“စည်ပင်က တကယ်တမ်းပြောရင် လူတော်တော်မုန်းတဲ့ အဖွဲ့စည်းတစ်ခုလို ဖြစ်နေတယ်”

ရန်ကုန်စည်ပင်ရွေးကောက်ပွဲတွင် အင်းစိန်မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် သီးလေးသီးဆေးရောင်စုံအငြိမ့်မှ လူရွှင်တော်ဂေါ်ဇီလာ (ခ) ဦးမောင်မောင်ဇင်နှင့် တွေ့ဆုံမေးမြန်းခြင်း

The Voice Journal – ဘာကြောင့် YCDC ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါလဲ။

MMZ – ဝင်ရောက်အရွေးခံတဲ့ ရည်ရွယ်ချက်ကတော့ စည်ပင်သာယာမှာလိုအပ်ချက်တွေ တော်တော်များ ပါတယ်။ လူထုနဲ့အနီးစပ်ဆုံး ထိတွေ့တဲ့နေရာ၊ လူထုနဲ့ တော်တော်များများ ထိတွေ့တဲ့နေရာလေးတွေမှာ ကွင်းဆက်တွေ ပျက်နေတာတွေ့ရတယ်။လူထုနဲ့ ဝန်ထမ်းတွေကြား၊ပြည်သူလူထုနဲ့ အစိုးရကြား ကွင်းဆက်လေးတွေ ပျက်နေတယ်။ ကျွန်တော်တို့က အဲဒါလေးတွေသွားမြင်တဲ့အခါကျတော့ ကိုယ်များ ချိတ်ပေးနိုင်မလားဆိုပြီးတော့ ဒီ YCDC ရွေးကောက်ပွဲကို ဝင်ရောက်အရွေးခံခြင်းဖြစ်ပါတယ်။

The Voice Journal – လက်ရှိ YCDC ရဲ့ ဝန်ဆောင်မှုကို ရန်ကုန်မြို့မှာ နေထိုင်သူတစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ဘာတွေအားနည်းချက်တွေ ရှိနေလဲ။

MMZ – အဓိက ဘာအားနည်းချက်ရှိလဲဆိုတော့ လမ်းပိတ်တာပဲ။ ကားများတာလည်း ပါတာပေါ့။ ယာဉ်ကြောပိတ်ဆို့တာကို မရှင်းလင်းနိုင်တာက တော်တော်စိတ်ပျက်စရာပဲ။ ဒီ စည်ပင်သာယာကထိန်းသိမ်းရမယ့် တာဝန်တွေ အများကြီးရှိပါတယ်။ အမှိုက်တွေ ထိန်းသိမ်းတာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းတာတွေ ရှိပါတယ်။ ကားလမ်းသာ ကူးနေရတယ်။ လူကူးမျဉ်းကျားက ဘယ်ဆီမှန်းမသိဘူး။ လူကူးမျဉ်းကျားရှိနေသော်ငြားလည်း ကားတွေက ရပ်မပေးဘူး။ စည်ပင်သာယာက ပြောရမယ်ဆိုရင်တော့ လူတော်တော်မုန်းတာပေါ့။ အခွန်အခကျတော့ အချိန်မှန်လာတယ်။ လုပ်ဆောင်ရမယ့် တာဝန်ကျတော့ အချိန်မှန်ရောက်မလာဘူး။ အဲဒါတွေပါတယ်။

The Voice Journal – ရွေးကောက်ပွဲကော်မရှင်က တရားမျှမျှတတရှိမယ်လို့ ထင်လား။

MMZ – အဲဒါကတော့ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ။ ရွေးကောက်ပွဲတစ်ခုမှာ တရားမျှတမှု ရှိလား မရှိလားဆိုတာ။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သုံးသပ်ကြည့်ရင် အချိန်ကာလ အင်မတန်တိုတောင်းတယ်။ ရွေးကောက်ပွဲကော်မရှင်က ကြည့်ရတာ အချိန်ကာလတိုတဲ့အတွက် ပရမ်းပတာဖြစ်တာလား၊ နဂိုထဲကိုက ပရမ်းပတာဖြစ်တာလားဆိုတာတော့ မခန့်မှန်းတတ်ဘူး။

The Voice Journal – ရန်ကုန်တိုင်းအစိုးရရဲ့  မေတ္တာရပ်ခံချက်ကြောင့် ရွေးကောက်ပွဲစည်းမျဉ်းကို  ပြောင်းလဲခဲ့တယ်လို့ ပြောတော့ ရွေးကောက်ပွဲကော်မရှင်အပေါ် တိုင်းအစိုးရက လွှမ်းမိုးမှုရှိနေတယ်လို့ ပြောချင်တာလား။

MMZ – အဲဒီလိုတော့ ပြောလို့ရတာပေါ့။ တကယ်တမ်းဆိုရင် ရွေးကောက်ပွဲကော်မရှင်ဆိုတာက ဒိုင်လူကြီးပဲ။ ဒိုင်လူကြီးဆိုတာ သမာသမတ်ကျရမယ်။ ဘယ်သူ့ဩဇာမှ ခံလို့မရဘူး။ အခုဟာက ရန်ကုန်တိုင်းအစိုးရကြီးရဲ့ မေတ္တာရပ်ခံချက်ကြောင့် ပယ်ဖျက်ပေးရ တယ်ဆိုတော့ တိုင်းအစိုးရရဲ့ ဩဇာအာဏာလွှမ်းမိုးတဲ့ ပုံစံ ရောက်နေတယ်။ ဒါတွေက မဖြစ်သင့်တဲ့ကိစ္စပါ။

The Voice Journal – စည်ပင်ရွေးကောက်ပွဲမှာ အနိုင်ရရင် ပထမဆုံးပြုပြင်ပြောင်းလဲချင်တဲ့ ကိစ္စများ စဉ်းစားထားတာ ရှိပါသလား။

MMZ – အဓိက ပြုပြင်ပြောင်းလဲချင်တာကတော့ လမ်းပိတ်ဆို့တာပဲ။ ဒီလမ်းပိတ်ဆို့မှုကို ဘယ်လိုအဆင်ပြေအောင် လုပ်မလဲ။ ဘာကြောင့်ပိတ်ဆို့တာလဲ။ အဲဒါပေါ့။

The Voice Journal – ကိုယ်တိုင်ကော YCDC  လုပ်ငန်းတွေအပေါ်မှာ စိတ်ပျက်ဖူးလား။

MMZ – အဓိကတော့ ဝင်အရွေးခံရတာက ကိုယ်တိုင် စိတ်ပျက်လို့ ဝင်အရွေးခံတာ။ တချို့ဟာတွေမှာ ကျွန်တော်တို့က ထဲထဲဝင်ဝင်မသိတဲ့အခါကျတော့ ကျွန်တော်တို့ လိုအပ်ချက်တွေက များတယ်။ သူတို့ မလုပ်ပေးနိုင်တာတွေကလည်း များတယ်။ သူတို့ဘက်က ငွေမနိုင်တာလား၊ လူမနိုင်တာလား ဒါမှမဟုတ် လုပ်နည်းကိုင်နည်း လွဲနေတာလား၊ ကျွန်တော်တို့ ပြည်သူတွေ ခံစားနေရတယ်။ အဲဒီခံစားချက်ကိုသိလို့ ကျွန်တော် ဝင်ပြိုင်တာ။

The Voice Journal – ရန်ကုန်နဲ့ မန္တလေးစည်ပင်မှာ မန္တလေးက ပိုကောင်းပါတယ်ဆိုတာမျိုးတွေ ကြားမိမှာပါ။ Smart City ရတာတွေလည်း ရှိတယ်။  အဲဒီလိုကောင်းအောင် လုပ်နိုင်ပါ့မလား။

MMZ – မန္တလေးစည်ပင်နဲ့ ရန်ကုန်စည်ပင်ကို နှိုင်းယှဉ်တဲ့အခါကျရင် ရန်ကုန်စည်ပင်က ဘာပြောလဲ ဆိုရင် မန္တလေးက ဧရိယာကျဉ်းတယ်ပေါ့။ ရန်ကုန်က အကျယ်ကြီးပေါ့။ အကျယ်ကြီးဖြစ်တဲ့အခါကျတော့ မနိုင်ဘူးပေါ့။ မန္တလေးက ရန်ကုန်ထက် ဧရိယာကျဉ်းတဲ့အတွက်ကြောင့် ထိထိရောက်ရောက် ပိုလုပ်နိုင်လို့ ပြောသံကြားဖူးတယ်။ ကျွန်တော်ဆိုလိုတာက ကျယ်တာ ကျဉ်းတာပဏာမ မဟုတ်ပါဘူး။ လုပ်ဆောင်ချက် သာလျှင် ပဏာမပါ။ လုပ်ဆောင်ချက်မှန်မယ်ဆိုလို့ ရှိရင် ဘယ်အရာမဆို အောင်မြင်မှာပါ။

The Voice Journal – ရွေးကောက်ပွဲကော်မရှင်က သူ့တာဝန်ကျေပွန်စွာ ထမ်းဆောင်းနေတယ်လို့ ထင်လား။

MMZ – လုပ်တော့ လုပ်နေတာပဲ။ တာဝန်တော့ ကျေတဲ့ပုံတော့ မပေါ်ပါဘူး။ သူတို့ဘက်က အားနည်းချက်က အချိန်ကာလ တိုတောင်းလွန်းအားကြီးတယ်။ မီဒီယာပိုင်းနဲ့ ကြေညာမှုနည်းတယ်။ မထင်မှတ်ဘဲ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူတွေ များလာတဲ့အတွက်ကြောင့် ဖွလာတာတွေများလို့ ဒီရွေးကောက်ပွဲက နည်းနည်းလေး လှုပ်လာတယ်။ စည်ပင်ရွေးကောက်ပွဲမှ မဟုတ်ပါဘူး။ ဘယ်ရွေးကောက်ပွဲမဆို ပြည်သူ စိတ်ဝင်စားရမယ်။ ဒါမှလည်း နိုင်ငံကြီးတိုးတက်မှာ ဖြစ်တယ်။ ရွေးကောက်ပွဲ စိတ်မဝင်စားဘူး။ ဘယ်သူပဲတက်တက် အချိန်တန် ကိုယ့်ထမင်းလုပ် ကိုယ်ရှာစားရတယ် ပြောကြတယ်။ မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ထမင်းလုပ် ကိုယ်ရှာစားရတာ မှန်ပေမယ့် အစိုးရကောင်းရင် လွယ်လွယ်ကူကူ ရှာစားလို့ရတယ်။ အစိုးရမကောင်းရင် ခက်ခက်ခဲခဲ ရှာစားရလိမ့်တယ်။ ဒါလေးကို ပြည်သူလူထုက သုံးသပ်ဖို့လိုတယ်။     

ရဲနိုင်ဦး ၊ ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *