ပထမထောက်တိုင်၏ သုံးနှစ်တာ

နိုင်ငံကို ထောက်ကန်ထားသည့် အရေးကြီးဆုံးထောက်တိုင်တစ်ခုသည် ဖေဖော်ဝါရီလ ၁ ရက်နေ့က သုံးနှစ်ပြည့်မြောက်ခဲ့ပြီ။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူ၍ ပင်မမဏ္ဍိုင်ကြီးသုံးခုအနက် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်များသည် ၂၀၁၆ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံကို ထောက်ကန်ထားသည့် အဆိုပါထောက်တိုင်တို့ မည်သို့မည်ပုံ ရှိခဲ့သနည်း။ တစ်နည်းအားဖြင့် အားကောင်းမောင်းသန်ဖြစ်ခဲ့ပါ၏လောဆိုသည်က သုံးနှစ်တာအကြာတွင် ပြန်လည်ငဲ့စောင်းကြည့်စရာ ဖြစ်လာသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက နိုင်ငံတစ်ဝန်းတွင် ရာခိုင်နှုန်း ၈၀ ဝန်းကျင် အနိုင်ရလိုက်ပြီး လွှတ်တော်အားလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့သည်။ အထူးသဖြင့် ပြည်ထောင်စုအဆင့်လွှတ်တော်များဖြစ်သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ၎င်းတို့နှစ်ရပ်ပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော်တို့ကို အုပ်စီးနိုင်ခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ဥပဒေပြုရေးကိစ္စသည် အဓိကတာဝန်ဖြစ်သော်လည်း ယင်းတစ်ခုထဲနှင့် လုံလောက်သည်ဟု မဆိုနိုင်။ အစိုးရကို အလွဲအချော်များမှ ထိန်းကျောင်းတည့်မတ်ရေး၊ တစ်ချိန်တည်းမှာပင် မိမိကိုရွေးချယ်ပေးလိုက်သည့် ပြည်သူလူထုကို ကိုယ်စားပြုကာ ပြည်သူ့ဆန္ဒကိုဖော်ဆောင်ရေးတို့ပါ တာဝန်ရှိနေခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သုံးနှစ်ပြည့်အခမ်းအနားတွင် ထည့်သွင်းပြောဆိုကာ သတိပေးခဲ့သည်။

“ဒီမိုကရေစီထွန်းကားဖို့အတွက် ပြုစုပျိုးထောင်ပေးတဲ့ ပျိုးခင်းတစ်ခုလို့ မြင်စေချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များ

မြို့နယ်အလိုက် ရွေးကောက်တင်မြှောက်ခြင်းခံရသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အချိုးကျရွေးကောက်တင်မြှောက်ခြင်းခံရသူများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ရှိကြပြီး ပြည်ထောင်စုတစ်ဝန်းလုံးဆိုင်ရာ အခွန်အကောက်နှင့် နိုင်ငံတော်အရအသုံးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေပြုရေးများ စသည့်ကိစ္စရပ်များအတွက် လွှတ်တော်နှစ်ရပ်ပေါင်းစည်းထားသည့် ပြည်ထောင်စုလွှတ်တော်ဟူ၍လည်း ရှိသည်။

မကြာသေးခင်ရက်များက NLD သည် ၎င်းတို့၏ ရွေးကောက်ပွဲကြွေးကြော်သံတစ်ခုဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်အတွင်းမှ စတင်ကြိုးပမ်းလာသည်။ အဆိုပါလုပ်ငန်းစဉ်အတွက် သုံးနှစ်တာ အချိန်ယူပြင်ဆင်ခဲ့သော်လည်း အဖုအထစ်၊ အငြင်းအခုံများကို ရင်ဆိုင်ခဲ့ရသည်။ တစ်ဆက်တည်းမှာပင် တောက်လျှောက်ဝေဖန်ခံခဲ့ရသည့် ဒီမိုကရေစီအနိုင်ကျင့်မှု (အားကြီးသူကနိုင်စတမ်း) ဆိုသည့် ပြဿနာကိုလည်း အဆုံးမသတ်နိုင်ခဲ့ပေ။

လွှတ်တော်ကို စတင်လိုက်ချိန်တွင် ပထမဦးဆုံးရေးဆွဲပြဋ္ဌာန်းခဲ့သည့် ဥပဒေသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြီးမားသည့်(သမ္မတပြီးလျှင် ဒုတိယအကြီးဆုံး) နိုင်ငံရေးရာထူးကို အပ်နှင်းနိုင်မည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေဖြစ်လာခဲ့ပြီး ထိုစဉ်ကပင် တပ်မတော်၊ အတိုက်အခံပါတီနှင့် အနည်းစုဖြစ်သည့် တိုင်းရင်းသားပါတီများ၏ မကျေမနပ်ဖြစ်မှုသည် ပြည်ထောင်စုအဆင့်လွှတ်တော်တွင် အရာထင်ခဲ့သည်။

ထိုစဉ်ကပင် ဒီမိုကရေစီအနိုင်ကျင့်မှုအဖြစ် ဝေဖန်ထောက်ပြခဲ့ကြသည်။

ပြည်ထောင်စုအဆင့်လွှတ်တော်များအနေနှင့် ယခုဆိုလျှင် သုံးနှစ်တာကာလအတွင်း ပုံမှန်အစည်းအဝေး ဆယ်ကြိမ်ပြီးမြောက်ခဲ့ပြီး ဆယ့်တစ်ကြိမ် မြောက်အစည်းအဝေးများကို ကျင်းပလျက်ရှိသည်။

သုံးနှစ်တာကာလအတွင်း ပြည်ထောင်စုလွှတ်တော်အနေနှင့် ဥပဒေပေါင်း ၈၄ ခုကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့သည်။ ယင်းတို့အနက် ၃၇ ခုမှာ အဟောင်းကို ပြင်ဆင်ခြင်းဖြစ်ကာ ၃၈ ခုက အသစ်ရေးဆွဲပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ကိုးခုကမူ ရုပ်သိမ်းဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

ယခင်အစိုးရများလက်ထက်က နာမည်ဆိုးဖြင့်ကျော်ကြားပြီး ပြည်သူလူထုကို အထိတ်တလန့်ဖြစ်နေစေခဲ့သည့် ပုဒ်မ ၅(ည)၊ ပုဒ်မ ၁၀(က) တို့ပါဝင်သည့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ အရေးပေါ်စီမံမှုအက်ဥပဒေ စသည်တို့ကို ခပ်စောစောကပင် ရုပ်သိမ်းပစ်ခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးဆိုင်ရာဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးဆိုင်ရာဥပဒေ စသည်တို့ကို ပြင်ဆင်ခဲ့သည်။

“ဥပဒေပြုရေးအပိုင်းမှာတော့ လုပ်သင့်လုပ်ထိုက်တဲ့ဟာကို လုပ်နိုင်နေတယ်ဆိုတဲ့ဟာမျိုးပဲ မှတ်ချက်ပေးရမှာပေါ့” ဟု OMI (Open Myanmar Initiative) မှ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ဆိုသည်။

OMI (Open Myanmar Initiative) သည် သမ္မတ ဦးသိန်းစိန်လက်ထက် ပထမအကြိမ်လွှတ်တော်သက်တမ်းကတည်းက လွှတ်တော်အစည်းအဝေးများကို လေ့လာစောင့်ကြည့်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကိုယ်စားလှယ်များ၏ မေးခွန်းနှင့် အဆိုများကို ခွဲခြမ်းစိတ်ဖြာ၍ အကဲဖြတ်ခြင်း၊ အချက်အလက်များစုဆောင်းခြင်း စသည်တို့ကို တောက်လျှောက်လုပ်ကိုင်ခဲ့သည်။

ပြီးစီးခဲ့သည့် အစည်းအဝေးများအတွင်း ကိုယ်စားလှယ်များအနေနှင့် ကြယ်ပွင့်ပြမေးခွန်းပေါင်း ၂၅၀၀ ကျော် (ပြည်သူ့လွှတ်တော်က ၁၄၆၆ ခုနှင့် အမျိုးသားလွှတ်တော်က ၁၀၄၉ ခု) ကို မေးမြန်းပြီးစီးခဲ့ပြီး ဖြစ်သည်။

အဆိုများအနေနှင့် စုစုပေါင်း ၁၃၀ (ပြည်သူ့လွှတ်တော်က ၁၁၂၊ အမျိုးသားလွှတ်တော်က ၁၈) ခု တင်သွင်းခဲ့ပြီး အတည်ပြုနိုင်ခဲ့သည်။ ကျန်အဆိုများကမူ မှတ်တမ်းတင်ခြင်း၊ အချို့ကို လက်ခံဆွေးနွေးရန် မသင့်သဖြင့် ငြင်းပယ်ခြင်း၊ အချို့မှာ ဆွေးနွေးရန်ကျန်ရှိနေခြင်းများ ဖြစ်သည်။

မေးခွန်း၊ အဆိုများနှင့်ပတ်သက်၍မူ ဦးအေးကျော်က ယခုလို သုံးသပ်သည်။ အဆိုများအနေနှင့် အစိုးရကို ထိန်းကျောင်းမှုအပိုင်းတွင် အားနည်းချက်များရှိနေသေးသော်လည်း မေးခွန်းများကမူ စိစစ်ထိန်းကျောင်းမှုအပိုင်းတွင် ယခုနောက်ပိုင်း ပိုမိုအားကောင်းလာနေသည်ဟု ဆိုသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့်အတူ NLD အနေနှင့် အစိုးရအဖြစ် တာဝန်ယူနိုင်ခဲ့သလို အခြားတစ်ဖက်တွင် လွှတ်တော်ကိုပါ ထိန်းချုပ်ခွင့်ရရှိထားရာ ယင်းနှင့်ပတ်သက်ပြီး လွှတ်တော်တွင် ပြဿနာအချို့နေပြန်သည်။

NLD ကိုယ်စားလှယ်အများစု ကြီးစိုးသည့် လွှတ်တော်အနေနှင့် NLD ၏ အစိုးရအဖွဲ့ကို ထိန်းကျောင်းရာတွင် အားပျော့ခဲ့သည်။ အထူးသဖြင့် အစိုးရနာမည်ပျက်မည့်ကိစ္စများ၊ လူထုထောက်ခံမှုကျဆင်းစေမည့် အစိုးရ၏လုပ်ရပ်များနှင့်ပတ်သက်လျှင် လွှတ်တော်က အသံထွက်မလာဘဲ အစိုးရကို အကာအကွယ်ပြုပေးထားကြောင်း ရခိုင်အမျိုးသားပါတီ(ANP) ၏ ခေါင်းဆောင်ဟောင်းဖြစ်သည့် ဒေါက်တာအေးမောင်က ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကပင် ထောက်ပြပြောဆိုခဲ့သည်။

၎င်း၏ အဆိုအရ လွှတ်တော်သည် အစိုးရနှင့်ပြည်သူအကြား ပေါင်းကူးပေးသည့် တံတားသဖွယ်ဖြစ်ရမည်ဖြစ်သော်လည်း လက်ရှိလွှတ်တော်သည် တံတိုင်းတစ်ခုနှယ် ကာပေးထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ အခုထိ ရှာလို့မရဘူး။ အစိုးရကို ထောက်ပြတာမရှိဘူး” ဟု ၎င်းက ဆိုသည်။

လွှတ်တော်အနေနှင့် အစိုးရကို ထိန်းကျောင်းခြင်းကို တာဝန်ယူထားရသည်မှန်သော်လည်း အစိုးရပုံရိပ်ကျစေမည့် ဝေဖန်ထောက်ပြမှုများတွင် အငြင်းပွားဖွယ်ရာများ ဖြစ်ခဲ့သလို ပါတီငယ်များ၊ တိုင်းရင်းသားပါတီများ၏ ကိုယ်စားလှယ်များ၏ ဆန္ဒကို လိုက်လျောနိုင်မှုများတွင် လည်း အားနည်းချက်များ ရှိနေခဲ့သည်။

အစိုးရကို ထောက်ပြသည့် ဆွေး နွေးချက်မှုများရှိခဲ့သည့် အမတ်အချို့ကို ပါတီတာဝန်များမှ ရပ်ဆိုင်းခြင်းများလည်း ပေါ်ပေါက်ခဲ့သည်။

“တကယ် လွှတ်တော်အနေနဲ့ စိစစ်ထိန်းကျောင်းရေးလုပ်ငန်းတွေလုပ်တဲ့နေရာမှာ နည်းနည်းလိုနေသေးတယ်လို့ ကျွန်တော်ထင်တယ်ပေါ့နော်” ဟု ဦးအေးကျော်က ဆိုသည်။

လွှတ်တော်များအနေနှင့် သုံးနှစ်တာကာလအတွင်း စီမံခန့်ခွဲမှုအပိုင်း၊ အစီအစဉ်ချထား၊ ရေးဆွဲမှုအပိုင်းတွင်မူ အတွေ့အကြုံအရ ပို၍ စနစ်ကျလာသည်ကိုမူ တွေ့ရသည်။

လွှတ်တော်အစည်းအဝေးများနှင့် ပတ်သက်၍ မည်သည့်လတွင် အစည်းအဝေးကျင်းပမည်၊ အစည်းအဝေးနားရက်များ မည်သို့သတ်မှတ်ကာ လုပ်ငန်းများ ဆောင်ရွက်မည်ဆိုသည်များနှင့် ပတ်သက်၍ လွှတ်တော်ပြက္ခဒိန်ကို ပြီးခဲ့သည့်နှစ်က ရေးဆွဲနိုင်ခဲ့သည်။ ယင်းလုပ်ရပ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ပထမအကြိမ်သက်တမ်းတုန်းက မလုပ်ဆောင်နိုင်ခဲ့ပေ။

ဒေသန္တရလွှတ်တော်များ

လွှတ်တော်များအကြောင်းပြောလျှင် ဒေသန္တရလွှတ်တော်များအကြောင်းသည် ပို၍ အရေးပါသည်။

နိုင်ငံအနေနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု တွင် သက်ဆိုင်ရာလွှတ်တော်များထားရှိပြီး တစ်မြို့နယ်လျှင် ကိုယ်စားလှယ်နှစ်ဦးစီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အဆိုပါလွှတ်တော်များအနေနှင့် အခြေခံဥပဒေပါ ဇယား ၂ တွင် ပြဋ္ဌာန်းထားသည့် ကိစ္စရပ်များနှင့်ပတ်သက်လျှင် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်သည်။ ဥပမာအားဖြင့် ဘဏ္ဍာငွေစီမံခန့်ခွဲရေး၊ ဒေသစီးပွားရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ စွမ်းအင်၊ သစ်တော၊ လူမှုရေးဆိုင်ရာ ဥပဒေများဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD အနေနှင့် ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှလွဲ၍ ကျန်လွှတ်တော် ၁၂ ခုကို အုပ်စီးနိုင်ထားနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားပါတီ (ANP) နှင့် ရှမ်းပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) တို့က အများစုအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

သုံးနှစ်တာကာလအတွင်း ရန်ကုန်၊ မန္တလေးတို့၏ လွှတ်တော်များက လှုပ်လှုပ်ခတ်ခတ်နှင့် ရှေ့ကပြေးနိုင်ခဲ့ပြီး ရခိုင်ပြည်နယ်လွှတ်တော်သည်လည်း အုတ်အုတ်ကျက်ကျက် ရှိနေခဲ့သည်။

တိုင်းဒေသကြီးသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ ထူးခြားချက်မှာ ပြည်ထောင်စုအဆင့်လွှတ်တော်များကဲ့သို့ အုပ်ချုပ်ရေးအကြီးအကဲများကို ရွေးကောက်တင်မြှောက်နိုင်ခွင့်မရှိခြင်းပင် ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲဝန်ကြီးချုပ်များကို နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းဖြစ်ပြီး လွှတ်တော်ကအတည်ပြုရေးကိစ္စတွင်သာ ပါဝင်လုပ်ဆောင်ရသည်။

ပြီးခဲ့သည့်သုံးနှစ်တာအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအနေနှင့် ဥပဒေပြုရေးအပိုင်းတွင် အားနည်းချက်များ ရှိနေခဲ့သည်ဟု MCERP (Myanmar Center to Empower Regional Parliaments) ၏ အမှုဆောင်ဒါရိုက်တာ ဦးသိန်းနိုင်က ဆိုသည်။

MCERP သည်လည်း ဒေသန္တရလွှတ်တော်များ အားကောင်းမောင်းသန်ဖြစ်ရေး ရည်ရွယ်၍ ၂၀၁၅ ခုနှစ်က ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်သည်။ အဖွဲ့အနေနှင့် ဒေသဆိုင်ရာလွှတ်တော်များ၏ ဥပဒေပြုရေးလုပ်ငန်းများ၊ မဲဆန္ဒရှင်များနှင့် ကိုယ်စားလှယ်များအကြား ပူးပေါင်းဆက်ဆံရေး ကောင်းမွန်ရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ဥပဒေပြုရေးမှာကကျတော့ အားနည်းနည်း နည်းတယ်” ဟု ၎င်းက ဆိုသည်။

အားနည်းရခြင်းတွင် အကြောင်းအချက်အချို့က နောက်ကွယ်တွင် ရှိနေသည်။

အချက်တစ်ခုက ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် မြစ်ဖျားခံလေသည်။

တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်ဆိုသည်က ပြည်ထောင်စုအဆင့်လွှတ်တော်များထက် တစ်ဆင့်နိမ့်သည်။ ပါတီများအနေနှင့် အထူးသဖြင့် အနိုင်ရ NLD ပါတီအနေနှင့်လည်း ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ယေဘုယျအားဖြင့် အရည်အချင်းအရ လက်ရွေးစင်၊ ဒေါင်ဒေါင်မြည်တို့ကို ပြည်ထောင်စုအဆင့် လွှတ်တော်များအတွက် ဦးစားပေးရွေးချယ်ခဲ့ပြီး ဒေသဆိုင်ရာလွှတ်တော်များအတွက်မူ ဒုတိယတန်းစားများကိုသာ ရွေးချယ်ခဲ့သည်။

တပ်မတော်လွှမ်းမိုးသည့် နိုင်ငံရေးအခြေအနေမှ ပြည်သူကို ဗဟိုပြုသည့် ဒီမိုကရေစီနိုင်ငံရေးအခြေအနေသို့ ကူးပြောင်းရန် နှစ်ရှည်တိုက်ပွဲဝင်ခဲ့သည့် NLD အနေနှင့်လည်း တပ်မတော်၏ ဖိနှိပ်မှု၊ ဖြိုခွင်းမှုတို့ကို အလူးအလဲခံခဲ့ရကာ ပါတီတွင် အရည်အချင်းရှိသည့်ကိုယ် စားလှယ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုံလောက်စွာရရှိရန် ခက်ခဲခဲ့ပုံပေါ်သည်ဟု ဦးသိန်းနိုင်က မှတ်ချက်ပြုသည်။ တစ်နည်းအားဖြင့် ကိုယ်စားလှယ်များစွာသည် ဥပဒေသမားများ၊ ဥပဒေပြုရေးကျွမ်းကျင်သူများ ဖြစ်မနေ။ ကိုယ်စားလှယ်များစွာသည် ပြည်သူ့အတွက် တိုက်ပွဲဝင်သတ္တိခဲများသာ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကိုယ်စားလှယ်များအနေနှင့် နိုင်ငံတကာကဲ့သို့ သူတို့နောက်ကွယ်တွင် ဥပဒေပြုအထောက်အကူပေးနိုင်သူများလည်း မထားရှိနိုင်။ ကိုယ်စားလှယ်များအနေနှင့် ကိုယ်ပိုင်ရုံးခန်းလည်း မထားနိုင်၊ ဥပဒေပညာရှင်များကိုလည်း ငှားရမ်းမထားနိုင်။ ရသည့် လစာနှင့်လည်း ယင်းအနေအထားကို ကိုယ်ပိုင် မဖန်တီးနိုင်ပေ။ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၏ လစာသည် ကျပ်ငါးသိန်းဖြစ်သည်။ ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်များသည် ကျပ်ဆယ်သိန်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့်လွှတ်တော်တွင်ပင် ပြဿနာပေါ်ခဲ့ဖူးသည်။ ၂၀၁၈ ခုနှစ် အတွင်းက ဖြစ်သည်။

ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ၊ ဥပဒေပြုရေးလုပ်ငန်းများ၊ ပြည်သူ့ဆန္ဒအကောင်အထည်ဖော်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အလိုက် တူရာတူရာစု၍ ရုံးခန်းများထားရှိပေးရန် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ ကိုယ်စားလှယ်က လွှတ်တော်သို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ သို့သော် လွှတ်တော်အနေနှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု ပြန်လည်ဖြေဆိုခဲ့သည်။

အခြားတစ်ဖက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များက ရေးဆွဲပြဋ္ဌာန်းသည့် ဥပဒေများသည် ပြည်ထောင်စုဥပဒေများနှင့်လည်း လိုက်လျောညီထွေဖြစ်ရမည်ဖြစ်သည်။

သို့သော်၊ လက်ရှိတွင် သူရဦးရွှေမန်း ဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ လက်ထဲတွင် ဥပဒေပါင်း ၂၀၀ ဝန်းကျင်က သောင်တင်လျက်ရှိပြီး ၎င်းတို့ကို မပြင်ဆင်နိုင်သေး။

အဆိုပါဥပဒေများ ပြင်ဆင်ပြီးမှသာ ဒေသန္တရလွှတ်တော်များကလည်း အချို့သော သက်ဆိုင်ရာဥပဒေများကို ရေးဆွဲပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။

ဥပဒေပြုရေးတွင် အားနည်းသည် ဆိုသည့်မှတ်ချက်ကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဒိုးဒိုးဒေါက်ဒေါက် တက်တက်ကြွကြွရှိလှသည့် ဦးကျော်ဇေယျကလည်း လက်ခံသည်။

“ဥပဒေပြုရေးကတော့ ကျွန်တော်တို့ အမှန်ကတော့ အားနည်းခဲ့တဲ့အပိုင်းတော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဒေသန္တရလွှတ်တော်များအနေနှင့် ဥပဒေပြုရေးတွင် အားနည်းချက်များရှိနေသော်လည်း အစိုးရကို ထိန်းကျောင်းခြင်း၊ ပြည်သူ့ဆန္ဒကို ဖော်ဆောင်ခြင်းများတွင် ရလဒ်ကောင်းများရှိနေခဲ့ကြောင်း အချက်အလက်များက ဖော်ပြနေသည်။

အဆိုပါလွှတ်တော်များအနေနှင့် ဒေသအစိုးရအဖွဲ့များနှင့် ပွတ်တိုက်မှုများ၊ အငြင်းအခုံများ၊ အားပြိုင်မှုများရှိနေသည်ကို ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မွန်၊ ကချင်၊ ရခိုင်တို့အပါအဝင် လွှတ်တော်အများစုတွေ တွေ့နိုင်သည်။

ရန်ကုန်ဆိုလျှင် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် လွှတ်တော်အားပြိုင်ပွဲသည် လူအများစိတ်ဝင်စားခြင်းပင်ခံရသည်။ ရခိုင်ပြည်နယ်လွှတ်တော်သည် ANP က စီးမိုးထားမှုနှင့်အတူ အစိုးရကို စေ့စပ်စွာ စောင့်ကြည့်နိုင်ခဲ့သည်။ ပြည်နယ်အစိုးရအဖွဲ့၏ စည်ပင်သာယာရေးဝန်ကြီးတစ်ဦးကို စွပ်စွဲပြစ်တင်၍ ဖြုတ်ချနိုင်ခဲ့သည်။

သုံးနှစ်တာကာလအတွင်း ဒေသန္တရလွှတ်တော်များအနေနှင့် ဘက်ဂျက်စိစစ် ဖြတ်တောက်ခြင်းကိစ္စတွင်လည်း လက်စွမ်းထက်ခဲ့သလို ပြည်သူ့ပြဿနာများ ကူညီဖြေရှင်းပေးရာတွင်လည်း အတော်တွင်ကျယ်ခဲ့သည်ဟု ဦးသိန်းနိုင်က ဆိုသည်။

နိုင်ငံအနေနှင့် ပြီးခဲ့သည့်သမိုင်းတစ်လျှောက်တွင် ဥပဒေပြုရေးမဏ္ဍိုင်သည် ပျောက်ကွယ်နေခဲ့သည်။ ရှိနေသည့် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင် နှစ်ရပ်သည်လည်း ယုံကြည်အားကိုးဖွယ်ရာ မဖြစ်ခဲ့။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပေါ်ပေါက်လာသည့်အခါ လွှတ်တော်များ ပေါ်ပေါက်လာသည်။ ယင်းသည်ပင် ပြည်သူလူထုအနေနှင့် လွှတ်တော်ကိုယ်စားလှယ်များကို အားကိုးရာအဖြစ် ရှုမြင်သဘောပိုက်ခဲ့ကြသည်။ အထူးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များသည် လူထုနှင့် နီးကပ်သူများဖြစ်ရာ ၎င်းတို့ကိုပင် ပို၍ အားကိုးအားထားပြုခဲ့ကြသည်။

ကိုယ်စားလှယ်များသည် မူးယစ်ဆေးဝါးဖမ်းဆီးခြင်းကိစ္စ၊ တရားမဝင်သစ်၊ ရွှေ စသည်တို့ ဖမ်းဆီးခြင်းကိစ္စတို့မှသည် လယ်ယာမြေကိစ္စများတွင် ဝင်ရောက်လုပ်ဆောင်ကြရသည်။

“ကိုယ်စားပြုရေးနဲ့ အပြန်အလှန်ထိန်းကျောင်းမှာကတော့ အားကောင်းတယ်။ အားကောင်းတယ်ဆိုတာက အစကတည်းကလည်း ဒီလူတွေ၊ ကိုယ်စားလှယ်တွေတော်တော်များများက ပြည်သူ့အတွက်ဆိုတဲ့ စိတ်ဓာတ်က ရှိပြီးသားကိုး။ ရှိပြီးသားဆိုတော့ မြေပြင်ကို ဆင်းပြီးတော့လုပ်တာ အားသန်တယ်” ဟု ဦးသိန်းနိုင်က ဆိုသည်။

အားကောင်းလွန်းသဖြင့် တစ်ခါတစ်ရံတွင် မိမိ၏လုပ်ပိုင်ခွင့်စည်းဘောင်ကို သတိမဲ့ဖြစ်ကာ ကျော်လွန်သွားတတ်သည်ပင်ရှိကြောင်း ၎င်းကဆိုသည်။

နောက်ကွယ်ကပြဿနာများ

ဒေသန္တရလွှတ်တော်များအနေနှင့် နောက်ကွယ်တွင် ပြဿနာအချို့ ရှိနေပါသေးသည်။

ယင်းကား သက်ဆိုင်ရာဒေသ၏ အစိုးရအဖွဲ့များနှင့်ပတ်သက်၍ ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်များနှင့် လွှတ်တော်ဥက္ကဋ္ဌများ၏အကြားက ဇာတ်လမ်းများလည်း ဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဝန်ကြီးချုပ်များသည် လွှတ်တော်ဥက္ကဋ္ဌများအပေါ်တွင် ဩဇာလွှမ်းမိုးထားနိုင်ကြသည်။

လွှတ်တော်များသည် လွတ်လပ်သည့် အဖွဲ့အစည်းများဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌများသည်လည်း ဝန်ကြီးချုပ်များနှင့် တစ်တန်းထဲတွင်ရှိသူများဖြစ်သည်။

သို့သော်၊ ဝန်ကြီးချုပ်အများစုသည် ပါတီတွင် အဆင့်ကြီးမား၊ ဩဇာကြီးမားသူ(အချို့ဆိုလျှင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်) များဖြစ်သည်။ ယင်းအချက်က လွှတ်တော်ဥက္ကဋ္ဌများအပေါ် လွှမ်းမိုးသွားစေနိုင်မှုကို ဖော်ပြနေကြောင်း စောင့်ကြည့်သူများက သတိထားမိကြသည်။

“လွှတ်တော်ကလည်း လွှတ်တော်အလုပ်လုပ်၊ အစိုးရဘက်ကလည်း အုပ်ချုပ်ရေးအလုပ်လုပ်။ သို့ပေမယ့်လည်း တစ်ပါတီထဲဖြစ်နေတဲ့အခါကျတော့ ပါတီရဲ့လမ်းညွှန်မှု (Guide Line) ရဲ့ လွှမ်းမိုးမှုအောက်မှာ ရောက်သွားတဲ့အခါကျတော့ အပြန်အလှန်ထိန်းကျောင်းမှုက အား တအားလျော့သွားတယ်ဗျ” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ ဦးကျော်ဇေယျက ဆိုသည်။

အစည်းအဝေးများ၊ အခမ်းအနားများတွင် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌတို့၏ နေရာယူမှုကိုလည်း လေ့လာစောင့်ကြည့်လျှင် ယင်းအချက်ကို တွေ့နိုင်သည်ဟု သူက ဆိုသည်။

ဝန်ကြီးချုပ်များက လွှတ်တော်အပေါ် လွှမ်းမိုးထားနိုင်သည့်အခါ လွှတ်တော်၏ ထိန်းကျောင်းနိုင်စွမ်းတွင် ပြဿနာပေါ်သည်။ အစိုးရပုံရိပ်ကို ထိခိုက်စေမည့် မေးခွန်းများ၊ အဆိုများကို ကိုယ်စားလှယ်များက တင်သွင်းလာသည့်အခါ ချောင်ထိုးခံရသည်များကို ကြုံရသည်။

အမည်ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း လွှတ်တော်သုံး၊ လေးခုသည် ဝန်ကြီးချုပ်၏ အလိုအတိုင်းဆောင်ရွက်ပေးနေရသည်ဟုဆို စောင့်ကြည့်သူများထံမှ သိရသည်။

လက်ရှိတွင် နိုင်ငံအနေနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းပေါ်တွင် လျှောက်လှမ်းနေဆဲဖြစ်ပြီး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် အစိုးရအပေါ် ပြည်သူလူထုက စိတ်ပျက်သွားမည်ကို မဖြစ်စေလိုသောသဘောထားများက လွှတ်တော် ဥက္ကဋ္ဌများထံတွင် ရှိနေသည်ဟု ဒေသန္တရလွှတ်တော်များ စွမ်းဆောင်ရည်မြင့်မားရေးအတွက် လုပ်ဆောင်လျက်ရှိသည့် MCERP မှ အမှုဆောင်ဒါရိုက်တာ ဦးသိန်းနိုင်က မှတ်ချက်ပြုသည်။

“ဒီဘက်အစိုးရအဖွဲ့ကို ထိခိုက်မယ်ဆိုတဲ့အခါကျတော့ လွှတ်တော်ဥက္ကဋ္ဌတွေက တစ်ပါတီထဲဖြစ်နေတယ်ဆိုပြီးတော့ ပြန်ပြီးတော့ ပြန်ညှိတာတွေပေါ့၊ အဲဒီဟာတွေလည်းရှိတဲ့လွှတ်တော်တွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

နိုင်ငံ၏ ပထမထောက်တိုင်တို့ သုံးနှစ်ပြည့်ခဲ့ပြီ။

လွှတ်တော်များ၏ အခန်းကဏ္ဍသည် မည်မျှအရေးပါပုံကို မကြာသေးခင်ကပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မီးမောင်းထိုးပြသွားသေးသည်။ ကချင်ဘာသာရေးခေါင်းဆောင်များနှင့် ဖေဖော်ဝါရီလ ၅ ရက်နေ့က တွေ့ဆုံစဉ်တွင် မြစ်ဆုံဆည်နှင့်ပတ်သက်၍ ကချင်ခေါင်းဆောင်များက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မေးမြန်းခဲ့သည်။

မြစ်ဆုံကိစ္စသည် ပြည်သူလူထု၏ သဘောဆန္ဒကိုလွန်ရန် ခက်ခဲကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ဖြေဆိုခဲ့ပြီး တစ်ဆက်တည်းမှာပင် ၎င်းကိစ္စကို လွှတ်တော်က အဆုံးအဖြတ်ပေးလိမ့်မည်ဟု သူက ဆိုသည်။

လွှတ်တော်တို့အနေနှင့် မည်မျှအရေးပါပုံကို လွှတ်တော်ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ လက်ရှိတွင် သမ္မတတာဝန်ကို ထမ်းဆောင်နေသူလည်းဖြစ်သည့် ဦးဝင်းမြင့်က သုံးနှစ်ပြည့်အခမ်းအနားတွင် မိန့်ခွန်းပြောခဲ့သေးသည်။

အချုပ်အခြာအာဏာပိုင်စိုးသည့် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခြင်းခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဖွဲ့စည်းထားသော လွှတ်တော်သည် အရှိန်အဝါကြီးမားကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များသည် ဒေသဆိုင်ရာအာဏာပိုင်များက အလေး ထားတိုင်ပင်ရာ ပုဂ္ဂိလ်များဖြစ်ရာ ဗဟုသုတကြွယ်ဝရန်လိုအပ်ကြောင်း သမ္မတက ဆိုသည်။

“အများက လေးစားထိုက်တဲ့၊ လေးစားအပ်တဲ့ပုဂ္ဂိုလ်များဖြစ်ဖို့ဆိုရင် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုး၊ မဲဆန္ဒပြည်သူတွေရဲ့ အကျိုးတွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြဖို့လည်း လိုအပ်ပါတယ်” ဟု ဆိုသည်။ 

 

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *