ကင်ဆာတစ္ဆေ ခြောက်လှန့်ခံနေရသည့် ကလေးငယ်များ

‘ကင်ဆာ’ ဟု ဆိုလိုက်လျှင် လူသားအားလုံးက သွေးရူးသွေးတန်းဖြင့် တုန်လှုပ်ချောက်ချားသွားကြသည်သာ ဖြစ်သည်။ သို့သော် ထိုထိတ်လန့် ကြောက်ရွံ့ဖွယ်ရာ ရောဂါဆိုးကို အရွယ်နှင့်မလိုက်အောင် အန်တုရင်ဆိုင်နေကြသည့် ကလေးငယ်များ ရန်ကုန်ကလေးဆေးရုံကြီးထဲတွင် ရှိနေပါသည်။

ယင်းအနက် ဒေါ်ဌေးဌေး၏ အသက် ၁၁ လအရွယ် သမီးငယ်လေးလည်း တစ်ဦးအပါအဝင်ဖြစ်သည်။

ဘယ်ဘက်မျက်လုံးအောက်က ညိုနေသော ဒဏ်ရာလေးကို တစ်စုံတစ်ရာနှင့် ဆောင့်မိထားသည်အထင်နှင့် အမှုမဲ့ အမှတ်မဲ့ နေခဲ့သည်။ ထိုမျက်လုံးမှ မျက်ဆံအနက်လေးအပေါ်သို့ တဖြည်းဖြည်းတက်လာမှသာ ဆေးခန်းပြရင်း နောက်ဆုံး ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာဌာနသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

မျက်လုံးကင်ဆာဟု သိလိုက်ရချိန်တွင်တော့ ဘာမှမသိရှာသော သမီးငယ်လေး၏ မျက်နှာကိုကြည့်ရင်းဖြင့် ဆောက်တည်ရာမရဖြစ်ခဲ့သည်။

“ကင်ဆာလည်းပြောရော ညီမ ဗုန်းခနဲကျပြီး ငိုပစ်ရော။ တွေ့မှ မတွေ့ဖူးတာ။ ကြုံလည်း မကြုံဖူးဘူးလေ။ ကိုယ့်မှာ ကင်ဆာမျိုးရိုးလည်း မရှိဘူး။ တစ်ရွာလုံးမှာလည်း သူတစ်ယောက်ပဲ တွေ့ဖူးတာ” ဟု ကလေးငယ်ကိုချီလျက် ဒေါ်ဌေးဌေးက ပြောဆိုသည်။ ကလေးငယ်တွင် ကင်ဆာဝေဒနာခံစားနေရမှုကို လွန်ခဲ့သည့် တစ်လကျော်က သိရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ဒေါ်ဌေးဌေးက ဆုံးဖြတ်ချက်ချခဲ့သည်။ သမီးငယ်လေး၏ရောဂါကို မည်သည့်အခြေအနေသို့ရောက်ရောက် ပျောက်အောင်ကုရန်ဖြစ်သည်။

“ဒီကလေးရဲ့ ရှေ့ရေးက ရှိသေးတယ်လေ” ဟု ဒေါ်ဌေးဌေးက အငိုတစ်ဝက်ဖြင့် ပြောကြားသည်။

ကင်ဆာရောဂါမှာ လူကြီးများပင် တောင့်မခံနိုင်ကြ။ ယင်းရောဂါဖြစ်လျှင် မျှော်လင့်ချက်မဲ့ကာ ဆောက်တည်ရာမရ ဖြစ်သွားကြသည်။ နာကျင်မှုကိုပင် မပြောတတ်သေးသည့် ကလေးငယ်များတွင် ယင်ဝေဒနာ စွဲကပ်လာခြင်းက မိဘဆွေမျိုးများအတွက် ပိုမိုရင်ထုမနာ ဖြစ်ကြရသည်။

သို့သော်လည်း ဒေါ်ဌေးဌေးကဲ့သို့ပင် ရင်သွေးအတွက် ထိုကင်ဆာဝေဒနာဆိုးကို သတ္တိရှိရှိ ဦးဆောင်တိုက်ဖျက်ကြရမည်မဟုတ်ပါလား။

တောင်ငူမြို့နယ် ပေါက်ကုန်းကျေးရွာမှ ဒေါ်ဌေးဌေးတို့ ဇနီးမောင်နှံနှစ်ယောက်မှာ တစ်ကြိမ်တစ်ခါမျှ မရောက်ဖူးသည့် ရန်ကုန်မြို့သို့ သမီးဇောဖြင့် ပထမဆုံးလာရောက်ခဲ့သည်။

သမီးလေးအတွက် အဖြစ်ဆိုးဟုထင်ခဲ့သည့် ဒေါ်ဌေးဌေးအတွက် ရန်ကုန်ကလေးဆေးရုံကြီး သွေးနှင့်ကင်ဆာဌာနသို့ ရောက်ရှိချိန်တွင် မိမိကလေးထက် ဆိုးရွားသည့် ကင်ဆာဝေဒနာ ခံစားနေရသော ကလေးအပုံအပင်ကို တွေ့ကာ စိတ်ဖြေသိမ့်ခဲ့ရသည်။

ကလေးကင်ဆာဖြစ်ပွားမှုကို မြန်မာနိုင်ငံအနေနှင့် ကောက်ယူထားသည့် စာရင်းအတိအကျ မရှိပေ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်ပူးပေါင်း၍ ကမ္ဘာ့ကင်ဆာအဖွဲ့အစည်းတစ်ခုက ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားမှုကို ခန့်မှန်းတွက်ချက်ခဲ့သည်။

အရှေ့တောင်အာရှနိုင်ငံများအနက် မြန်မာနှင့် အခြေအနေတူသည့် နိုင်ငံများကို စစ်တမ်းကောက်ယူခဲ့သည့် အချက်အလက်များကို အခြေခံကာ ကလေးလူဦးရေနှင့် ချိန်ညှိတွက်ချက်ခဲ့ရာ မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ကင်ဆာဖြစ်ပွားသူ ကလေးဦးရေမှာ ၂၀၀၀ ခန့် အသစ်တိုးပွားနေကြောင်း ခန့်မှန်းခဲ့သည်။

“သူတို့လည်း ခန့်မှန်းလို့ပဲရတယ်။ တိကျတဲ့အချက်အလက် ဘယ်လိုမှ မရနိုင်ဘူး။ ၂၀၀၀ ဟာ အသစ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းတယ်” ဟု ရန်ကုန်ကလေး ဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာဌာနမှ ကလေးကင်ဆာအထူးကုဆရာဝန် ဒေါက်တာတင့်မျိုးနှင်းက ပြောကြားသည်။

ကင်ဆာဟု ပြောလိုက်လျှင် သေမိန့်ကျသည့် လူကဲ့သို့ သတ်မှတ်ကြသည့် မြန်မာလူထုအကြား ရောဂါဆိုးကြီးကို နုနယ်သောကလေးများတွင် ခံစားရသည့်အတွက် စုတ်တသပ်သပ် ဖြစ်ကြရသည်။

“ဘယ်လိုမှ စဉ်းစားမထားတဲ့ဟာတစ်ခုက ဘွားဆိုပေါ်လာတာ။ အစ်မ အခုအရွယ်မှာ ရင်သားကင်ဆာဖြစ်တယ်ဆို ငါ တော်တော်ကံဆိုးတာပဲဆိုပြီး ဖြေသိမ့်လို့ရပေမယ့် ကိုယ့်တူမလေးတစ်ယောက် သမီးတစ်ယောက် ကင်ဆာဖြစ်ပြီလို့ ပြောရင် ဘယ်လိုမှ ခံစားကြည့်လို့မရဘူး။ ကလေးကင်ဆာက အဲဒီပြဿနာရှိတယ်” ဟု ဒေါက်တာ တင့်မျိုးနှင်းက ပြောဆိုသည်။

လေးနှစ်အရွယ် အငယ်ဆုံးသားလေး ခံစားနေရသော သွေးကင်ဆာအတွက် တွံတေးမြို့နယ် ဘုရားကြီးကျေးရွာမှ ရန်ကုန်ကလေးဆေးရုံကြီးသို့ လာရောက်ကုသသူ ဒေါ်ဆွေဆွေသန်းမှာတော့ သားငယ်အတွက် စိုးရိမ်သောကများသာ ရင်ထဲပြည့်နှက်နေသည်။

“သူများကလေးတွေ သေကုန်တာတွေ့တော့လေ ကိုယ့်ကလေးလည်း အဲဒီလိုဖြစ်မှာကြောက်တယ်” ဟု စကားပြောသံက တိမ်ဝင်သွားရင်း မျက်ရည်များ ဝဲတက်လာကာ ဒေါ်ဆွေဆွေသန်းက ဆိုသည်။

သွေးကင်ဆာဖြစ်မှန်း စသိသိချင်း မှာပင် ဒေါ်ဆွေဆွေသန်းမှာ ဆယ်ရက်ခန့် ထမင်းမစားနိုင်၊ မအိပ်နိုင်ခဲ့။ ရန်ကုန်ကလေးဆေးရုံကြီးသို့ ရောက်ချိန်မှသာ ဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများကြောင့် သားငယ်အတွက် စိုးရိမ်မှု တစ်စတစ်စ လျော့ပါးခဲ့ရသည်။

ကလေးကင်ဆာရောဂါမှာ မွေးဖွားစဉ်ကပင် ကင်ဆာဆဲလ်များပါလာပြီး ပြင်ပမှ ရောဂါများဝင်ရောက်ချိန်တွင် ကင်ဆာအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်ကြောင်း ရန်ကုန်ကလေးဆေးရုံကြီး သွေးရောဂါနှင့် ကင်ဆာရောဂါဌာနမှ ပါမောက္ခ ဒေါက်တာအေးအေးခိုင်က ရှင်းပြသည်။

“လူဆယ်ယောက်မွေးပြီး ပါလာရင် ဆယ်ယောက်စလုံးကတော့ ကင်ဆာမဖြစ်သွားဘူး။ အဲဒီမှာ တုပ်ကွေးဖြစ်တယ်၊ ဗိုင်းရပ်စ်ရောဂါပိုးတွေဖြစ်တယ်။ အနှောင့်အယှက်လေးတွေ ဝင်သွားရင် ကင်ဆာအဖြစ်ကို ဗီဇက တစ်ဟုန်ထိုးပြောင်းလဲ သွားတယ်” ဟု ၎င်းက ပြောဆိုသည်။

ကလေးကင်ဆာတွင် အဓိကအားဖြင့် သွေးကင်ဆာအမျိုးအစားနှင့် အလုံး၊ အကျိတ်၊ အဖု၊ အခဲ ကင်ဆာနှစ်မျိုးရှိသည်။ ကလေးကင်ဆာထဲမှ ဖြစ်ပွားမှုအများဆုံးမှာ သွေးကင်ဆာနှင့် ဦးနှောက်ကင်ဆာဖြစ်ပြီး မျက်လုံးကင်ဆာမှာ မျက်စိဖြင့် အလွယ်တကူမြင်နိုင်သည့်အတွက် လာရောက်ကုသမှုများကြောင်း ဒေါက်တာတင့်မျိုးနှင်းက ပြောကြားသည်။

ထို့ပြင် ကလေးများတွင် အကျိတ်ကင်ဆာ၊ အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ အရိုးကင်ဆာတို့လည်း ဖြစ်ပွားမှုရှိသည်။ ရန်ကုန် ကလေးဆေးရုံကြီး၏ စာရင်းများအရဆိုရလျှင် သွေးကင်ဆာဖြစ်ပွားသူမှာ တစ်နှစ်လျှင် တစ်ရာကျော်ခန့်ရှိပြီး မျက်လုံးကင်ဆာမှာ သုံးဆယ်ခန့်ရှိနေသည်။

မြန်မာနိုင်ငံတွင် ကလေးကင်ဆာရောဂါကို ကုသပေးသည့်ဆေးရုံမှာ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ကလေးဆေးရုံကြီးနှစ်ခုတွင်သာ ရှိသည်။ ထိုဆေးရုံကြီးနှစ်ခုသို့ ရောက်ရှိလာသည့် ကင်ဆာကလေးငယ်ပေါင်းက တစ်နှစ်လျှင် ခုနစ်ရာခန့်သာ ရှိသည်။ ကမ္ဘာ့ကင်ဆာရောဂါဆိုင်ရာ အဖွဲ့အစည်းများ၏ စာရင်းအရဆိုရလျှင် ဆေးရုံသို့ မရောက်လာဘဲ ဝေဒနာခံစားရသည့် ကလေးက တစ်ထောင်ကျော်ခန့် ရှိနေသေးသည်။

ထို့ပြင် တိုးချဲ့ကုသမှုအနေနှင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပုသိမ်၊ မုံရွာ၊ မကွေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် ဘားအံမြို့တို့တွင် ပေါင်းစပ်စောင့်ရှောက်သည့် စင်တာငယ်များထားရှိကာ ကလေးဆေးရုံကြီးနှစ်ခုနှင့် ချိတ်ဆက် ကုသပေးလျက်ရှိနေသည်။

“သုံးပုံတစ်ပုံလောက်ကပဲ ကုသမှုလာခံယူနေပြီး ကျန်တဲ့နှစ်ပုံကျော်က ဖြစ်မှန်းမသိတာလား၊ သိရက်နဲ့ မလာတော့ဘူး စဉ်းစားတာလား။ အဲဒီလိုမျိုးနဲ့တင် ပြီးသွားပုံရတယ်” ဟု ဒေါက်တာတင့်မျိုးနှင်းက သုံးသပ်သည်။

ကင်ဆာမှန်းမသိဘဲ နေရင်းဖြင့် အသက်ဆုံးရှုံးသွားသည့် ကလေးများ၊ ကင်ဆာရောဂါဆိုင်ရာ အသိပညာအားနည်းခြင်း၊ ကင်ဆာဟု သိသော်လည်း ကုသရန် လက်လှမ်းမမီခြင်း၊ ကုသချိန်တွင်ဖြစ်လာမည့် နောက်ဆက်တွဲကိစ္စအဝ၀ကို ရင်မဆိုင်နိုင်၍ အဆုံးစီရင်သွားခြင်း စသည့် နောက်ဆက်တွဲ စိန်ခေါ်မှုများစွာဖြင့် ကင်ဆာဆိုသည့် စကားလုံးနှစ်လုံးအောက်တွင် ကလေးငယ်များစွာ၏ ဘ၀များ နိဂုံးချုပ်သွားခဲ့ရသည်။

မန္တလေးမြို့တွင် ဇန်နဝါရီ ၂၇ ရက် က စစ်ကိုင်းတံတား (အင်းဝ) တံတားဟောင်းမှ လေးနှစ်အရွယ် သမီးငယ်လေးကိုချီရင်း ဧရာဝတီမြစ်အတွင်းသို့ ခုန်ချကာ အဆုံးစီရင်ခဲ့သည့် သားအဖနှစ်ဦးသည်လည်း သမီးငယ်၏ မျက်လုံးကင်ဆာ ဝေဒနာနှင့် နောက်ဆက်တွဲဖြစ်ရပ်များအတွက် လက်ရှိဘ၀ကို အရှုံးပေးလိုက်ခြင်းဖြစ်သည်။

ကလေးကင်ဆာသည် မွေးရာပါဖြစ်သည့်အတွက် တစ်ချိန်မဟုတ် တစ်ချိန်တွင် ပေါ်လာနိုင်သည်။ ထိုအချိန်ကို အင်အားရှိရှိဖြင့် မိဘနှင့် ကလေးငယ်များက တောင့်ခံနိုင်ရန်အတွက် ကင်ဆာအသိပညာရှိပြီး စောစီးစွာ သတိပြုမိရန် လိုအပ်သည်။

ထိုသို့ သတိပြုမိရန်မှာ မြို့ပြနှင့် ကျေးလက်မကျန် ကင်ဆာအသိပညာပေးမှုများ လုပ်ဆောင်ရန်လည်း လိုအပ်နေသေးသည်ဟု ဒေါက်တာတင့်မျိုးနှင်းက ထောက်ပြသည်။

ကင်ဆာကိုကုသရန် ငွေကြေးမှာလည်း ကြီးမားသည့် အခက်အခဲတစ်ရပ်ဖြစ်သည်။

ကလေးကင်ဆာများအနက် အဖြစ်အများဆုံး သွေးကင်ဆာမှာ ကုသရန် အချိန်သုံးနှစ်ခန့် ကြာသည်။ အခြားကင်ဆာများသည်လည်း ကုသမှုအချိန်ယူရသည်ပင်။ ဓာတ်ကင်ခြင်း၊ ဆေးသွင်းခြင်းများကို မပျက်မကွက် လုပ်ဆောင်ကြရ သည်။ ထို့ကြောင့် အချိန်သာမက ငွေကြေးပိုင်းတွင်လည်း အခြေခံလူတန်းစားများအတွက် စိန်ခေါ်မှုရှိသည်။

ဒေါ်ဆွေဆွေသန်း၏ ခင်ပွန်းသည်မှာ အစိုးရဝန်ထမ်းဖြစ်သည်။ ငွေကြေးမတောင့်တင်းကြ။ ခင်ပွန်းသည်ရသည့်လစာ နှစ်သိန်းနီးပါးကို မိသားစုသုံးယောက် လောက်ငှအောင်စားရသလို ယခုသားလေးရောဂါအတွက်လည်း သုံးနေရသည်။

“ဝန်ထမ်းလစာဆိုတော့ ဒီလိုပဲပေါ့။ ဌာနကလည်း ထောက်ပံ့တာတွေတော့ ရှိပါတယ်။ ဒါပေမဲ့ သူအာဟာရရှိဖို့အတွက် အာဟာရမှုန့်က နှစ်သောင်းဆိုလည်း ဝယ်ရတာပဲ။ ပုံမှန်ဆိုရင်တော့ ကိုယ့်မိသားစု သုံးလေးရက်စာ ဟင်းစားဖိုးလောက်ရှိတော့ ဘယ်ဝယ်တိုက်မလဲ” ဟု ဒေါ်ဆွေဆွေသန်းက ပြောကြားသည်။

ဒေါ်ဆွေဆွေသန်းထက်ပင် ပို၍ချို့တဲ့ပြီး အခြားသူများလယ်လုပ်ငန်းတွင် နေ့စားလုပ်သော ဒေါ်ဌေးဌေးတို့မှာ ပုံမှန်ဝင်ငွေမရှိပေ။ သို့သော်လည်း သမီးငယ်လေးအတွက် တောင်ငူဆေးရုံမှ ယခုရန်ကုန်ရောက်သည်အထိ ငွေခြောက်သိန်း လောက်ကုန်ခဲ့ပြီဟု ဒေါ်ဌေးဌေးက ပြောဆိုသည်။

“ကိုယ်ကတော့ စိတ်ဓာတ်ကျတာပေါ့။ ပိုက်ဆံ မရှိဘူးဆိုတော့လေ။ သူများဆီကဆွဲပြီး ကုရတာ။ နောက်မှပဲ ဆပ်ရမှာပေါ့” ဟု ၎င်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ဆိုသည်။

တောင်ငူနှင့် ရန်ကုန်သည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့် နေရာတစ်ခုဖြစ်သောကြောင့် အဆင်ပြေပြေလာနိုင်သော်လည်း ငွေကြေးမပြည့်စုံသူများအတွက် ရေရှည်တွင် မထောင်းသာလှပေ။ မိဘများက ကုသပေးမှသာ ရောဂါ ကုသခွင့်ရှိမည့် ကလေးငယ်များတွက် လက်ညှိုးထောင် ခေါင်းညိတ်ရုံသာ တတ်နိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် မိဘက ရှောင်ပြေးလျှင်လည်း သေမည့်ရက်ကို ထိုင်စောင့်နေရုံသာ တတ်နိုင်ကြသည့်ဘ၀လေးများဖြစ်သည်။

သို့သော်လမ်းပန်းဆက်သွယ်ရေး အခက်အခဲမှာလည်း ရောဂါကုသရေးတွင် အဟန့်အတားတစ်ရပ်ဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး မကောင်းသည့်ဒေသမှ ကလေးငယ်များအတွက် ရန်ကုန်နှင့် မန္တလေးကလေးဆေးရုံကြီးတို့သို့ ကင်ဆာရောဂါ လာရောက်ကုသရန်ဆိုသည်မှာ မိဘများအတွက် တော်ရုံအင်အားမျိုးနှင့် မဖြစ်နိုင်။

ထိုနေရာများတွင်လည်း ကင်ဆာရောဂါကို ကုသပေးမည့်စင်တာများ ပေါ်ပေါက်လာစေဖို့မှာလည်း တိုင်းပြည်က ထိုမျှလောက် မချမ်းသာသေးပေ။ သို့သော် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မည်ဆိုပါက ဆေးရုံသို့ လက်လှမ်းမီ ရောက်လာနိုင်မည်ဖြစ်သည်။

ပြီးခဲ့သည့် လေးနှစ်က ချင်းပြည် နယ်မှ ရန်ကုန်ကလေးဆေးရုံကြီးသို့ ကလေးကင်ဆာရောဂါ လာရောက်ကုသသည့် ကလေးငယ်တစ်ဦးမှာ ရန်ကုန်သို့ ရောက်ရှိရန် လမ်းတွင် နှစ်ရက်ကျော်ခန့်ကြာပြီး နေ့တစ်ပိုင်း လမ်းလျှောက်ရသေး သည်။ သို့သော် ကုသမှုအချိန်ပြီးဆုံးအောင် ကုသသွားပြီး ပျောက်ကင်းသည်အထိ ကုသသွားကြောင်း ဒေါက်တာတင့်မျိုးနှင်းက ပြန်လည်ပြောဆိုသည်။

“ကင်ဆာဖြစ်တဲ့ ကလေးများဟာ ရန်ကုန်ကို အဆင်ပြေပြေလေးလာလို့ရရင် အစ်မတို့က အရမ်းဝမ်းသာမှာ။ ဒီ ချင်းပြည်က ကလေးဆို တော်တော်ဒုက္ခခံလိုက်ရတယ်။ ပို့ဆောင်ရေးဝန်ကြီးဌာနလိုမျိုးက ဒီလိုအထူးလိုအပ်တဲ့ ကလေးမျိုးကို တစ်ခုခုစီစဉ်ပေးမယ်ဆိုရင် အရမ်းအဆင်ပြေတယ်” ဟု ၎င်းက အကြံပြုသည်။

ကင်ဆာဝေဒနာသည် ကလေးငယ်များအတွက် ရောဂါကို ကုသနိုင်ရန် မိဘများအနေနှင့် အနိုင်မခံ အရှုံးမပေးစိတ် မွေးရန်လည်း အရေးကြီးသည်။ နိုင်ငံတကာတွင် ကင်ဆာရောဂါ ပျောက်ကင်းနှုန်းမှာ ၈၀ ရာခိုင်နှုန်းရှိနေပြီး မြန်မာနိုင်ငံ တွင် ပျောက်ကင်းနှုန်းမှာ ၄၀ ရှိနေကာ ၆၀ ရာခိုင်နှုန်းအထိ ဖြစ်လာရန် ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

လာမည့် ၂၀၂၀ တွင်လည်း နိုင်ငံတကာတွင် ကုသမှုပေးနေသည့် ရိုးတွင်းခြင်ဆီလဲလှယ်ကာ ကုသရသည့် ကင်ဆာကုထုံးအသစ်ကို ကုသနိုင်ရန်လည်း စီစဉ်နေပြီဖြစ်သည်။ သို့သော် လိုအပ်ချက်များစွာ ရှိနေသေးသည်။

ထို့ပြင် နောက်ဆုံးအခြေအနေကို ရောက်ရှိနေသော ကင်ဆာရောဂါဝေဒနာရှင် ကလေးငယ်များအတွက် ဘက်ပေါင်းစုံ ဝေဒနာပြုစုစောင့်ရှောက်ခြင်းစင်တာကို ယခုနှစ်မှစတင်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ရန်ကုန်ကလေးဆေးရုံကြီးနှင့် မြောက်ဥက္ကလာပဆေးရုံကြီးတို့တွင် ဖွင့်လှစ်ပေးရန်လည်း စီစဉ်နေပြီဖြစ်သည်။

ထို့ပြင် ဆေးရုံသို့ ရောက်ရှိလာသူများအတွက် ကင်ဆာကို ထိတ်လန့်မသွားစေရန် ကင်ဆာကလေးငယ်များ၏ မိဘများ စုပေါင်းဖွဲ့စည်းထားသည့် မိခင်အဖွဲ့က ကူညီဖေးမမှုများ ပြုလုပ်ကြသည်။

“ဆေးရုံမှာက ဆေးတွေလည်း အလကားနီးပါးရတယ်” ဟု ဒေါ်ဆွေဆွေသန်း က ပြောကြားသည်။

ထို့ကြောင့် မိဘများအနေနှင့် ကင်ဆာရောဂါဟုဆိုလျှင် သေဆုံးခြင်းသို့သာ ဦးတည်သည်ဆိုသော အတွေးများကိုဖယ်၍ ဆေးရုံသို့ မဖြစ်မနေလာရောက်ကုသမှုခံယူရန်နှင့် စောစီးစွာသိရှိ၍ မပျက်မကွက် ကုသမှုခံယူပါက ပျောက်ကင်း နိုင်သည့် ရောဂါတစ်ခုဖြစ်ကြောင်း ဒေါက်တာတင့်မျိုးနှင်းက ဆိုသည်။

“ကလေးကင်ဆာတွေဟာ ပျောက်နိုင်တယ်လို့ Message ပေးချင်တယ်။ စောစောလာ စောစောသိအောင်လုပ်” ဟု ၎င်းကပြောကြားသည်။

တိုင်းပြည်ဆင်းရဲခြင်းနှင့် သွယ်ဝိုက်သောနည်းဖြင့် ဆက်စပ်နေသည့် လိုအပ်ချက်၊ အားနည်းချက်များကြောင့် ကင်ဆာကလေးငယ်များမှာ နေရောင်ထိ ပန်းကလေးများပမာ ညှိုးနွမ်းစွာ ခါးဆီးခံကြရဦးမည် ဖြစ်သည်။ သို့သော် သေမိန့်ဟု သတ်မှတ်ထားသော ကင်ဆာဆဲလ်များကို အနိုင်မခံ အရှုံးမပေးသောစိတ်ဖြင့် ဗေဒါပန်းလေးများလို အန်တုရင်း မိမိတို့၏ ရင်သွေးများအတွက် လှပသော နေ့သစ်များကို ဖန်တီးပေးသင့်သည် မဟုတ်လော။

ဒေါ်ဌေးဌေးသည် သမီးငယ်၏ မျက်လုံးကင်ဆာကုသရန် ဖေဖော်ဝါရီလ တတိယပတ်က ရန်ကုန်သို့ လာရောက်ရာတွင် လမ်းစရိတ်ကို ပဲဆယ်အိတ်နုတ်ပေးမည်ဆိုသည့်ကတိဖြင့် နေ့စားခ ၁၀ ရက်စာ ကြိုထုတ်လာခဲ့ရသည်။ မလျှော့သော ဇွဲလုံလဖြင့် သမီးငယ်၏ အသက်ရှင်ရေး ကြိုးပမ်းနေသူဖြစ်ပြီး အတုယူဖွယ်ရာကောင်းသည့် မိခင်မျိုးဖြစ်သည်။

“သူ့မှာ ဒီလိုဖြစ်ဖို့ ကံပါလာတယ်လို့ပဲ မှတ်ယူပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဆုံးထိဆက်ကုမှာပါ” ဟု ဒေါ်ဌေးဌေးက မျက်ရည်ဝဲလျက်ပြောဆိုရင်း အသံများက တိမ်ဝင်လို့သွားသည်။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *