အငြင်းပွားမှုများကြောင့် မန္တလေးတွင် မြေပြန်စွန့်လွှတ်မှု ထက်ဝက်ကျော်သာပြီးစီး

မန္တလေး၊ ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီးအတွင်း စွန့်လွှတ်ရန်ရှိသည့် မြေယာများကို ပြည်ထောင်စုအစိုးရအဖွဲ့က ပြန်လည်စွန့်လွှတ်ပြီးဖြစ်သော်လည်း မြေပြင်အငြင်းပွားမှုများရှိနေသည်ကို ပြန်လည် စိစစ်နေသဖြင့် ထက်ဝက်ကျော်သာလုပ်ငန်းပြီးစီးသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“အငြင်းပွားတာတွေရှိနေလို့သာ ကြာနေတာကိုး။ နိုင်ငံတော်အနေနဲ့ကတော့ အကုန်စွန့်လွှတ်ပြီး တိုင်းအစိုးရကို အပ်ထားပြီးသား။ အဲဒါကို ပြန်ပေးဖို့ မြေပြင်မှာတောင် သူအချင်းချင်းညှိနှိုင်းဖို့ တော်တော်ခက်တယ်” ဟု တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဒေါက်တာစိုးသန်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း နိုင်ငံတော်က ပြန်လည်စွန့်လွှတ်ပြီးစီးသည့် စွန့်လွှတ်မြေ ၁၆,၄၃၆ ဒသမ ၆၂၈ ဧက ရှိသည့်အနက် တိုင်းအစိုးရမှ ပြန်လည်လွှဲ ပြောင်းပေးသည့် စိုက်ပျိုးနိုင်သည့် မြေ ၈၀၃၃ ဒသမ ၇၂၆ ဧက၊ ဌာနဆိုင်ရာ အချင်းချင်းပြန်လွှဲပြောင်းပေးသည့် ၁၆၃၈ ဒသမ ၄၆၅ ဧက၊ စုစုပေါင်း ၉၆၇၂ ဒသမ ၁၉၁ ဧကကို လွှဲပြောင်းပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“ပြီးစီးမှုရာခိုင်နှုန်းက ၅၉ ရာခိုင်နှုန်း  ပါ။ လွှဲဖို့ကျန်နေသေးတာက ၆၇၆၄ ဒသမ ၄၃ ဧက ဖြစ်ပါတယ်”ဟု ဒေါက်တာစိုးသန်းက ဆိုသည်။

လွှဲပြောင်းရန်ကျန်ရှိနေသည်များထဲမှ စဥ့်ကူးမြို့နယ်အတွင်းရှိ ခံတက်ချဉ် စိုက်ကွင်းသည် မူလတောင်သူလက်မှ ဌာနဆိုင်ရာ၊ ကုမ္ပဏီများအဆင့်ဆင့် လက်လွှဲရောင်းချ ငှားရမ်းခြင်းများရှိပြီး သီးစားတောင်သူ၊ ကျူးကျော်တောင်သူများပေါ်ပေါက်နေသည်ကို စိစစ်နေရကြောင်း၊ ကျူးကျော်သူများကို အလွယ်တကူရှင်းလင်း၍ မရလျှင် အင်အားသုံးရှင်းလင်းခြင်းမျိုးလည်း သုံးနိုင်ကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

“မူလသိမ်းဆည်းခံရတဲ့ တောင်သူနဲ့ နောက်မှ ရောက်လာတဲ့ တောင်သူပြေလည်အောင်ညှိပေးနေတယ်။ နောက်မှ ရောက်လာတဲ့သူကို ကျူးကျော်လို့ သတ်မှတ်တယ်။ အဲဒီတော့ မူလတောင်သူတွေကို မေတ္တာရပ်ခံတယ်။ သူတို့ကို ခင်ဗျား တို့ရတဲ့ထဲက ၂၅ ရာခိုင်နှုန်းပြန်ခွဲပေးပါ။ အဲဒါကို လက်ခံတယ်။ ဒါပေမဲ့ နောက်ရောက်တဲ့ သူက လက်မခံဘူး။ အဲဒါကြောင့် ပြဿနာတွေက မပြီးသေးတာ”ဟု ဝန်ကြီးဒေါက်တာစိုးသန်းက ရှင်းပြသည်။

စဥ့်ကူး၊ ပြင်ဦးလွင်၊ မြစ်သားစသည့်  မြို့နယ်များတွင် ကျန်ရှိနေသည့် စွန့်လွှတ်မြေများကို ဖြေရှင်းပြီးလျှင် ၁၀၀ ရာခိုင်နှုန်း စွန့်လွှတ်ပြီးဖြစ်မည်ဟု ၎င်းက ပြောသည်။

မြေယာများပြန်လည်စွန့်လွှတ်ခြင်းနှင့်အတူ မြေသိမ်းခံတောင်သူများကို မတရားပုဒ်မများဖြင့် ဖမ်းဆီးထောင်ချနေမှုများကိုလည်း ဖြေလျှော့ပေးစေလိုကြောင်း တောင်သူအရေးဆောင်ရွက်ပေးနေသူများက အကြံပြုသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်းသိမ်းဆည်းထားသည့် လယ်ယာမြေများကို ပြန်ပေးနိုင်သည့် အခြေအနေသို့ ရောက်နေပြီဖြစ်ပြီး မြေပြင်အရှုပ်အရှင်းများကို ဖြေရှင်းနေရသဖြင့် ကြန့်ကြာနေမှုများကို ကျော်လွှားနိုင်ရန် အဓိကအားစိုက်၍ လုပ်ဆောင်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရီးစဉ်တွင် ဒေသခံများကို ပြောဆိုခဲ့သည်။                

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *