နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းလေ့လာခြင်း (၅)

ပထဝီဝင်နိုင်ငံရေးနှင့် နိုင်ငံခြားရေးမူဝါဒ

နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းလေ့လာခြင်း (FPA) မှာ ပထဝီဝင်နိုင်ငံရေး (Geopolitics) ဟာ အရေးပါတဲ့နေရာမှာ ပါပါတယ်။ ပထဝီဝင်အချက်တွေဖြစ်တဲ့ တည်နေရာ၊ မြေမျက်နှာသွင်ပြင်၊ လူဦးရေ၊ လူမှုစီးပွားရေး အချက်အလက်တွေဟာ နိုင်ငံခြားရေးမူဝါဒအပေါ်မှာ လွှမ်းမိုးမှုတွေ ရှိပါတယ်။

ရုရှား ဥပမာ

ဥပမာအနေနဲ့ပြရရင် ရုရှားနိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်းတွေရှိပေမယ့် မြောက်ဘက်နဲ့ အရှေ့မြောက်ဘက်တစ်ခွင်ဟာ ကာလအတော် များများ ရေခဲတွေ အေးခဲနေတတ်တယ်။ အနောက်ဘက်ကျတော့လည်း မြေထဲပင်လယ်နဲ့ အတ္တလန္တိတ်သမုဒ္ဒရာထွက်ပေါက်တွေကလည်း ကုန်းမြေတွေနဲ့ ပိတ်ဆို့နေခဲ့ပါတယ်။ ဒါဟာ ရုရှားအင်ပါယာအင်အားကြီးမားတန်ခိုးထွားဖို့အတွက် အဟန့်အတားတွေ ဖြစ်နေတာကြောင့် ရုရှားဟာ ရေနွေးဆိပ်ကမ်းမူဝါဒ (Warm Water Port Policy) ဆိုတာကို ကျင့်သုံးပြီး ပင်လယ်ထွက်ပေါက် မပိတ်ဆို့အောင် လုပ်ဆောင်နေခဲ့ရတယ်။ ရုရှားဘုရင် Peter the Great ဟာ ပင်လယ်ထွက်ပေါက် တွေအတွက် ရုရှားနယ်မြေချဲ့ထွင်ရေးတွေကို မူဝါဒတစ်ခုအနေနဲ့ လုပ်ခဲ့ရပါတယ်။

Peter the Great အုပ်စိုးတဲ့အချိန်လောက်က ရုရှားဟာ ကုန်းပိတ်နိုင်ငံလို့တောင် ဆိုနိုင်ပါတယ်။ Baltic Sea ဆိုတာကလည်း ဆွီဒင်ပိုင်ရေကန် (Swedish Lake) လို့တောင် တင်စားနိုင်ပြီး Black Sea ဆိုတာလည်း အော်တိုမင်အင်ပါယာ တူရကီ (Turk) တွေက မောင်ပိုင်စီးထားတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒီမှာပဲ Peter the Great ဟာ ‘ရေနွေးဆိပ်ကမ်းရရှိရေး (Warm Water Port)’ ကို သူ့ရဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ချမှတ်ကျင့်သုံးခဲ့တယ်။ ပင်လယ်နက်မှာ ခြယ်လှယ်နေတဲ့ တူရကီတွေ (အော်တိုမင် အင်ပါယာ) ကို စိန်ခေါ်ပြီး Black Sea နဲ့ ဆက်စပ်နေတဲ့ Sea of  Azov ရဲ့ ထိပ်နားမှာရှိတဲ့   Azov မြို့ကို ၁၆၉၆ မှာ သိမ်းလိုက်တယ်။ ၂ နှစ်လောက်အကြာမှာပဲ Taganrog ဆိုတဲ့နေရာမှာ ရေတပ်အခြေစိုက်စခန်းဖွင့်ခဲ့တယ်။ (နောက်တော့ ၁၇၁၀ လောက်မှာ စစ်ရှုံးပြီး အော်တိုမင်အင်ပါယာကို ပြန်ပေးလိုက်ရတယ်။)

အော်တိုမင်အင်ပါယာနဲ့ ယာယီငြိမ်းချမ်းရေးရယူပြီးနောက် Baltic Sea မှာ ပင်လယ်ထွက်ပေါက်ရဖို့အတွက် ဆွီဒင်အင်ပါယာကို စစ်ကြေညာတယ်။ ကနဦးတိုက်ပွဲဖြစ်တဲ့ ၁၇၀၀ ပြည့်နှစ်မှာတိုက်တဲ့ Battle of Narva မှာ ရုရှားတွေ ခွက်ခွက်လန်အောင်ရှုံးခဲ့တယ်လို့ ဆိုရမယ်။ ဒါပေမဲ့ ဆွီဒင်နဲ့ ပိုလန်တိုက်နေကြတော့ ရုရှားသက်သာရာ ရသွားတယ်။ ဒီကာလအတွင်းမှာပဲ ဆွီဒင်နဲ့ဖြစ်ခဲ့တဲ့ စစ်ပွဲအတွင်းမှာ သိမ်းပိုက်ခဲ့တဲ့ Ingria ဆိုတဲ့နေရာလေးကို ၁၇၀၃ ခုနှစ်မှာ Saint  Petersburg ဆိုပြီး မြို့တည်ထောင်လိုက်တယ်။ Saint  Petersburg ဟာ ရုရှားအင်ပါယာရဲ့ ဘော်တစ်ပင်လယ်ထွက်ပေါက်အနေနဲ့ ဆက်ရှိနေခဲ့တာ ဒီနေ့အထိပါပဲ။

Peter the Great လက်ထက်ကစပြီး ရုရှားအင်ပါယာဟာ နှစ်ပေါင်း ၂၀၀လောက် ‘Obtaining and Maintaining Warm Water Ports’ ဆိုတာကို သူ့ရဲ့နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်တစ်ခုအဖြစ်နဲ့ ချမှတ်ကျင့်သုံးခဲ့တာပါ။ Vladivostok ကိုတော့ ၁၈၆၀ မှာ ရယူနိုင်ခဲ့ပြီး ပစိဖိတ်သမုဒ္ဒရာထွက်ပေါက်အဖြစ် လုပ်နိုင်ခဲ့တာပါ။ (ဒါတောင် Vladivostok ပင်လယ်ထွက်ပေါက်ကလည်း ကိုရီးယားကျွန်းဆွယ်နဲ့ ဂျပန်အကြား ဆူရှီးမားရေလက်ကြားက ဖြတ်ထွက်မှရတာပါ။ ဆူရှီးမား ရေလက်ကြားကို ထိန်းချုပ်ထားရေးဟာ ရုရှားနဲ့ ဂျပန်အကြား အားပြိုင်မှုကို ဖြစ်စေခဲ့ပြီး ကမ္ဘာကျော်ရေကြောင်းတိုက်ပွဲကြီးကို ၁၉၀၅ ခုနှစ်မှာ ဆင်နွှဲခဲ့ရတာပေါ့။) တကယ်တော့ ရုရှားဟာ ပင်လယ်ထွက်ပေါက်ကနေတစ်ဆင့် ပြင်ပကမ္ဘာနဲ့ ထိထိရောက်ရောက် ကုန်သွယ်နိုင်တာဆိုလို့ ပစိဖိတ်သမုဒ္ဒရာမှာ Vladivostok ၊ ဘောလ်တစ်ပင်လယ်မှာ Saint  Petersburg၊ ပင်လယ်နက်မှာ Crimea (သို့မဟုတ် Sevastopol) လို့ ပြောရမလိုပါပဲ။ ဒါကြောင့်မို့လည်း ယူကရိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတဲ့ ခရိုင်းမီးယားကို ရုရှားတို့က အနောက်အုပ်စုလက်ထဲ အကျမခံချင်တာပါတယ်။ ၂၀၁၄ ခုနှစ်မှာ ရုရှားက ခရိုင်းမီးယားကို သိမ်းဖို့ဆုံးဖြတ်လိုက်တာဟာ ဒီအချက်က အဓိကကျတဲ့အချက်ပဲ ဖြစ်တယ်။ ဒါဟာ ဘာကိုညွှန်ပြနေသလဲဆိုရင် ပထဝီဝင်အကြောင်းတရားတွေ နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတဲ့အချက်ပဲ ဖြစ်တယ်။ တစ်ဖက်ကလည်း ပထဝီဝင်နိုင်ငံရေး (Geopolitics) လို့ ခေါ်နိုင်ပါတယ်။

ပထဝီဝင်နိုင်ငံရေး

ပထဝီဝင်နိုင်ငံရေး (Geopolitics) ဆိုတာ ဘာလဲလို့မေးလာရင် … geopolitics is the study of the effects of geography  – both human and physical – on international politics  or international relations (နိုင်ငံတကာနိုင်ငံရေး/နိုင်ငံတကာဆက်ဆံရေးအပေါ်မှာ ပထဝီဝင်ဆိုင်ရာအကြောင်းအချက်များ၏ သက်ရောက်လွှမ်းမိုးမှုကို လေ့လာခြင်း) ပဲ။ Zbigniew Brzezinski  ကတော့ geopolitics ကိုthe study of the combination  of geographic and political factors determining the  condition of a state or region, and emphasizing the  influence of geography on politics (နိုင်ငံတစ်ခု သို့မဟုတ် ဒေသတစ်ခု၏ အခြေအနေကို ဆုံးဖြတ်ပေးနိုင်သည့် ပထဝီနှင့် နိုင်ငံရေးဆိုင်ရာ အကြောင်းအချက်များကို ပူးပေါင်းလေ့လာခြင်း) လို့ ဆိုပါတယ်။ Colin Gray uawmh geopolitics မှာ essential components (မဖြစ်မနေပါရှိရမည့်အချက်များ) အနေနှင့် – အခန်းငါးခန်းပါ အိမ်တစ်အိမ်နဲ့ နှိုင်းယှဉ်ကာ – (1) Geophysical Resources (2)  Location  (3) Human Resources – skills and culture (4)  Experience – History, Legend, Myths (5) Mental Cartography တို့လို့ ဆိုပါတယ်။ အချုပ်ပြောရရင်တော့ … သယံဇာတအရင်းအမြစ်၊ တည်ရပ်သွင်ပြင်၊ လူ့အရင်းအမြစ်၊ ဖြတ်သန်းမှုဘ၀နဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတွေလို့ ဆိုရမှာပေါ့။

ပထဝီဝင်နိုင်ငံရေးကို နိုင်ငံရေးပထဝီ (Political Geography)  ) ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စဉ်းစားကြပေမယ့် သီးခြားရပ်တည်မှုအပိုင်းရှိပါတယ်။ အကြမ်းအားဖြင့်ကတော့ ပထဝီဝင်နိုင်ငံရေးကို ‘ပထဝီဝင်ဆိုင်ရာ အကြောင်းအချက်များအား နိုင်ငံရေးအရ အဓိပ္ပာယ်ဖွင့်ဆိုခြင်း’ (political interpretation of geographical factors) လို့ဆိုနိုင်ပြီး နိုင်ငံရေးပထဝီကိုတော့ ‘နိုင်ငံရေးဆိုင်ရာ အကြောင်းတရားများကို ပထဝီဝင်ဆိုင်ရာသဘောအရ အဓိပ္ပာယ်ဖွင့်ဆိုခြင်း’ (geographical  interpretation of political factors) လို့ ဆိုနိုင်ပါတယ်။

တစ်ဖန် နိုင်ငံရေးပထဝီဟာ နိုင်ငံ/ဒေသတစ်ခုရဲ့ ပြည်တွင်းရေးရာကို အလေးပေးလေ့ရှိပြီး ပထဝီဝင်နိုင်ငံရေးဟာ နိုင်ငံ/ဒေသတစ်ခုရဲ့ ပြည်ပရေးရာကို အလေးပေးလေ့ရှိတာ တွေ့ရပါတယ်။ Joe Painter  နဲ့ Alex Jeffrey တို့နှစ်ယောက်ပြုစုတဲ့ Political Geography  ဆိုတဲ့ ဖတ်စာအုပ်မှာပါတဲ့ မာတိကာစဉ်လေးကိုပဲ ကြည့်ကြည့်ပါ … ဒီလိုလေးတွေ့နိုင်ပါတယ်။

(၁) Politics, Geography and Political Geography

(၂) State Formation

(၃) From Welfare State to Workfare State

(၄) Democracy, Citizenship and Elections

(၅) Politics and the City

(၆) Identity Politics and Social Movements

(၇) Nationalism and Regionalism

(၈) Imperialism and Post-Colonialism

(၉) Geopolitics and Anti-Geopolitics

ဒါဆိုရင် Political Geography မှာ ဘာအကြောင်းအရာတွေပါသလဲဆိုတာ တွေ့နိုင်ပါတယ်။ နိုင်ငံရေးအကြောင်းတရားတွေဟာ ပထဝီဝင်ဆိုင်ရာ အချက်အလက်တွေပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနေကြောင်းကို လေ့လာတာတွေ့ရပါမယ်။ ပထဝီဝင်နိုင်ငံရေးနဲ့ ပတ်သက်လို့ဆိုရင်တော့ Saul Bernard Cohen ရဲ့ Geopolitics: The  Geography of International Relations မှာဆိုရင် ကမ္ဘာ့ဒေသအလိုက် ပထဝီဝင်အချက်အလက်တွေကိုအခြေခံပြီး နိုင်ငံရေးအရဖြစ်လာနိုင်တာတွေကို တင်ပြထားပါတယ်။

(Geopolitics နဲ့ Political Geography ကို မြန်မာနိုင်ငံအနေနဲ့ ဥပမာပေးရမယ်ဆိုရင် – Geopolitics of Myanmar မှာ မြန်မာနိုင်ငံရဲ့ တည်နေရာ၊ လူဦးရေ၊ သဘာဝအရင်းအမြစ် စသော ပထဝီဆိုင်ရာအကြောင်းအချက်များက ကမ္ဘာ့နိုင်ငံရေး၊ ကမ္ဘာ့အင်အားမျှခြေနှင့် အားပြိုင်မှုများအပေါ် ဘယ်လိုသက်ရောက် လွှမ်းမိုးနိုင်တယ်ဆိုတာမျိုးကို လေ့လာတာဖြစ်တယ်။ Political Geography of Myanmar မှာတော့ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပေါ်လုပ်ဆောင်လျက်ရှိတဲ့ အမျိုးသားရေးစိတ်ဓာတ်၊ နိုင်ငံတော်တည်ဆောက်ရေး၊ ပြည်သူ့ရေးရာမူဝါဒများဟာ ပြည်သူများအပေါ်၊ အရင်းအမြစ်များအပေါ်၊ နေရာဒေသများအပေါ် ဘယ်လိုသက်ရောက်သလဲဆိုတာမျိုးကို လေ့လာတာဖြစ်ပါမယ်။)

ပထဝီဝင်နိုင်ငံရေးရဲ့ အနှစ်သာရကတော့ [ကမ္ဘာ့] ဩဇာထူထောင်ရေးလို့ပြောရင် ရနိုင်ပါတယ်။ ကနဦးအပိုင်းမှာတုန်းကတော့ ပထဝီဝင် နိုင်ငံရေးသဘောတရားတွေဟာ ပထဝီဝင်အကြောင်းတရားတစ်ခုဖြစ်တဲ့ တည်နေရာကိုအခြေခံပြီး စဉ်းစားတာတွေ့ရတယ်။ ဒါကြောင့်မို့ နှလုံးသား နယ်မြေသဘောတရား၊ နှုတ်ခမ်းသားနယ်မြေ သဘောတရားတွေ ခေတ်စားတာ တွေ့ရတယ်။ ဒီနယ်မြေတွေကို ထိန်းချုပ်ထားနိုင်ရင် ကမ္ဘာကြီးကိုလွှမ်းမိုးထားနိုင်မယ်ဆိုတာမျိုးတွေ ရေးသားကြတယ်။ နောက်တစ်ခါ ပထဝီဝင်အချက်တစ်ချက်ဖြစ်တဲ့ သဘာဝအရင်းအမြစ်တွေကိုအခြေခံပြီး စဉ်းစားလာတယ်။ ရေနံတို့ ၊ အခြားမဟာဗျူဟာမြောက် သတ္တုတွေကို ထိန်းချုပ်တဲ့နည်းနဲ့ ကမ္ဘာကြီးမှာ ဩဇာညောင်းအောင်လုပ်ရမယ် ဆိုတာမျိုးတွေ ပေါ်လာတယ်။ စစ်အေးခေတ်ကာလတုန်းကဆိုရင် မဟာဗျူဟာမြောက် စစ်ဘက်သတ္တုများ (Strategic War  Materials) ဆိုပြီးတော့တောင် စာရင်းထုတ်ပြန်ထားပြီး ထိန်းချုပ်ထားတာတွေ လုပ်ခဲ့ပါတယ်။ တစ်ဖန် နောက်ထပ်ပထဝီဆိုင်ရာ အကြောင်းအချက်တစ်ခုဖြစ်တဲ့ လူဦးရေ/လူထုကို ထိန်းချုပ်တဲ့/သိမ်းသွင်းတဲ့နည်းနဲ့ ကမ္ဘာကြီးကို လွှမ်းမိုးထားဖို့ ရေးသားလာကြတယ်။ အထက်တစ်နေရာမှာ တင်ပြခဲ့သလို Mental Cartography ဆိုတာမျိုးပေါ့။ ဒီနေရာမှာ ဝါဒရေးရာပိုင်း၊ ယဉ်ကျေးမှုရေးရာအပိုင်းတွေ ပါလာတာပဲ။ Ideology တွေနဲ့ ပစ်မှတ်နိုင်ငံ/ဒေသမှာရှိတဲ့ ပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ မိမိဘက်ယိုင်လာအောင် စည်းရုံးလွှမ်းမိုးထားဖို့ ကြိုးစားခဲ့တာတွေကို တွေ့ရတယ်။ သမိုင်း၊ ဓလေ့၊ ဒဏ္ဍာရီ၊ ယုံတမ်းတွေဟာ ယဉ်ကျေးမှု (Civilization) မှာ အရေးပါတဲ့ အရာတွေပေါ့။ Civilization အပေါ်မှာအခြေပြုပြီး ကမ္ဘာမှာတွင်ကျယ်ခဲ့တဲ့ အင်အားကြီးအင်ပါယာတွေ အများကြီးတွေ့ရမှာပါ။ မျက်မှောက်ခေတ်မှာလည်း ဒီပထဝီဝင်ဆိုင်ရာ အကြောင်းတရားကြီးတွေ တည်နေရာ၊ အရင်းအမြစ်၊ လူဦးရေကိုပဲ အခြေခံပြီး ပထဝီဝင်နိုင်ငံရေး သဘောတရားတွေကို တင်ပြဆွေးနွေးကြတယ်။

မျက်မှောက်ခေတ်သဘောတရား

မျက်မှောက်ခေတ် ပထဝီနိုင်ငံရေးဆိုင်ရာ သဘောတရားတွေကို ပြောမယ်ဆိုရင် …

(၁) geopolitics of ideological universalism လို့ ပြောလို့ရတဲ့ ideological fault line (ဝါဒရေးရာအက်ကြောင်း) အပေါ် အခြေခံတဲ့ သဘောတရားများ – ထင်ရှားတာကတော့ The  End of History
(၂) geopolitics of cultural differences  လို့ပြောလို့ရတဲ့ civilizational fault line (ယဉ်ကျေးမှုရေးရာအက်ကြောင်း) အပေါ်အခြေခံတဲ့ သဘောတရားများ – ထင်ရှားတာကတော့ The Clash of Civilizations
(၃) geopolitics of regions and resources လို့ပြောလို့ရတဲ့ geological fault line (ဘူမိရေးရာအက်ကြောင်း) အပေါ် အခြေခံတဲ့သဘောတရားများ – ထင်ရှားတာကတော့ The Grand Chessboard … ဒါတွေကို တွေ့ရပါတယ်။

[Resources မှာ အရေးကြီးတာက ဓနဖန်တီးမှုနဲ့ ပါဝါကိုဖြစ်စေတဲ့ကမ္ဘာကို လွှမ်းမိုးချယ်လှယ်နိုင်မယ့် အရေးကြီးတဲ့အရင်းအမြစ်တွေဖြစ်ပြီး နည်းပညာတွေပါ ပါလာပါတယ်။ ဟိုတုန်းကတော့ Resources  ဆိုတဲ့နေရာမှာ သဘာဝအရင်းအမြစ်တွေလောက်ပဲ စဉ်းစားရာကနေ နည်းပညာတွေပါ ထည့်စဉ်းစားလာကြတယ်။ ယခုလက်ရှိအခြေအနေမှာဆိုရင်တော့ Artificial Intelligence တို့၊ Internet of Things (IOT) တွေကို တွေ့လာရပါတယ်။ မကြာသေးခင်ကပဲ ရုရှားသမ္မတပူတင်က ‘the nation that leads in AI will be the ruler of the world’ (Artificial intelligence မှာ ဦးဆောင်တဲ့နိုင်ငံဟာ ကမ္ဘာ့ခေါင်းဆောင်ဖြစ်လာမယ်) ဆိုပြီးပြောလာတာ တွေ့ရပါတယ်။’

နိုင်ငံတကာဆက်ဆံရေးပညာလောကမှာ နာမည်ကျော်တဲ့ George Kennan ဟာ ဂန္ထဝင်ပထဝီဝင်နိုင်ငံရေးသဘောတရားတစ်ခုဖြစ်တဲ့ Eurasia Heartland ဆိုတဲ့ သဘောတရားကို အခြေခံပြီး အမေရိကန်နိုင်ငံအနေနဲ့ ဘယ်လိုမူဝါဒမျိုးကို ချမှတ်ကျင့်သုံးသင့်တယ်ဆိုတာမျိုးတင်ပြခဲ့ပါတယ်။ Kennan က မည်သည့်နိုင်ငံ တစ်နိုင်ငံတည်းကမှ ယူရေးရှားကုန်းမြေတစ်ခုလုံးကို လွှမ်းမိုးထားတာမျိုး မဖြစ်စေရဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဥရောပနဲ့ အာရှဒေသတစ်ကြောက အဖျားအနားနိုင်ငံတွေကို လွတ်လပ်ပြီး ကြွယ်ဝအောင် လုပ်ပေးထားရမယ်။ ဒါမှ နိုင်ငံကြီးတစ်နိုင်ငံက ဩဇာချဲ့ထွင်ပြီး ယူရေးရှားကုန်းမြေကို မခြယ်လှယ်နိုင်မှာ … ဆိုတာမျိုးတင်ပြခဲ့တယ်။ တစ်ဖန် သူကပဲ အမေရိကန်နိုင်ငံ၏လုံခြုံရေးကို အဓိကခြိမ်းခြောက်နေသည့်ကိစ္စမှာ မိမိတို့အား ဆန့်ကျင်လျက်ရှိသည့် အင်အားကြီးနိုင်ငံတစ်နိုင်ငံက ဥရောပ-အာရှတစ်ကြောရှိ ရုပ်ပိုင်းအရင်းအမြစ်အမြောက်အမြားကို ချုပ်ကိုင်ထားခြင်းပင်ဖြစ်သည် ‘the chief threat to the security of the United  States is the association of the dominant portion of  the physical resources of Europe and Asia with a  political power hostile to ourselves’ လို့ တင်ပြခဲ့ပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ဆိုဗီယက်နိုင်ငံရေးစနစ်နဲ့ ပထဝီဝင်နိုင်ငံရေး အကြောင်းတွေ ယှဉ်ထိုးလေ့လာပြီး George Kennan ဟာ ကမ္ဘာကျော် Containment Policy (ထိန်းချုပ်ရေးမူဝါဒ) ကို အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒ (ဝါ) အဂ္ဂမဟာဗျူဟာ (Grand Strategy) အဖြစ် ချမှတ်ဖို့ တိုက်တွန်းတင်ပြခဲ့တာဖြစ်တယ်။

မျက်မှောက်ခေတ် ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒမှာလည်း ပထဝီဝင်နိုင်ငံရေးအကြောင်းတရားတွေ အများကြီးပါဝင်တာတွေ့နိုင်ပါ တယ်။ ဆိုဗီယက်ခေတ်မှာတုန်းကတော့ ဘူမိရေးရာနဲ့ဝါဒရေးရာက ရှေ့ရောက်ခဲ့တယ်လို့ဆိုနိုင်ပေမယ့် မျက်မှောက်ခေတ်ရုရှားမှာတော့ ဘူမိရေးရာနဲ့ ယဉ်ကျေးမှုရေးရာက အဓိကကျနေတယ်လို့ ဆိုရမှာပါ။ ရုရှားဟာ Orthodox Civilization (Eastern Orthodox  Church) ရဲ့ ဗဟိုချက်မ (Core State) အဖြစ် ရပ်တည်ချင်ပါတယ်။ ဒါဟာ ရုရှားရဲ့ Geopolitical Interest ပဲဖြစ်ပါတယ်။ သမ္မတပူတင် ကိုယ်တိုင်ကလည်း ဒီလမ်းကြောင်းအပေါ်မှာ ရှိပါတယ်။ ဒါကြောင့်မို့ ယူကရိန်းကို ရုရှားယဉ်ကျေးမှု ဩဇာညောင်းတဲ့နယ်မြေထဲကနေ ကန်ထွက်မှာကို သည်းမခံနိုင်ခြင်းလည်းဖြစ်ပါတယ်။ အချုပ်အားဖြင့် တင်ပြရပါက နိုင်ငံခြားရေးမူဝါဒတွေကို ခွဲခြမ်းလေ့လာဆန်းစစ်မယ်ဆိုရင် ပထဝီဝင်နိုင်ငံရေးရဲ့အခန်းကဏ္ဍကို မေ့ထားလို့မရပါဘူး ဆိုတာပါပဲ။

 

မောင်အောင်မျိုး

(စာရေးသူသည် International University of Japan တွင် သင်ကြားပို့ချနေသော နိုင်ငံတကာဆက်ဆံရေးပညာရပ် ပါမောက္ခဖြစ်ပြီး In the Name of Pauk-Phaw: Myanmar’s China  Policy since 1948 စာအုပ်ကို ရေးသားသူဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *