ရွှေကြိုများနှင့် တွေ့ဆုံခြင်း

မတ်လမှာ ကျင်းပမယ့် မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲမှာ ရွှေကြိုအဖြစ်ပါဝင်ကြမယ့် နာမည်ကျော်အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်အချို့ကို ရွှေကြိုအဖြစ် ပါဝင်ဖြစ်ပုံ၊ ကြိုတင်ပြင်ဆင်မှုအပိုင်းတွေနဲ့ အနုပညာလှုပ်ရှားမှုအကြောင်းတွေကို တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

မင်းသန့်ကိုကို   (သရုပ်ဆောင်မင်းသူ၏ သား)

အဓိကတော့ အဖေက ဦးရန်အောင်နဲ့ ဇာတ်လမ်းတွဲ ရိုက်တဲ့အချိန်မှာ ကားရိုက်ဆုံတော့ ရွှေကြိုအဖြစ် ကမ်းလှမ်းလာတယ်။ ကျွန်တော်က မလုပ်ရဲတာ စိတ်ပူတော့လေ။ နောက်ဆုံးတော့ လက်ခံဖြစ်သွားတာပါ။ စိတ်တွေလည်း လှုပ်ရှားတယ် ။ အဖေက အခု သင်ပေးတာ ကျွန်တော့်ကို မရှက်နဲ့၊ မကြောက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောခိုင်းတယ်။ ငယ်ငယ်လေးကတည်းက ကြောက်တတ်တော့ အဲဒီအပိုင်းကိုပဲ အဖေက သေချာလေး သင်ပြပေးတယ်။ အခုထိတော့ အများကြီး မပြင်ဆင်ရသေးဘူး။ မနှစ်က ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲက ရွှေကြိုတွေ လျှောက်တာတွေတော့ ပြန်ပြီးတော့ လေ့လာဖြစ်နေတယ်။ အနုပညာအလုပ်တွေဆက်လုပ်ဖို့ စိတ်ကူးတော့ ရှိပါတယ်။ မင်းသားက မလွယ်ဘူး ကြိုးစားနေတယ်။ အခုတော့ Gym မှာ Trainer လုပ်နေတာပါ။

ထက်လင်းအောင် (သရုပ်ဆောင်နေထက်လင်း၏ သား)

အကယ်ဒမီလည်း ပထမဆုံးအကြိမ် တက်ဖူးတဲ့ အပြင် ရွှေကြိုထဲမှာပါတော့ ကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေတယ်။ အနုပညာနဲ့ ပတ်သက်ပြီးတော့ ငယ်ငယ်လေးကတည်းက အဖေက သူများအိုက်တင်တွေ လေ့လာခိုင်းသလို အဖေရဲ့  အိုက်တင်တွေလည်း အမြဲလေ့လာခိုင်းတယ်။ တော်တော်လေးတော့ လေ့လာထားပါတယ်။ အကယ်ဒမီပေးပွဲမှာ အဆင်ပြေအောင်တော့ အခုအိမ်မှာ အဖေက ခေါင်းပေါ်ကို ရေသန့်ဘူးတွေ တင်ခိုင်းပြီးတော့ လျှောက်လျှောက်ခိုင်းနေတယ်။ ငယ်ငယ်လေးကတည်းက အဖေ့ပိုးတွေကတော့ ပါပြီးသားပါ။

သဇင်ထူးမြင့်   (သရုပ်ဆောင်ခင်လှိုင်၏ သမီး)

အဓိကတော့ ညီမက လူနည်းနည်းကြောက်တယ်။ လူတော သိပ်မတိုးဘူး။ အဲဒါကြောင့် အနုပညာအလုပ်တွေ မလုပ်ဖြစ်တာပါ။ ကြိုတင်ပြင်ဆင်မှုတွေက ညီမတို့ရှေ့မှာ အဝတ်အစား၊ ဖိနပ်တွေ စီစဉ်ပြီးကြပြီ။ အခုက ဒုတိယအကြိမ် ထပ်တွေ့ကြတာပါ။ ဒီမှာက အကယ်ဒမီ ပွဲဆိုရင် ခမ်းခမ်းနားနားလုပ်ကြတော့ ဒီလိုမျိုးမှာ ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်။ဂုဏ်လည်း ယူတယ်။ ဇာတ်ကားတွေက ညီမကို အရင်ကတည်းက ရိုက်ဖို့လာပြီးတော့ ပြောကြတယ်။ မလုပ်ဖြစ်တာ။ ဟိုတစ်လောက သူငယ်ချင်းရဲ့ တိုက်တစ်ခုကနေ ကမ်းလှမ်းလာတာ ရှိတော့ ရိုက်ဖြစ်မလားမသိဘူး စဉ်းစားနေတယ်။

မေတိုးခိုင်(သရုပ်ဆောင်အိန္ဒြာကျော်ဇင်၏ တူမ)

အရင်ကတည်းက အကယ်ဒမီပေးပွဲတွေကြည့်ရင် လှလှပပလေးတွေနဲ့ ထွက်လာတဲ့ ရွှေကြိုလေးတွေရင် အမြဲအားကျရတယ်။ အခု ကိုယ်တိုင်က အဲဒီထဲက တစ်ယောက်ဖြစ်ပြီးတော့ စင်မြင့်ပေါ်မှာ ပါဝင်ခွင့် ရတဲ့အတွက် အရမ်းပျော်တယ်။အရင်ကအမေရဲ့ ဖက်ရှင်ရှိုးတွေမှာ ပါဝင်လျှောက်ဖြစ်တယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် အသစ်တစ်ယောက်လို့ပဲ ခံယူထားပါတယ်။ အခုတော့ ကြောက်နေတယ်။ ပြီးတော့ ရွှေကြိုကျတော့ ကတ်ကြေးတွေ၊ ဗန်းတွေလည်း ပါတယ်။ ညီမက အမြဲရှပ်ပျာရှပ်ပျာနဲ့ဆို ပြုတ်ကျမှာတော့ တော်တော်သတိထားရမယ်။ တီဝဲ (အိန္ဒြာကျော်ဇင်) ကတော့ ရွှေကြိုမှာပါကတည်းက ဘေးကနေ အားပေးတယ်။ ညီမက ရှပ်ပျာ ရှပ်ပျာလုပ်တတ်တော့ အဲဒီတစ်ခုတော့ အမြဲသတိပေးတယ်။

ဝင့်မှုံသန့်   (ဒေါ်မြင့်မြင်ခင်၏ မြေး)

ပျော်တော့ ပျော်တယ်။ ဒီလိုမျိုးလူတိုင်းလည်း လုပ်ခွင့်ရတာတော့ မဟုတ်ဘူးလေ။အနုပညာမျိုးဆက်တွေပဲ လုပ်ရတာဆိုတော့ ပြီးတော့ ဒီအခွင့်အရေးက အရမ်းကောင်းတယ်လေ။ ကိုယ် မြင်ချင်တဲ့ အနုပညာရှင်တွေလည်း မြင်ရမှာဆိုတော့လေ။ အနုပညာအလုပ်ကို အရမ်းကြီး ဝါသနာမပါဘူး။ အဘွားကတော့ သေသေချာချာလုပ်ဖို့ ဂရုတစိုက်လုပ်ဖို့ပဲ အမြဲမှာတယ်။ ညီမ အစ်မအကြီးဆုံးကတော့ ၂၀၁၀ တုန်းက ဒီမှာ ရွှေကြိုလုပ်ဖူးတော့လည်း သူရဲ့အတွေ့အကြုံတွေကို သေချာလည်း မေးထားပါတယ်။ အန်တီဆင့် ပရိုက်တစ်စ် လုပ်ပေးတာကိုပဲ သေသေချာချာ လုပ်ဖြစ်သွားမယ်။ ငယ်ငယ်ထဲက စတိတ်ကြောက်တာ နည်းနည်းရှိတော့ အဲဒါကိုပဲ စိတ်ပူနေတယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *