တစ်ဦးကစေတနာ တစ်ဦးကမေတ္တာ

“ဘိုးဘိုး ဘွားဘွား ဖေဖေ မေမေ ဘဘနှင့် အန်တီတို့ မုန့်ဖိုးပေးသောငွေများကို လတိုင်းစုပြီး စုဘူးပြည့်၍ ဖောက်လိုက်ရာ ၃၁ သိန်းရတာကို သားသားဖေဖေအလုပ်ထဲ ညဆင်းလိုက်ရင်း မီးတိုင်များမြင်ပြီး သတင်းစာထဲမှာလည်း မီးတိုင်များ အလှူစာရင်းမှတ်တမ်းများကိုဖတ်မိ၍ သားသားစိတ်ထဲတွင် လှူချင်သောကြောင့် ဖေဖေ့ကိုမေးပြီး သားသားမီးတိုင်လှူချင်စိတ်ရှိ၍ လှူဖြစ်ပါသည်”

အသက် ခုနစ်နှစ်အရွယ်ရှိ မောင်ပြည့်ဖြိုးဝင့်၏ အလှူအကြောင်းရေးသားချက်ဖြစ်သည်။

မန္တလေးမြို့တော် လမ်းမီးတိုင်များအတွက် လာရောက်လှူဒါန်းသူများထဲတွင် ထူးထူးခြားခြား အသက်ခုနစ်နှစ်အရွယ် ဒုတိယတန်းကျောင်းသားတစ်ဦး ပါခဲ့သည်။ ယင်းအကြောင်းကို မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ၏ Facebook လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တင်ပြရာလူကြိုက်အလွန်များခဲ့ပြီး မုဒိတာပွားခဲ့ကြသည်။

မောင်ပြည့်ဖြိုးဝင့်၏ စာက ထိုမျှဖြင့် မပြီးသေး။ ‘နောက်နှစ်တွေလည်း သားသားမုန့်ဖိုးများကိုစုပြီး ယခုလိုလှူဒါန်းပါမည်ခင်ဗျာ’ ဟု ဆက်၍ ရေးထားသေးသည်။

“သားလေးကို မေးဖြစ်တယ်။ iPad တွေ၊ အဝတ်အစားတွေ မဝယ်ချင်ဘူးလားဆိုတော့ သားက မီးတိုင်ပဲလှူချင်တာလို့ ပြန်ဖြေတယ်” ဟု မြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောသည်။

မန္တလေးစည်ပင်သို့ လှူဒါန်းနိုင်သည့် လမ်းလယ်မီးတိုင်များတွင် မီးလုံးနှစ်ဖက်ပါသည့် Double Arm တစ်ခုကို ကျပ်ဆယ်သိန်း၊ မီးသီးတစ်လုံးပါသည့် လမ်းဘေးမီးတိုင် Single Arm တစ်ခုကို ကျပ်ခုနစ်သိန်းခွဲ သတ်မှတ်ထားပြီး ကျန် သည့် တပ်ဆင်မှုအဆင့်ဆင့်ကို စည်ပင်က ကျခံသည်။

မီးသီးများမှာ ခုနစ်နှစ်အာမခံဖြစ်ပြီး အလှူရှင်၏အမည်ကို ပေးလှူသည့် မီးတိုင်တွင် စတီးပလိပ်ပြားဖြင့် ရေးထိုးမှတ်တမ်းတင်ပေးသည်။

မောင်ပြည့်ဖြိုးဝင့်လှူချင်သည့် လမ်းဘေးမီးတိုင်တစ်ခုလျှင် ကျပ်ခုနစ်သိန်းခွဲကုန်ကျပြီး ဆုဘူးဖောက်ငွေမှာ ၃၁ သိန်းကျော် ဖြစ်သည်။ မီးတိုင်ငါးတိုင် လှူချင်သဖြင့် လိုအပ်နေသည့် ခြောက်သိန်းကျော်ကို မိဘများက ဖြည့်ပေးခဲ့ရသည်ဟု ဆိုသည်။ ဖခင်ဖြစ်သူနှင့် အဒေါ်ဖြစ်သူက မန္တလေးစည်ပင်တွင် တာဝန်ထမ်းဆောင်နေသူများ ဖြစ်သည်။

“အသက်အငယ်ဆုံးနှင့် စေတနာအပြတ်ဆုံး အလှူရှင်လေးပါ” ဟု မြို့တော်ဝန်က ချီးကျူးစကားဆိုသည်။

စည်ပင်သာယာဘတ်ဂျက်အပြင် ပြည်သူတို့ပါဝင်မှုဖြင့် ၂၀၂၀ ပြည့်နှစ်အမီ မန္တလေးတစ်မြို့လုံး မီးလင်းနိုင်မည်ဟု မြို့တော်ဝန်က ပြောဆိုထားပြီး စည်ပင်မီးတိုင်နှင့် ပြည်သူ့အလှူမီးတိုင်ကွဲပြားစေရန် အလှူရှင်ကမ္ပည်းတပ်ဆင်ပေးခြင်းဖြစ်သည်။

လမ်းမီးများလင်းစေရန်အတွက် အလှူရှင်များတွင် မောင်ပြည့်ဖြိုးဝင့်ကဲ့သို့ ကျောင်းသားအရွယ်များပါသလို သရုပ်ဆောင် ဒေါင်းကဲ့သို့ နာမည်ကြီးသူများလည်းပါသည်။ မြို့တော်ဝန်ကိုယ်တိုင်ကလည်း Double Arm မီးတိုင် ၂၄ တိုင်ကို အရင်ဆုံး လှူဒါန်းခဲ့သူဖြစ်သည်။

ကုမ္ပဏီများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ အခြားစီးပွားရေးလုပ်ငန်းရှင်များ စသည့် စေတနာရှင်များ၏ စုစုပေါင်းလှူဒါန်းငွေမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလဆန်းအထိ အလှူငွေ ကျပ်သိန်း ၅၇၁၀ ရှိပြီဟု ဆိုသည်။

မန္တလေးမြို့တော် ဖွံ့ဖြိုးတိုးတက်ရန်အတွက် အလင်းလှူသူများရှိသလို မြေလှူသူများလည်း ရှိနေသည်။ မိမိပိုင်ခြံမြေ လှူဒါန်းသူ၊ ကျောင်းဝင်းမြေ လှူဒါန်းသည့် ဘုန်းကြီးကျောင်း စသည်ဖြင့် မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စည်းရုံးရေးစွမ်းအား ကောင်းမွန်မှုနှင့်အတူ ခေတ်အဆက်ဆက် မကြုံရဖူးသည့် အပြောင်းအလဲများကို မြင်တွေ့နေရသည်ဟု မန္တလေးမြို့ခံအချို့က ပြောဆိုသည်။

“စစ်အစိုးရခေတ်ပြီးတဲ့နောက်မှာ တွေ့ရတဲ့ မျှော်လင့်ချက်မပါတဲ့ အလှူတွေပါ” ဟု မန္တလေးမြို့ခံ အမျိုးသားစာပေဆုရ စာရေးဆရာ ဆူးငှက်က မုဒိတာစကားဆိုသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် စစ်အစိုးရလက်ထက်တွင် ယင်းကဲ့သို့ လှူဒါန်းမှုများရှိခဲ့သော်လည်း ‘ထောင်မြင်ရာစွန့်’ လှူဒါန်းမှုများသာဖြစ်ကြောင်း၊ လုပ်ပိုင်ခွင့်ပါမစ်များရလိုမှုကြောင့် ငွေကြေး စသည်တို့ လှူဒါန်းခြင်းမျိုးသာရှိကြောင်း ဆရာ ဆူးငှက်က ပြောသည်။

လက်ရှိ အစိုးရသက်တမ်းတွင်မူ မန္တလေးစည်ပင်ကော်မတီ၏ လုပ်ဆောင်ချက်များသည် မြို့လူထုအတွက် အမှန်တကယ်အကျိုးရှိသည်ဟု စိတ်ချယုံကြည်လာကြသည့်အတွက် အင်တိုက်အားတိုက် လှူဒါန်းပါဝင်လာကြခြင်းဟု ဆရာဆူးငှက် က မှတ်ချက်ပြုပြောဆိုသည်။

လှူဒါန်းမှုများတွင် လူပုဂ္ဂိုလ်များသာမက သံဃာတော်များပင် ပါဝင်ခဲ့သည်။

လမ်းဖောက်ရန် မလွတ်ကင်းသည့် ဘုန်းကြီးကျောင်းမြေ စွန့်လွှတ်ပေးသည့် ကျောင်းသုံးကျောင်းအထိ ရှိကြောင်း ယင်းကော်မတီထံမှ သိရသည်။

၅၇ လမ်း၊ ၃၀ _ ၃၁ ကြား၊ ၅၇ လမ်း နှင့် သံလမ်းကြား၊ ၃၀ _ ၃၃ ကြားတွင် လမ်းအကျယ် ပေ ၂၀ ရှိ နိုင်လွန်ကတ္တရာခင်းရန်အတွက် လမ်းမြေနှင့် မလွတ်ကင်းသည့် ကျောင်းသုံးကျောင်းနှင့် အိမ်တစ်အိမ်က လမ်းမြေကို အသုံးပြုထားခြင်းရှိနေသဖြင့် ညှိနှိုင်းခဲ့ပြီးနောက် ယင်းသို့ စွန့်လွှတ်ပေးခဲ့ကြောင်း ကော်မတီဝင် ဦးကျော်ဇေယျ က ဆိုသည်။

မန္တလေးမြို့တွင်းလမ်းများအနက် ယခင်ကရှိပြီးသည့်လမ်းများကို ကျူးကျော်နေထိုင်သူများရှိသဖြင့် လမ်းကျယ်များဖောက်လုပ်ရန် ပြင်ဆင်ချိန်တွင် အဆင်မပြေပေ။ ထို့ကြောင်း ယင်းနေအိမ်ပိုင်ရှင်များကိုစည်းရုံး၍ ကျူးကျော်ထားသည့်မြေကို ပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့သည်။

ဥပဒေအရဆိုလျှင် အရေးယူရမည်ဖြစ်သော်လည်း ဥပဒေကို အတတ်နိုင်ဆုံးမသုံးဘဲ လက်ခံလာအောင် စည်းရုံးသည့်နည်းကို အသုံးပြုခဲ့ကြောင်း ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ စည်းရုံးမှုဖြင့် လမ်းကျူးများကို ဖျက်သိမ်းဖောက်လုပ်ခဲ့သည့် လမ်း ၁၀ လမ်းခန့် ရှိခဲ့သည်။ ယင်းအပြင် ၇၃ နှင့် ၇၈ ကြား၊ ၃၈ လမ်းကို ဖောက်လုပ်နိုင်ရန်အတွက် တပ်ပိုင်မြေကို စွန့်လွှတ် ပေးခဲ့မှုက မန္တလေးစည်ပင်၏ လက်ဖျားခါလောက်သည့် စည်းရုံးနိုင်စွမ်း ဖြစ်သည်။

ပို၍ လက်ဖျားခါစေသည့် စည်းရုံးနိုင်မှုတစ်ခုမှာ ကာလပေါက်ဈေး သိန်းထောင်ချီသည့် မြေကွက်ကို လမ်းဖောက်လုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် လှူဒါန်းပေးခဲ့မှု ဖြစ်သည်။

၄၁ လမ်း (၅၈ _ ၆၀ ကြား) ရှိ မြေကွက်နှစ်ကွက်ကို ပိုင်ဆိုင်သည့်သူနှင့် ပြောဆိုဆွေးနွေးခဲ့ပြီးနောက် လိုလိုလားလား လှူဒါန်းပေးခဲ့သည်ဟု ဦးကျော်ဇောအောင် က ပြောသည်။

“မြို့အတွက်ဆို လုပ်ပါတဲ့။ သူက အဲဒီလိုလှူဒါန်းမှုအတွက် သူ့အတွက် ဘာမှပြန်မတောင်းဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် ၄၁ လမ်း ၇၈ _ ၈၀ ကြားရှိ လမ်းမြေကျူးထားသူများက နေအိမ်များကို ဖျက်ပေးကြသလို လမ်းမြေနှင့် လွတ်ကင်းသူများကလည်း လမ်းပိုကျယ်စေရန်အတွက် ၎င်းတို့၏ မြေများကို သုံးပေအထိ နောက်ဆုတ်၍ လှူဒါန်းပေးခဲ့ ကြကြောင်း ဦးကျော်ဇောအောင်က ပြောသည်။

မန္တလေးမြို့တော် သာယာလှပရေးအတွက် လှူဒါန်းပေးနေသည့် အလှူရှင်များတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကော်မတီဝင်များလည်း ပါဝင်သည်။ တာဝန်ထမ်းဆောင်မှု ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် တစ်လုံးလျှင် ကျပ်နှစ်သိန်းတန်ဖိုးရှိ စတီးလ်အမှိုက်ပုံးများကို တစ်ဦးလျှင်တစ်လုံးနှုန်းဖြင့် လှူဒါန်းကြခြင်း ဖြစ်သည်။

ယင်းအမှိုက်ပုံးများကို ကျုံးမြောက်ဘက်တွင် အမှိုက်ပစ်ရန် ထားမည်ဖြစ်သည်။ မန္တလေးစည်ပင်တွင် မြို့တော်ဝန်၊ ဒုမြို့တော်ဝန်၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့အပါအဝင် ကော်မတီဝင် ၁၃ ဦး ရှိသည်။

ယင်းသို့ လမ်းမီးတိုင်များလှူဒါန်းသူ၊ မြေများလှူဒါန်းသူ၊ ကျူးကျော်ထားသည်ကို ပြန်ဖျက်ပေးသူများဖြင့် မန္တလေးမြို့တော် သာယာလှပရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပေးနေသည့်ပြည်သူများရှိသလို မန္တလေးမြို့၏အလှကို ဖျက်ဆီးနေသူများကလည်း ရှိနေသည်။ မန္တလေးကျုံးတောင်ဘက် ၂၆ လမ်းတစ်လျှောက်တွင် ကာရံထားသည့် စတီးလ်လက်ရန်းတန်းအချို့ကို အကြောင်းမဲ့ ဖြတ်ယူသွားကြခြင်း ဖြစ်သည်။

ယင်းသို့ ခိုးဖြတ်မှုမှာ ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဇန်နဝါရီလအတွင်းကဖြစ်သည်။

“နှစ်ကြိမ်စလုံး မြို့တော်စည်ပင်ရုံးရှေ့မှာဆိုတော့ ရည်ရွယ်ချက်နဲ့လုပ်တယ်လို့ ယူဆပါတယ်” ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ဆိုသည်။

ယင်းသို့ ဖြတ်သွားသည့် စတီးလ်လက်ရန်းများကို စည်ပင်က အစားထိုး ပြန်လည်တပ်ဆင်ကာ ထပ်မံလုပ်ဆောင်သူများကိုသိရှိစေရန် စီစီတီဗီတပ်ဆင်သွားမည်ဟုလည်း ယင်းကော်မတီက ဆိုသည်။ ရယ်ဖွယ်ကောင်းသလို အရုပ်ဆိုးသည့် ဖြစ်ရပ်တစ်ခုမှာ လမ်းထောင့်တွင် အလှဆင်ထားသည့် ပန်းအိုးများကို မနက် ၄ နာရီဝန်းကျင်တွင် ဖြုတ်ယူသွားခြင်း ဖြစ်သည်။

၂၆ လမ်းနှင့် ၇၈ လမ်းထောင့် မီးပွိုင့်အနီးတွင် ချိတ်ဆွဲတပ်ဆင်ထားသည့် စုစုပေါင်း ကျပ်နှစ်သောင်းကျော်တန် အလှပန်းအိုးငယ်များကို ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက ဖြုတ်ယူခဲ့ခြင်းဖြစ်သည်။ ၎င်းတို့က လူလစ်သည်ဟုထင်၍ ဖြုတ်သွားကြသော်လည်း မီးပွိုင့်တွင် တပ်ဆင်ထားသည့် စီစီတီဗီမှတ်တမ်းအရ ပြန်လည်သိရှိရသည်။

ယင်းသို့သော စုန်းပြူးတစ်ဦးတလေမှအပ မန္တလေးစည်ပင်၏ မန္တလေးမြို့အတွက် လုပ်ဆောင်မှုများကို မြို့သူမြို့သားများက ဝန်းရံကြသည်။ နိဗ္ဗာန်ကို ရည်မှန်း ၍လှူဒါန်းသည်ဟုဆိုနိုင်သည့်တိုင် မန္တလေးသူ မန္တလေးသားများကမူ မန္တလေးစည်ပင်ထံမှ မည်သည့်အရာမှ ပြန်လည်မမျှော်လင့်ကြ။ တစ်ဦးကစေတနာ တစ်ဦးကမေတ္တာဖြင့်သာ လုပ်ဆောင်ကြခြင်းဖြစ်သည်။

ရှေးယခင်က မန္တလေးတွင် ရေရှားပါးသည့်နေရာများတွင် ရေတွင်းများတူးဖော်လှူဒါန်းသည့် ရေတွင်းဒကာများ ရှိခဲ့ဖူးသည်။ ပူပြင်းသည့် နေရောင်အောက်တွင် နားခိုရန်ဇရပ်များ လှူဒါန်းသည့် အလှူရှင်များ ရှိခဲ့ဖူးသည်။ ယခုလည်း လိုအပ်နေသည့်အရာများကို လှူဒါန်းသည့်အလှူရှင်များ ရှိလာရခြင်းဖြစ်ကြောင်း ဆရာဆူးငှက် က အောက်ပါအတိုင်း ပြောဆိုသည်။

“မန္တလေးရဲ့ ချစ်စဖွယ်ဓလေ့ တစ်ခုပါ” 

 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *