ကျောက်စိုင်ကျောက်သားလို ခိုင်မာပါစေ

ပြီးခဲ့တဲ့လက မော်လမြိုင်နည်းပညာတက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေ စီစဉ်ကျင်းပတဲ့ Fair & Career Development 2019  ပွဲမှာ ပါဝင်ဟောပြောဖြစ်ခဲ့ပါတယ်။ အဓိကကတော့ လာမယ့်နှစ်တွေအတွက် လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ ဘာတွေပြင်ဆင်ထားရမလဲဆိုတာကို ဆွေးနွေးခဲ့တာပါ။ စိတ်ဓာတ်တက်ကြွဖို့  ပြောတာက ဟောပြောပြီး နှစ်ရက်၊ သုံးရက်လောက်ပဲခံတာမို့ နောက်ပိုင်း ပွဲတွေမှာတော့ အမြင်ဖွင့်ပေးတဲ့ သဘောနဲ့ ပြောဖြစ်နေပါတယ်။ အထူးသဖြင့် နယ်က လူငယ်တွေအတွက်ဆို ပိုလိုအပ်လို့ပါ။

ခုဆိုရင် ကမ္ဘာမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ပြောလာတာရှိပါတယ်။ Industrial Revolution 4.0 ဆိုပြီး နည်းပညာတွေက  လူတွေရဲ့နေရာကို ပိုလို့ပိုလို့ အစားထိုးဝင်ရောက်လာတော့မယ့် ခေတ်ကြီး           အကြောင်းပေါ့။ Artificial Intelligence (AI) လို့ခေါ်တဲ့ လူလုပ်အသိဉာဏ်တွေ ပိုထွန်းကားလာတယ်။ တချို့လည်း သိပြီးဖြစ်ပေမယ့် မသိသေးတဲ့သူတွေ မြင်သာအောင်ပြောရရင် ကျွန်တော်တို့ ခု ဖေ့စ်ဘွတ်ခ် သုံးကြတယ်။ အဲဒီမှာ ကျွန်တော့်ရဲ့ Newsfeed မှာ ပေါ်နေတဲ့ ကြော်ငြာတွေနဲ့ စာဖတ်သူရဲ့ Newsfeed မှာ ပေါ်နေမယ့် ကြော်ငြာတွေသည် မတူပါဘူး။ ကျွန်တော်တို့ တစ်ဦးချင်းရဲ့ စိတ်ဝင်စားမှုပေါ် မူတည်ပြီး  ကြော်ငြာတွေက ပေါ်နေတာ။ သင်တန်းအကြောင်း စိတ်ဝင်စားရင်  သင်တန်း၊ အစားအသောက်ဆို အစားအသောက် စသဖြင့်။ ဒါတွေက  တစ်ဦးတစ်ယောက်က ထိုင်ပြီး ရွေးချယ်ပြပေးနေတာ မဟုတ်ဘဲ အဲဒီ  AI ဆိုတာက ပြပေးနေတာပါ။

ခုနောက်ပိုင်း ဖေ့စ်ဘွတ်ခ်ပေ့ခ်ျတွေမှာ Chatbot ဆိုတာကို  သုံးလာကြတယ်။ တစ်ယောက်ယောက်က ကိုယ့်လုပ်ငန်းအကြောင်း  လာမေးရင် အလိုအလျောက်ဖြေပေးတဲ့ နည်းပညာပေါ့။ လူက ထိုင်ဖြေနေစရာ မလိုတော့ဘူး။ ကိုယ့်လုပ်ငန်းအကြောင်း ကြော်ငြာပို့ချင်တယ်ဆိုလည်း အဲဒီ Chatbot ကနေ တစ်ဆင့် လူအယောက်ထောင်ပေါင်းများစွာရဲ့ Message box ထဲကို တစ်ပြိုင်တည်း ပို့လိုက်လို့ရတယ်။   စဉ်းစားကြည့်၊ လူတစ်ယောက်ကိုသာ ခိုင်းထားရင် သူ နေ့မအိပ်  ညမအိပ်  ကြိုးစားတောင် အဲဒီလောက်များများစားစား ပို့နိုင်မှာ မဟုတ်ဘူး။  ဒီတော့ ကျွန်တော်သာ အဲဒီလို အမေးအဖြေလောက်ပဲ လုပ်တတ်တဲ့  အရည်အချင်းရှိသူဆို ဒီ Chatbot ပေါ်လာတဲ့အတွက် ကျွန်တော် အလုပ်ပြုတ်မယ်။

ဒါ အသေးဆုံးဥပမာပဲ ရှိသေးတယ်။ လေ့လာရင် လေ့လာသလောက်၊ သတိထားကြည့်ရင် ကြည့်သလောက် AI ရဲ့ အခန်းကဏ္ဍကို မြင်နိုင်ပါလိမ့်မယ်။ ခေတ်က အဲဒီလောက်ကို ဖြစ်လာတော့ ပြင်ဆင်ထားရမှာတွေလည်း များလာတယ်။ နိုင်ငံတကာက တက္ကသိုလ်ကြီးတွေမှာဆို သူတို့ကျောင်းသားတွေ ဒီအပြောင်းအလဲနဲ့ အံဝင်ခွင်ကျဖြစ်အောင်လို့ သင်ရိုးညွှန်းတမ်းတွေကိုတောင် ပြင်ဆင်ရေးဆွဲနေကြပြီ။  နည်းပညာတွေက လူတွေရဲ့နေရာကို ပိုမိုအစားထိုးလာတော့မှာမို့ အဲဒီနည်းပညာတွေမှာမရှိဘဲ လူမှာပဲရှိနေတဲ့ အရာတွေကို ပိုတောက်ပြောင်အောင် လုပ်ထားမှ ရတော့မယ်။ ဘာတွေလဲဆိုတော့ စိတ်ခံစားချက်တွေ၊ ခံယူချက်တွေ၊ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတွေ၊ စီမံခန့်ခွဲမှု အရည်အချင်း၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ တီထွင်ကြံဆနိုင်စွမ်းတွေ၊ အခြေအနေပေါ်လိုက်ပြီး ပြောင်းလဲနိုင်စွမ်းတွေ  စသဖြင့်။ အတိုချုံးပြောရရင် Soft skill တွေပေါ့။ ကားမောင်းသင်တာ၊  စက်ပြင်နည်းသင်တာလို မြင်သာထင်သာစွာနဲ့ သင်ပေးလိုက်လို့မရတဲ့  အဲဒီလိုအရည်အသွေးတွေဟာ ဒီဘက်ခေတ်မှာ ပိုလိုအပ်လာလိမ့်မယ်။  ဒီအတွက် ကျောင်းသားလူငယ်တွေကို ပြင်ဆင်ထားနိုင်အောင် ပြောပြခဲ့တာ။

အဲဒါတွေကို ကျွန်တော်ဆွေးနွေးပြီးသွားတဲ့နောက်မှာ ညီငယ် တစ်ယောက်က မေးခွန်းမေးတယ်။ “ခေတ်အခြေအနေပေါ် လိုက်ပြီး  အလိုက်သင့်ပြောင်းလဲယူနိုင်ရမယ်လို့ ဆရာက ပြောသွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြားဖူးတာလေးတွေ ရှိတယ်။ ဥပမာ – ကိုယ်က ဆောက်လုပ်ရေး  ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်း၊ အဲဒီမှာ ပိုင်ရှင်က တင်ဒါတွေအောင်၊ လုပ်ကွက် တွေရ၊ ပြီးလည်းပြီးရော လုပ်ငန်းမှာ ခိုကပ်ပြီး အမြတ်များများရဖို့ ဖြစ်သလို လုပ်ခိုင်းနေတယ်။ ကိုယ်က အဲဒီလို မလုပ်ချင်ဘူးဆိုရင်ရော  ဆရာပြောသလိုပဲ အလိုက်သင့် လိုက်ပါပြောင်းလဲရမှာလား” တဲ့။ သိပ်ကောင်းတဲ့ မေးခွန်းလေးပါ။ ကျွန်တော်ပြောသမျှ လက်မခံဘဲ လိုက်စဉ်းစားပြီး  ပြန်လှန်မေးခွန်းထုတ်သွားတာ။ အဲဒါနဲ့ ကျွန်တော် ပြန်ရှင်းပြရတယ်။

ဘောလုံးပွဲဝါသနာပါသူဆိုရင်တော့ သိမယ်။ အရင်ခေတ်က  ဂိုးသမားတွေနဲ့ ဒီခေတ် ဂိုးသမားတွေရဲ့ ပုံစံသည် မတူတော့ဘူး။ အရင်က ဂိုးသမားဆို ဂိုးကောင်းကောင်းဖမ်းတတ်ရင် လုံလောက်ပြီ။ ခုကျ  ဂိုးသမားကောင်း ဖြစ်ချင်ရင် ဂိုးလည်း ဖမ်းတတ်ရမယ်၊ ရှေ့လည်း တက်နိုင်ရမယ်၊ အသင်းရဲ့ ကစားကွက်ထဲမှာလည်း ပါဝင်နေနိုင်ရမယ်တဲ့။ အရင်လို ဂိုးချည်းဖမ်းနေလို့ မရတော့ဘူး။ ဒီတော့ အဲဒီလို ဂိုးပဲ ဖမ်းတတ်တယ်ဆိုတဲ့ ဂိုးသမားတွေဟာ ဒီနေ့ခေတ်မှာ နေရာမရတော့ဘူး။ ပြောချင်တာက ခေတ်က ပြောင်းပြောင်းလာတယ်၊ အဲဒီအတိုင်း လိုက်မပြောင်းနိုင်ရင် ကိုယ်က ကျန်ခဲ့မယ်။

ခုနောက်ပိုင်း ဖေ့စ်ဘွတ်ခ်က တအားတွင်ကျယ်လာတယ်။  ဒီတော့ အဲဒီပေါ်မှာ ကြော်ငြာကြ၊ ချိတ်ဆက်ကြ၊ နာမည်တွေ တည်ဆောက်ကြ။  အဲဒါကို လိုက်မလုပ်ဘဲ အရင်ပုံစံအတိုင်းပဲ ကြော်ငြာနေမယ်ဆို   လုပ်ငန်းတစ်ခုဟာ အဆင်မပြေနိုင်တော့ဘူး။

ဒါတွေဟာ Flexibility လို့ခေါ်တဲ့ အလိုက်သင့်ပြောင်းလဲယူနိုင်စွမ်းရဲ့ အရေးကြီးမှုကို ပြနေတာပါပဲ။

ဟုတ်ပြီ။ အဲဒီလိုပြောင်းလဲယူရမယ်ဆိုတော့ ဒီညီငယ်မေးသလိုပဲ  ခိုးတဲ့သူတွေကြားထဲ ရောက်သွားရင် လိုက်ခိုး၊ အကျင့်ပျက်တဲ့သူတွေကြား ထဲ ရောက်သွားရင် အကျင့်လိုက်ပျက်၊ ကောင်းတဲ့သူတွေကြားထဲရောက်  မှ ပြန်ကောင်း၊ ဒီလို ဆိုလိုတာလား။

မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အရည်အသွေးပိုင်း၊ အလုပ်လုပ်တဲ့ပုံစံတွေကိုသာ ခေတ်ရဲ့ တောင်းဆိုမှုပေါ်လိုက်ပြီး ပြောင်းလဲယူရမယ် ဆိုပေမယ့်  ကိုယ်ကျင့်သိက္ခာနဲ့ ပတ်သက်လို့တော့ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ဖို့ လိုပါတယ်။ လိုရုံတင်မကဘူး၊ ဒီခေတ်မှာဆို သိပ်လည်း အရေးကြီးလာပါတယ်။

ခုခေတ်ဟာ ရုပ်ဝတ္ထုကိုးကွယ်မှု သိပ်များပါတယ်။ နာမည်ကြီးရင် ပြီးရော ဘာလုပ်ရလုပ်ရ၊ အောင်မြင်ရင်ပြီးရော ဘာလုပ်ရလုပ်ရ၊ ပိုက်ဆံ ရရင်ပြီးရော ဘာလုပ်ရလုပ်ရ၊ ဒီလိုစိတ်တွေ ထွန်းကားလာတယ်။ လူတွေကလည်း အဲဒီလိုနာမည်ကြီးမှ၊ အောင်မြင်နေမှ၊ ချမ်းသာမှ လူရာသွင်းတယ်၊ အထင်ကြီးတယ်။ လူငယ်တွေရဲ့ စံပြပုဂ္ဂိုလ်ဆိုတာ တွေကလည်း အဲဒီလိုလူတွေ ဖြစ်ဖြစ်လာတယ်။

ရလဒ်အနေနဲ့ နယ်ပယ်တိုင်းနီးနီးမှာ ပျက်စီးလာကြတော့တာပဲ။  စာပေမှာ တစ်ရာဖိုးသုံးပုဒ်လို့ ခေတ်စကားနဲ့ ပြောကြတဲ့ အရည်အသွေး နိမ့်တဲ့ စာတွေ၊ ပိုက်ဆံမြတ်ရင်ပြီးရော ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ၊  နာမည်ကျော်ကြားမှုကို အောင်မြင်မှုလို့ ထင်နေကြတဲ့ အနုပညာရှင်တွေ၊  လူပြိန်းကြိုက် မီဒီယာတွေ၊ Certificate တွေ၊ Diploma တွေ  ဗန်းပြပြီး ချင်း (ဂျင်း)ထည့်နေတဲ့ သင်တန်းကျောင်းတွေ စသဖြင့်  အများကြီး ရှိလာတယ်။ အောင်လည်း အောင်မြင်နေကြပြန်တယ်။  အများကလည်း အထင်ကြီးလေးစားနေကြတယ်။

ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ ဘာဆက်လုပ်မလဲ။

သူတို့ ဒီလိုလုပ်နေမှတော့ ငါလည်း လိုက်လုပ်မယ်၊ ခေတ်ကိုက  ဒီလိုဖြစ်နေတာပဲ၊ ငါလည်း အဲဒီလိုပဲ လုပ်ရမှာပေါ့ဆိုတာတွေက Flexible  ဖြစ်တာမဟုတ်ပါဘူး။ ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်မရှိတာကို  ပြတာပါ။ ကိုယ့်ပရော်ဖက်ရှင်၊ ကိုယ့်ပညာကို ကိုယ်တန်ဖိုးမထားမှန်း  သိသာစေတာပါ။

အမေရိကန် သမ္မတဟောင်း Thomas Jefferson က ပြောခဲ့ ဖူးပါတယ်။

“In matters of style, swim with the current. In matters of principle, stand like a rock”

အလုပ်လုပ်တဲ့ပုံစံနဲ့ ပတ်သက်လာရင် ရေစီးကြောင်းနဲ့အတူ လိုက်ပါ စီးမျောပါ။ မူနဲ့ပတ်သက်လာရင်တော့ ကျောက်စိုင်ကျောက်သားလို  ခိုင်မာပါစေတဲ့။

ကျွန်တော်ဆိုလိုချင်တဲ့၊ ဒီခေတ်မှာ အရေးတကြီးလိုအပ်လာတဲ့ Flexibilityဆိုတာ ပထမအချက်ကို ပြောတာပါ။ ကျွန်တော်တို့  စီးပွားရေးလုပ်ကြတာ၊ လုပ်ငန်းခွင်မှာ ပိုပိုပြီး အဆင့်မြင့်လာအောင်  ကြိုးစားကြတာ၊ နောက်ဆုံး အသိပညာ ဖြန့်ဝေမှုတွေ လုပ်ကြတာက အစ ခေတ်အနေအထားပေါ် မူတည်ပြီး လုပ်ရပါတယ်။ နမူနာအနေနဲ့  ခုခေတ် ဖေ့စ်ဘွတ်ခ်မှာဆို လူတွေက စာထက် ဗီဒီယိုကို ပိုကြည့်လာကြ တယ်တဲ့။ ဒီအခါ အရင်လို စာပဲရေးပြီး ကျန်းမာရေးအသိပညာပေးနေမယ့်အစား  ဗီဒီယိုတွေ တင်ပြီးတော့ပါ ပြောလာရတယ်။ ဒါမှ ကိုယ့်ရဲ့  အသိပညာပေးမှုက ပိုကျယ်ပြန့်မှာကိုး။ ဒါပေမဲ့ နာမည်ကြီးရင် ပြီးရောဆိုပြီး မဟုတ်ဘဲ လျှောက်ပြောတာမျိုး၊ ဘာလုပ်လိုက်ရင် ပျောက်သွားမယ်ဆိုပြီးပြောတာမျိုးတော့ လုံးဝလုပ်လို့ မရပါဘူး။ ဘာလို့ဆိုတော့ ဒါက Principle ပိုင်း ဖြစ်သွားလို့ပါပဲ။

ခေတ်က သိပ်မြန်လာတယ်။ ပြိုင်ဆိုင်မှုတွေ ပြင်းထန်တာက လူအချင်းချင်းတောင် မဟုတ်တော့ဘဲ နည်းပညာတွေကပါ နေရာဝင်လုလာပါတယ်။ ဒီအတွက် ပိုကြိုးစားလာရတယ်။ အရင်ခေတ်ထက်စာရင်  ဒီခေတ်က တောင်းဆိုမှု ပိုများလာတယ်။ အပြောင်းအလဲတွေက မြန်လွန်းတော့ ဒီနေ့ အလုပ်ဖြစ်နေတဲ့ ပုံစံက နက်ဖြန်ကျ ဖြစ်ချင်မှ ဖြစ်တော့မယ်။  ဘာတွေ ဘယ်လိုပြောင်းလဲလာမယ် ဆိုတာကိုလည်း မှန်းဆလို့မရဘူး။  ဒီတော့ ဖြစ်လာသမျှ အပြောင်းအလဲတိုင်းနဲ့ အံဝင်ခွင်ကျဖြစ်အောင်၊  ခပ်မြန်မြန် အထိုင်ကျအောင် ကြိုးစားနိုင်ခြင်းက ဒီခေတ်ရဲ့ မရှိမဖြစ်  အရည်အသွေးတစ်ခု ဖြစ်လာတယ်။

တစ်ချိန်တည်းမှာပဲ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေ၊ စံနှုန်းတွေ၊ ကိုယ်ကျင့် သိက္ခာတွေ၊ ကျင့်ဝတ်တွေနဲ့ ပတ်သက်ရင်လည်း ခိုင်မာတဲ့ ရပ်တည်ချက် ရှိဖို့က လိုအပ်လာပါတယ်။ မဟုတ်ရင်တော့ အများက လက်ခုပ်တီးနေရင်တောင် ကိုယ့်အတွက် ပြည့်ဝတဲ့ အောင်မြင်မှုတစ်ခုရလာမှာ မဟုတ်ပါဘူး။

ဒါကြောင့် Thomas Jefferson ရဲ့ စကားနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။

အလုပ်လုပ်ပုံနဲ့ ပတ်သက်လာရင် ခေတ်ရေစီးကြောင်းပေါ်လိုက်ပြီး ပြောင်းလဲယူပါ။ ကိုယ်ပိုင်မူတွေ၊ တန်ဖိုးထားမှုတွေနဲ့ ပတ်သက်လာရင်တော့ အခြေအနေတွေ ဘယ်လိုပဲဖြစ်နေပါစေ ကျောက်စိုင်ကျောက် သားလို ခိုင်ခိုင်မာမာ ရပ်တည်နေထိုင်ပါ။

ဒေါက်တာဖြိုးသီဟ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *