ကတ္တီပါလမ်းခွဲ၊ ဒရမ်မာလမ်းခွဲနှင့် ပုဒ်မ ၉၅ (ခ)

ကတ္တီပါ လမ်းခွဲ

မြန်မာ့နိုင်ငံရေးတွင် ဆန့်ကျင်ဘက်အင်အားစုအချင်းချင်း ငြိမ်းချမ်းစွာတည်ရှိခွင့်ထက် အပြန်အလှန်ဖယ်ထုတ်ဖို့သာ အားသန်လေ့ရှိကြသည်။ ဤသို့ အပြန်အလှန်ဖယ်ထုတ်ရင်းမှ နောက်ဆုံး ပတ်တုတ်မရဘဲ ကွဲကြပြဲကြလေတော့သည်။ ကွဲကြပြီဆိုတော့လည်း တုတ်ဆွဲ၊ ဓားဆွဲ၊ သေနတ်ဆွဲကြတော့သည်။ ဤသဘောကို ဝေးဝေးရှာကြည့်စရာမလို။ နှစ်ပေါင်း ၇၁ နှစ် ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကြီးကိုပဲကြည့် …။ ညီအစ်ကိုချင်းဖြစ်ကြရသည့် စစ်ပွဲဟုဆိုရသည့်တိုင် ဤစစ်ပွဲကြီးအတွင်း ကျဆုံးခဲ့ရသည့် နှစ်ဖက်ညီအစ်ကိုတွေ ဘယ်လောက်များခဲ့ပြီနည်း …။

ဆိုခဲ့ပါအတိုင်း အကွဲအပြဲတွေများလွန်းလှသည့် မြန်မာ့နိုင်ငံရေးတွင် ထူးထူးခြားခြား အကွဲဇာတ်လမ်းတစ်ခုတော့ ရှိခဲ့ဖူးသည်။ ၁၉၅၈ ခုနှစ် ဇန်နဝါရီ ၂၉ မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပခဲ့သော ဖဆပလအဖွဲ့ကြီး၏ ပြည်လုံးကျွတ်ညီလာခံကြီးတွင်ဖြစ်သည်။ ဤညီလာခံတွင် နောင် ‘သန့်ရှင်း’ ဖြစ်မည့် နုတင်အုပ်စု (ဦးနု၊ သခင်တင်) နှင့် နောင် ‘တည်မြဲ’ ဖြစ်မည့် ဆွေငြိမ်းအုပ်စု (ဦးဘဆွေ၊ ဦးကျော်ငြိမ်း) တို့ကို ရင်ကြားစေ့နိုင်အောင် ကြိုးစားခဲ့ကြသည်။ နောက်ဆုံး ဘယ်လိုမှ စေ့စပ်မရတော့မှ ‘စကားနည်း ရန်စဲမူ ခုနစ်ချက်’ ဖြင့် လမ်းခွဲကြရန် နှစ်ဖက်ခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ကြသည်။ ထိုစဉ်က ဝန်ကြီးချုပ်ဦးနုတင်ပြခဲ့သော ‘စကားနည်း ရန်စဲမူ ခုနစ်ချက်’ မှာ …၊

– ၁။ အခုကွဲတာဟာ တစ်ဦးနဲ့တစ်ဦး မပေါင်းနိုင်ကြလို့ ကွဲကြတဲ့ အကွဲပဲဖြစ်တယ်။ အင်အားများတဲ့ဘက်က နည်းတဲ့ဘက်ကို အနိုင်ကျင့် ပြီး ထုတ်ပစ်လိုက်တဲ့အကွဲမျိုး မဖြစ်စေရ …။
– ၂။ ဖဆပလ ရန်ပုံငွေနဲ့ ပစ္စည်းများကို နှစ်ဖက်အုပ်စု အညီအမျှ ခွဲဝေယူကြ။
– ၃။ ဖဆပလအဖွဲ့ကို ဘယ်သူယူထိုက်သလဲဆိုတာ ဦးစီးအဖွဲ့က ဆုံးဖြတ်မယ်။
– ၄။ ဝန်ကြီးတွေကို အချိန်မရွေး ထုတ်ပစ်နိုင်တဲ့အာဏာ ဝန်ကြီးချုပ်မှာရှိပေမယ့် ထုတ်မပစ်ဘူး။ ဩဂုတ်လ လွှတ်တော်အစည်းအဝေး ကျင်းပတဲ့နေ့အထိ လက်ရှိတာဝန်အတိုင်း ဆက်ယူကြပါ။ ဒီအတွင်း ပါလီမန်မှာ အင်အားစုကြ။ လွှတ်တော်အစည်းအဝေးရောက်တော့မှ အစိုးရအဖွဲ့ကို ဖြုတ်ချနိုင်ရင် ဖြုတ်ချ။ ဖြုတ်မချနိုင်ရင် အတိုက်အခံအနေနဲ့ နေကြပါ။
– ၅။ ကျွန်တော်တို့အစိုးရဖြစ်ရင် တစ်ဖက်ကို မညှဉ်းဆဲဘူး။ တစ်ဖက်က အစိုးရဖြစ်လည်း ကျွန်တော်တို့ကို မညှဉ်းဆဲပါနဲ့။
– ၆။ အစိုးရဌာနအသီးသီးမှာ ဟိုဘက်ဒီဘက်က သွင်းထားတဲ့ အရာရှိတွေရှိရင် ဘယ်ဘက်က အစိုးရဖြစ်ဖြစ် သူတို့ကို ထုတ်မပစ်ရ။ စည်းမျဉ်းဥပဒေအတိုင်း တာဝန်ဝတ္တရားဆောင်ရွက်နေသရွေ့ သူတို့ ဆက်ပြီး အလုပ်လုပ်ကြပါစေ …။
– ၇။ နိုင်ငံရေးမှာ ပြောမှားဆိုမှားရှိတဲ့အခါ ရှိပါလိမ့်မယ်။ ဒီလို အမှားအယွင်းတွေရှိခဲ့ရင် တစ်ယောက်အပေါ် တစ်ယောက် အာဃာတ မထားကြပါနဲ့။ ကျွန်တော်တို့ဘက်မှာ ကိစ္စကြီးငယ်ရှိရင်လည်း ဝင်ထွက်သွားလာပါ။ ကျွန်တော်တို့ကလည်း ဒီလိုပဲ ဝင်ထွက်သွားလာချင်ပါတယ်။

ခါတိုင်းလို ဓားဆွဲ၊ တုတ်ဆွဲ မဖြစ်ကြ၍၊ သေနတ်ကိုင် စစ်ပြိုင် မတိုက်ကြ၍ ဆိုခဲ့ပါ ‘စကားနည်း ရန်စဲမူ ခုနစ်ချက်’ ကို ‘ကတ္တီပါလမ်းခွဲ’ ဟု ဆိုနိုင်လိမ့်မည်ထင်ပါသည်။

ဒရမ်မာ လမ်းခွဲ

‘ကတ္တီပါလမ်းခွဲ’ မဟုတ်လောက်သော နောက်ထပ် ‘လမ်းခွဲ’ တစ်ခုကို မကြာမီရက်ပိုင်းအတွင်းက တွေ့လိုက်ရသည်။ သူရဦးရွှေမန်းခေါင်းဆောင်သော ကော်မရှင်နှင့် NLD အစိုးရတို့၏ ‘ညောင်ညိုပင်စခန်းမှ လမ်းခွဲခန်း’ ပင်ဖြစ်သည်။ တစ်နှစ်တစ်ကြိမ် သက်တမ်းတိုးရာတွင် ကန့်ကွက်သူများနေ၍ ကော်မရှင်ကို ရပ်ဆိုင်းလိုက်ရသည်ဟု ဆိုသည်။ ဦးရွှေမန်းတည်ထောင်လိုက်သောပါတီနှင့် ဆက်စပ်နိုင်သည်ဆိုသော ကောက်ချက်များရှိသလို ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်ကြား ဆက်ဆံရေးကို သံသယနှင့် စောင့်ကြည့်သူများလည်း ရှိသည်။ ဦးရွှေမန်းကိုယ်တိုင်ကမူ “နိုင်ငံရေးဆိုတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ သိမ်မွေ့ပါတယ်။ တစ်ခါတစ်ခါမှာလည်း မူယာမာယာတွေ များတတ်ပါတယ်” …. ဟု မှတ်ချက်ပေးသည်။ ‘ကတ္တီပါ’ မဟုတ်တာတော့ သေချာသည်။ ‘ဒရမ်မာ လမ်းခွဲ’ ဟု ဆိုရမည်လားမသိ …။

အနီးခေတ်သမိုင်းကို ပြန်လှန်ရလျှင် ပထမအကြိမ်လွှတ်တော်တုန်းက အမျိုးသားလွှတ်တော်တွင်ရော၊ ပြည်သူ့လွှတ်တော်တွင်ပါ ‘ကော်မရှင်’ တွေ အသီးသီးရှိကြသည်။ အမျိုးသားလွှတ်တော်က ‘နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်’၊ ပြည်သူ့လွှတ်တော်က ‘ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး သုံးသပ်ရေး ကော်မရှင်’ စသဖြင့် …။ NLD အစိုးရတက်လာသောအခါ အမျိုးသားလွှတ်တော်တွင် ကော်မရှင်ထပ်မဖွဲ့တော့ပါ။ ပြည်သူ့လွှတ်တော်တွင်မူ ဦးရွှေမန်းဦးဆောင်သော (ဆိုခဲ့ပါ အမည်ဖြင့်ပင်) ကော်မရှင်သစ်ပေါ်လာသည်။ ထို့နောက်တွင်တော့ အဆိုပါ ဦးရွှေမန်းကော်မရှင်ကိုပင် အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်ပါ လွှမ်းခြုံသည့် ‘ပြည်ထောင်စုအဆင့် ကော်မရှင်’ အဖြစ် အဆင့်မြှင့်လိုက်သည်။

ဤတွင် ဥပဒေနှင့်မညီဟုဆိုကာ တပ်မတော်သားအစုအဖွဲ့က ကန့်ကွက်သည်။ တစ်နှစ် တစ်ကြိမ် သက်တမ်းတိုးတိုင်းလည်း ပုံမှန်ပင် ကန့်ကွက်ခဲ့ကြသည်။ စာရေးသူအနေနှင့်တော့ ဦးရွှေမန်းကော်မရှင် ဇာတ်သိမ်းခန်းထက် ကော်မရှင်ဖွဲ့ ခွင့်၊ မဖွဲ့ ခွင့်ဆိုသည်ကိုသာဥပဒေနှင့် ညီ မညီ စဉ်းစားနေမိသည်။ ဤဖြစ်ရပ်နှင့် ခပ်ဆင်ဆင်တူသလိုရှိသော၊ ဤကိစ္စထက် ပိုအရေးကြီးလိမ့်မည်ဟု ယူဆရသော၊ အခုတစ်လော ‘ဟော့ထ်’ ဖြစ်နေသည့် ‘ဖွဲ့စည်းပုံပြင်ဆင်ရေး’ နှင့် ဆက်စပ်နေသော … အခြားပုဒ်မတစ်ခုအကြောင်း စဉ်းစားနေမိသောကြောင့် ဖြစ်ပါသည်။ ၂၀၀၈ အခြေခံဥပဒေ၊ အခန်း (၄) ဥပဒေပြုရေးတွင်ပါဝင်သော ပုဒ်မ ၉၅၊ ပုဒ်မခွဲ (ခ) ဖြစ်သည်။

ပုဒ်မ ၉၅ (ခ)

ဆိုခဲ့ပါ ပုဒ်မ ၉၅(ခ) က ယခုလိုဖွင့်ဆိုထားပါသည်။

၉၅ (ခ)

ဥပဒေကြမ်းတစ်ရပ်နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရမည်။

တကယ့်လက်တွေ့တွင်ကား လွှတ်တော်နှစ်ရပ် သဘောကွဲလွဲတိုင်း ပြည်ထောင်စုလွှတ်တော်သို့တင်သည်။ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးညှိနှိုင်းကြသည်။ နောက်ဆုံး ဘယ်လိုမှ ညှိမရလျှင် မဲခွဲဆုံးဖြတ်ကြတော့သည်။ ဤတွင် ကိုယ်စားလှယ်ဦးရေနည်းသော အမျိုးသားလွှတ်တော်ကသာ များသောအားဖြင့် ရှုံးရတော့သည်။

ဤသို့သော လွှတ်တော်နှစ်ရပ် သဘောကွဲလွဲကြသည်မျိုး အမေရိကတွင်လည်း ရှိဖူးပါသည်။ ဤသို့ရှိတိုင်းလည်း လွှတ်တော်နှစ်ရပ် ပူးတွဲအစည်းအဝေးထိုင်ပြီး ဆွေးနွေးကြရပါသည်။ (ပြည်ထောင်စုလွှတ်တော်ဆိုသော သီးခြားအမည်နှင့်တော့မဟုတ်) အကြိမ်ကြိမ် ဆွေးနွေးပြီး အဖြေမရသည့်တိုင် မဲတော့မခွဲပါ။ တစ်ချိန်ချိန်တွင် ပြန်လည်ဆွေးနွေးကြဖို့ ထားလိုက်သည်ဟု ကြားဖူးပါသည်။ မူလပုဒ်မတွင်ပါသော ဆုံးဖြတ်ဆိုသည့် စကားရပ်ကြောင့် မဲခွဲဆုံးဖြတ်ကြသည်ကို ပြန်လည် သုံးသပ်ဖို့လိုမည်ထင်ပါသည်။ အထူးသဖြင့် ‘တိုင်းရင်းသားများ’ ၏ ရပိုင်ခွင့်ဘက်မှ စဉ်းစားပေးဖို့ဖြစ်ပါသည်။ ‘အမျိုးသားလွှတ်တော်’ ဆိုသည်မှာ ယခင် ၁၉၄၇ အခြေခံဥပဒေအရ ‘လူမျိုးစုလွှတ်တော်’ မဟုတ်ပါသလော …။

ယခင်အစိုးရလက်ထက် လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်မည်ဆိုစဉ်က အဆိုပါပုဒ်မနှင့်ပတ်သက်ပြီး ပါတီတိုင်းလောက်က ‘မူလအတိုင်းထားရန်’ ဟု အကြံပြုခဲ့ကြပါသည်။ ပြင်ဆင်သင့်ကြောင်း အကြံပြုသည့်ပါတီဆို၍ ‘ရခိုင်အမျိုးသားပါတီ’ တစ်ခုတည်းသာရှိသည်။ သူက ယခုလို အကြံပြုခဲ့သည်။

‘လွှတ်တော်နှစ်ရပ် သဘောကွဲလွဲမှုကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်လျှင် ပြည်သူ့လွှတ်တော်၏ သဘောထားကသာလျှင် တစ်ဖက်သတ်လွှမ်းမိုးသွားမည်ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ မဲအရေအတွက်က အမျိုးသားလွှတ်တော်၏ မဲအရေအတွက်ထက် အပြတ်အသတ် ပိုများနေသောကြောင့်ဖြစ်သည်။ မည်သည့်နိုင်ငံတွင်မှမရှိသော ဥပဒေဖြစ်သည်။”

ကောက်နုတ်ချက်
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး
အကောင်အထည်ဖော်မှုကော်မတီ
(၂၀-၁၀-၂၀၁၄)

အကယ်၍ NLD, USDP စသော ပါတီကြီးများသာ သဘောထားကြီးကြီးဖြင့် ဆိုခဲ့ပါ ပုဒ်မ ၉၅ (ခ) ကို ညှိနှိုင်းပြင်ဆင်နိုင်လျှင် အနည်းဆုံး အောက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရမည်ထင်ပါသည်။

၁။ ‘အုပ်စုအခွင့်အရေး’ (Group Right) ဖြင့် ရွေးကောက်တင်မြှောက်သော ‘အမျိုးသားလွှတ်တော်’ ၏ အခန်းကဏ္ဍကို အလေးထားရာရောက်ခြင်း …၊
၂။ အများစုအုပ်ချုပ်ရေး (ဒီမိုကရေစီ) ကို လူနည်းစုအခွင့်အရေး (ဖက်ဒရယ်) ဖြင့် အထိန်းအထေ လုပ်နိုင်စွမ်းအားကောင်းလာခြင်း …၊
၃။ တိုင်းရင်းသားများ တောက်လျှောက်တောင်းဆိုနေကြသော ‘အမျိုးသားတန်းတူညီမျှရေး’ ကို လက်တွေ့ဖြည့်ဆည်းပေးရာရောက်ခြင်း … စသည်တို့ဖြစ်ပါကြောင်း။ 

ကျော်ဝင်း (၄ မတ်လ၊ ၂၀၁၉)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *