက်သွားနိုင်လို့ပါ။ လူသစ်တွေ ဝင်လာပြီး တခြားလူတွေ မလုပ်တဲ့နည်းတွေနဲ့ ပစ္စည်းတွေ ထုတ်၊ အရောင်းမြှင့်တင်ပြီး ဈေးကွက်ကို စီးသွားနိုင်တယ်။ အဲဒီအတွက် တရုတ်လုပ်ငန်းတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေကို ပိုကောင်းလာအောင် အမြဲမွမ်းမံနေရတယ်။ ပိုဆိုးတာက တရုတ်မှာ မူပိုင်ခွင့်အားနည်းတဲ့အတွက် ကိုယ့်တီထွင်လိုက်တဲ့ ပစ္စည်းကို နောက်ကနေ အတုယူပြီး ဖန်တီးမှာ ကြောက်ရတယ်။ တစ်နေ့ထက်တစ်နေ့ ကောင်းအောင် မွမ်းမံဖို့က လွဲပြီး တခြားနည်းမရှိဘူး။

ဒီတရုတ်ပုဂ္ဂလိကလုပ်ငန်းတွေဟာ ပြောင်းလွယ်ပြင်လွယ်လည်း အင်မတန်ရှိတယ်။ Alibaba ဆိုရင် နဂိုက စီးပွားရေးလုပ်ငန်း အချင်းချင်းဆက်သွယ်စီးပွားရေး လုပ်တဲ့ Business-to-Business B-2-B website လုပ်ရာကနေ အမေရိကန်က ဧရာမ eBay တရုတ်ကို ဝင်လာတဲ့အခါ ဝယ်ယူစားသုံးသူအချင်းချင်း စီးပွားရေး လုပ်လို့ရအောင် consumer-to-consumer C-2-C website လုပ်ပေးလိုက်တာ eBay တရုတ်ကနေ ပြန် ထွက်ပြေးသွားရတယ်။

တရုတ်ကုမ္ပဏီတွေ ဒီလောက်အကြီးမြန်တာဟာ တရုတ်စီးပွားရေး အရှိန်အဟုန်နဲ့ တိုးတက်လာလို့လည်း ဖြစ်တယ်။ ပြုပြင်ပြောင်းလဲရေးစတင်ပြီး နှစ် ၃၀ လောက် အတွင်းမှာ တရုတ်လူဦးရေ သန်း ၃၀၀ ကို ဆင်းရဲတွင်းထဲက ဆွဲထုတ်နိုင်ခဲ့တယ်။ ဒေါ်လာနဲ့ သန်းကြွယ်သူဌေးတွေ များလာသလို လူလတ်တန်းစားလည်း ကြီးထွားလာခဲ့တယ်။ ဒီလိုစီးပွားရေးတိုးတက်လာတဲ့ ပုံသေနည်းက SOOT လို့ စာရေးသူ Edward Tse က ပြောတယ်။ S က Scale ပမာဏ။ တရုတ်လူဦးရေက သန်းထောင်ချီတယ်၊ ပစ္စည်းတွေ ဝယ်နိုင်ခြမ်းနိုင်တဲ့ လူဦးရေကလည်း သန်းရာချီတယ်။ O က Openness တံခါးဖွင့်ခြင်း။ တရုတ်ဈေးကွက်ကို ပုဂ္ဂလိကလုပ်ငန်းတွေ အတွက်ရော ပြည်ပလုပ်ငန်းတွေ အတွက်ပါ ဆက်ဖွင့်ပေးနေတာ။ နောက် O တစ်လုံးက Official Support အစိုးရရဲ့ ကူညီထောက်ပံ့မှု။ အစိုးရဟာ စီးပွားရေးဖွံ့ဖြိုးဖို့အတွက် လိုတဲ့ အခြေခံအဆောက်အဦတွေ တည်ပေးတယ်၊ မူဝါဒတွေ ချမှတ်ဖော်ဆောင်တယ်။ T က Technology နည်းပညာ။ အင်တာနက် အပါအဝင် သတင်းအချက်အလက်နည်းပညာရဲ့ သက်ရောက်မှု။ နည်းပညာကြောင့် ဈေးကွက်သစ်တွေ ဖန်တီးနိုင်တယ်၊ ဈေးကွက်သစ်တွေဆီကို ဝင်နိုင်လာတယ်။ ဒီပုံသေနည်းကို ကြည့်ပြီး မြန်မာနိုင်ငံမှာ SOOT ထဲက ဘယ်နှလုံးကို ဖြည့်ဆည်းပေးနေလဲ ကိုယ့်ဘာသာစဉ်းစားမိတယ်။

တရုတ်လုပ်ငန်းတွေဟာ တရုတ်ပြည်တွင်းမှာတင် မနေဘဲ ကမ္ဘာကိုပါ ဖောက်ဖို့ ဆုံးဖြတ်လိုက်ကြတာကလည်း တရုတ်လုပ်ငန်းတွေ ကြီးထွားလာရခြင်းရဲ့ အကြောင်းတစ်ရပ် ဖြစ်တယ်။ ကမ္ဘာကိုထွက်ပြီး ယှဉ်ပြိုင်တဲ့အတွက် ချေးများတဲ့၊ အကောင်းကြိုက်တဲ့ ဈေးကွက်ကို ဝင်ရတဲ့အခါ တရုတ်လုပ်ငန်းတွေဟာ အရည်အသွေးပိုကောင်းလာတယ်၊ စံနှုန်း ပိုမြင့်လာတယ်။ ဆရာကြီးတွေဖြစ်တဲ့ နိုင်ငံတကာပြိုင်ဘက်တွေနဲ့ ပြိုင်ရင်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုများလာတယ်။ ကမ္ဘာကို တရုတ်တွေ ဖောက်ပုံဖောက်နည်းတွေကတော့ အစုံပါပဲ။ တရုတ်ရဲ့ အအောင်မြင်ဆုံး ပုဂ္ဂလိကကားကုမ္ပဏီ Geely Auto ဆိုရင် ဆွီဒင်ရဲ့ နာမည်ကြီး ဇိမ်ခံကားကုမ္ပဏီကို Volvo ကို ၂၀၁၁ မှာ ဝယ်လိုက်ပြီး နည်းပညာနဲ့ ကုန်အမှတ်တံဆိပ် ကောင်းကောင်းရအောင် အလှမ်းကြီးကြီးခုန်ပစ်လိုက်တာမျိုး။

ခြေလှမ်းကျဲကျဲ လှမ်းချင်တဲ့ မြန်မာလုပ်ငန်းရှင်တွေ ဖတ်သင့်တယ်။ ခြေလှမ်းကျဲကျဲလှမ်းမယ့် မြန်မာလုပ်ငန်းရှင်တွေ အတွက် ရေခံမြေခံကောင်းဖန်တီးပေးမယ့် အစိုးရတာဝန်ရှိသူတွေ ဖတ်သင့်တယ်။ ယူသင့်တာယူ၊ ပယ်သင့်တာပယ်၊ ကိုယ့်ရေမြေနဲ့ လိုက်အောင် မွမ်းမံသင့်တာ မွမ်းမံပေါ့။

ဇေယျသူ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *