စိုင်လျှား သို့မဟုတ် သေနတ်သမား၏ ရွာ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ဝေခဲ့သည့် The Voice Journal အတွဲ ၁၃၊ အမှတ် ၂ ပါ ဆောင်းပါးကို စာဖတ်သူများအတွက် ပြန်လည်ဖော်ပြလိုက်ရပါသည်။)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သေနတ်သံတစ်ချက် မြည်ဟိန်းထွက်လာပြီးနောက် ရုတ်ချည်းဆိုသလိုပင် လူမသိ၊ သူမသိ သာမန်အညာရွာလေး တစ်ရွာက မြန်မာနိုင်ငံသားတို့ကို ဆွဲဆောင်လိုက်ပြီ။ 

စိုင်လျှားကျေးရွာ။ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ယင်းမာပင် မြို့နယ်ထဲတွင် ရှိပြီး မုံရွာမှ အလောင်းတော် ကဿဖသို့ သွားရာ ဖုံထူထူလမ်းမှတစ်ဆင့် နှစ်နာရီနီးပါး သွားရသည်။ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုဥပဒေအကြံပေး  တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသည့် သေနတ်သမားသည် ဤရွာဇာတိဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဘာသာခြားတစ်ဦးဖြစ်သည့်အပြင် ဥပဒေပညာရှင်လည်းဖြစ်၊ နိုင်ငံရေးသမားလည်းဖြစ်သူကို မည်သည့်အတွက်ကြောင့် လူစည်ကားရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရက်စက်စွာ ပစ်ခတ်လုပ်ကြံခဲ့သနည်းဆိုသည့် မေးခွန်းများနှင့်အတူ သေနတ်သမားသည် မည်သူနည်း၊ သူ ဘယ်ကလာသနည်း ဆိုသည့် သိလိုမှုများကလည်း မရှေးမနှောင်း ထွက်ပေါ်လာသည်။ စစ်ဆေးချက်အရ မှတ်ပုံတင်ထဲမှ သူ့နာမည်သည် ကြည်လင်း (၅၃ နှစ်)။

စိုင်လျှားတွင် သေနတ်သမားကို မွေးပြီး ယင်းရွာတွင် သူ့မိသားစု ရှိသည်။

လေးပေ၊ နှစ်ပေခန့်ရှိ ကြိုဆိုပါ၏ ဗီနိုင်းဆိုင်းဘုတ်က လေဒဏ်၊ နေဒဏ်ကြောင့် ပြဲစုတ်နေပြီး စာလုံးများက တစ်စစီကွဲ၍ နေသည်။ ရွာအဝင် တမာပင်ကမူ နေအပူဒဏ်ကို ကြံ့ကြံ့ခံလျက်။ 

ဧည့်စိမ်းတွေလာပြီ ဆိုကတည်းက ဘာအတွက်လာမှန်း ရွာခံတို့က သဘောပေါက်ပြီးပါပြီ။ ရွာ၏ ကောင်းသတင်းကြောင့် ကောင်းသောလာခြင်း မဟုတ်ဘဲ အမည်းစက်တစ်ခုကို ထင်ရှားစေရန် လာရောက်ခြင်း ဖြစ်ကြောင်း နားလည်ထားပြီး ဖြစ်သည်။

“တစ်အိမ်လုံးဟာ လူရိုးလူအတွေပဲ” ဟု ဦးကြည်လင်း မိသားစုနှင့် ပတ်သက်၍ အသက်လေးဆယ်အရွယ် ရွာခံအမျိုးသားတစ်ဦးက ပြောပြသည်။

သို့သော် ကြည်လင်းဆိုသည့် အမည်ဖြင့် သူ့ကို သိကြသည် မဟုတ်။ တစ်ရွာလုံးက သိထားသည်မှာ ဖိုးတူးဖြစ်သည်။ ကနဦးတွင် တရားခံသည် ကြည်လင်းဖြစ်ကြောင်း သတင်းပျံ့ခဲ့ရာ စိုင်လျှားကျေးရွာတွင် ကြည်လင်းအမည်ဖြင့် လက်သမားဆရာတစ်ဦး ရှိသည်။ စိုင်လျှားကျေးရွာ၏ အနီးနား ကျေးရွာများက အဆိုပါ လက်သမားဆရာ ဦးကြည်လင်းဟု ထင်မှတ်ကြသေးသည်။ သို့သော် ယင်းကြည်လင်းသည် လွန်ခဲ့သည့် ၂ နှစ်ခန့်က ကွယ်လွန်ပြီးပြီ ဖြစ်သည်။

ဦးဖိုးတူးသည် ငယ်စဉ် အသက်  ၁၉ နှစ်၊ ၂၀ ကတည်းက ရွာမှထွက်သွားသူ ဖြစ်ပြီး လွန်ခဲ့သည့် သုံးနှစ်လောက်ကမှ  ရွာသို့ တစ်ခေါက်ပြန်ရောက်လာသည်။ သူ ဘယ်မှာနေသည်၊ ဘာတွေလုပ်ကိုင်သည်ကို မည်သူမှ ဂဃနဏမသိ။ ဘုရားခိုးမှုဖြင့် ထောင်ကျနေခဲ့သည်ဟု သဲ့သဲ့ကြားရသည်။ ၂၀၁၄ ခုနှစ်၊ ထောင်မှလွတ် ချိန်တွင် ရွာကို တစ်ခေါက်ပြန်ရောက်လာသည်၊ ရက်ပိုင်းပဲနေပြီး ပြန်ပျောက်သွားသည်။ နှစ်ပေါင်း ၃၀ ဆယ်ကျော်တွင်း ရွာတွင် နှစ်လသုံးလခန့် ဆက်တိုက်နေဖူးသည်က အကြာဆုံး ဖြစ်သည်။

ရွာ၏ အသက်လေးဆယ်တန်းအောက် လူများက ဦးဖိုးတူးကို သေချာမသိကြသလို ကောင်းစွာပင် မမြင်ဖူးကြ။

ငယ်စဉ်ကတော့ အပေါင်းသင်းနည်းပြီး လူပုံက သွက်သွက်လက်လက် မရှိကြောင်း ရွာခံများက ဆိုသည်။

“ကျုပ်တို့အမြင်ကတော့ ခပ်ထိုင်းထိုင်းပဲ” ဟု အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ယင်းကပင် အပေါင်းသင်းနည်းစေသည့် အချက်ဟု ၎င်းက မြင်သည်။ 

“မဟုတ်ရင် အပေါင်းအသင်း ဆံ့ရမှာပေါ့” ဟု ၎င်းက ဆိုသည်။

ဦးဖိုးတူးသည် မွေးချင်း ခုနစ်ယောက်အနက် အကြီးဆုံးသားဖြစ်ပြီး သူ့အောက်တွင် ညီမသုံးယောက်နှင့် ညီသုံးယောက် ရှိသည်။ အသက် ၈၀ ကျော် မိခင်ကြီး ရှိသေးသည်။

“ဖိုးတူးလို့ခေါ်တာ၊ ကြည်လင်းလို့ တို့ကတော့ မမှည့်ဘူး” ဟု မိခင်ဖြစ်သူ အဖွားမြက ပြောပြသည်။ 

ရဲတပ်ဖွဲ့များ စုံလင်စွာ အိမ်သို့ ရောက်ရှိလာသည့် အခါတွင်မှ အကြောင်းရင်းကို သိရသည်။ သူ့သားသည် လူတစ်ယောက်၏ ဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်သတ်ထားသည်။ အသတ်ခံရသူသည် ထင်ရှားသည့် နိုင်ငံရေးသမားလည်းဖြစ်၊ ဥပဒေပညာရှင်လည်း ဖြစ်ပြီး အာဏာရပါတီ၏ အတိုင်ပင်ခံလည်း ဖြစ်နေသည်။ ပြီးလျှင် အငှားယာဉ်မောင်းတစ်ဦးက  အုတ်နီခဲဖြင့် ပစ်ကာ သူ့သားတော်မောင်ကို လက်ရဖမ်းပေးခဲ့သည်။ ယင်းအငှားယာဉ်မောင်းလည်း သားတော်မောင်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသည်။ အဆိုပါ နိုင်ငံရေးသမားနှင့် အငှားယာဉ်မောင်းတို့၏ ဈာပနမှာ အထူးစည်ကားခဲ့သလို ဝမ်းနည်းတသ နှမြောစိတ်မကောင်း ဖြစ်သူများလည်း ဒုနှင့်ဒေး များပြားခဲ့သည်။

ယင်းတို့သည် အင်တာနက် လူမှုကွန်ရက်များတွင် ဟိုးလေးတကျော် ဖြစ်ခဲ့သော်လည်း သေနတ်သမားသည် ၎င်းတို့၏ရွာမှ ဖြစ်ကြောင်းကိုမူ အဆိုပါ ရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်မေးချိန်မှ သိရခြင်း ဖြစ်သည်ဟု ရွာခံတို့က ဆိုသည်။ ဖုန်း၊ အင်တာနက်မှ တစ်ဆင့် ပစ်ခတ်မှုဖြစ်စဉ်ကို  သိရသော်လည်း လူသတ်သမား၏ ဓာတ်ပုံကိုမူ မသဲကွဲခဲ့ဟု ဆိုကြသည်။

ရွာသို့ လမ်းပန်းဆက်သွယ်ရေးမှာ မကောင်းလှပါ။ အနီးဆုံးဖြစ်သည့် ယင်းမာပင်မြို့သို့ ရှစ်မိုင်ခန့် ဝေးသော်လည်း မြေလမ်းသာပေါက်ပြီး မိုးတွင်းတွင် ကားသွားရန်  အဆင်မပြေပါ။ မိုင် ၃၀ ခန့် ဝေးသည့် မုံရွာမြို့သို့လည်း ထိုနည်းတူ။ ရွာကို ချောင်းတစ်ခုက ရံထားပြီး မိုးအခါမျိုးတွင် ဆိုင်ကယ်ပင် စီးမရ။ အဆိုပါချောင်းဟို ဘက်အထိ ဆိုင်ကယ်ကို ထမ်းသွားရကြောင်း ရွာခံဦးမြင့်သန်းက ဆိုသည်။  တစ်ရွာလုံးသည် တောင်သူလယ်လုပ်များသာ ဖြစ်ပြီး ယခုနှစ်များအတွင်း ထိုင်းနိုင်ငံနှင့် ဖားကန့်သို့ သွားရောက်လုပ်ကိုင်သူများ ရှိလာသည်။

လျှပ်စစ်မီး မရှိပါ။ ရွာ၏ ဘုံပိုင်ဒီဇယ် မီးစက်မှ ရွာဘုရားနှင့် ရွာလမ်းများကို မီးလင်းစေပြီး နေအိမ်များအတွက် ဆိုလာနှင့် ကိုယ်ပိုင်မီးစက်များကို သုံးရသည်။ အနီးနား ကျေးရွာများတွင် တယ်လီဖုန်း တာဝါတိုင်နှစ်ခု ရှိနေခြင်းကြောင့် တယ်လီဖုန်း ဆက်သွယ်ရေးကမူ ကောင်းမွန်သည်။  

ထို့အတူ လူငယ်ပိုင်းများအနေနှင့် လူမှုကွန်ရက်ကို အသုံးပြုနိုင်သည်။ အိမ်ခြေ ၂၃၀ ကျော် ရှိသည့် ရွာအတွက် ဘောလုံးပွဲ ကြည့်ချင်လျှင် ဂြိုဟ်တုစလောင်းရှိပြီး  အခကြေးငွေဖြင့် ပြသည့် နေအိမ်နှစ်ခုဆီသို့ ချီတက်ရသည်။ ဦးဖိုးတူး တစ်ယောက်သည်သာ မည်သို့မည်ပုံ ရွာကျော်၊ မြို့ကျော် နယ်တကာ နှံ့သူဖြစ်ခဲ့ရသနည်း။

“လူပေါင်းမှားတယ်လို့ပဲ တွက်တာပဲလေ။ ဒါမျိုးတွေလုပ်ဖို့ တော်ရုံမဆက်သွယ်တတ်ဘူး” ဟု ညီအရင်းဖြစ်သူ ဦးဝင်းမြင့်က ဆိုသည်။

လူမှုကွန်ရက်များတွင် ပျံ့နှံ့ခဲ့သည့်  ထွက်ဆိုချက်များတွင် တရားခံ၏ နောက်ကွယ်တွင် စေခိုင်းသူ အနည်းဆုံးတစ်ဦး ရှိနေပြီး လုပ်ကြံမှု အောင်မြင်ပါက ကားတစ်စီးပေးမည်ဟု ပါရှိသည်။ စေခိုင်းသူသည် မြဝတီမြို့တွင် နေထိုင်သည့် မြင့်ဆွေဆိုသူ ဖြစ်ပြီး ဘုရားခိုးမှုဖြင့် လုပ်ကြံသူ  ဦးကြည်လင်းနှင့် အကျဉ်းထောင်တွင် အတူကျခံဖူးသူ ဖြစ်သည်။ 

လူမှုကွန်ရက်တွင် ဦးကြည်လင်းအား စေခိုင်းသူနှင့် ပတ်သက်၍ မသမာသည့် သုံးစွဲသူများက ထင်ယောင်ထင်မှား သတင်းများကို ဖြန့်ဝေမှုများလည်း ထွက်ပေါ်ခဲ့သည်။ ယင်းတို့အထဲတွင် စေခိုင်းသူမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟု ဆိုသည့် ဖြန့်ဝေမှု တစ်ခုကလည်း စိုင်လျှားအနီး ပတ်ဝန်းကျင်ကျေးရွာမှ လူမှုကွန်ရက် သုံးစွဲသူများထံသို့လည်း ရောက်ရှိသည်။ ရိုးသားသည့် ရွာသူ၊ ရွာသားများ အနေနှင့် ယင်းသတင်းအပေါ် သို့လောသို့လော တွေးဆဆွေးနွေးစရာ ဖြစ်လိုက်သေးသည်။။

“ကျွန်တော်ကတော့ ရေဒီယိုက ကြေညာမှပဲ ယုံမယ်” ဟု အသက် ၅၀ တန်း အမျိုးသားကြီးက ဆိုသည်။

သတင်းစာ၊ ဂျာနယ် မရောက်သည့် ယင်းဒေသအတွက် သတင်းရယူရာသည် လူမှုကွန်ရက်နှင့် ရေဒီယိုသာ အားကိုးရာ။

အကျဉ်းသားဟောင်းအချို့၏ ပြောဆိုချက်အရ ဦးကြည်လင်း (ခ) ဖိုးတူးသည်  ရှေးဟောင်းဘုရားသမိုင်းများနှင့် ပတ်သက်၍ နားထောင်သူ စိတ်ဝင်စားဖွယ် ဖြစ်အောင်ပင် လက်တန်းပြောဆိုနိုင်သူ ဖြစ်ပြီး ဘုရားသမိုင်းများတွင် နှံ့စပ်သူ ဖြစ်သည်။

စိုင်လျှားရွာခံများ၏ ပြောဆိုချက်အရ ဦးဖိုးတူးသည် အတန်းကျောင်း မနေခဲ့ရဘဲ ဘုန်းကြီးကျောင်းထွက် တစ်ဦးသာ ဖြစ်ပြီး ရွာမှ မထွက်ခွာမီက နွားကျောင်းသည်။

ရွာသည် ပြီးခဲ့သည့်နှစ်ကမှ အလယ်တန်းကျောင်းခွဲအဖြစ် ဖွင့်လှစ်နိုင်ခဲ့ပြီး ယခင်က မူလတန်းလွန်ကျောင်းသာ။ ရွာ၏ပညာရေးသည် အစဉ်အဆက် အားနည်းခဲ့ပြီး ပညာတတ် အများကြီးမရှိဟု  ရွာသားများက ဆိုသည်။ လက်ရှိအချိန်အထိ တက္ကသိုလ်မှ ဘွဲ့ရရှိသူ လက်ဆယ်ချောင်း မပြည့်သေး။ စစ်ကိုင်းမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တစ်ဦးသည် ရွာ၏အမြင့်ဆုံးသော ပညာတတ်သူဖြစ်ပြီး သူ့နောက်တွင် ကျောင်းဆရာနှစ်ဦး ရှိသည်။ 

ဆိုရလျှင် နိုင်ငံတွင် ထင်ရှားကျော်ကြားသူ၊ အရေးပါအရာရောက်သူဟူ၍ မရှိစဖူး။ ယခုမူ အတန်းကျောင်းမ နေခဲ့ရသူ ဦးဖိုးတူးက နိုင်ငံကျော်ကြီး ဖြစ်နေပါပကော။ ယင်းသည် အကောင်းဘက်မှ ကျော်ကြားခြင်း မဟုတ်ဟု ဆွေမျိုးနီးစပ်တော်သူ ဦးမြင့်သန်းက ဆိုသည်။

သို့သော်။

ရွာအတိုင်းအတာနှင့်စာလျှင် ဦးဖိုးတူး၏ မိသားစုသည် မျက်နှာကြီး ဖြစ်ပြီး ဖခင်ဖြစ်သူသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်က ကျေးရွာပါတီ ဥက္ကဋ္ဌ ဖြစ်သည်။ ဦးဖိုးတူး၏ ညီငယ်  ဦးညွန့်ထွန်းသည် ဘွဲ့ရတစ်ဦးဖြစ်ပြီး မိသားစု တောင်သူလုပ်ငန်းကို ဦးစီးလျက် ရှိသည်။ 

၎င်းတို့မိသားစုသည် အနေအထိုင် အေးဆေးကြပြီး ပတ်ဝန်းကျင်နှင့် ရောနှောဆက်ဆံလေ့ မရှိဟု ရွာခံများက ဆိုသည်။ လယ်နှင့်ယာမြေ စုစုပေါင်း ဧကသုံးဆယ် ဝန်းကျင် ပိုင်ဆိုင်ကြသည့် တောင်သူကြီး စာရင်းဝင်များ ဖြစ်ပြီး ယင်းပမာဏသည်ပင် ရွာတွင် လယ်ယာမြေ အများဆုံးကို  ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ ညီဖြစ်သူ ဦးဝင်းမြင့်သည်လည်း အထက်တန်းအထိ ပညာသင်ကြားခဲ့ပြီး တပ်မတော်အစိုးရ လက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၎င်းသည် ထိုစဉ်က ရပ်ရွာအပေါ်တွင် ကောင်းမွန်စွာ အုပ်ချုပ်ခဲ့သူဖြစ်ပြီး ရွာသူ၊ ရွာသားများနှင့် အဆင်ပြေခဲ့ကြောင်း ယခုကျေးရွာ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  ပါတီရုံး ဖွင့်ထားသူ ဦးညွန့်ဝင်းက ဆိုသည်။ 

လုပ်ကြံခံရသူ ဦးကိုနီသည် NLD ၏ ဥပဒေရေးရာ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီး ပါတီအတွက် အရေးပါအရာရောက်သူ ဖြစ်သည်။ ယင်းကား ပါတီအပေါ် တိုက်ခိုက်လိုသူတို့၏ ယုတ်မာမှု ဖြစ်ကြောင်း NLD ပါတီက သဘောထား ထုတ်ပြန်ခဲ့သည်။ 

လုပ်ကြံသူ ဦးဖိုးတူး၏ စိုင်လျှားကျေးရွာက NLD ၏ အနေအထားက မည်သို့နည်း။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲဆီသို့ ပြန်သွားကြည့်ပါမည်။

“မဲကတော့ အပြတ်အသတ်နိုင်တာပဲ” ဟု ဦးညွန့်ဝင်းက ဆိုသည်။ 

ယင်းတစ်ရွာတည်းတင် မဟုတ်၊ အနီးနား ပတ်ဝန်းကျင် ရွာများမှသည် ယင်းမာပင် တစ်ဒေသလုံး  ရွေးကောက်ပွဲတွင် NLD က အပြတ်အသတ် အနိုင်ရရှိခဲ့သည်။ အခြားအတိုက်အခံပါတီနှင့် NLD ကို အမြဲတစေ ဝေဖန်တိုက်ခိုက်လျက် ရှိသည့် မဘသအဖွဲ့များ ယင်းဒေသတွင် အားမကောင်းဟု ဦးညွန့်ဝင်းက ဆိုသည်။

ဦးဖိုးတူး၏ မိသားစုဝင်များသည်ပင် NLD ဘက်တော်သားများ ဖြစ်ကြောင်း ဦးညွန့်ဝင်းက ဆိုသည်။ ယခုဖြစ်ရပ်သည် NLD ပါတီ ခေါင်းဆောင်တစ်ဦးကို လုပ်ကြံခြင်းဖြစ်ရာ အမှုနှင့် ပတ်သက်၍  ခန့်မှန်းသုံးသပ်ရန် နားမလည် ဖြစ်မိကြောင်း ၎င်းက ဆိုလေသည်။

“သူတို့မိသားစုကလည်း ဝင်းမြင့်တို့၊ ညွန့်ထွန်းတို့ကလည်း ဒီပါတီထဲက” ဟု ၎င်းက ဆိုသည်။ “ကိုယ့်အဖွဲ့ဝင်ထဲကဆိုတော့ ဘယ်လိုပြောလို့ပြောရမှန်းတောင် မသိဘူး” ဟုလည်း ဆိုသည်။

ယခုကိစ္စတွင် ဦးဖိုးတူးကို ဖမ်းပြီး စစ်ဆေးလျက်ရှိသည်။ 

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စပါး၊ ပဲ၊ ပြောင်း ရောင်းချချိန်မှလွဲ၍ အများစုက မြို့သို့ အရောက်အပေါက် မရှိလှပါ။ မိသားစုဝင်များသည် တစ်နှစ်နေလို့မှ မြို့သို့ နှစ်ခေါက်ပင် မရောက်ဖြစ်သူများ ဖြစ်သည်။ သို့သော် သူများအပြောအရသာ သိနေရပြီး မိသားစုဝင် တစ်ဦးတစ်ယောက်ကမှ ဖမ်းဆီးထားသူနှင့် မျက်မြင်ကိုယ်တွေ့ မတွေ့ဆုံရသေး။ 

နေအိမ်သို့ လာရောက်စစ်ဆေးခဲ့ သည့် ရဲတပ်ဖွဲ့က တွေ့ဆုံရန် ခေါ်ဆောင်ခြင်း မပြုခဲ့သလို ၎င်းတို့ဘာသာလည်း ရန်ကုန်သို့ မသွားတတ်ဟု ဦးဝင်းမြင့်က ဆိုသည်။ မုံရွာတွင်ပင် သီးနှံပို့သည့် ပွဲရုံများမှလွဲ၍ ကျင်ကျင်လည်လည် မသွားတတ်။

“လိုက်ပို့တဲ့သူရှိမှ သွားနိုင်မှာ။ ကိုယ်ကိုယ်တိုင်ဆို ဘယ်သွားလို့ ဘယ်လာရမှန်းမှ မသိဘဲ ဘယ်လိုလုပ် သွားမှာတုန်း” ဟု ၎င်းက ဆိုသည်။ 

“ငါကတော့ တွေ့တော့ တွေ့ချင်တာ ပ၊ ဒါပေမဲ့ ကားကတော့ မစီးနိုင်တော့ဘူး။  ကိုယ့်သားသမီးကိုယ် ဆိုတော့ နှမြောတာ ပ” ဟု မိခင်ဖြစ်သူက ဆိုသည်။

ဖမ်းဆီးထားသူသည် ၎င်း၏သား ဟုတ်၏ မဟုတ်၏ကို ကိုယ်တိုင်တွေ့မြင်လိုသည့် ဆန္ဒကတော့ ရှိနေသေးသည်။ 

သတင်းကို တစ်ရွာလုံးက သိထားပြီး ဖြစ်သလို NLD ခေါင်းဆောင်တစ်ဦးကို မိသားစုဝင်တစ်ဦးက လုပ်ကြံခြင်းဖြစ်ရာ အများစု ဖြစ်နေသည့် ရွာကလေးတွင် အရှက်ရစရာ။ ယင်းအပြင် အမှုအတွက်  သက်ဆိုင်ရာက လာရောက်စစ်မေးခြင်း၊ သတင်းမီဒီယာများက လာရောက်တွေ့ဆုံခြင်းများအတွက် ယခင်က ပတ်ဝန်းကျင်နှင့် သီးသန့်နေထိုင်တတ်သည့် နေအိမ်တွင် လူတရုန်းရုန်းနှင့်။ အများသူငါက  သတိထား စောင့်ကြည့်ဖွယ်ရာ ဖြစ်နေသည်ကလည်း မိသားစုဝင်များအတွက် တစ်ဒုက္ခ။

အကယ်စင်စစ် ဦးဖိုးတူးသည် မိသားစုဝင် ဆိုသော်လည်း အိမ်နှင့် နှစ်ပေါင်းများစွာ ကင်းကွာခဲ့သူ၊ အိမ်အပေါ်တွင်လည်း နွေးနွေးထွေးထွေး မရှိ။ နှစ်ရှည်လများလည်း အကျဉ်းကျနေခဲ့သူ။ 

ဦးဖိုးတူးသည် ဘုရားခိုးမှုဖြင့် ၂၀၀၃ ခုနှစ်တွင် ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရပြီး ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ထို့မတိုင်မီကလည်း ဘုရားခိုးမှုဖြင့်ပင် ထောင်ကျဖူးသည်။ ယင်းအမှုများကြောင့် ဖခင်ရှိစဉ် အခါတုန်းက ဆိုလျှင် ၎င်းကို အိမ်အလာ မခံခဲ့ပေ။ 

တောထဲတွင် တောင်သူလုပ်ငန်းကို ပင်ပန်းစွာ လုပ်ကိုင်နေရသည့်အထဲ အိမ်ပြန်ရောက်သည့် အချိန်တွင် အိမ်တွင်လည်း အပူတို့ စုနေသည်ကို သားတစ်ဦးက မနှစ်မြို့ပေ။ မိခင်ဖြစ်သူကို သတင်းမီဒီယာများက တရားခံကဲ့သို့ စစ်ဆေးမေးမြန်းကြသည်ဟု ဦးညွန့်ထွန်းက ဆိုသည်။ သားအတွက် ပူပန်နေရသည့်အပြင် အသက်အရွယ် အိုမင်းနေသည့် မိခင်ကို မီဒီယာများက လာရောက်ဒုက္ခပေးသကဲ့သို့ ဖြစ်နေသည်။ 

ပတ်ဝန်းကျင် ဆိုသည်ကတော့ သဘောထားအမျိုးမျိုး ရှိနိုင်ကြောင်း  ညီဖြစ်သူ ဦးဝင်းမြင့်က ဆိုသည်။ ယခု ဖစ်ရပ်သည် မိသားစုအတွက် အမည်းစက်တစ်ခု ဖြစ်စေပြီး ယင်းကို အမြန်ပြေပျောက်စေလိုပြီး အမှုမှန်အမြန် ပေါ်စေချင်သည်။

“ကိုယ့်အပေါ် စေတနာရှိတဲ့ သူကတော့ အပြစ်တင်မှာ မဟုတ်ဘူး။ စေတနာမရှိတဲ့ သူကတော့ အစကတည်းက မုန်းတီးတဲ့ သူကတော့ ကောင်းစကားပြောမှာ မဟုတ်ဘူးလေ” ဟု ၎င်းက ဆိုသည်။

ယခုဖြစ်ရပ်သည် ရန်ကုန်မြို့တော်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး မိသားစုနှင့် သက်ဆိုင်ခြင်း မရှိသလို လာရောက်မေးမြန်းကြခြင်းအတွက် တစ်ပူပေါ် နှစ်ပူဆင့်ကာ စိတ်သောက ရောက်ရကြောင်း မိသားစုဝင်များက ဆိုသည်။

“မေးရ ဖြေရတာက စိတ်ဒုက္ခတစ်မျိုး၊ ညတောင် ကောင်းကောင်းမအိပ်နိုင်ဘူး၊ ဒီအတွေးကြီးက ဝင်နေတာ” ဟု ဦးဝင်းမြင့်က ဆိုသည်။ 

 

အောင်မျိုးထက်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *