ပြင်ဆင်သင့်သည်ဟုယူဆသော ၂၀၀၈ ခြေ/ဥ များ (အပိုင်း ၅)

အလယ်သက်တမ်း ရွေးကောက်ပွဲ (Mid-term Election)

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်တွင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၉ အရ မဲပေးခွင့်ရှိသည့် နိုင်ငံသားများက ရွေးချယ်နိုင်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ရှိပါသည်။ အလားတူ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ရွေးကောက်တင်မြှောက်ခြင်းဥပဒေ ပုဒ်မ ၁၄၁ အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦးကို မဲပေးခွင့်ရှိသည့်နိုင်ငံသားများက ရွေးချယ်ခွင့်ရှိပါသည်။ ထို့အပြင် အဆိုပါရွေးကောက်ပွဲများနှင့်သက်ဆိုင်သည့် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအခန်း (၉) တွင် ပုဒ်မ ၃၉၁ မှ ၄၀၃ အထိ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များလည်း ရှိပါသည်။ ထို့အပြင် ယခင် တပ်မတော်အစိုးရက ပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများ၊ ယခင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ထားသည့် ရွေးကောက်ပွဲဆိုင်ရာဥပဒေများလည်း ရှိပါသည်။

၁၉၄၈ ခုနှစ်မှစပြီး ယနေ့အထိ ကျင့်သုံးနေသည့် ‘အထွေထွေ ရွေးကောက်ပွဲများ’ (General Elections) ကို ဖွဲ့စည်းပုံအခြေခံအုပ်ချုပ်ပုံအခြေခံဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လေးနှစ်တစ်ကြိမ် သို့မဟုတ် ငါးနှစ်တစ်ကြိမ် ကျင်းပရပါသည်။ ထိုသို့ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုများအဆင့် တစ်ပြိုင်တည်းကျင်းပခြင်းတွင် အားနည်းချက်များရှိသကဲ့သို့ အားသာချက်များလည်း ရှိပါသည်။ အထူးသဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်လာပြီးသည့်နောက်ပိုင်း ၂၀၁၀ တွင်ဖြစ်စေ၊ ၂၀၁၅ တွင်ဖြစ်စေ အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်ရာတွင် တစ်ပြိုင်တည်း ကျင်းပရခြင်းအားဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများသည် တစ်ကြိမ်တည်းတွင် ပြည်ထောင်စုအဆင့်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသားရေးရာဝန်ကြီး ကိုယ်စားလှယ်လောင်းများကို မဲပေးခွင့်ရရှိကြပါသည်။ ထို့ကြောင့် ပြည်ထောင်စုဘဏ္ဍာငွေ အကုန်အကျနည်းစွာဖြင့် ရွေးကောက်တင်မြောက်ခြင်းကို ပြုလုပ်နိုင်သည့် အားသာချက် ရှိပါသည်။

အားနည်းချက်အနေနှင့် ဒီမိုကရေစီစနစ်၏ အနှစ်သာရဖြစ်သည့် တရားမျှတပြီး လွတ်လပ်သည့် ပုံမှန်ရွေးကောက်ပွဲများကို အချိန်မှန်မှန်ပြုလုပ်ရာတွင် မဲပေးခွင့်ရှိသည့် နိုင်ငံသားများ၏ ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်းမှုများကြောင့် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ တိုင်းရင်းသားရေးရာဝန်ကြီးများဆိုင်ရာ ရွေးချယ်ရာတွင် အမှားအယွင်းများ ဖြစ်လာနိုင်ပါသည်။ ၎င်းအပြင် ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများအားလုံးသည်လည်း မြန်မာစာပေဖြင့် ရေးသားထားခြင်းဖြစ်သဖြင့် မြန်မာစာကိုနားမလည်သည့် တိုင်းရင်းသားလူနည်းစုများအတွက် ၎င်းတို့ အမှန်တကယ်လိုလားသည့် ကိုယ်စားလှယ်များကို ရွေးချယ်ရန် အခက်အခဲရှိနိုင်ပါသည်။

လက်ရှိကျင့်သုံးနေသည့် အထွေထွေရွေးကောက်ပွဲ၏ အားနည်းချက်များစွာထက် ပိုပြီးအရေးကြီးသည့်အချက်မှာ မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံကဲ့သို့ အလယ်သက်တမ်းရွေးကောက်ပွဲစနစ် (Mid- term) ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ဖြစ်စေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင်ဖြစ်စေ ပြဋ္ဌာန်းထားခြင်းမရှိသည့်အချက်ဖြစ်ပါသည်။ အမေရိကန်နိုင်ငံ၏ အထက်လွှတ်တော် (ဆီးနိတ်) နှင့် အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) တွင် ကျင့်သုံးနေသည့် အလယ်သက်တမ်း ရွေးကောက်ပွဲစနစ် အားနည်းချက်နှင့် အားသာချက်များကို သုံးသပ်ရာတွင် အောက်ပါကောင်းကျိုးနှင့် ဆိုးကျိုးများရှိသည်ကို တင်ပြလိုပါသည်။

အမေရိကန်နိုင်ငံ၏ ပြည်နယ် ၅၀ သည် ပြည်နယ်တွင် ပြည်နယ်ဧရိယာ အကျယ်အဝန်းကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ အဆိုပါပြည်နယ်များအတွင်း နေထိုင်ကြသည့် အမေရိကန်နိုင်ငံသားများ လူဦးရေနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အထက်လွှတ်တော်အမတ်နှစ်ဦးကို ရွေးချယ်ကြသဖြင့် အထက်လွှတ်တော် (ဆီးနိတ်) တွင် လွှတ်တော်အမတ်စုစုပေါင်း ၁၀၀ ရှိပါသည်။ အောက်လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်တွင် သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေကိုအခြေခံပြီး လွှတ်တော်တွင် မဲပေးခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၄၃၅ ဦးနှင့် မဲပေးခွင့်မရှိသည့် လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦး ရှိပါသည်။ (မှတ်ချက်။ မဲပေးခွင့်မရှိသည့် အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အမေရိကန်နိုင်ငံ ပြည်နယ် ၅၀ တွင်မပါသည့် အမေရိကန်နိုင်ငံ အစိတ်အပိုင်းမှ အောက်လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦး ဖြစ်ပါသည်။)

အမေရိကန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ သက်တမ်းသည် လေးနှစ်ဖြစ်ပြီး အထက်လွှတ်တော်အမတ်သည် ခြောက်နှစ်ဖြစ်ပါသည်။ အောက်လွှတ်တော်အမတ်များ၏ သက်တမ်းသည် ၂ နှစ် ဖြစ်ပါသည်။ ထိုသို့ မတူညီသည့် သက်တမ်းများ သတ်မှတ်ပြဋ္ဌာန်းထားခြင်းကြောင့် ကောင်းကျိုးများရှိသကဲ့သို့ ဆိုးကျိုးများလည်း ရှိပါသည်။ ကောင်းကျိုးအနေနှင့် သမ္မတ၏ပါတီ၊ အထက်လွှတ်တော်အမတ်များ၏ပါတီနှင့် အောက်လွှတ်တော်အမတ်များ၏ပါတီများ တစ်ချိန်တည်းတွင် ရွေးကောက်ခံရသည့် အနေအထားဖြစ်လာရန် မဖြစ်သကဲ့သို့၊ တစ်ချိန်တည်းတွင် အခြားပြိုင်ဘက်ပါတီများက သမ္မတ၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ကို မောင်ပိုင်စီးနိုင်သည့်အခွင့်အရေးကို ပိတ်ပင်ထားခြင်းလည်း ဖြစ်ပါသည်။

ပါတီတစ်ခုမှ အထက်လွှတ်တော်အမတ်သက်တမ်း ခြောက်နှစ်နှင့် အောက်လွှတ်တော်အမတ်သက်တမ်း ၂ နှစ်ကို မောင်ပိုင်စီးကာ ရွေးကောက်ပွဲများမှ ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်များက ဒီမိုကရေစီနစ်ကို နိုင်လိုမင်းထက်မပြုနိုင်ရန် အထက်လွှတ်တော်အမတ် သုံးပုံတစ်ပုံနှင့် အောက်လွှတ်တော်အမတ် သုံးပုံ တစ်ပုံကို အလယ်သက်တမ်းရွေးကောက်ပွဲ (Mid- term) ) စနစ်ဖြင့် ပြန်လည်ထိန်းညှိထားပါသည်။ အနီးစပ်ဆုံး ဥပမာအနေဖြင့် လက်ရှိသမ္မတ ဒေါ်နဲလ်ထရမ့် ရွေးကောက်ခံသည့်အချိန်တွင် ရီပတ်ပလီကန်အမတ်များအနေနှင့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်နှစ်ရပ်တွင် အများစုဖြစ်နေခဲ့သော်လည်း သမ္မတ ဒေါ်နဲန်ထရမ့်၏ သမ္မတသက်တမ်း ၂ နှစ်၊ အလယ် သက်တမ်း ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် အောက်လွှတ်တော်၌ ဒီမိုကရက်တစ်ပါတီများက အများစုဖြစ်လာခဲ့ပါသည်။ ထို့ကြောင့် သမ္မတဒေါ်နဲန်ထရမ့်အနေနှင့် မိမိလုပ်ချင်သည့်ဆန္ဒအတိုင်း မက္ကစီကို-အမေရိကန် နယ်စပ်တံတိုင်းများ လုပ်ဆောင်နိုင်ခြင်းမရှိသည့် သာဓကများ ရှိလာပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲရွေးကောက်ပွဲအရ ငါးနှစ်တစ်ကြိမ်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲအစား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး၏ထက်ဝက် ကိုယ်စားလှယ်ရွေးကောက်ပွဲကို ၂ နှစ်ခွဲတွင် တစ်ကြိမ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၃၀ ၏ ထက်ဝက် ကိုယ်စားလှယ်ရွေးကောက်ပွဲကို ၂ နှစ်ခွဲတွင် တစ်ကြိမ် ကျင်းပနိုင်မည့်နည်းလမ်းများကို ရှာဖွေသင့်ပါသည်။

ထိုသို့ အလယ်သက်တမ်း ရွေးကောက်ပွဲများကို ကျင်းပခြင်းအားဖြင့် ကုန်ကျစရိတ်များ များပြားလာနိုင်ပါသည်။ သို့သော် ငါးနှစ်တစ်ကြိမ် ပုံမှန်အထွေထွေရွေးကောက်ပွဲကျင်းပခြင်းကြောင့် ပါတီတစ်ခုမှ အခြားပါတီတစ်ခုသို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ ခြေ/ဥ ခုံရုံးနှင့် ရွေးကောက်ပွဲကော်မရှင် စသည့် အပြတ်အသတ်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံသားများအတွက် နစ်နာမှုများလည်း ဖြစ်လာနိုင်ပါသည်။ အတွေ့အကြုံရှိသည့်သူများနှင့် တက်သစ်စပုဂ္ဂိုလ်များအကြား အလယ်သက်တမ်း (Mid- term) ) ရွေးကောက်ပွဲပြုလုပ်ပေးခြင်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အတွေ့အကြုံနှင့် လုပ်ရည်ကိုင်ရည်ဖလှယ်ခြင်းများ ဖြစ်လာနိုင်ပါသဖြင့် လက်ရှိတည်ရှိနေသည့် ရွေးကောက်ပွဲ ဆိုင်ရာ ပြဋ္ဌာန်းချက်များသည် ပြင်ဆင်သင့်ပါကြောင်း တင်ပြရပါသည်။

(ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် (Andrew) သည် အမေရိကန်နိုင်ငံ Indiana University – Maurer School of Law မှ ဥပဒေသိပ္ပံပါရဂူဘွဲ့ Doctor of Juridical Science (SJD) ရရှိထားသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ ) 

ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *