လျှပ်တစ်ပြက် – အိန္ဒိယဒီမိုကရေစီ (၂)

ဒီတစ်ခါ အိန္ဒိယအတွေ့အကြုံက ကာလကတ္တား (Kolkata) ရောက်ကတည်းက စပါတယ်။

မြန်မာ့လေကြောင်းနဲ့ ကာလကတ္တားကိုသွားမယ်ဆိုတော့ အပြန်လေယာဉ်လက်မှတ်မပါဘူးဆိုလို့ လေကြောင်းက တင်ပေးရမှာ ခက်နေတယ်။ အပြန်က ကုန်းလမ်းကပြန်မယ်ဆိုတာ သူတို့အတွက် အတွေ့အကြုံအသစ်ဖြစ်နေတယ်။ အိန္ဒိယလူဝင်မှုကလည်း ခပ်ရစ်ရစ်။ သူတို့က ရွေးစရာနှစ်ခုပြောတယ်။ တစ်ခုက အပြန်လက်မှတ်တစ်စောင် ထပ်ဝယ်သွားမလား၊ ဒါမှမဟုတ် ကိုယ့်ဘာသာဖြစ်သမျှတာဝန်ယူစွန့်စားပြီး သွားမလားတဲ့။ ကိုယ်က လက်မှတ်တစ်စောင်တော့ ထပ်မဝယ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူပြီးသွားမယ်လို့ ဆုံးဖြတ်လိုက်တော့ အဲဒီအကြောင်းကို လက်မှတ်ထိုးပေးပါတဲ့။ ရတယ်လေ- ထိုးပေးလိုက်တယ်။

ကာလကတ္တားလေဆိပ်မှာ ဟိုတယ်ကလာကြိုဖို့ တာဝန်ယူထားပေမယ့် လာမကြိုဘူး။ အဲဒီအကြောင်း ကာလကတ္တားတက္ကသိုလ်ပါမောက္ခကို လှမ်းပြောတော့ တောင်းပန်လိုက်တာ အခါခါ။ ကိုယ်တိုင်လည်း လာကြိမ်းတော့၊ ဟိုတယ်ကလူတွေ မျက်နှာငယ်လေးနဲ့။ သူ့အပြစ်နဲ့သူဆိုတော့ ချော့တဲ့အနေနဲ့ ညစာဆင်းမစားတာကို မစားသေးဘူးလား၊ ဘာစားမလဲဆိုပြီး အခန်းထဲအထိရောက်ပို့တာ။ နောက်နေ့မှာ ညစာသွားစားတော့ မင်းအတွက် သတ်မှတ်ထားတဲ့ ရူပီးငွေ ၅၀၀ (မြန်မာငွေ တစ်သောင်းခန့်) ကျော်နေပြီဆိုပြီး ပိုတာထပ်ရှင်းခဲ့ရတယ်။ (ဒါတောင် အစအဆုံးရှင်းခိုင်းမလို့၊ ပြီးတော့မှ ရူပီး ၅၀၀ အထိစားလို့ရတဲ့ Package ဆိုပြီး ပိုငွေကိုပဲ ရှင်းခိုင်းတာ)။

ကာလကတ္တားရောက်ဖူးတာ သုံးခေါက်လောက်ရှိပေမယ့် မမှတ်မိ။ မြို့သစ် Salt Lake City ဆိုတာလောက်ပဲ သိတော့တယ်။ အရင်တစ်ခေါက်လာစဉ်က ဆောက်လုပ်စမိုးပျံတံတားက ပြီးသွားပြီကိုး။ ဒါပေမဲ့ တချို့ နေရာမှာ သုံးလို့မရ။ ဘာဖြစ်တယ်မသိ။ ခပ်တည်တည်နဲ့ Smart City ဆိုပြီး ကြွားဖူးတယ်။ အခုမေးကြည့်တော့ တချို့နေရာမှာတော့ Wi-Fi ရပါသတဲ့။ အိန္ဒိယဆင်းမ်ကတ်တစ်ခုရမလား မေးကြည့်ပေမယ့် မရလို့ ဟိုတယ်က ဝိုင်ဖိုင်ပဲ သုံးရတယ်။

ဟိုတယ်သွားတဲ့ လမ်းတစ်လျှောက်မှာ အမျိုးသမီးကြီးတစ်ယောက်ရဲ့ပုံပဲ တွေ့ရတယ်။ အဲဒါဘယ်သူလဲလို့ မေးကြည့်တော့ အနောက်ဘင်္ဂလားပြည်နယ်ရဲ့ ဝန်ကြီးချုပ်တဲ့။

နောက်နေ့တွေကျ ရုတ်ရုတ်သဲသဲနဲ့ ဆန္ဒပြတာတွေ စတွေ့ရပြီ။ ဝန်ကြီးချုပ်ဦးဆောင်ပြီး ဆန္ဒပြတာတဲ့။ ဘယ့်နှယ်ဝန်ကြီးချုပ်က ဆန္ဒပြရတာလဲ။

သူ့တပည့်ကျော် ပြည်နယ်ရဲချုပ်ကို စုံစမ်းစစ်ဆေးဖို့ အထူးစုံစမ်း ထောက်လှမ်းရေးဗျူရို (BSI) ကခေါ်တာကို လက်မခံနိုင်ဘူး-တဲ့။ ရဲချုပ်က ဝန်ကြီးချုပ်ဆန္ဒပြတဲ့နေရာ သွားရကောင်းလားလို့ ဗဟိုအစိုးရက အရေးယူမယ်-တဲ့။ တရားဥပဒေစိုးမိုးရေးတာဝန်ယူကြတဲ့ ရဲနဲ့ အထူးစုံစမ်းထောက်လှမ်းရေး (BSI) တို့ အာဏာပြိုင်ကြပြီလေ။ နောက်ဆုံးတော့ တရားရုံးချုပ်က အမိန့်ချပေးတယ်။ ရဲချုပ်ဟာ စုံစမ်းထောက်လှမ်းရေးဗျူရိုမှာ အစစ်ဆေးခံရမယ် (သက်သေခံအထောက်အထားတွေ ဖျက်ဆီးပစ်ထားတယ်လို့လည်း ရဲချုပ်ကို စွပ်စွဲထားသေးတယ်)။ ဖမ်းဆီးချုပ်နှောင်တာတွေ မလုပ်ရ။ မျှမျှတတဖြစ်အောင် တခြားမြို့တစ်မြို့ (Shillong) က BSI မှာ စစ်ဆေးခံရမယ်တဲ့။ အဲဒီတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို နှစ်ဖက်စလုံးက သူတို့ရဲ့အောင်ပွဲလို့ ခံယူကြတာ တွေ့ရတယ်။

အနောက်က ဘင်္ဂေါဝန်ကြီးချုပ်က မာမတာဘနားဂျီးတဲ့။ သူက ဖွဲ့စည်းပုံအခြေခံဥပဒေကို ကယ်ဆယ်ကြ ‘Save The Constitution’ ဆိုတဲ့ ကြွေးကြော်သံနဲ့ ထိုင်သပိတ် ၄၆ နာရီဆန္ဒပြတာ ရဲချုပ်ကို ငွေကြေးအရှုပ်တော်ပုံ (Chit Fund) မှာ ပါဝင်ပတ်သက်နေတယ်လို့ အစွပ်စွဲခံရတာ။

ထုံးစံအတိုင်း သူ့ဘက် ကိုယ့်ဘက်ထောက်ခံကြ၊ ကန့်ကွက်ကြပေါ့။ ဘွားတော်က အစာမစား၊ တစ်ညလုံးမအိပ်ဘဲ၊ တခြားဝန်ကြီးတွေနဲ့အတူ ထိုင်သပိတ်မှောက်တာ။ စုံစမ်းထောက်လှမ်းရေးက ရဲချုပ်အိမ်ဝင်စီးတာကိုလည်း ကန့်ကွက်တယ်။ စုံစမ်းထောက်လှမ်းဖို့လာတဲ့ အရာရှိတွေကိုလည်း ရဲက ဆီးဖမ်းသတဲ့။

ဝန်ကြီးချုပ်ကို ဝေဖန်တဲ့သူတွေက ပြဿနာကို မကြီးကြီးအောင်လုပ်တယ်။ ဝန်ကြီးချုပ်ပြောတာဆိုတာတွေ လွန်လွန်းတယ်။ ရဲချုပ်ဟာ သူ့သားလိုဖြစ်နေပြီး သူပြောသမျှလုပ်ရတယ်။ ဗဟိုအစိုးရနဲ့ ဒေသအာဏာပိုင်ကြားမှာရှိတဲ့ ပြဿနာလိုဖြစ်အောင်လုပ်တယ်လို့ စွပ်စွဲ ကြတယ်။

ဝန်ကြီးချုပ်က ဗဟိုအစိုးရဝန်ကြီးချုပ်မိုဒီကို အပြင်းအထန်ဝေဖန်တယ်။ အစိုးရကလည်း ထောက်လှမ်းရေးဗျူရိုကိုသုံးပြီး သဘောချင်းမတိုက်ဆိုင်တဲ့သူတွေကို နှိပ်ကွပ်တယ်ပေါ့။ တကယ်တမ်းကျတော့ အာဏာရပါတီက အရာရှိတွေကို စုံစမ်းစစ်ဆေးတဲ့အခါ တကယ်မလုပ်ဘူးပေါ့။ တစ်ဖက်ကျတော့လည်း အနောက်ဘင်္ဂလားအစိုးရဟာ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းကြီးတစ်ခုလို ဝန်ကြီးချုပ်ခိုင်းရာကို လုပ်နေတယ်။ အာဏာကို အလွဲသုံးစားလုပ်တယ်။ ပြည်နယ်အတွင်းမှာ အကြောက်တရားနဲ့ ခြိမ်းခြောက်ထားတယ်။ ပြည်နယ်ရဲချုပ်ကို စစ်ဆေးလို့ ဝန်ကြီးချုပ်က ဆန္ဒပြတာ အိန္ဒိယသမိုင်းမှာ ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး။ ပြည်နယ်ဝန်ကြီးချုပ်ဟာ နိုင်ငံရေးကိုယ်ကျင့်တရားမရှိဘူးလို့ ဝေဖန်ကြတယ်။ ထောက်လှမ်းရေးကို ရဲက ဖမ်းတာဟာ ဒီမိုကရေစီချိုးဖျက်တဲ့သာဓက ဖြစ်တယ်။ မနှစ်က ရွေးကောက်ပွဲ (ကြားဖြတ်) မှာတုန်းကလည်း အကြမ်းဖက်တာ၊ သတ်ဖြတ်တာတွေရှိတယ်။ ပြည်နယ်အတွင်းမှာ တရားဥပဒေ စိုးမိုးမှုမရှိဘူး။ လူကုန်ကူးမှု၊ လက်နက်မှောင်ခိုမှုနဲ့ ငွေစက္ကူအတုလုပ်တာတွေရဲ့ ဗဟိုချက်မဖြစ်နေတယ်။ ပေးချင်တဲ့သူတွေကို နိုင်ငံသားအသိအမှတ်ပြုလက်မှတ်ပေးတယ်-ပေါ့။

အနောက်ဘင်္ဂလားဝန်ကြီးချုပ်အကြောင်း လေ့လာပြန်တော့ (၆၄) နှစ်အရွယ်၊ ၂၀၁၁ ကတည်းက အနောက်ဘင်္ဂလားရဲ့ရှစ်ဆက်မြောက်နဲ့ တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်။ ၁၉၉၈ ခုနှစ်မှာ အိန္ဒိယအမျိုးသားကွန်ဂရက်ပါတီက ခွဲထွက်ပြီး AITC (TMC) လို့ ခေါ်တဲ့ ပါတီကိုထောင်တယ်။ အဲဒီပါတီရဲ့ ဥက္ကဋ္ဌဖြစ်လာတယ်။ အိန္ဒိယအစိုးရထဲမှာ ဝန်ကြီးတာဝန်ကို ပထမဆုံးထမ်းဆောင်တဲ့ အမျိုးသမီးဖြစ်တယ်။ အနောက်ဘင်္ဂေါမှာ ကွန်မြူနစ်အစိုးရက စက်မှုတည်ထောင်ဖို့၊ အထူးစီးပွားရေးဇုန်တွေလုပ်ဖို့ မြေသိမ်းတာကို ဆန့်ကျင်ရင်း၊ လယ်သမားတွေဘက်က ရပ်တည်ရင်းနဲ့ ထင်ရှားကျော်ကြားလာတယ်။ ၃၄ နှစ်ကြာ အုပ်စိုးခဲ့တဲ့ အိန္ဒိယ – မာ့က္ခစ်ဝါဒီ- ကွန်မြူနစ်ပါတီကို ၂၀၁၁ မှာ အနိုင်ရလာခဲ့တာ။ အဲဒီကွန်မြူနစ်ပါတီဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လူထုရွေးကောက်တင်မြှောက်ခံရတဲ့ အစိုးရဖြစ်ခဲ့တယ်။

သူဟာ သမိုင်းဘာသာနဲ့ ဝိဇ္ဇာဘွဲ့၊ အစ္စလာမ်သမိုင်းဘာသာရပ်နဲ့ မဟာဝိဇ္ဇာဘွဲ့တွေအပြင် ဥပဒေဘွဲ့၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တွေကိုလည်းရခဲ့တယ်။ အသက် ၁၅ နှစ်အရွယ် ကျောင်းသူဘ၀ကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်တယ်။

ပြီးတော့ ပန်းချီဆရာနဲ့ ကဗျာဆရာမတစ်ယောက်လည်းဖြစ်တယ်။ အောက်ခြေလူတန်းစားနဲ့ ထိတွေ့မှုများတယ်။ သူ့အပြောအဆိုကို သူတို့တစ်တွေက သဘောကျကြတယ်။ ပန်းချီကား ၃၀၀ ကျော် ရောင်းပြီးပြီ။ နေတာထိုင်တာ ခပ်ရိုးရိုး။ အိမ်ကလည်း သာမန်အိမ်ဖြစ်ပြီး ဇိမ်ခံတာမရှိဘူး။ ဒါကြောင့် သူ့ကို မသမာမှုကင်းစင်တဲ့သူအဖြစ် လေးစားခံရတယ်။ အပျိုကြီးဖြစ်တဲ့အတွက်လည်း ဆွေမျိုးအရှုပ်အရှင်းကင်းပြီး မျက်နှာလိုက်တာ၊ ဆွေမျိုးကောင်းစားရေးလုပ်တာတွေ ကင်းရှင်းတယ်။ အများပြည်သူအကျိုးကို ပိုမိုအချိန်ပေးဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ သူအကြီးအကျယ်လုပ်ခဲ့တဲ့ စီမံကိန်းတွေဟာ မအောင်မြင်ဘူးဆိုတဲ့ ဝေဖန်သုံးသပ်ချက်တွေကိုလည်း တွေ့ရတယ်။ လူပြိန်းကြိုက် သိပ်လုပ်တယ်တဲ့။ ပြောစရာက အိန္ဒိယရထားဝန်ကြီးလုပ်တဲ့ ၂ နှစ် အပြီး လူစီးရထားတွေ ပိုပြေးပြီးတဲ့နောက် ရထားလုပ်ငန်းဟာ အရှုံးပြခဲ့တာဖြစ်ပါတယ်။

ပြည်နယ်ရဲချုပ်ကို အကာအကွယ်ပေးသလိုပဲ သူ့ဝန်ကြီးတွေ မဟုတ်တာလုပ်ရင် အမြဲဖုံးထားတတ်တယ်လို့လည်း အစွပ်စွဲခံရပါတယ်။

စုံစမ်းထောက်လှမ်းရေးအရာရှိတွေကို ဖမ်းမိန့်ပေးပြီး ဗဟိုအစိုးရကို စိန်ခေါ်ခဲ့တာကြောင့် ပိုပြီးနာမည်ကြီးလာခဲ့ပြန်ပါတယ်။ နောက်ဆုံး ဖြစ်ရပ်ကတော့ အိန္ဒိယမှာ ရုံတင်ပြသနေတဲ့ ရုပ်ရှင်ကားတစ်ကားကို ကာလကတ္တားမှာ ပြသခွင့်မပေးတာပါ။ အနောက်ဘင်္ဂလားမှာ ဖြစ်နေတာတွေကို လှောင်ပြောင်သရော်ထားလို့ အခုလို အပိတ်ခံရတာလို့ ဆိုပါတယ်။

Bhobishyoter Bhoot ဆိုတဲ့ အဲဒီကားရုံတင်တော့ စိတ်ဝင်စားမှုများပြားခဲ့ပေမယ့် နောက်ရက်မှာတော့ ရုပ်ရှင်ရုံ ၄၄ ရုံမှာ ပြသခွင့် ပိတ်ပင်ခံရပါတော့တယ်။ တရားရုံးအမိန့်နဲ့မဟုတ်၊ ရဲမိန့်တဲ့။ ဒါကလည်း ပထမဆုံးဖြစ်ရပ်တော့ မဟုတ်ဘူး။ 

 

ခင်မောင်ညို (ဘောဂဗေဒ)
၁၈.၀၂.၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *