အကာအကွယ်မဲ့ တိုင်းပြည်

ဓာတ်ပုံ - မိုးကျော်လွင်

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းကို စည်းလွတ်ဝါးလွတ်လုပ်နိုင်ကြောင်း ယခုတစ်လော ရေပန်းစားသွားသည့်  Red Dot ဖြစ်ရပ်က သက်သေထူလိုက်သည်။

နစ်နာသူ ကိုယ်စားလှယ်ပေါင်းနှစ်သောင်းကျော်၊ ကျပ်သိန်းပေါင်းသောင်းချီဆုံးရှုံးမှု ဖြစ်ခဲ့သော်လည်း ယင်း ကိစ္စအတွက် တာဝန်ယူမည့် အစိုးရဌာန၊ အာဏာပိုင်အဖွဲ့အစည်း မရှိခဲ့။

ငွေကြေးဆုံးရှုံးခဲ့ရသူများမှာ မည်သူမပြု မိမိမှုဟု အောင့်သက်သက်နှင့် သဘောထားလိုက်ကြရသည်။

“တာဝန်ရှိသူတွေက တာဝန်လွှဲနေတယ်လို့ပဲ ကျွန်တော် မြင်တယ်”ဟု ပြည်မြို့ရှိ ကောင်းထက်ကွန်ပျူတာ၊ ဖုန်းဆိုင်ပိုင်ရှင် ကိုစည်သူက ဆိုသည်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်။ စီးပွားရေးတွင်လည်း ထိုနည်းလည်းကောင်းပင်။

ဥပဒေ၊စည်းမျဉ်းစည်းကမ်းများ လုံလောက်စွာကြိုတင်ကာကွယ်ထားနိုင်လျှင် လက်ရှိဖြစ်နေသော ငွေကြေးလိမ်လည်မှု၊ ကုမ္ပဏီပိတ်သိမ်းထွက်ပြေးမှုများကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံသည် ကြိုတင်ကာကွယ်မှု အနည်းဆုံး တိုင်းပြည်စာရင်း ထုတ်ပြန်ပါက နောက်ဆုံးအဆင့်နားတွင် ရှိနေသည်ဆိုလျှင် ငြင်းရခက်ပေမည်။

နိုင်ငံခြားသားပိုင်လုပ်ငန်းအချို့ ပြည်တွင်းတွင် ဟန်ပြစီးပွားရေးလုပ်ကာ လာရောက်လိမ်လည်သွားသည့် သာဓကအများအပြားရှိပြီးဖြစ်သလို ကုမ္ပဏီ ပိတ်သိမ်းသွားသည့် Red Dot လုပ်ငန်း ပိုင်ရှင်မှာလည်း တခြားနိုင်ငံတွင် လူမွဲစာရင်း ခံထားပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကာ ထွက်ပြေးသွားပြန်သည်။

ဖုန်းငွေဖြည့်ခြင်း၊ အွန်လိုင်းမှေ ငွပေးချေခြင်းတို့အပြင် Red Dot Pay နှင့် Red Dot Visa ကတ်စသည့် ငွေရေး ကြေးရေးဝန်ဆောင်မှုများ တိုးချဲ့လုပ်ကိုင်နေသည့် Red Dot လုပ်ငန်းသည် ငွေရေးကြေးရေးဝန်ဆောင်မှု ပေးသည့် လုပ်ငန်း မဟုတ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ငြင်းဆိုလိုက်သည်။

ဖုန်းငွေဖြည့်သည့် လုပ်ငန်းသာ အဓိကလုပ်ကိုင်သည့် အဆိုပါကုမ္ပဏီသည် ဗဟိုဘဏ်၏ ကြီးကြပ်မှုအောက်တွင် မရှိကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ ဗဟို ဘဏ်၏တုံ့ပြန်မှုကို ငွေရေးကြေးရေးနှင့် ဥပဒေပိုင်းဆိုင်ရာ တတ်သိပညာရှင်များက သဘောမတူကြပေ။

“Mobile Infrastructure အောက်ကနေ အလုပ်လုပ်မယ်ဆိုရင် လက်မှတ်ပဲ ဝယ်ဝယ်၊ ဖုန်းငွေပဲ ဖြည့်ဖြည့်၊ နောက်ဆုံးဗျာ ဖုန်းထဲက ဖုန်းဘေလ်နဲ့ သန့်စင်ခန်းပဲဝင်ဝင် ဒါကို လက်ခံဆောင်ရွက်တယ်ဆိုရင် ဒီ (ငွေရေးကြေးရေးအဖွဲ့အစည်းများ) ဥပဒေအောက်ကို ရောက်တာပဲ”ဟု BizLaw Counsult Myanmar ၏ အမှုဆောင်အရာရှိချုပ် ဦးမင်းတေဇညွန့်တင်က မှတ်ချက်ပေးသည်။

ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားခြင်း မရှိသည့်အတွက် ၎င်းနှင့် မသက်ဆိုင်ကြောင်း ငြင်းချက်ထုတ်ခဲ့သလို စားသုံးသူရေးရာ ဦးစီးဌာနကလည်း ယခုနစ်နာသူများသည် ဝန်ဆောင်မှုကို တစ်ဆင့်  ခံယူထားသည့် ကုန်သည် ဖြစ်သောကြောင့် နောက်ဆုံးစားသုံးသူ မဟုတ်၍ တာဝန်ယူဆောင်ရွက်ပေးရန် မဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဗဟိုဘဏ်၊ ဆက်သွယ်ရေး၊ စားသုံးသူရေးရာ အားလုံးနှင့် မသက်ဆိုင်သော မိုဘိုင်းလ်ကွန်ရက်အခြေခံ ငွေပေးချေမှုလုပ်ငန်း၏ လိမ်လည်မှုပင်။

“သူ (Red Dot) က POS (Point of Sale) တွေသုံးတယ်။ ဒါသုံးတယ်ဆိုရင် ဗဟိုဘဏ်က သိဖို့လိုတယ်။ ထိခိုက်နိုင်သလားဆိုတာ အကြမ်းဖျင်း လေ့လာမှုတော့ လုပ်ရမယ်။ ဆုံးရှုံးမှုဖြစ်ရင်တော့ တရားဥပဒေနဲ့ ရှင်းရမှာ မှန်တယ်။ ဒါပေမဲ့ ဆုံးရှုံးမှုမဖြစ်ခင်မှာ လုံလောက်တဲ့ အကာအကွယ်ကို မလုပ်ထားဘူး။ ဒီလိုလုပ်ရမှာ က Regulator တွေရဲ့တာဝန်ပဲ”ဟု နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးက ဆိုသည်။

သက်ဆိုင်ရာအစိုးရဌာန၊ အာဏာပိုင်  အဖွဲ့အစည်းအသီးသီးက ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ပြောဆိုပြီးနောက် ဈေးကွက်အတွင်းရှိ ကျန်ငွေရေးကြေးရေးအဖွဲ့အစည်းများကိုပါ ပြည်သူက ယုံကြည်ရခက်လာသည်။

မိုဘိုင်းလ်ငွေရေးကြေးရေး  ဝန်ဆောင်မှုလုပ်ကိုင်နေသော Wave Money ၊ M-Patesan နှင့် OK Dollar  တို့က ၎င်းတို့သည် တရားဝင်လုပ်ကိုင်ခွင့် လိုင်စင်ရထားကြောင်း အများပြည်သူသို့ ထုတ်ပြန်ချက်များ ထုတ်ခဲ့ကြရသည်။

ယင်းအနက် True Moneyနှင့် ပတ်သက်၍မေးခွန်းအချို့ ပေါ်လာပြန်သည်။

မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ကိုင်မည့် လုပ်ငန်းသည် ဘဏ် သို့မဟုတ် တယ်လီဖုန်းအော်ပရေတာ တစ်ခုခုနှင့် ပူးပေါင်းဆောင်ရွက်မှသာ လိုင်စင်ရရှိမည်ဖြစ်ပြီး ဗဟိုဘဏ်က ထုတ်ပြန်ထားသော မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှု လိုင်စင်ရလုပ်ငန်းတွင် True Money မပါသည့်အတွက် ယင်းလုပ်ငန်းကို ဝေဖန်ထောက်ပြမှုများ ရှိလာသည်။

အမှန်တကယ်တွင် ဘဏ်ဖြင့် ပူးပေါင်းဆောင်ရွက်သော မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများကို ဗဟိုဘဏ်က သီးခြားမထုတ်ပြန်သည့်အတွက် အများပြည်သူက ဒွိဟဖြစ်လာရသည်။

“ဗဟိုဘဏ်က ထုတ်ထားတဲ့ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု လိုင်စင်ရ လုပ်ငန်းတွေမှာ မပါဘူးဆိုတာက အစ်မ တို့က ဘဏ်လိုင်စင်နဲ့ သွားတာမို့လို့ပါ။ AGD (အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်)  ဘဏ်ရဲ့ဘဏ်လိုင်စင်နဲ့ သွားတာဖြစ်တဲ့အတွက် ဒီလိုင်စင်ရလုပ်ငန်းစာရင်းမှာ မပါတာပါ”ဟု True Money ၏ Head  of Marketing ဒေါ်ခင်သီကြိုင်စိုးက ရှင်းပြသည်။

အဆိုပါ True Money လုပ်ငန်းသည် ၂၀၁၇ ခုနှစ် နိုဝင်ဘာလကတည်းကပင် ဗဟိုဘဏ်၏ ခွင့်ပြုချက်ကို ရရှိပြီးဖြစ်ကာ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လိုင်စင်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်တွင်းဘဏ်များက လုပ်ကိုင်နေသော မိုဘိုင်းလ်ဘဏ်ဝန်ဆောင်မှု  လုပ်ငန်းများစွာရှိပြီး ဆက်သွယ်ရေးအော်ပရေတာဖြင့် ချိတ်ဆက်ဆောင်ရွက်နေသော မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု  လုပ်ငန်းများလည်း ရှိသည်။

သို့သော် ဘဏ်နှင့် ဆက်သွယ်ရေး အော်ပရေတာများနှင့် ချိတ်ဆက်ထားခြင်း မရှိဘဲ မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလိုင်စင်ရထားသော တစ်ခုတည်းသောလုပ်ငန်းမှာ OK Dollar ဖြစ်သည်။

ယင်းအချက်က ပြည်သူလူထုကို မည်သည့်လုပ်ငန်းက အစစ်အမှန်ဆိုသည်ကို ဝေဖန်ပိုင်းခြားရန် ခက်ခဲစေပြီး ထိုအချက်ကို လုပ်ငန်းအချို့က အသုံးချလာခြင်း ဖြစ်သည်။

ယမန်နှစ်များက J Coin ကဲ့သို့ ငွေပေးချေမှုလုပ်ငန်းမျိုးက ကျပ်သိန်း ပေါင်းများစွာ လိမ်လည်ထွက်ပြေးမှုဖြစ်ခဲ့သော်လည်း နစ်နာသူများမှာ ဘာမျှ ပြန်လည်မတုံ့ပြန်နိုင်ခဲ့ပေ။

“J Coin လိုဟာမျိုးဆိုရင် အကြီး အကျယ်ရောင်းနေတာကို ဘာလို့ မသိရတာလဲ။ ပျက်သွားတော့မှ ပျက်သွားပြီ။ တရားစွဲကြပေါ့ဆိုပြီး ဖြစ်တယ်။ အဲဒီမတိုင်ခင် ဘာလို့ကြိုတင်ကာကွယ်မှု မပေးနိုင်တာလဲ”ဟု ဦးရဲမင်းဦးက ဆိုသည်။

ငွေကြေးနှင့် ပတ်သက်သည့် လိမ်လည်မှုများ ဖြစ်ပေါ်တိုင်း ယင်းနစ်နာမှုအတွက် တာဝန်ရှိ၊ တာဝန်ယူ ဖြေရှင်းပေးမည့် အစိုးရဌာနတစ်ခုမျှ ယခုအချိန်ထိ ပေါ်မလာပေ။

ချေးငွေစုမဲလောက ငွေကြေးအရှုပ်တော်ပုံတွင်လည်း ရှယ်ယာခေါ်၊ အပ်ငွေ လက်ခံ၊ အတိုးပေးဆိုသည့် ပုံစံဖြင့် ငွေသိန်းပေါင်းများစွာ လိမ်လည်မှုဖြစ်ခဲ့သော်လည်း ယင်းအတွက် အရေးယူ ဆောင်ရွက်မည့် တာဝန်ရှိအဖွဲ့အစည်းတစ်ခုမျှ ထွက်မလာ။

နစ်နာသူများက အောင့်သက်သက်နှင့် ကြိတ်မှိတ်ခါးစည်းခံလိုက်ကြရသည်။

“ဒီလိုမျိုး ကိုယ့်နိုင်ငံမှာ လာလာပြီး ကတုံးပေါ် ထိပ်ကွက်လုပ်သွားတာကြကိုတော့ အောင့်သက်သက်ကြီး ခံစားရတယ်။ ဒီငွေကို လိမ်သွားလို့ ပြန်ရချင်တာထက် ဒီလို လိမ်ရင် ဒီလို တာဝန်ယူရမယ်၊ ဒီတိုင်း ငြိမ်ခံလိုက်ရတယ်ဆိုတာမျိုးတော့ အဖြစ်မခံစေချင်ဘူး။ အရေးယူမှုတစ်ခုခု ရှိစေချင်တာ”ဟု နေပြည်တော်မှ Red Dot ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

ကြိုတင်ကာကွယ်မှု၊ ကြီးကြပ်မှုအားနည်းသည့် မြန်မာနိုင်ငံကို အလွယ်တကူလုပ်စားလို့ ရသည့် ‘အချဉ်’ နိုင်ငံ အဖြစ် အခြားနိုင်ငံမှ လူများက မြင်သွားကြလျှင် နိုင်ငံပုံရိပ်ကျဆင်းစေကြောင်း ၎င်းက မှတ်ချက်ပေးသည်။

အမှန်တကယ်တွင်လည်း ထိုနည်းနှင်နှင်ပင်။

အခြားနိုင်ငံမှ အမှန်အကန်မဟုတ်သည့် လူလည်လုပ်ငန်းရှင်အချို့၊ ငွေကြေး ပြဿနာကြောင့် အမည်ပျက်လုပ်ငန်းရှင်တချို့နှင့် လူမွဲစာရင်းဝင်များမှာ မြန်မာနိုင်ငံတွင် ဟိတ်ဟန်အပြည့်ဖြင့် လုပ်ငန်း လုပ်ကိုင်ကာ ငွေကြေးပြဿနာများစွာကို ဖန်တီးခဲ့ကြပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမွဲအဖြစ်ခံယူသည့် ဥပဒေကြမ်းကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ရန်လိုပြီး နယ်စပ်ဖြတ်ကျော်စိစစ်၊ စစ်ဆေးခြင်းတို့ လုပ်ဆောင်နိုင်ရန်လိုကြောင်း ဦးမင်းတေဇညွန့်တင်က ဆိုသည်။

ဗဟိုဘဏ်အနေနှင့် လုပ်ငန်းအသေးအမွှားများအထိ လိုက်လံကြီးကြပ်ရန်မဖြစ်နိုင်ကြောင်း ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌဦးဘိုဘိုငယ်က ဖြေရှင်းထားသည်။

Red Dot လုပ်ငန်းသည် စတင်စဉ်က ဖုန်းငွေဖြည့်ရုံသာဖြစ်ပြီး ယင်းမှ တစ်ဆင့်ပြီးတစ်ဆင့် ငွေကြေးဝန်ဆောင်မှုများလုပ်လာသော်လည်း ဗဟိုဘဏ်က မည်သည့်ကြီးကြပ်စိစစ်မှုမျှ မလုပ်ခဲ့ပေ။

“လုပ်ငန်းအသေးတွေစတင်ချိန်မှာတော့ ကြီးကြပ်ဖို့ လိုကောင်းမှ လိုမယ်။ ဒါပေမဲ့ တဖြည်းဖြည်းတိုးချဲ့လာရင်တော့ ကြီးကြပ်မှုက ရှိကို ရှိရမယ်။ လုပ်ငန်းစတင်ချိန်မှာ လိုက်ကြီးကြပ်ကန့်သတ်ရင် တီထွင်ဆန်းသစ်မယ့်လုပ်ငန်းတွေ ပေါ်မလာနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်”ဟု မြန်မာ့ငွေပေးချေမှုအဖွဲ့ (MPU) အမှုဆောင် အရာရှိချုပ်ဦးဇော်လင်းထွဋ်က ဆိုသည်။

စည်းမျဉ်းစည်းကမ်းတင်းကျပ်လွန်းလျှင် လုပ်ငန်းများအတွက် လုပ်ကိုင်ရခက်ပြီး အစိုးရဌာနများနှင့် လုပ်ငန်းများအကြား လာဘ်ပေးလာဘ်ယူများစွာဖြစ်နိုင်သလို စည်းမျဉ်းစည်းကမ်းလျော့ရဲချိန်တွင် ယခုကဲ့သို့ လိမ်လည်၊ ထွက်ပြေးမှုများ ပေါ်ပေါက်လာပြန်သည်။

ဗဟိုဘဏ်တာဝန်ရှိသူ၏ ပြောကြားချက်အရ ငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းကို ကြီးကြပ်ခြင်း ရှိ၊ မရှိမှာ လုပ်ငန်းအကြီး၊ အသေးပေါ် မူတည်သည့် သဘောဖြစ်သည်။

“ထိန်းချုပ်တာရယ်၊ ကန့်သတ်တာ ရယ်၊ ကြီးကြပ်တာရယ်ဆိုတာ ဒီဂရီမတူဘူး။ ထိန်းချုပ်၊ ကန့်သတ်ခိုင်းတာ မဟုတ်ဘူး။ ကြီးကြပ်ခိုင်းတာ။ မကြီးကြပ်ဘဲနေလိုက်ရင် ပြဿနာက ပိုကြီးလာတာပေါ့”ဟု ဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်က ထောက်ပြသည်။

မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုထားခြင်းမရှိသော နိုင်ငံခြားငွေကြေး  အရောင်းအဝယ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်း၊ အီလက်ထရွန်နစ်ငွေပေးချေမှုစသည့်လုပ်ငန်းများစွာ မြန်မာ နိုင်ငံတွင် လုပ်ကိုင်နေကြသည်။

“အရင်ထက်စာရင်တော့ လုံလောက်တဲ့ ကာကွယ်မှုမျိုးပေးနိုင်တယ်လို့ ကျွန်တော် မထင်ဘူး။ အရင်ဆုံးငွေကြေးနဲ့ ပတ်သက်လို့ တရားမဝင်လုပ်နေတဲ့ လုပ်ငန်းတွေ အများကြီးပဲ။ ဒါတွေကို အရင်တားသင့်တယ်။ အဲဒါမလုပ်ရင်တော့ ပိုဆိုးလာမှာပဲ”ဟု ဦးရဲမင်းဦးက မှတ်ချက်ပေးသည်။

ဗဟိုဘဏ်၏ သဘောထားအရဆိုလျှင် လုပ်ငန်းအရွယ်အစားသေးငယ်သည့်အတွက် ကြီးကြပ်မှုမရှိဘဲ လွှတ်ပေးထားသည့် သဘောဖြစ်ပြီး နောက်ထပ် Global Growth ကဲ့သို့ နိုင်ငံခြားငွေကြေးဈေးကွက် အရောင်းအဝယ်လုပ်သည်ဆိုကာ လိမ်လည်မှုမျိုး၊ နောက်ထပ် J Coin ကဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေးအယောင် ဆောင်လုပ်ငန်းမျိုး ပေါ်ပေါက်လျှင်လည်း ဗဟိုဘဏ်နှင့် သက်ဆိုင်ဦးမည် မဟုတ်ပေ။

တစ်ဖက်ကကြည့်လျှင်မူ နောက်ထပ်လူလိမ်၊ လူမွဲများ၏ အလိမ်အညာလုပ်ငန်း  များစွာ ပြည်တွင်းတွင် လာရောက်လုပ်ကိုင်နိုင်ရန် လက်ယပ်ဖိတ်ခေါ်နေခြင်းပင်။

“နိုင်ငံက ခုမှ တံခါးဖွင့်တဲ့အခါကျတော့ နောက်လေး၊ ငါးနှစ်အထိတော့ ဖြစ်နေဦးမှာပဲ”ဟု ဦးမင်းတေဇညွန့်တင်က သုံးသပ်သည်။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *