ကြင်နာစိတ်များနှင့် ဟိုခိုက်

ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါး၏  ကြင်နာမှုကြောင့် ဖြစ်ပေါ်လာသည့် ‘ဟိုခိုက်’ သည် ရှမ်းပြည်နယ် လွိုင်လင်မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် ရှိသည်။

လွိုင်လင်-ပင်လုံလမ်း၏ ယာဘက်လမ်းခွဲအတိုင်း သုံးမိုင်ခန့်ထပ်ဝင်သွားလျှင် အနီရောင်သွပ်မိုးများစီရရီညီညီ တန်းနေသည့် ‘ဟိုခိုက်’ ကို တွေ့ရမည်ဖြစ်သည်။ ဟိုခိုက်သည် အနာကြီးရောဂါသည်များ၏ ခိုလုံရာဘုံတစ်ခု ဖြစ်သည်။

ဟိုခိုက်၏ သက်တမ်းသည် နှစ်ပေါင်း ၈၁ နှစ်ရှိပြီ။ ၁၉၃၈ ခုနှစ်တွင် အီတာလျံ လူမျိုး ခရစ်ယာန်ဘုန်းကြီး ပဲရီးဂိုက စတင်တည်ထောင်ခဲ့ပြီး အနာကြီးရောဂါသည်သုံးဆယ်ခန့်ဖြင့် စတင်ခဲ့သည်။

ခရစ်ယာန်ဘုန်းကြီးက တည်ထောင်ခဲ့သည့် ဂေဟာဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များလည်း ရှိသည်။ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးအချို့ပင် ဂေဟာသို့ လာရောက်ကုသမှုခံယူခဲ့သည့် မှတ်တမ်းများလည်း ရှိသည်။

လက်ရှိတွင် လွိုင်လင်မြို့တင်မကဘဲ ရှမ်းပြည်နယ်ရှိ မိုင်းရှူး၊ မိုင်းကိုင်၊ ကွမ်ဟိန်းစသည့် မြို့နယ်များမှ ရောဂါခံစားရသူများကိုပါ လက်ခံကုသပေးခဲ့သည်။ ဂေဟာတည်ထောင်ခါကစဆိုလျှင် အခြား မြို့ရွာများမှ ဂေဟာသို့ ခြေလျင်လာရောက်ကာ ဆေးကုသခံယူသူများပင်ရှိခဲ့သည်။

“ရောဂါပျောက်ကင်းသွားတဲ့သူတွေကို အနီးဝန်းကျင်မှာ ရွာတည်ထောင်ပေးထားပြီး နေထိုင်စေခဲ့တယ်။ ရောဂါဖြစ်နေသေးတဲ့သူတွေကိုတော့ ဂေဟာဝင်းထဲမှာပဲ ထားပြီး ကုသပေးတယ်”ဟု လက်ရှိ ဟိုခိုက်အနာကြီးရောဂါကုဆေးရုံ၏ တာဝန်ခံဖာသာကျော်အေးက ပြောသည်။

ဂေဟာတွင် နေထိုင်ကာ ဆေးကုသမှုခံယူနေရသည့် လူနာ ၈၆ ဦးရှိပြီး အခြားဝေယျာဝစ္စပြုလုပ်သူ ခရစ်ယာန်သီလရှင်များပါဆိုလျှင် လူဦးရေ ၁၀၀ ခန့်ရှိသည်။ ၎င်းတို့အားလုံး၏ စားဝတ်နေရေးကို ဂေဟာမှ တာဝန်ယူထားသည်။

ဂေဟာသို့ လစဉ်ဆန်လှူပေးနေသည့် ကက်သလစ်ကရုဏာအဖွဲ့ရှိပြီး အဓိကလိုအပ်သည့် ဆန်နှင့် ဆေးများကို ထောက်ပံ့လျက်ရှိသည်။

ဂေဟာနှင့် လွိုင်လင်ဆေးရုံချိတ်ဆက်ထားပြီး အရေပြားဆိုင်ရာတတ်ကျွမ်းသည့် ဆရာဝန်တစ်ဦးလာရောက် ကြည့်ရှုပေးသည်။

တစ်လလျှင် ဆန်အိတ် ၃၀ ခန့်ကုန်ကျမှုရှိပြီး ဟင်းအတွက် မုန့်ညှင်းစသည်တို့ကို ကိုယ်တိုင်စိုက်ပျိုးကာ ကြက်၊ ဝက်များကို မွေးမြူထားရသည်။

“အလှူရှင်လာရင် ဘာတောင်းဆိုသလဲဆိုတော့ ကုလားပဲ၊ အာလူးလို အာဟာရဖြစ်စေတဲ့ ဟာတွေ လာလှူနိုင်တယ်လို့ ပြောရတယ်”ဟု ဖာသာကျော်အေးက ဆိုသည်။

လက်ရှိဆေးကုသမှုခံယူနေသူများတွင် အသက် ၁၅ နှစ်မှ ၆၀ နှစ်အထိ လူနာများပါဝင်သည်။ အချို့သည် အနာကြီးရောဂါလက္ခဏာ သိပ်မခံစားရတော့ဘဲ ကိုယ်ခံအားကောင်းစေသည့် ဆေးများကိုသာ သောက်သုံးကြရတော့သည်။

ဟိုခိုက်တွင် လာရောက်ခိုလှုံသူများတွင် ကိုစိုင်းလောဝ်အမည်ရှိ လူနာတစ်ဦးလည်း ပါဝင်သည်။ သူက အသက် ၂၀ ကျော်အရွယ်မှစ၍ ရောဂါခံစားခဲ့ရသူဖြစ်ပြီး လက်ရှိတွင် ၄၃ နှစ်ရှိပြီဖြစ်သည်။

“မိသားစုထဲမှာ ဒီလိုမျိုးခံစားဖူးတာမရှိဘူး။ မောင်နှမဆယ်ယောက်မွေးတာ ကျွန်တော်တစ်ယောက်ပဲ ဖြစ်တာလေ”ဟု ကိုစိုင်းလောဝ်က ပြောသည်။

ငါးပိရည်ကိုကြိုက်နှစ်သက်သည့် ကိုစိုင်းလောဝ်သည် ထမင်းစားလျှင် ငါးပိရည်မပါမဖြစ်ထည့်စားခဲ့သော်လည်း နောက်ပိုင်းတွင် သွေးမတည့်သဖြင့် ခန္ဓာကိုယ်တွင် ယားယံလာသည်။ အဖုအပိန့်များ ဖြစ်ပေါ်လာသည်။

ယင်းမှစ၍ ရောဂါခံစားခဲ့ရပြီး ကျိုင်းတုံမြို့နောင်ကန်ဒေသရှိ အနာကြီး ရောဂါဂေဟာသို့ ရောက်သွားသည်။ ယင်းဂေဟာတွင် ဝဲဘက်ခြေထောက်တစ်ဖက်ကို ဒူးဆစ်အောက်ပိုင်းမှ ဖြတ်ခဲ့ရသည်။

“ရန်ကုန်မှာ အပျော်ဆုံးပဲ။ ကျယ်တယ်လေ သူက။ ရန်ကုန်မှာနေတုန်းက ရောဂါမပေါ်သေးဘူးလေ။ လူကောင်းပဲ”ဟု ဂေဟာအပြင်ဘက်တွင် ချိုင်းထောက်ကို အားပြု၍ မတ်တပ်ရပ်ရင်း သူက တမ်းတမ်းတတ ပြောနေသည်။

ဆယ်ကျော်သက်အရွယ်က ရန်ကုန်တွင် သူနေထိုင်ခဲ့စဉ် မွေးစားမိဘများရှိသော်လည်း ယင်းရောဂါခံစားရပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့သဖြင့် သေသည် ရှင်သည် မသိရတော့ပေ။

“ဒီမှာ နေရတာ မပူရဘူးလေ။ သူတို့ထုတ်ပေးတာ လုံလုံလောက်လောက်လေ။ မလောက်ရင် သွားတောင်းတယ်။ သူတို့ ထုတ်ပေးရတယ်”ဟု အနီးရှိ ဖာသာကျော်အေးကို ကြည့်ရင်း ကိုစိုင်းလောဝ်က ပြုံး၍ ပြောပြသည်။

ဂေဟာတွင် နေထိုင်သူများအနက်အချို့သည် စိုက်ပျိုးမွေးမြူခြင်းများကို လုပ်ကိုင်စားသောက်ကြသော်လည်း အချို့က တောင်းရမ်းစားသောက်လိုသူများလည်းရှိသည်။ ယင်းသို့သော လူမျိုးကိုဖာသာကျော်အေးတို့လို တာဝန်ရှိသူများက တားမြစ်သော်လည်း အချို့က မလိုက်နာပေ။

“ပြောလို့မရတော့တဲ့ အခါကျတော့ ဒီအတိုင်းကြည့်နေရတဲ့ သဘောမှာ ရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ လုံးဝခွင့်မပြုထားပါဘူး”ဟု ဖာသာကျော်အေးက သက်ပြင်းချရင်းပြောပြသည်။

ဟိုခိုက်ဂေဟာသည် အနာကြီးရောဂါခံစားရသူတို့ ဆုံဆည်းရာနေရာဖြစ်သည်။ တစ်နည်းအားဖြင့် ပြင်ပလောကတွင် တန်းတူဆက်ဆံမခံရသူတို့၏ နေရာလည်း ဖြစ်သည်။ အလုပ်ရှင်တို့က အလုပ် မခိုင်းချင်ကြသဖြင့် စိုက်ပျိုးမွေးမြူ၍ ရလာသည့် ခြံထွက်ပစ္စည်းများကို ရောင်းချရာတွင်လည်း ဝယ်စားလိုသူတို့က မရှိ။ ထို့ကြောင့် စိတ်ဓာတ်မကြံ့ခိုင်သူတို့က လွယ်ကူသည့် တောင်းရမ်းစားသောက်မှုကိုသာ ပြုလိုကြခြင်းဖြစ်သည်။

“ကျိုင်းတုံဘက်မှာ နေတုန်းက (တောင်းရမ်းစားသောက်တာ) ခဏတဖြုတ် လုပ်ဖူးတယ်။ ခဏပဲလေ။ မဟုတ်ရင် စားစရာမရှိဘူး။ အလုပ်လုပ်ချင်ရင်လည်း မခိုင်းကြဘူး”ဟု ကိုစိုင်းလောဝ်က ပြောပြသည်။

အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ဖူးသည်ဟု ကိုစိုင်းလောဝ်ကဆိုသော်လည်း ခြေထောက်တစ်ဖက်ပြတ်နေသည့်အပြင် မျက်နှာ (အထူးသဖြင့်မျက်စိ) မှာလည်း ပင်ကိုအတိုင်းမဟုတ်ဘဲ ရောဂါကြောင့် ချို့ယွင်းမှုများရှိနေသည့် သူ့ကို မည်သည့် အလုပ်ရှင်ကမှ အလုပ်ပေးရန် စိတ်ဝင်စားကြမည် မဟုတ်ပေ။

အနာကြီးရောဂါပိုးသည် ကိုစိုင်းလောဝ်ထင်နေသလို သွေးမသန့်သဖြင့် အစားမှားပြီး ဖြစ်ပွားခြင်းမျိုးမဟုတ်ပေ။ ဝဋ်နာ ကံနာရောဂါ၊ ပြုစားခံရခြင်း၊ ဆွေမသန့်မျိုးမသန့်သဖြင့်ဖြစ်ခြင်း၊ သွေးနုသားနုတွင် အစားအသောက်မှားသဖြင့် ရောဂါဖြစ်ခြင်းဟု လူအများထင်နေကြသော်လည်းအမှန်မှာ M.Leprae ဟုခေါ်သည့် ပိုးတစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းပိုးသည် လူတွင်သာ ပွားနိုင်ပြီး အခြား တိရစ္ဆာန်များတွင် မပွားများနိုင်ပေ။

ရောဂါဖြစ်ပွားနေသည့် လူနာနှင့် ကာလရှည်ကြာစွာအတူနေလျှင် အသက်ရှူ လမ်းကြောင်းမှ ဖြစ်စေ၊ ထိတွေ့မှုမှ ဖြစ်စေ ကူးစက်နိုင်သော်လည်း ယင်းကဲ့သို့ နေထိုင်သော်လည်း မကူးစက်သူများလည်းရှိသည်။ ဟိုခိုက်ဂေဟာရှိ ခရစ်ယာန်သီလရှင်များသည် လူနာများကို ထိတွေ့ကိုင်တွယ်၍ ပြုစုပေးခဲ့သော်လည်း ရောဂါကူးစက်ခံရသူ မရှိခဲ့ပေ။

ရောဂါကူးစက်ခံရသူများကို ပိုးနည်းသူဆိုလျှင် MDT ဆေးနှစ်မျိုးကို ခြောက်လ တိုက်လျှင် ပျောက်ကင်းပြီး ပိုးများသည့် လူနာဆိုလျှင် MTD ဆေးသုံးမျိုးကို တစ်နှစ်တိုက်ရသည်။ ယင်းကာလလွန်လျှင် ရောဂါ လုံးဝပျောက်ကင်းကြောင်း ဆေးပညာရှင်များက ပြောဆိုထားသည်။

သို့သော် ရောဂါဖြစ်လျှင် လူတော မတိုးဝံ့တော့ခြင်း၊ လူအများက လက်မခံတော့ခြင်းများကြောင့် သိမ်ငယ်စိတ်များဖြင့် ဘ၀ကို အဆုံးသတ်ရန် ကြံစည်ဖူးသူများရှိသကဲ့သို့ ရောဂါပျောက်ကင်းပြီးသော်လည်း ပြင်ပလောကမှ လက်မခံသဖြင့် သာမန်လူကဲ့သို့ သွားလာနေထိုင်ရန်မဖြစ်နိုင်သူများလည်း ရှိသည်။

ယင်းအခြေအနေကိုလည်း ဟိုခိုက်က ဖြေရှင်းပေးထားသည်။ ရောဂါဖြစ်ပွားဖူးသူများ၊ တစ်နည်းအားဖြင့် အနာကြီး ရောဂါပျောက်ကင်းသွားသူများအတွက် ဂေဟာအနီးတွင် ရွာတည်ပေးထားပြီး လက်ရှိတွင် လူဦးရေ ၈၀၀ နီးပါးအထိ ရှိနေသည်။

အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)၊ ကုန်းပြတ်နှင့် ဟိုခိုက်ဟူ၍ ဖွဲ့စည်း ထားပြီး ရာအိမ်မှူး၊ ဆယ်အိမ်မှူးများဖြင့် စနစ်တကျရှိသည်။

“သူတို့ကိုတော့ ကျွန်တော်တို့က တာဝန်မယူတော့ဘူး။ ကျွန်တော်တို့က ရောဂါခံစားနေရတဲ့လူနာတွေကိုပဲ တာဝန်ယူထားတာ”ဟု ဖာသာကျော်အေးက ဆိုသည်။

လူနာ ၈၆ ဦးအတွက် စားဝတ်နေရေး စုစုပေါင်းတစ်လကုန်ကျစရိတ်မှာ ကျပ်သိန်း ၂၀ ဝန်းကျင်ရှိသည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အနာကြီးရောဂါကင်းရှင်းပြီဟု ၂၀၀၃ ခုနှစ်က ကြေညာခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၆ ခုနှစ်ထုတ်ပြန်ချက်တွင် အနာကြီးရောဂါလူနာသစ်တွေ့ရှိသည့် နိုင်ငံ ၂၂ ခု တွင် မြန်မာလည်း ပါဝင်ခဲ့သည်။

ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တို့တွင် အနာကြီး ရောဂါ ဖြစ်ပွားမှုများရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။

ဟိုခိုက်သည် ရှမ်းပြည်နယ်တောင်ပိုင်းအတွက် အနာကြီးရောဂါသည်များ အားထားရာဂေဟာတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၈၁ နှစ်အတွင်း ဒုတိယကမ္ဘာစစ်ဒဏ်ကိုလည်း ခံခဲ့ရသည်။ လွတ်လပ်ရေးရပြီး ရောင်စုံသူပုန်ကာလကိုလည်း ဖြတ်သန်းခဲ့ရသည်။ ယင်းကာလများအတွင်း ဂေဟာကို တည်ထောင်ခဲ့သည့် ဘုန်းတော်ကြီးပဲရီးဂိုက လူနာများကို သားသမီးနှင့်မခြား စောင့်ရှောက်ပေးခဲ့သည်။

လက်ရှိဂေဟာတွင် လူနာများကို အမျိုးသမီးဆောင်၊ အမျိုးသားဆောင်ဟူ၍ ခွဲခြားပေးထားပြီး အလယ်တွင် ဆေးရုံနှင့် ဘုရားရှိခိုးကျောင်း ရှိသည်။

စကားနားထောင်သူများ၊ အိမ်ထောင်မပြုသူများကို အဝါရောင်အိမ်ငယ်လေးများတွင်ထားပြီး အိမ်ထောင်ကျသူများကို အဖြူရောင်အိမ်ငယ်တွင် ထားပေးသည်။ အဓိကထောက်ပံမှုမှာ ကက်သလစ် အသင်းတော်ဖြစ်ပြီး အခြားသော လူမျိုးဘာသာမရွေးစေတနာရှင်များကလည်း လာရောက်ထောက်ပံ့ပေးသည်ဟု ယင်း ဂေဟာမှ သိရသည်။

“အစိုးရရဲ့ အထောက်အပံ့လည်း မရတဲ့အတွက် ခက်ခဲပါတယ်။ ဒါပေမဲ့ စေတနာရှင်တွေက မကြာခဏလာရောက် ထောက်ပံ့ပေးတာရှိပါတယ်။ ကျွန်တော့် ဖုန်းနံပါတ် ၀၉ – ၄၂၈၃၂၅၁၈၂ ကို အချိန်မရွေး ဆက်သွယ်နိုင်ကြပါတယ်”ဟု ဖာသာကျော်အေးက အလှူရှင်များသို့ ဖိတ်မန္တကပြုရင်း ပြောသည်။

ကြင်နာစိတ်များဖြင့် စတင်ခဲ့သည့် ဟိုခိုက်သည် လက်ရှိတွင် အခြေတကျရှိနေပြီဟု ဆိုရသော်လည်း ဆက်လက်တည်မြဲစေရန်အတွက်မူ အလှူရှင်များလိုအပ်သည်။ မဟုတ်လျှင် ကြင်နာခံရသူများအတွက် အခက်တွေ့ကာ တောင်းရမ်းစားသောက်ရသည့်အဖြစ် ပြန်လည်ရောက်ရှိနိုင်လေသည်။

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *