နိုင်ငံခြားရေးမူဝါဒ ခွဲခြမ်းလေ့လာခြင်း (၈)

နိုင်ငံတကာ နိုင်ငံရေးဘောဂဗေဒ

နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ (International Political Economy – IPE) ဆိုတာ ၁၉၇၀ ပြည့်နှစ်များ အစောပိုင်းကာလမှာ စတင်ပေါ်ထွန်းလာတဲ့ နိုင်ငံတကာဆက်ဆံရေးပညာရပ်ရဲ့ နယ်ပယ်ခွဲတစ်ခုပေါ့။ ဒုတိယကမ္ဘာစစ်ပြီးကာလ နိုင်ငံတကာဆက်ဆံရေးမှာ အဓိကလွှမ်းမိုးနေတာက လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေပဲ ဖြစ်တယ်။ စစ်အေးကလည်း အရှိန်ညီးညီးနဲ့ တောက်လောင်နေတဲ့ကာလဆိုတော့ စစ်မက်ရေးရာတွေက နေရာယူထားကြတယ်။ ၁၉၇၀ ပြည့်နှစ်မှာ ဗြိတိသျှပညာရှင် Susan Strange က ‘International Economics and International Relations: A Case of Mutual Neglect’ ဆိုတဲ့ ဆောင်းပါးပုံနှိပ်ဖော်ပြရာကနေ IPE သန္ဓေတည်လာတယ်လို့ ပြောနိုင်ပါတယ်။

နောက်တော့ Susan Strange ဟာ States and Markets (1988) ရယ်၊ The Retreat of the State (1996) ဆိုတဲ့ စာအုပ်တွေနဲ့ IPE ကို အခိုင်အမာတည်ထောင်လာခဲ့တယ်။ တစ်ဖန် ၁၉၇၁ ခုနှစ် ဇွန်လထုတ် International Organization (Vol. 25; No. 3) ဆိုတဲ့ ပညာရပ်ဆိုင်ရာစာစောင်မှာ Josef Nye နဲ့ Robert Kohane တို့က Transnational Relations and World Politics ဆိုပြီး အထူးစာစောင်ထုတ်ဝေရာကနေ အမေရိကန်ပညာရှင်အသိုင်းအဝိုင်း မှာလည်း IPE ကို စတင်ဖော်ထုတ်လာခဲ့တယ်။ အဲဒီစာစောင်မှာပဲ နောင်မှာ ကမ္ဘာကျော် IPE ပညာရှင်ဖြစ်လာတဲ့ Robert Gilpin ကလည်း The Politics of Transnational Economic Relations ဆိုပြီး ဆောင်းပါးရေးခဲ့ပါသေးတယ်။
နောက်တော့ Robert Gilpin ဟာ The Political Economy of International Relations (1987) ဆိုတဲ့စာအုပ်ရယ်၊ Global Political Economy: Understanding the International Economic Order (2001) ဆိုတဲ့ စာအုပ်တွေနဲ့ IPE ကို ခိုင်မာလာစေခဲ့တာပါပဲ။

အင်္ဂလိပ်နဲ့ အမေရိကန်ပညာရှင်တွေအကြားမှာ Ontology နဲ့ Epistemology မတူတာအပေါ်အခြေခံပြီး British School of IPE နဲ့ American School of IPE ဆိုပြီး ကျောင်းတော်သာ နှစ်ခုကွဲသွားတာ တွေ့ရတယ်လို့ဆိုပါတယ်။ Ontology အရပြောရမယ်ဆိုရင် American School က (state-centric, privileging sovereign governments above all other units) ဖြစ်ပြီး British School က (state as just one agent among many) ဖြစ်တယ်။ Epistemology အရဆိုရင်တော့ American School က Positivism အပေါ်မှာအခြေခံပြီး British School u post- Positivism ကို အခြေခံတယ်လို့ အကြမ်းအားဖြင့် ပြောလို့ရပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ဒီလောက်တော့ မရိုးရှင်းလှပါဘူး။ American School of IPE မှာ နာမည်ကျော်တွေကတော့ Robert Gilpin တို့ Stephen Krasner တို့ Peter Katzenstein တို့ Robert Kohane တို့ဖြစ်ပြီး British School of IPE မှာတော့ Susan Strange နဲ့ Robert Cox တို့ဖြစ်တယ်လို့ ဆိုကြပါတယ်။ (Robert Cox ဟာ ကနေဒါသားဖြစ်ပြီး သူဟာ Neo-Gramscianism ဆိုတဲ့ လက်ဝဲယိမ်းတဲ့ အယူအဆနဲ့ နာမည်ပိုကြီးတာပါ။)

နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ (International Political Economy – IPE) ဆိုတာဘာလဲ။ ပညာရှင်တွေအကြားမှာ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ အမျိုးမျိုးရှိကြပါတယ်။ အငြင်းအခုံတွေလည်း ဖြစ်နေကြဆဲပါ။ ဒါပေမဲ့ International Politics နဲ့ International Economics တို့ရဲ့ ပတ်သက်မှုဆိုတာကိုတော့ လက်ခံထားကြပါတယ်။ အများဆုံးလက်ခံသုံးစွဲနေတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ Robert Gilpin တင်ပြခဲ့တဲ့ …. နိုင်ငံတကာ နိုင်ငံရေးဘောဂဗေဒဆိုသည်မှာ နိုင်ငံတကာဆက်ဆံရေးတွင် ပါဝါရှာဖွေစုဆောင်းခြင်းနှင့် ဓနရှာဖွေစုဆောင်းခြင်းတို့ အပြန်အလှန်နှင့် စဉ်ဆက်မပြတ်အင်တိုက်အားတိုက် ထိတွေ့တုံ့ပြန်နေမှု (IPE is the reciprocal and dynamic interaction in international relations of the pursuit of wealth and the pursuit of power) . . . ဆိုတာပါပဲ။ Stephen Krasner ကတော့ နိုင်ငံတကာ နိုင်ငံရေးဘောဂဗေဒဆိုသည်မှာ နိုင်ငံတကာစီးပွား ဆက်ဆံရေးနှင့်ပတ်သက်သည့် နိုင်ငံရေးပိုင်းခြားချက်များနှင့် သက်ဆိုင်သည် (IPE is concerned with the political determinants of international economic relations) လို့ ဆိုပါတယ်။

ကျွန်တော်ကတော့ နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒဆိုတာကို နိုင်ငံ့နယ်မြေပြင်ပတွင် ဓနဖန်တီးခြင်း (creation of wealth beyond national border) ဆိုတာရယ်၊ ဓနဖန်းတီးခြင်းဟာ ကမ္ဘာ့စနစ်အတွင်း အင်အားဖြန့်ခွဲမှုကို မည်ကဲ့သို့ဖြစ်စေတယ် (how creation of wealth affects the distribution of power in international system) ဆိုတာရယ်၊ ဓနကို ပါဝါအဖြစ် မည်ကဲ့သို့ အသွင်ပြောင်းသလဲ (how wealth is transformed into power) ဆိုတာတွေနဲ့လည်း ပတ်သက်တယ်လို့ ဆိုချင်ပါတယ်။ ၁၉၇၈-၇၉ ခုနှစ်လောက်က တရုတ်နိုင်ငံရဲ့ ကမ္ဘာမှာတွင်ကျယ်နိုင်မှုနဲ့ ၂၀၁၈-၁၉မှာ တွင်ကျယ်နိုင်မှုဟာ မတူတော့ပါဘူး။ တရုတ်နိုင်ငံရဲ့ ဓနအင်အားကွာခြားသွားတာဟာ အဓိကကျတဲ့ အချက်ထဲမှာပါပါတယ်။ ဒီဓနအင်အားတွေကြောင့်ပဲ အင်အားကြီးနိုင်ငံတွေပေါ်လာတာ ကျဆုံးသွားတာတွေကိုလည်း တွေ့ကြရပါတယ်။ ကမ္ဘာ့စနစ်မှာ ဧကမဏ္ဍိုင်၊ ဒွိမဏ္ဍိုင်၊ ဗဟုမဏ္ဍိုင်တွေ ဖြစ်ပျက်နေတာဟာလည်း ဒီဓနအင်အား အပြောင်းအလဲတွေနဲ့ အများကြီး ပတ်သက်နေပါတယ်။ ဓနဖန်တီးရုံ သက်သက်နဲ့တော့ မဟုတ်ပါဘူး။ ဓနကို ပါဝါ (Power) အဖြစ် အသွင်ပြောင်းနိုင်ဖို့လိုပါတယ်။ ကျွန်တော်ကတော့ နိုင်ငံတကာနိုင်ငံရေး ဘောဂဗေဒကို ထင်သာမြင်သာရှိအောင် နိုင်ငံတော်-ဓန-ပါဝါ ချိတ်ဆက်မှု (interaction between state, wealth, and power) လို့ အလွယ်ပြောလိုပါတယ်။

IPE မှာ အဓိကတင်ပြတဲ့ ရှုမြင်ချက်တွေကတော့ Mercantilism ရယ် Economic Liberalism နဲ့ Structuralism ဆိုပြီး သုံးမျိုး တွေ့နိုင်ပါတယ်။

Mercantilism

ကုန်သွယ်စီးပွားဝါဒလို့ ခေါ်တဲ့ Mercantilism ကို IPE မှာ Economic Nationalism လို့လည်း သိကြပါတယ်။ ဒီကုန်သွယ်စီးပွားဝါဒ အယူအဆမှာ နိုင်ငံတော်ရဲ့အခန်းကဏ္ဍဟာ အလွန်အရေးပါပါတယ်။ နိုင်ငံနယ်မြေပြင်ပကိုထွက်ပြီး ဓနဖန်တီးတယ်လို့ ဆိုနိုင်တဲ့ နိုင်ငံတကာ စီးပွားဆက်ဆံရေးနဲ့ ကုန်သွယ်ရေးတွေမှာ နိုင်ငံတော်ဟာ ထဲထဲဝင်ဝင် ပတ်သက်နေပါတယ်။ ဒီအယူအဆအောက်မှာ ချမှတ်ကျင့်သုံးတတ်တဲ့ မူဝါဒတစ်ခုကတော့ ‘ကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒ’ (Protectionism) ပဲ ဖြစ်ပါတယ်။

နိုင်ငံတကာကုန်သွယ်ရေးဟာ အများအတွက် အကျိုးရှိနိုင်တယ်လို့ဆိုပေမယ့် အကျိုးအမြတ်ခွဲဝေမှုမမျှတခြင်း (Asymmetrical Distribution of gain) ဟာ ကမ္ဘာ့နိုင်ငံရေးမှာ ပါဝါဆက်ဆံရေး (Power Relations) ကို ထိခိုက်နိုင်ပါတယ်။ ကိုယ်ဘယ်လောက် အကျိုးအမြတ်ရှိမယ်ဆိုတာထက် တစ်ဖက်သူက ကိုယ့်ထက်ဘယ်လောက် ပိုအကျိုးအမြတ်ရသွားမလဲဆိုတဲ့ Relative Gain ကို တွက်ကြပါတယ်။ ဒီကုန်သွယ်စီးပွားဝါဒ အယူအဆမှာ ‘နိုင်ငံများအကြား ပါဝါဖြန့်ခွဲမှု’ (distribution of power between states) ဆိုတာ အဓိကကျတဲ့ ညွှန်းကိန်းတစ်ခုဖြစ်တယ်။ ဒါကြောင့် ဒီအယူအဆအောက်မှာ Relative Gain နဲ့ Distribution of Power ဟာ သော့ချက်ပဲ။ ဒီနေရာမှာ နိုင်ငံတော်က ဝင်ရောက်ထိန်းကျောင်းပေးရမယ်။ Mercantilism မှာ ကိုယ်ကကုန်သွယ်တဲ့နေရာမှာ အသာစီးရနေဖို့အတွက် ‘များများပို့၊ နည်းနည်းသွင်း’ ဆိုတာမျိုး လုပ်တာပေါ့။ ကိုယ့်နိုင်ငံကလုပ်ငန်းတွေကို ကာကွယ်ပေးတာ၊ အထောက်အပံ့ပေးတာတွေလုပ်ပြီး ကုန်သွယ်မှု အသာစီးရအောင်လုပ်ဆောင်တာတွေ တွေ့နိုင်ပါတယ်။

အရင်တုန်းကတော့ Classical Mercantilism ခေတ်မှာတုန်းကတော့ ကုန်သွယ်လို့ထွက်လာတဲ့ အမြတ်အစွန်းတွေနဲ့ ရွှေချောင်းတွေ ဝယ်ကြတယ်လို့ဆိုပါတယ်။ ခေတ်သစ် Neo-Mercantilism မှာတော့ သဘာဝသယံဇာတတွေလိုက်ဝယ်တယ်လို့ ပြောကြပါတယ်။ တရုတ်နိုင်ငံဟာ Neo-Mercantilism ကျင့်သုံးနေပါတယ်လို့ ပြောဆို ရေးသားနေမှုတွေ တွေ့ကြရမှာပါ။ ဓနဖန်တီးရာမှာတင် မကပါဘူး။ ဓနကို ပါဝါအဖြစ်အသွင်ပြောင်းရာမှာလဲ နိုင်ငံတော်ရဲ့ကဏ္ဍဟာ အရေးပါတယ်လို့ဆိုပါတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ စစ်ရေးပါဝါကို တည်ဆောက်တဲ့နေရာမှာပေါ့။ ဒါ့အပြင် (နောက်ပိုင်းမှာတင်ပြမယ့်) Structural Power တည်ဆောက်တဲ့နေရာမှာ နိုင်ငံတော်ရဲ့ ပါဝင်ပတ်သက်မှုဟာ အရေးကြီးပါတယ်။

Economic Liberalism

Economic Liberalism ကို laissez-faire ဆိုတဲ့ လွတ်လပ်စွာ ကုန်သွယ်မှုဆိုတာနဲ့ IPE မှာ သိကြပါတယ်။ လစ်ဘရယ်တွေက ဓနဖန်တီးမှုကို လွတ်လွတ်လပ်လပ်လုပ်ကိုင်တာကို အားပေးပါတယ်။ နိုင်ငံတော်က ဝင်ရောက်စွက်ဖက်တာကို မလိုလားကြပါဘူး။ နိုင်ငံတကာ စီးပွားဆက်ဆံရေးတွေမှာ လွတ်လပ်စွာကုန်သွယ်ရေး (Free Trade) ကို တိုက်တွန်းကြပါတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ ပါဝါနဲ့ပတ်သက်ရင်လည်း နိုင်ငံတော်အပြင် အခြားသော နိုင်ငံမဟုတ်တဲ့သူများ (non-state actors) တွေရဲ့ ကဏ္ဍအရေးပါမှုကို တင်ပြကြပါတယ်။ ဓနဖန်တီးခြင်းဟာ နိုင်ငံတကာစနစ်မှာ လွှမ်းမိုးခြယ်လှယ်ထားရန်အတွက် လိုအပ်သည့် ပါဝါစုဆောင်းရန်ဆိုတဲ့ ရည်ရွယ်ချက်သက်သက်တစ်ခုတည်းအတွက် မဖြစ်သင့်ဘူး။ ဓနဖန်တီးခြင်းဟာ ပါဝါအတွက်တင်သာ မဟုတ်ဘဲ ကမ္ဘာ့ပြည်သူအများအကျိုးအတွက် (ဥပမာ – ဆင်းရဲမှု ပပျောက်ရေး) သုံးသင့်တယ်လို့ ဆိုပါတယ်။

နောက်တစ်ခါ ပါဝါဆိုတာ နိုင်ငံတော်တွေရဲ့ အထူးလုပ်ပိုင်ခွင့် (Prerogative) ရှိတဲ့အရာမဟုတ်ဘူး။ နိုင်ငံမဟုတ်တဲ့သူများ (non- state actors) – လူတစ်ဦးချင်းအပါအဝင် – ဆီမှာလည်း ပါဝါရှိနိုင်ပါတယ်။ ထူးခြားတဲ့ တင်ပြချက်တစ်ခုကတော့ ‘စီးပွားရေးနဲ့ ငွေကြေးကဏ္ဍကြီးကို နိုင်ငံတကာပြုလိုက်ခြင်းကြောင့် ပါဝါနဲ့နယ်မြေချိတ်ဆက်မှု ပြိုကွဲသွားတယ်’ (the internationalization of the economy and finance broke the link between power and territory) ဆိုတာပဲ ဖြစ်တယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ [ပိုင်နက်နယ်မြေ အခြေပြုတဲ့] နိုင်ငံတော်ရဲ့ပါဝါကို မောင်ပိုင်စီးထားမှု (monopoly of power by the state) ဆုံးရှုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံမဟုတ်တဲ့သူများ (non-state actors) တွေလည်း ဓနတွေဖန်တီး၊ ပါဝါတွေကျင့်သုံးနိုင်တယ်လို့ ဆိုပါတယ်။ ရှုပ်ထွေးစွာ အပြန်အလှန်ချိတ်ဆက်တည်မှီနေတဲ့ကမ္ဘာ၊ များမြောင်လှသောကိစ္စရပ်များနဲ့ ပြည့်နှက်နေတဲ့ကမ္ဘာမှာ ပါဝါဟာ ပြန့်ကွဲသွားပြီ (power is diffused in a world of complex interdependence and a world composed of multitude of issues) လို့ ဆိုပါတယ်။ နိုင်ငံစုံ စီးပွားရေးလုပ်ငန်းစုကြီးတွေ (Multi-national Corporations)၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့ နည်းနာတွေ (international institutions) တွေနဲ့ တစ်သီးပုဂ္ဂလ (Individual) တွေသည်ပင်လျှင် ပါဝါတွေရှိပြီး ကျင့်သုံးနိုင်တဲ့ အနေအထားရှိလာတာကို ထောက်ပြကြပါတယ်။ ဓနကို ပါဝါအဖြစ် ပြောင်းလဲကျင့်သုံးနိုင်တာဟာ နိုင်ငံတော်တစ်ခုတည်း မဟုတ်ဘူး။ ဓနမရှိသည့်တိုင်အောင် ပါဝါရှိနေနိုင်တဲ့ International Institutions တွေလည်း ရှိပါတယ်။ ဂျိးဇက်နိုင်းက ‘ပါဝါအကြီးဆုံးနိုင်ငံဆိုတာ စစ်ရေးစွမ်းရည် အကြီးကျယ်ဆုံးရှိတဲ့နိုင်ငံမဟုတ်ဘူး။ မိမိကိုဝန်းရံဖို့ မဟာမိတ်အများဆုံး စုရုံးနိုင်တဲ့၊ သတင်းအချက်အလက်တွေကို ထိန်းချုပ်ထားနိုင်တဲ့၊ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အစီအစဉ်ကို ကိုယ့်စိတ်တိုင်းကျ ကိုင်တွယ်ထားနိုင်တဲ့ (agenda setting in international institutions) စွမ်းရည်ရှိခြင်းပါ’ လို့ဆိုပါတယ်။

Structuralism

Structuralism ကိုတော့ ဖွဲ့စည်းတည်ဆောက်ထားမှုဝါဒလို့ အကြမ်းဖျင်းဆိုနိုင်မယ်ထင်ပါတယ်။ စနစ်ကြီးတစ်ခု ဘယ်လိုအလုပ်လုပ်နေသလဲဆိုတာကို ရှုမြင်ကြည့်တဲ့သဘောပါ။ နိုင်ငံတကာနိုင်ငံရေး ဘောဂဗေဒ (IPE) မှာ ဒီအယူအဆဟာ လက်ဝဲယိမ်းတဲ့အယူအဆလို့ ဆိုနိုင်ပါတယ်။ မတ်စ်ရဲ့ အယူအဆတွေအပေါ်မှာ အများကြီးအခြေခံပါ တယ်။ မတ်စ်ရဲ့ ဓနရှင်လူတန်းစားနဲ့ ပစ္စည်းမဲ့လူတန်းစားတို့ရဲ့ လူတန်းစားပဋိပက္ခကိုအခြေခံပြီး စဉ်းစားတာပါ။ ဆိုရှယ်လစ်ဘောဂဗေဒမှာ ပြောကြတဲ့ ကုန်ထုတ်စွမ်းအားစုကိုပိုင်ဆိုင်တဲ့ ဘူဇွာလူတန်းစား (Bourgeoisie) က လုပ်အားသာရှိတဲ့ ပစ္စည်းမဲ့လူတန်းစား (Proletariat) ကို ကုန်လုပ်ဆက်ဆံရေးမှာ ခေါင်းပုံဖြတ်ပြီး အပိုတန်ဖိုးထုတ် သွေးစုပ်တာကို နိုင်ငံတကာစီးပွားဆက်ဆံရေးမှာ စဉ်းစားတာပါ။

Dependency Theory ဆိုတာ ၁၉၆၀/၁၉၇၀ ပြည့်နှစ်များမှာ အလွန်ခေတ်စားခဲ့တဲ့ အယူအဆပါ။ ဆင်းရဲတဲ့ဖွံ့ဖြိုးဆဲနိုင်ငံလေးတွေဟာ အရင်းရှင်စီးပွားရေးကမ္ဘာမှာ ဖွံ့ဖြိုးဆဲ့အရင်းရှင်နိုင်ငံတွေ အပေါ်မှာ – ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ နည်းပညာ စသည်ဖြင့် – မှီခို တည်မှီနေရပြီး အရင်းရှင်နိုင်ငံကြီးတွေရဲ့ သွေးစုပ်ခြယ်လှယ်မှုကို ခံနေရတယ်လို့ ဆိုပါတယ်။ ဒီလိုနိုင်ငံငယ်လေးတွေဟာ ‘independence without autonomy’ လို့ ဆိုရလောက်အောင်ပင် အရင်းရှင်စနစ်ရဲ့ နွံထဲနစ်နေရတယ်။ အချို့တွေက aid-dependency ရှိတယ်။ အချို့တွေက market-dependency ရှိနေကြတယ်။ မိမိနိုင်ငံက ထွက်ကုန် (များသောအားဖြင့် ကုန်ကြမ်းများ) ဟာ အရင်းရှင်ကမ္ဘာက ဈေးကွက်မှာရောင်းရဖို့ မျက်နှာလုပ်ရ၊ အကြိုက်ဆောင်ရတာတွေလုပ်ရတယ်။ ဈေးနှိမ်ခံရတယ်။ Terms of Trade ဟာလည်း ‘ကြာလေ ဟလေ’ ဖြစ်လာတယ်ဆိုတာ ထောက်ပြကြတယ်။ တစ်ခါ အရင်းရှင်ကမ္ဘာက ဓနရှင်တွေနဲ့ ဒီနိုင်ငံငယ် Local Elites လေးတွေက အကျိုး စီးပွားချင်း ချိတ်ဆက်နေကြပြီး အရင်းရှင်ကမ္ဘာအတွက် မျက်နှာလို မျက်နှာရ လုပ်ပေးကြတယ်။ ဒီလိုနည်းနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေရဲ့ ဓနရှင်နိုင်ငံတွေအပေါ် မှီခိုတည်မှီမှုဟာ ခိုင်မာလာတယ်။ ဒီတော့ Global Capitalist Economy ကနေ လွတ်ထွက်ဖို့လုပ်ရမယ်။ ဒီနေရာမှာ နိုင်ငံတော်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးတယ်။ နိုင်ငံတော်အာဏာနဲ့ ကုန်ထုတ်စွမ်းအားစုကို ထိန်းချုပ်တာတို့၊ အရင်းရှင်ကမ္ဘာမှ ဓနစီးဝင်မှုတွေကို ထိန်းချုပ်တာတို့၊ သွင်းကုန်အစားထိုးမူဝါဒကျင့်သုံးတာတို့ဟာ ဒီအယူအဆတွေကြောင့်ပါ။

Immanuel Wallerstein ကသူပြုစုတဲ့ World-System Theory မှာဆိုရင် ကမ္ဘာကြီးကို ဗဟိုချက်မများ (Cores)၊ တစ်ဝက်တစ်ပျက်အဖျားအနား (semi-peripheries) နဲ့ အဖျားအနားများ (Peripheries) ဆိုပြီးတော့ နိုင်ငံတွေကို အုပ်စုကြီးသုံးခုခွဲပြီး တင်ပြတယ်။ အရင်းအမြစ်တွေဟာ အဖျားအနားကနေ ဗဟိုချက်မများဆီသို့ စီးဆင်းပြီး၊ ဩဇာတွေဟာ ဗဟိုချက်မများဆီကနေ အဖျားအနားများဆီကို စီးဆင်းသွားတယ်လို့ ဆိုပါတယ်။ အချုပ်ပြောရရင်တော့ ဓန-ပါဝါ- နိုင်ငံတော် ချိတ်ဆက်မှုမှာ နိုင်ငံတော်ရဲ့အခန်းကဏ္ဍဟာ အရေးကြီးတယ်။ နိုင်ငံတော်အာဏာကို ဘယ်လူတန်းစားအတွက် ကျင့်သုံးနေတာလဲ။ ဓနဖန်တီးမှုမှာ နိုင်ငံတော်ဟာ ဘယ်သူ့အကျိုးစီးပွားအတွက်လုပ်နေတာလဲဆိုတာတွေကို အလေးထားပြောကြတယ်။

Structural Power

နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ (IPE) မှာ အရေးပါတဲ့ Structural Power အကြောင်းပြောပါမယ်။ Susan Strange က တင်ပြခဲ့တဲ့ကိစ္စပါ။ structural power မှာ . . . (1) production and trade (2) money and finance (3) knowledge and technology (4) security ဆိုပြီး ရှိပါတယ်။ Global Production and Trade မှာ ကြီးစိုးထားနိုင်တာဟာ အရေးကြီးတဲ့အချက်ပါ။ အခုခေတ်ကြီးမှာ တရုတ်နိုင်ငံကို ကမ္ဘာ့စက်ရုံကြီးရယ်လို့တောင် တင်စားပြောနေကြပါတယ်။ Global Money and Finance မှာ ကြီးစိုးနေတာက Dollar, Euro, Yen စသည်ဖြင့် ငွေကြေးတွေရှိသလို Institution တွေမှာ IMF နဲ့ World Bank (WB) တို့ရှိပါတယ်။ ADB လည်းရှိတာပေါ့။ IMF နဲ့ WB ဆိုရင် အမေရိကန်က ထိန်းချုပ်ထားတယ်လို့တောင် ဆိုနိုင်ပါတယ်။

အခုဆိုရင် တရုတ်နိုင်ငံကလည်း Yuan နဲ့ ကမ္ဘာ့စီးပွားရေးထဲကို ဝင်လာပါပြီ။ AIIB ဆိုတာနဲ့ Global Finance လောကထဲကိုဝင်လာပြီး ဩဇာထူထောင်ဖို့ လုပ်လာတာတွေ့ရမှာပါ။ Global Knowledge and Technology မှာ မျက်မှောက်ကာလမှတော့ အနောက်နဲ့ အမေရိကန်တို့က ဦးဆောင်နေပြီး တရုတ်ကလည်း မျက်ခြည်မပြတ်ဘူးဆိုတာ တွေ့နေရပါတယ်။ WIPO ရဲ့ သတင်းထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်အတွင်းမှာ မူပိုင်ခွင့် (Patent) လျှောက်ထားရာမှာ တရုတ်က ဒုတိယနေရာမှာရှိနေပါပြီ [US-56,624; China-48,882; Japan-48,208; Germany-18,982; S. Korea-15,763 လို့ ဆိုပါတယ်။ ‘နည်းပညာပိုင်းမှာလည်း တစ်ခုကောင်းဆိုသလို ထိပ်ကပြေးနေတဲ့ နည်းပညာ – ဥပမာ Artificial Intelligence တွေလည်း တွေ့နေရပါတယ်။ Global Security မှာတော့ အမေရိကန်နိုင်ငံက ကြီးစိုးထားဆဲပါ။ သို့သော်လည်း တရုတ်နိုင်ငံဟာ လေယာဉ်တင်သင်္ဘော တည်ဆောက်ရေး၊ ခေတ်မီတပ်မတော် တည်ဆောက်ရေးတင်သာမကဘူး။ သမုဒ္ဒရာနှစ်စင်းမှာ အင်အားဖြန့်ကြက်နိုင်ဖို့ အားထည့်နေတာတွေ့နိုင်ပါတယ်။ အခုအခါမှာ အာဖရိကတိုက်မှာ တရုတ်စစ်အခြေစိုက်စခန်းရှိလာနေတာကို တွေ့နေရပါတယ်။ အမေရိကန်တို့ပြောတဲ့ String of Pearls Strategy (ပုလဲသွယ်ဗျူဟာ) ဆိုတဲ့ အခင်းအကျင်းတွေဟာ Global Security Structure ထဲ တရုတ်ဝင်လာနေတယ်ဆိုတာကို ပြနေတာပါ။

နိုင်ငံခြားရေးမူဝါဒအပေါ် IPE ၏ သက်ရောက်မှု

နိုင်ငံတကာနိုင်ငံရေးဘောဂဗေဒ (IPE) ကနေ နိုင်ငံခြားရေးမူဝါဒအပေါ် သက်ရောက်မှုကိုပြောရရင် ဓနဖန်တီးမှုကနေ ပါဝါအဖြစ်ပြောင်းတာကို နိုင်ငံခြားရေးမူဝါဒနဲ့ အကောင်အထည်ဖော်တဲ့နေရာမှာပါပဲ။ Foreign Economic Relations Policy ဆိုရင်လည်း မမှားပါဘူး။ တရုတ်နိုင်ငံကို ဥပမာပြရရင် . . . နှစ်ပေါင်း ၄၀ လောက် နိုင်ငံတော်က ကြပ်ကြပ်မတ်မတ်နဲ့ ဓနဖန်တီးတယ်။ ဓနကြွယ်ဝလာတော့ ပါဝါအဖြစ် တည်ဆောက်ဖို့လုပ်တယ်။ Structural Power တွေ အရေးကြီးတဲ့အတွက် အဲဒါတွေကို အကောင်အထည်ဖော်ဖို့အတွက် အစိုးရက မူဝါဒတွေ ချမှတ်လုပ်ဆောင်တယ်။ အခုနေမှာ ကျယ်ကျယ်လောင်လောင်ပြောနေOne Belt, One Road (ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း) ဆိုတဲ့ မူဝါဒဟာ ဒါကို မီးမောင်းထိုးပြနေတာတွေ့ရတယ်။ Global Production and Trade Structure မှာ ဆက်လက်လွှမ်းမိုးထားနိုင်ဖို့ ကုန်ကြမ်းတွေရရယူနိုင်မယ့်နေရာတွေ၊ ကုန်ချောတွေ တင်ပို့ရောင်းချနိုင်မယ့်နေရာတွေကို Belt and Road Initiative (BRI) နဲ့ ချိတ်ထားလိုက်တာပါပဲ။ BRI ကို အကောင်အထည်ဖော်ဖို့ရယ်၊ လမ်းကြောင်းတစ်လျှောက်မှာရှိနေတဲ့ နိုင်ငံတွေမှာဖြစ်နေတဲ့ Infrastructure Gap (အခြေခံအဆောက်အဦ လိုအပ်ချက်) တွေကို ဖြည့်ဆည်းဖို့ AIIB (Asian Infrastructure Investment Bank) ကြီးထောင်ပြီး global money and finance structure မှာပါ ဦးဆောင်နိုင်ဖို့ကိုပါ လုပ်ထားတာကို တွေ့နိုင်မှာပါ။ ဒါဟာ Foreign Policy Analysis မှာ IPE ရဲ့ အရေးပါမှုကို လှစ်ဟပြနေတာပါ။ 

 

မောင်အောင်မျိုး

(စာရေးသူသည် International University of Japan တွင် သင်ကြားပို့ချနေသော နိုင်ငံတကာဆက်ဆံရေးပညာရပ် ပါမောက္ခဖြစ်ပြီး In the Name of Pauk-Phaw: Myanmar’s China Policy since 1948 စာအုပ်ကို ရေးသားခဲ့သူဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *