ဘိုးဘွားတို့အတွက် နေ့တက်ကျောင်း

“ဆရာမပျိုပျို လာပြီ…။ ဆရာမပျိုပျို လာပြီ”

ထိုအသံက အသက် ၇၀ ကျော် အဘိုးအဘွားများကို နေ့ပိုင်းစောင့်ရှောက်မှုပေးနေသည့် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၏ နံနက်ခင်းကြားရသည့် အသံ ဖြစ်သည်။

နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သည့် နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာသို့ နံနက် ၈ နာရီခွဲခန့်အချိန်တွင် ဘိုးဘွားအချို့ ရောက်ရှိနေပြီဖြစ်သည်။

၉ နာရီတွင် စတင်သည့် ယောဂလေ့ကျင့်ခန်းအတွက် ယောဂဆရာမ ပျိုပျိုလာသည်ကို ဘိုးဘွားအချင်းချင်း အသိပေးကာ ပြောကြားနေခြင်း ဖြစ်သည်။

အားကစားဝတ်စုံ အပြည့်ဝတ်ဆင်ထားသည့် အဘွားအချို့နှင့် အဘိုးစုစုပေါင်း ၃၀ ဦးခန့်က ယောဂလေ့ကျင့်ခန်းမအတွင်းသို့ ဝင်ရောက်လာကြသည်။

“ခေါင်းလေးငြိမ့်လိုက်ပါ …။ ဘယ်လက်ကို ရှေ့ကို တည့်တည့်တိုးပြီး တည့်တည့်မြှောက်လိုက်ပါ…။ ခေါင်းလေး ငြိမ့်လိုက်ပါ … ။ ညာဘက်ကိုလည်း ဒီလိုပဲပေါ့ …။ နောက်ပြီးတော့ လက်ကို ဘယ်ညာမြှောက်လိုက် ချလိုက်လုပ် …။ တင်ပါးနဲ့ လက်ကို ဘယ်ညာလှုပ်လှုပ်လှုပ်လှုပ်…။ဒီပုံတိုင်း  ဆက်တိုက်သာ လှုပ်။ ခန္ဓာကိုယ်ကို တစ်ပတ်လှည်ကာ လှုပ်လှုပ် … လှုပ် …လှုပ်”ဆို သည့် သီချင်းသံ ပျံ့လွင့်လာသည်။

ယောဂဆရာမပျိုပျိုက လက်ဆွဲဆောင်းဘောက်စ်ငယ်ကို ဖွင့်လိုက်သည်နှင့် စည်းချက်လိုက်၍ အဘိုးအဘွားတို့ လေ့ကျင့်ခန်း စတင်ပြီ ဖြစ်သည်။

သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာကို ယခင်လူမှုဝန်ထမ်း ဦးစီးဌာနရုံးချုပ်ဟောင်းနေရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ လူမှုရေးအရစောင့်ရှောက်ရန် လိုအပ်နေသည့် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ကူညီပေးနိုင်ရန်နှင့် သက်ကြီးစောင့်ရှောက်ရေးဂေဟာ ထူထောင်ချင်သူများအတွက် စံနမူနာအဖြစ် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။

စတင်ဖွင့်လှစ်စဉ်က ဘိုးဘွား ၃၀ ဦးဖြင့် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သော်လည်း ဘိုးဘွားဦးရေ တစ်စတစ်စတိုးလာသည့်အတွက် နောက်ပိုင်းတွင် တစ်ပတ်ခြား တစ်ခါတစ်လှည့်စီလာသည့် စနစ်ကို ပြောင်းလဲထားသည်။ ထိုဂေဟာတွင် လက်ရှိဘိုးဘွားဦးရေ ၁၉၀ ရှိသည်။ တစ်နေ့လျှင် ဘိုးဘွား ၇၀ ဦးကို ဝန်ထမ်း ၁၉ ဦးဖြင့် လက်ခံ၍ စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်။

“အဘိုးအဘွားကို အိမ်မှာစောင့်ရှောက်မယ့် သူ မရှိတဲ့သူဆိုရင်တော့ ဦးစားပေးတယ်”ဟု လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးလှိုင်က ဆိုသည်။

သို့သော်လည်း ခြွင်းချက်အနေနှင့် မိသားစုမှ စောင့်ရှောက်ပေးနိုင်သည့် အခြေအနေမရှိခြင်းနှင့် ကျန်းမာရေးအရ နေ့စဉ်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ရန် လိုအပ်သည့် ဘိုးဘွားများကိုမူ နေ့စဉ် လာရောက်ခွင့် ပေးထားကြောင်း ၎င်းက ရှင်းပြလေသည်။

“နေ့တိုင်းလာတာ။ စနေ၊ တနင်္ဂနွေဖွင့်ရင်လည်း လာမှာပဲ။ ဒီမှာ ပျော်တာပေါ့။ သားသမီးလည်း မရှိတော့။ အိမ်မှာနေရတာ ငေါင်နေတာပေါ့”ဟု အသက် ၇၀ ကျော် အဘိုးဦးလှမြင့်က ဆိုသည်။

ရန်ကင်းမြို့နယ်တွင် နေထိုင်သည့် အဘိုး ဦးလှမြင့်သည် အသက်၇၀အရွယ်တွင် လေဖြတ်ခြင်းကြောင့် ကိုယ်ကာယလှုပ်ရှားမှုလိုအပ်နေသည့်အပြင် စောင့်ရှောက်မည့်သူမရှိသည့်အတွက် ၎င်းကို  နေ့စဉ် လာရောက်ခွင့်ပြုထားသည်။

ထို့ပြင် မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် အသက် ၈၅ နှစ်ရှိသည့် အဘွားဒေါ်ခင်ကြည်သည် မှတ်ဉာဏ်အချို့ပျောက်ဆုံးနေသည့်အပြင် နေ့လယ်ပိုင်းအိမ်တွင် စောင့်ရှောက်မည့်သူ မရှိသည့် အတွက် နေ့စဉ်လာရောက်ခွင့်ပြုထားသည့် အဘွားတစ်ဦး ဖြစ်သည်။

“ထွက်ပြေးတာ နှစ်ခါရှိပြီ”ဟု အဘွားဒေါ်ခင်ကြည်၏ သူငယ်ချင်းဖြစ်သူ အဘွားဒေါ်လှအုန်းမယ်က ဆိုသည်။

အဘွားဒေါ်ခင်ကြည်သည် မှတ်ဉာဏ်အချို့ ပျောက်ဆုံးနေသည့်အတွက် ဂေဟာအပြင်သို့ ထွက်သွားလေ့ရှိသောကြောင့် ဝန်ထမ်းတစ်ဦးသည် ၎င်းအနားတွင် အမြဲနေကာ စောင့်ကြည့်နေရသည်။

“အဘွားနာမည် ဘယ်လိုခေါ်လဲ။ အဘွားအမျိုးသားကလေးတွေ အဖေ နာမည်ကကော။ အသက်ဘယ်လောက်ရှိပြီလဲ ပြောပါဦး …။”

ထိုအသံများက မှတ်ဉာဏ်အချို့ပျောက်ဆုံးနေသည့် အဘွားခင်ကြည်ကို ထိုဂေဟာရှိ သူငယ်ချင်းအချို့က မှတ်ဉာဏ်များ အလုပ်လုပ်စေရန် မေးမြန်းနေခြင်း ဖြစ်သည်။

ထိုဂေဟာသည် အဘိုးအဘွားများကို နေ့ပိုင်းစောင့်ရှောက်ပေးရုံမျှမက ကျန်းမာရေးနှင့် အထီးကျန်မှုကြောင့် ဖြစ်ပေါ်သည့် စိတ်အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများအတွက် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးသည်။

အဘိုးအဘွားအချင်းချင်း ဘ၀အတွေ့အကြုံများအပြန်အလှန်ပြောဆိုခြင်း၊ သီချင်းသီဆိုခြင်း၊ ဂိမ်းကစားခြင်းများ ပြုလုပ်ပေးသည်။

ဝါသနာပါရာ

ဂေဟာတွင် အဘိုးဘွားများ ဝါသနာပါရာလုပ်ကိုင်နိုင်စေရန် စာကြည့်တိုက်၊ ရုပ်သံကြည့်သီဆိုခန်း(ကာရာ အိုကေ) အခန်းတို့ကို သီးသန့်ထားရှိပေးသည်။

ထိုအခန်းများထဲတွင် ကာရာအိုကေအခန်းသည် ဘိုးဘွားများ အစည်ကားဆုံးအခန်းတစ်ခု ဖြစ်သည်။

“အခုတော့ကွယ် သမုကြော့အနွယ်… အချစ်စိမ်းတဲ့ မျက်နှာမျိုးနဲ့ ရစ်ဘီးကြိုး လေးဖြတ်လိုက်တာလားကွယ် …”ဆိုသည့် သီချင်းသံက ပျံ့လွင့်လာကာ ဦးစွာဆီးကြိုနေသည်။

အနီရောင် တီရှပ်ဝတ်ဆင်ထားသည့် အဘိုးကတေးသံရှင်လွှမ်းမိုး၏ ချစ်ကြိုးမဲ့လေတံခွန်သီချင်းကို အသံအားကောင်းကောင်းဖြင့် သီဆိုနေသည်။

အဘွားအချို့က လက်ခုပ်တီး၍ အားပေးနေပြီး အဘိုးအချို့က မိမိအလှည့်ရောက်ရန် စောင့်ဆိုင်းနေကြသည်။

TV နှင့် တွဲဖွင့်ပေးထားသည့် ကာရာအိုကေစက်တွင် သီချင်းသီဆိုရန် စောင့်ဆိုင်းနေသည့် ဘိုးဘွား ခုနစ်ဦးခန့်  ရှိနေသည်။ ကာရာအိုကေစက်ဖွင့်ပေးရန် အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဘိုးဘွားတို့အိမ်မှ အသင့်ယူလာသည့် သီချင်းခွေများကို ဖွင့်ပေးနေသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းတွင် နေထိုင်သည့် အသက် ၇၃ နှစ်ရှိ အဘိုးဦးတင်ထွန်းသည် သီချင်းဆိုဝါသနာပါသူ ဖြစ်သည်။ ယနေ့ကာရာအိုကေသီဆိုရန် အိမ်မှ ယူလာသည့် VCD ကို ကိုင်ကာ မိမိအလှည့်ရောက်ရန် စောင့်ဆိုင်းနေသည်။

ထို ကာရာအိုကေအခန်းလေးထဲတွင် အဘိုးအဘွားတို့၏ သီချင်းသံများ၊ ပျော်ရွှင်မှုများ ပျံ့လွင့်နေကာ သူတို့ အတွက် တဒဂ်နိဗ္ဗာန်ဘုံလေးသဖွယ် ဖြစ်နေတော့သည်။

“အိမ်မှာတော့ တစ်ခါတလေမှ ဆိုဖြစ်တယ်။ ရပ်ကွက်ပွဲတွေပေါ့”ဟု အဘိုးဦးတင်ထွန်းက ဆိုသည်။

ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာသည့် အတွက် နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ အဘိုးဦးတင်တွန်း အမြဲလာသည်။

“အဘိုးက အရမ်းသဘောကျတယ်။ ဘုရားဝတ်ပြုလို့လည်း ရတယ်။ ကျန်းမာရေးလည်း လုပ်လို့ရတယ်။ ကိုယ် ဝါသနာပါတာလည်း လုပ်လို့ရတယ်”ဟု အဘိုးဦးတင်ထွန်းက ပျော်ရွှင်စွာ ဆိုလေသည်။

ကာရာအိုကေခန်း၏ ဘေးကပ်လျက်အခန်းတွင် အဘိုးလေးဦး ဇယ်ကစားနေသည်။

“မင်းအလှည့်…။ငါ့အလှည့်…” ဆို၍ အလှည့်ကိုယ်စီခေါ်ကာ ဇယ်ကစားနေကြသည်။

“အဘိုးကြီးတွေ ကစားနေကြတယ်။ လက်ချောင်းလေးတွေ သန်အောင်ကွယ်”ဟု ပါးစပ်မှပြောရင်း ဇယ်ကြွင်းထဲသို့ အဖြူရောင်ဇယ်ပြားလေးကို ဝင်အောင်တောက်ချလိုက်သည်။

ထိုမှအလွန်တွင် တိတ်တိတ်ဆိတ်ဆိတ်စာဖတ်နေသည့် အဘိုးသုံးဦးကို  တွေ့နိုင်သည်။ သတင်းစာ၊ မဂ္ဂဇင်းစသည်ဖြင့် ကိုယ်နှစ်သက်ရာ စာအုပ်တို့ကို စိတ်ဝင်တစား ဖတ်ရှုနေကြသည်။

စာဖတ်နေသည့် အဘိုးအနီးတွင် ပန်းချီဆွဲနေသည့် အဘိုးတစ်ဦးကို တွေ့ရသည်။

အသက် ၇၆ နှစ်ရှိပြီဖြစ်သည့် အဘိုးဦးလှအောင်သည် ပန်းဘဲတန်း မြို့နယ်တွင် နေထိုင်သူဖြစ်သည်။ ကျောင်းသားဘ၀တွင် ဝါသနာအလျောက် ပန်းချီရေးဆွဲခဲ့သူဖြစ်သည်။

ထိုဂေဟာသို့ သူရောက်ရှိမှ ၄၅ နှစ်ကြာ မဆွဲဖြစ်ခဲ့သည့် ရေဆေးပန်းချီများကို ပြန်ဆွဲနေခြင်းဖြစ်သည်။

“ငယ်ငယ်က ရေးတာ။ မဆွဲဖြစ်တာ ၄၅ နှစ် ရှိပြီ။ အခုမှ ပြန်ကြိုးစားဆွဲနေတာ”ဟု အဘိုးဦးလှအောင်က ဆိုသည်။

အဘိုးဦးလှအောင်အနီးတွင် သခင်ကိုယ်တော်မှိုင်းပုံတူရေဆေးပန်းချီကား ရှိနေသည်။ အဘိုးလက်ရာ ဘုရားဆင်းတုတော်၊ စေတီတော်နှင့် ရှုခင်းပန်းချီကား ၂၀ ခန့်ကို နံရံတွင် ဓာတ်ပုံဘောင်သွင်းကာ ချိတ်ဆွဲထားသည်။

ဝါသနာပါရာ သီချင်းဆို၊ ပန်းချီဆွဲ၊ စာဖတ်၊ ဇယ်ကစားနေကြသည့် အဘိုးအဘွားတို့၏ မျက်နှာတွင် ပျော်ရွှင်မှုများမှာ အတိုင်းသားပင်။

အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ ယိုယွင်းလာတတ်သည့် ခန္ဓာကိုယ်ကြောင့် နားနေခန်းတွင် အနားယူ လှဲလျောင်းနေသည့် ဘိုးဘွားအချို့လည်း  ရှိသည်။

အဘိုးသီးသန့်၊ အဘွားသီးသန့်ထားပေးသည့် နားနေခန်းတွင် ကိုယ်ပိုင်ခုတင်၊ စောင်၊ ခေါင်းအုံးတို့ကို ထားပေးထားသည်။

ခုတင်ပေါ်တွင် လှဲလျောင်းနားနေသူ၊အချင်းချင်း ဝိုင်းဖွဲ့စကားပြောသူနှင့် လှဲကာ သတင်းစာဖတ်နေသူများလည်း ရှိသည်။

အင်္ကျီအဖြူ လုံချည်အပြာဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအမျိုးသမီးက “နေလို့ ကောင်းရဲ့လား၊ မနက်က လေ့ကျင့်ခန်း လုပ်ဖြစ်လား၊ သက်ကြီး ပင်စင်ရပြီလား” စသည်ဖြင့် ဂရုတစိုက် မေးမြန်းနေသည်။

ဘိုးဘွားတို့ နားနေခန်းအလွန်တွင်တော့ ဆေးခန်းရှိသည်။ သွေးပေါင်လာချိန်သည့် အဘိုးတစ်ဦးနှင့် ဒူးနာ၍ ဆေးခန်းလာပြသည့် အဘိုးတို့ကို ကျန်းမာရေးဝန်ထမ်းဆရာမနှစ်ဦးက ဆေးကုသပေးနေသည်။

သတ်မှတ်ချက်များ

ထိုသို့ဘိုးဘွားတို့၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးတို့ကို နေ့ပိုင်း တာဝန်ယူစောင့်ရှောက်ပေးနေသည့် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် စောင့်ရှောက်မှုခံယူနိုင်ရန်အတွက် သတ်မှတ်ချက်အချို့ ရှိသည်။

အသက်၇၀နှင့် အထက်ရှိကာ တစ်ကိုယ်ရေလှုပ်ရှားသွားလာနိုင်ရန် လိုအပ်သည်။

တစ်နေ့လျှင် ၇၀ဦးသာ လက်ခံစောင့်ရှောက်သည့်အတွက် ဂေဟာဝင်ခွင့် ရရန် လျှောက်ထားသည့် အထဲက သတ်မှတ်ချက်ပြည့်မီသူများကိုမူ တစ်ပတ်အတွင်း  လက်ခံပေးသည်။

ထိုသို့လက်ခံပေးသည့် အဘိုးအဘွားများကို အဖွဲ့သတ်မှတ်ကာ တစ်ဖွဲ့ချင်းစီ တစ်ပတ်ခြားဂေဟာသို့ လာရောက်ရခြင်း ဖြစ်သည်။

ဂေဟာ၏စောင့်ရှောက်မှုရရှိသည့် အဘိုးအဘွားများသည် နံနက် ၈ နာရီခွဲခန့်တွင် ဂေဟာသို့ ရောက်ရှိကြပြီး အဘိုး အဘွားများ တစ်နေ့စာ တက်ရောက်သူအမည်စာရင်းသွင်းကြသည်။ ထို့နောက် နံနက် ၉ နာရီမှစ၍ မိနစ်သုံးဆယ်ခန့် ကျန်းမာရေးအတွက် ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ပြီးနောက် ၉ နာရီခွဲတွင် နံနက်စာကျွေးသည်။

နံနက်စာစားပြီးချိန်တွင် ကိုယ်ပိုင် အချိန်အဖြစ် သတ်မှတ်ကာ ဘုရားရှိခိုး၊ စာအုပ်ဖတ်၊ အားကစား၊ ဇယ်၊ ကျား၊ စစ်တုရင်ကစားခြင်း၊ ပန်းချီဆွဲခြင်း၊ ကာရာအိုကေဆိုခြင်း၊ အနားယူခြင်းစသည်ဖြင့် သီးသန့်အခန်းများတွင် မိမိနှစ်သက်ရာ ပြုလုပ်နိုင်သည်။

မွန်းလွဲ ၃ နာရီခန့်တွင် အဆာပြေ  မုန့်ကျွေးသည်။ ဘိုးဘွာတို့အကြိုက် မြန်မာမုန့်များ၊ မုန့်ဟင်းခါး၊ နို့ခေါက်ဆွဲ၊ မုန့် လိပ်ပြာ၊ ဘိန်းမုန့်၊ သာကူ စသည်တို့ ဖြစ်သည်။

သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၏ ဖယ်ရီကားဖြင့် လာရောက်သည့် ဘိုးဘွားများရှိသကဲ့သို့ အိမ်မှ လိုက်ပို့ပေးသူ၊ ကိုယ်တိုင်ဘတ်စ်ကားစီးကာလာရောက်သူများလည်း ရှိသည်။

လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် အသက် ၈၀ အရွယ် အဘိုးဦးမောင်ကြီးသည် ဂေဟာသို့ YBS (၉၉) စီးကာ လာသူဖြစ်သည်။

သီချင်းဖွင့်ကာ ကခုန်ရသည်ကို နှစ်သက်သူဖြစ်သည့်အတွက် နံနက်ပိုင်းယောဂအချိန်တွင် သီချင်းဖွင့်ကာ ကရသည့် အချိန်ကို သူ အကြိုက်နှစ်သက်ဆုံး ဖြစ်သည်။

“အိမ်မှာ အဘွားကြီးနဲ့ နေရတာ သီချင်းဆိုလို့ မရဘူး။ ကလို့ မရဘူး။ ကိုယ့် မိန်းမနဲ့ သားသမီးရှေ့ဆိုတော့ ဣနြေ္ဒရရ နေရတာပေါ့” ဟု ဦးမောင်ကြီးက ဆိုသည်။

ပျိုပျိုယောဂမှ ဆရာမ ဒေါ်ပျိုပျိုက သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် အခမဲ့ ယောဂသင်ကြားပေးသူဖြစ်သည်။

အဘိုးအဘွားများနှင့် သင့်လျော်သည့် မှတ်ဉာဏ်များကောင်းမွန်စေရန် အပြင် လေဖြတ်ခြင်းမှ ကာကွယ်ပေးသည့် လေ့ကျင့်ခန်းများကို အဓိကထားသင်ကြားပေးကြောင်း ဆရာမပျိုပျိုက ရှင်းပြသည်။

ထိုဂေဟာတွင် ရောက်ရှိနေသည့် အဘိုးအဘွား ၁၉၀ ဦးတို့ကို ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက် သုံးကြိမ်ကျွေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ၊ လေ့ကျင့်ခန်း၊ ဆေးပေးခန်း၊ တိုင်းရင်းဆေး၊ ကိုရီးယားနိုင်ငံ KOICA  မှ သူနာပြုဆရာမ စသည်တို့ဖြင့် အဘိုးအဘွားတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုများ စီစဉ်ပေးထားသည်။

နိုင်ငံတော်၏ အထောက်အပံ့ဖြင့် အခကြေးငွေပေးရန်မလိုသည့် စောင့်ရှောက် မှုကို နေ့ပိုင်းတွင်း ရရှိသည့်အပြင် ညနေ ပိုင်းတွင်လည်း မိသားစုနှင့်အတူ ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းနိုင်သောကြောင့် ဘ၀နေဝင်ချိန် ကံကောင်းသူများဟု ဆိုနိုင်သည်။

မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေ ၅၂ သန်းထဲတွင် အသက် ၆၀ နှစ်နှင့် အထက် သက်ကြီးရွယ်အိုဦးရေ ၄ ဒသမ ၅ သန်း ရှိနေသည်ဟု ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ သိရသည်။

ထိုအထဲမှ အဘိုးအဘွားအချို့သည် အစိုးရနှင့် မိသားစုထံမှ စောင့်ရှောက်မှုကို မရရှိချေ။

မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း ဦးစီးဌာနအသိအမှတ်ပြု ထောက်ပံ့နေသည့် ဘိုးဘွားရိပ်သာပေါင်း ၈၂ ခုရှိပြီး အခြားသောပရဟိတအဖွဲ့အစည်းများက ဖွင့်လှစ်ထားသည့် ရိပ်သာများစွာလည်း  ရှိသည်။

သို့သော်လည်း လူမှုဝန်ထမ်းဦးစီးဌာန၏ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာမှာ တစ်ခုတည်းသာ ရှိသည်။ ထိုဂေဟာကို ဖွင့်လှစ်ခဲ့သည်မှာ ယနေ့အချိန်တွင် ခြောက်နှစ်သက်တမ်းရှိနေပြီ ဖြစ်သည်။

ဦးရေတိုးမြှင့်၍ လက်ခံနိုင်သော်လည်း ယင်းပမာဏသည် လုံလောက်သည့် အနေအထားတွင် မရှိသေးချေ။

၂၀၁၄ ခုနှစ်က ကောက်ယူထားသော သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်မှုအရ လာမည့် ၂၀၅၀ ခုနှစ်တွင် ဘိုးဘွားဦးရေ ၁၃ သန်းရှိလာမည်ဟု ပြည်သူ့အင်အားဦးစီးဌာန၏ သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

လာမည့်အနာဂတ်တွင် မြန်မာ့သက်ကြီးရွယ်အိုဦးရေသည် တစ်နှစ်လျှင် ၂၄,၀၀၀နီးပါး တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။

ဤသို့ဆိုလျှင် …

နှစ်စဉ်တိုးပွားလာသည့် အဘိုးအဘွားတို့အတွက် ယနေ့အချိန်အထိ  နေ့ဘက်စောင့်ရှောက်ပေးသော နေရာမှာ  ထိုဂေဟာ တစ်ခုတည်းသာရှိရာ ယင်းမှာ လုံလောက်မှု ရှိပါမည်လော။

အစိုးရတည်ထောင်သည့် ဂေဟာများအပြင် ပုဂ္ဂလိကဂေဟာများ၊ ပရဟိတအသင်းအဖွဲ့များ၏ ဂေဟာများ ဖွင့်လှစ်ရန် လိုအပ်သည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ဒေါ်ဝေဝေဖြိုးလှိုင်က ထိုသို့ဆိုသည်။

“ဒီလိုမျိုး အဆောက်အအုံ၊ ဒီလို Facility မျိုးကြီးရှိမှ ဂေဟာတွေက ဖွင့်နိုင်မှာ မဟုတ်ဘူး။ ရပ်ကွက်တိုင်းမှာ ဓမ္မာရုံလေးတွေ ရှိတယ်။ ဘိုးဘွားတွေကို စုရပ်လေးနဲ့ တစ်ပတ်တစ်ရက်လောက် Activity လုပ်ပေးရင် ဘိုးဘွာတွေ ဘ၀က သာယာပျော်ရွှင်တဲ့ ဘ၀မျိုး ရပါတယ်”

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *