G7 ကျား၊ မတန်းတူညီမျှမှုရှိရေး အကြံပေးကောင်စီ အစည်းအဝေးသို့ အမ်မာဝပ်ဆင်တက်ရောက်ပြီး ပြင်သစ်သမ္မတနှင့်တွေ့ဆုံ

ပဲရစ်၊ ဖေဖော်ဝါရီ ၂၁

ဟယ်ရီပေါ်တာဇာတ်ကားတွေနဲ့ နာမည်ကျော်လာခဲ့တဲ့ ဟောလိဝုဒ်သရုပ်ဆောင် အမ်မာဝပ်ဆင်ဟာ G7 ကျား၊ မ တန်းတူညီမှုရှိရေး အကြံပေးကောင်စီရဲ့ ပထမအကြိမ်အစည်းအဝေးပွဲကို တက်ရောက်ခဲ့ကြောင်း contactmusic. com မှာ ဖော်ပြထားပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်မာဝပ်ဆင်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ကုလသမဂ္ဂရဲ့ အမျိုးသမီးရေးရာသံတမန်အဖြစ် ခန့်အပ်ခံထားရသူဖြစ်ပြီး ကျား၊ မ တန်းတူညီမျှမှုရှိရေး လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ကုလသမဂ္ဂရဲ့ HeForShe အစီအစဉ်မှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

အမ်မာဝပ်ဆင်ဟာ အခြားတက်ကြွလှုပ်ရှားသူတွေ၊ နိုဘယ်လ်ဆုရှင်တွေနဲ့အတူ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ပဲရစ်မြို့ရှိ အယ်လစ်ဆီနန်းတော်မှာ ပြင်သစ်သမ္မတ အီမန်နျူရယ်လ်မာခရွန်နဲ့ တွေ့ဆုံကာ အမျိုးသမီးများအတွက် ဥပဒေပြုရေး နဲ့ ကောင်းမွန်တဲ့ လိုက်နာကျင့်သုံးမှုများ ဖော်ဆောင်ရေးနဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ အမျိုးသမီးရေးရာသံတမန်အဖြစ် ထမ်းဆောင်ရခြင်းအပေါ် သူမအနေနဲ့ အလွန်တရာတန်ဖိုးထားပြီး HeForShe အစီအစဉ်မှာ ပါဝင်ခွင့်ရတာကတော့ သူမဘ၀အတွက် ဂုဏ်အယူရဆုံးကိစ္စပဲဖြစ်ကြောင်း အမ်မာဝပ်ဆင်က ပြောကြားခဲ့ဖူးပါတယ်။

“ကျွန်မတို့ဟာ ကျား၊ မ တန်းတူညီမျှမှုရှိတဲ့ ကမ္ဘာကြီးဖြစ်ဖို့ အလွန်နီးစပ်နေပြီလို့ ကျွန်မအနေနဲ့ အမှန်တကယ်ခံစားမိနေပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကနဲ့ယှဉ်ရင် အများကြီး ပိုပြီးနီးစပ်လာပါပြီ။ ဒီအတွက် HeForShe အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ တစ်ယောက်စီတိုင်းဟာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ အကျိုးပြုခဲ့တယ်ဆိုတာကို ကျွန်မသိပါတယ်” လို့ အမ်မာဝပ်ဆင်က ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးအင်အားကြီး ခုနစ်နိုင်ငံပါဝင်တဲ့ G7 ထိပ်သီးတွေ့ဆုံပွဲကို ယခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ပြင်သစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *