အစိုးရနှင့် တပ်မတော်တို့ ပြန်ညှိရမည့်ကာရန်

“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ တပ်မတော်ကပေးသလောက်ပဲ ရမှာပါ”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ခုနစ်နှစ်၊ ၂၀၁၂ ခုနှစ်အတွင်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းက တပ်မတော်နှင့် ဆက်ဆံရေးသည် မည်မျှအရေးကြီးကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သူ၏ပါတီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD) က အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး နိုင်ငံ၏ ပင်မမဏ္ဍိုင်ကြီးများဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့ကို စီးမိုးထားနိုင်ခဲ့သည်။

လက်ရှိတွင် သုံးနှစ်ဝန်းကျင်တိုင်လာခဲ့ပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့နှင့် မြန်မာ့နိုင်ငံရေးတွင် နှစ်ပေါင်းများစွာ ပါဝင်ခြယ်လှယ်နေခဲ့သည့် တပ်မတော်တို့အကြား ဆက်ဆံရေးသည် မည်သို့ရှိနေပြီနည်း။ မည်ဆီသို့ ဦးတည်နေသနည်း။

ရွေးကောက်ခံ အရပ်သားအစိုးရနှင့် ပင်မလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် တပ်မတော်တို့၏ ဆက်ဆံရေးသည် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးကိစ္စတွင် များစွာအရေးပါလျက်ရှိကြောင်း အားလုံးက သဘောပေါက်ထားပြီး ဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် လာမည့်နှစ်ထဲတွင် အထွေထွေရွေးကောက်ပွဲကျင်းပရန် ရှိနေပြီး အာဏာရပါတီအနေနှင့်လည်း အာဏာကို ဆက်လက်ကိုင်ထားနိုင်ဖို့အတွက် ရွေးကောက်ပွဲတွင် နောက်ထပ်ပြန်လည်အနိုင်ရရှိရန် လိုအပ်လျက်ရှိရာ သူ၏ပုံရိပ်ကို အကောင်းဆုံးပြသရန် ကြိုးစားလာသည်။ လူထု၏ မကျေနပ်ခြင်း၊ စိတ်ကွက်ခြင်း၊ စိတ်ပျက်ခြင်းတို့ကို နှစ်များစွာခံခဲ့ရသည့် တပ်မတော်အနေနှင့်လည်း အတိတ်၏အရိပ်ဆိုးမှ လွတ်မြောက်၍ လူထု၏ဩဘာသံကို ရရှိရန် လုပ်ဆောင်လိုနေသည်။ အဆိုပါအခြေအနေများက အစိုးရနှင့် တပ်မတော်တို့အကြားက ဆက်ဆံရေးအပေါ် သက်ရောက်ရိုက်ခတ်လျက်ရှိပြန်သည်။

လတ်တလော နောက်ဆုံးဖြစ်ရပ်အနေနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို NLD က ပြင်ဆင်ရန်လုပ် ဆောင်လာမှုနှင့်ပတ်သက်၍ တပ်မတော်က စိုးရိမ်တကြီး ကန့်ကွက်ခဲ့သလို ယင်းနှင့်ပတ်သက်၍ နောက်ထပ်လည်း ပြဿနာ များ ပေါ်ဦးမည့်အသွင်ဆောင်နေသည်။ တစ်ဖက်တွင် NLD အနေနှင့်လည်း သူ၏ ရွေးကောက်ပွဲကတိကို မဖြစ် ဖြစ်အောင် အကောင်အထည်ဖော်ပြလိုနေသည် သို့မဟုတ် အကောင်အထည်ဖော်ခဲ့ကြောင်း ပြသလိုနေသည်။

“ဒါက ရွေးကောက်ပွဲသဘောသဘာဝပါ။ များသောအားဖြင့်ကတော့ ရွေးကောက်ပွဲနဲ့ နီးလာလေလေ ပူးပေါင်းဆောင်ရွက်မှုက ပိုခက်လာလေလေ” ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။

၎င်းသည် ပဋိပက္ခနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်း(MIPS) ၏ အမှုဆောင် ဒါရိုက်တာလည်း ဖြစ်သည်။

အာဏာရပါတီနှင့် တပ်မတော်တို့၏ ဆက်ဆံရေးသည် ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည်။

ထို့မတိုင်မီနှစ်များစွာတွင် ၎င်းတို့သည် ဆန့်ကျင်ဘက်အသွင် သို့မဟုတ် အတိုက်အခံအဖြစ်သာ ရှိနေခဲ့သည်။ NLD သည် တပ်မတော်အစိုးရကို ဖြုတ်ချရေး တောက်လျှောက်ကြိုးပမ်းခဲ့သလို တပ်မတော်ကလည်း NLD ကို ချေမှုန်းခြင်းဖြင့်သာ တုံ့ပြန်ခဲ့သည်။ NLD အနေနှင့် အာဏာရလာသည့်အခါ တပ်မတော်နှင့် အဆင်ပြေမှ ပြေပါမည်လော၊ မည်သို့ စခန်းသွားကြမည်နည်းဆိုသည့် မေးခွန်းနှင့် စိုးရိမ်မှုများ၊ မှန်းဆချက်များစွာရှိခဲ့ပြီး နိုင်ငံရေးအကဲခတ်သူများစွာကလည်း စောင့်ကြည့်ခဲ့ကြသည်။

ဆက်ဆံရေးသည် အစဦး၌ပင် တာထွက်မကောင်းခဲ့ပါ။

လွှတ်တော်အစပိုင်းရက်များထဲတွင်ပင် NLD ကိုယ်စားလှယ်တစ်ဦးက တင်သွင်းသည့် အဆိုတစ်ခုနှင့်ပတ်သက်၍ တပ်မတော်က သိသိသာသာကန့်ကွက်ခဲ့သည်။

နိုင်ငံပိုင်မြေ၊ စက်ရုံနှင့် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ ငှားရမ်းရောင်းချမှုများကို ဦးသိန်းစိန်အစိုးရအဖွဲ့က အာဏာမလွှဲပြောင်းမီအချိန်ကလေးတွင် အဆောတလျင်လုပ်ဆောင်လျက်ရှိသည်ကို လွှတ်တော်က ဟန့်တားပေးရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က အရေးကြီးအဆို တင်သွင်းခဲ့သည်။ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် ဖြစ်သည်။ (ယင်းအချိန်သည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များဖြင့် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကို စတင်လည်ပတ်နေပြီဖြစ်သော်လည်း အစိုးရအဖွဲ့ အာဏာလွှဲပြောင်းမှုသည် မတ်လကုန်မှဖြစ်ရာ သမ္မတ ဦးသိန်းစိန်လက်ထက်ဖြစ်သည်။)

ယင်းအဆိုကို တပ်မတော်သား ကိုယ်စားလှယ်များက မတ်တပ်၍ ကန့်ကွက်ခဲ့ကြသည်။ ယင်းသည်ပင် လွှတ်တော်အတွင်း မတ်တပ်ရပ်ကန့်ကွက်မှု ပထမဆုံးအကြိမ်လည်းဖြစ်ပြီး အာဏာရပါတီနှင့် တပ်မတော်တို့၏အကြားက သဘော ထားများကို ထင်ထင်ရှားရှားကို ပြသလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းဖြစ်ရပ်အပြီး မကြာခင်မှာပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကြမ်းကို NLD က လွှတ်တော်သို့ တင်သွင်းလိုက်ပြန်ရာ တပ်မတော်နှင့် အငြင်းအခုံ ဖြစ်လာရ ပြန်သည်။

အဆိုပါဥပဒေသည် သမ္မတဖြစ်ခွင့်မှ ကန့်သတ်ခြင်းခံထားရသည့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကြီးမားသည့် နိုင်ငံရေးရာထူးတစ်ခုဖန်တီးပေးရန်အတွက်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်သမ္မတအရည်အချင်းဆိုင်ရာပြဋ္ဌာန်းချက်များကို မပြင်ဆင်နိုင်သေးမီ သစ်မရခင် ဝါးပေါင်းကွပ်ခြင်းဖြစ်သည်ဟု ဥပဒေကြမ်းတင်သွင်းခဲ့သူ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ် (၄) မှ ဦးအောင်ကြည်ညွန့်က ဆိုသည်။ ယင်းသည် အခြေခံဥပဒေကို ကျော်လွန်ခြင်းဖြစ်သည် ဟုဆိုကာ တပ်မတော်က ကန့်ကွက်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ တပ်မတော် အနေနှင့် သုံးနှစ်ဝန်းကျင်ကြာလာသည့် ယနေ့အချိန်အထိ ကျေလည်ပုံမပြသေး။

သုံးနှစ်တာအတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ ယင်းလုပ်ရပ်သည် အခြေခံ ဥပဒေကို အထင်ရှားဆုံးကျော်လွန်လုပ်ဆောင်မှုဟု ပြီးခဲ့သည့်ဖေဖော်ဝါရီလကပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ဗိုလ်ချုပ်ထွန်းထွန်းညီက သတင်းထောက်များသို့ ပြောဆိုခဲ့သည်။

တပ်မတော်အနေနှင့် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည်ဟု ခံယူထားပြီး ယင်းဘက်မှ အမြဲတစေ ကာကွယ်၊ ခုခံရပ်တည်ခဲ့သည်။

အစိုးရနှင့် တပ်မတော်တို့အကြားက အခြေအနေသည် ထိုကဲ့သို့ ဆန့်ကျင်ဘက်အမြင်များတွင် အခြေခံ၍ ရှိနေခဲ့သည်ချည်းတော့ မဟုတ်ခဲ့ပေ။ သဘောထားညီညွတ်ခဲ့သည်များ၊ တစ်သံတည်းထွက်ခဲ့သည်များလည်း ရှိနေခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် တပ်မတော်ကို နိုင်ငံတကာအသိုင်းအဝိုင်းက အရေးယူ၊ ဒဏ်ခတ်မှုများ ဆောင်ရွက်လာချိန်တွင် အစိုးရသည် တပ်မတော်ဘက်မှ ရပ်တည်ခဲ့ပြီး တပ်မတော်၏လုပ်ဆောင်ချက်အချို့နှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိတ်ဆိတ်နေပေးခဲ့သည်။ ယင်းအခြေအနေများအတွင်း ၎င်းတို့၏ ဆက်ဆံရေးအနေအထားသည် နွေးထွေးနေခဲ့ပြီး တစ်ခါတစ်ရံထွက်ပေါ်လာသည့် တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှစ်ဦးစလုံးထံတွင် လှိုက်လှဲသည့် အပြုံးတို့ကို မြင်တွေ့ခဲ့ရသည်။

ပြီးခဲ့သည့်လများအတွင်းက ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် AA အဖွဲ့နှင့်ပတ်သက်၍လည်း အစိုးရရော၊ တပ်မတော်ကပါ တစ်သဘောတည်းရှိခဲ့ကြပြီး AA ကို တိုက်ခိုက်ချေမှုန်းခြင်းတွင် ညီညွတ်ခဲ့ကြသည်။

လက်ရှိအစိုးရအဖွဲ့တွင် တပ်မတော်က ဝန်ကြီးဌာနသုံးခုကို ကိုင်တွယ်ထားနိုင်ပြီး ပြည်ထောင်စုဝန်ကြီးများသည် တပ်မတော်သားများ ဖြစ်သည်။ အဆိုပါဝန်ကြီးများအနေနှင့်လည်း သမ္မတ၏ စီမံအုပ်ချုပ်မှုအောက်တွင် လိုက်လျောညီထွေ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်ဟု ဒေါက်တာမင်းဇော်ဦးက ဆိုသည်။ ယင်းအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များတွင် ပါဝင်သည့် တပ်မတော်ဝန်ကြီး (နယ်။လုံ- လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး)များသည်လည်း အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းသည့်အပြင် ယင်းဝန်ကြီးများကို အစိုးရကပင် ပြန်လည်အားကိုးအားထားပြုနေရသည်။

“အောက်ခြေမှာ လုပ်ငန်းအကောင်အထည်ဖော်တဲ့အပိုင်းမှာလည်း တပ်မတော်နဲ့ အစိုးရပိုင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေကတော့ တစ်စုံတစ်ရာရှိပါတယ်၊ အားကောင်းမှုတွေ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့က NLD ပါတီရုံးချုပ်တွင် ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာပေးပို့ခဲ့ပြီး နှစ်သစ်တွင် ကျန်းမာစေကြောင်း ဆုတောင်းပေးခဲ့သည်။ ယင်းလုပ်ရပ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး တပ်မတော်နှင့် NLD အကြား ဆက်ဆံရေးအမြင့်ဆုံးရေချိန်မှတ်တွင် ရှိနေကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။

သို့သော် သိပ်မကြာပါ။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် NLD ၏ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စသည် လွှတ်တော်သို့ ကဆုန်ပေါက်၍ ရောက်ရှိလာပြီး တပ်မတော်သည်လည်း သူ၏ မူလရပ်တည်မှုသဘောထားဆီ ပြန်၍ရောက်ရှိသွားကာ ဘက်နှစ်ဖက် အကြားက အခြေအနေသည် တင်းမာသည့်အနေအထား ဖြစ်လာသည်။

“လွှတ်တော်ထဲက တင်းမာမှုကလည်း ဒေါ်အောင်စုကြည်ရဲ့ NLD နဲ့ တပ်မတော်ရဲ့ တင်းမာမှုလို့ ပြောလို့ရတယ်” ဟု ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာန၏ ဝါရင့်သတင်းထောက်လည်းဖြစ်၊ နိုင်ငံရေးသုံးသပ်သူလည်းဖြစ်သည့် ဦးသီဟသွေးက ဆိုသည်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD ၏ လုပ်ဆောင်မှုသည် လုပ်ထုံးလုပ်နည်းများနှင့်မလျော်ညီ၊ အခြေခံဥပဒေကို ကျော်လွန်လျက်ရှိသည်ဟု တပ်မတော်ကဆိုသည်။ အခြေခံဥပဒေသည် တပ်မတော်၏ သဘောတူညီချက်မရဘဲ မည်သည့်ပုဒ်မကိုမျှ ပြင်ဆင်နိုင်မည် မဟုတ်ပေ။ သို့သော် NLD သည် ပြင်ဆင်ရေးနှင့်ပတ်သက်၍ တပ်မတော်ကို ကြိုတင်ညှိနှိုင်းပုံ မပြ။ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို တပ်မတော်က အပြင်းအထန်ကန့်ကွက်နေသည့်ကြားက ဖွဲ့စည်းလိုက်သည်။ ယင်းအခြေအနေများကပင် တပ်မတော်အကြီးအကဲဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်နှင့် ပါတီအကြီးအကဲ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ကြိုတင်သဘောတူညီချက် ရှိမထားကြောင်း ပြသနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက် နေ့က စစ်တိုင်းငါးတိုင်းတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ထားမည်ဖြစ်ကြောင်း တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ကြေညာခဲ့သည်။ ယင်းသည် တပ်မတော်၏ သဘောထားဖြစ်ပြီး အစိုးရအဖွဲ့နှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးခဲ့ခြင်း မရှိခဲ့။ သမ္မတရုံးနှင့် နီးစပ်သူများထံမှ ကြားသိရမှုအရ ကြေညာချက်ထုတ်ပြန်ရန် မိနစ်ပိုင်းအလိုတွင်မှ နိုင်ငံတော်သမ္မတထံသို့ ကာကွယ်ရေးဦးစီးချုပ်က အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ အပြန်အလှန်ပင် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအတွင် လုပ်ဆောင်မည့်အစီအစဉ်ကို NLD က တပ်မတော်ကို ကြိုတင်အသိမပေးခဲ့။

တပ်မတော်သည် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်လျှင် သူ့မူဝါဒနှင့်သူ ရှိနေပြီး အစိုးရအဖွဲ့၏ ရပ်ခံမှုများနှင့် ကွဲလွဲနေတတ်သည်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်လာရင် သူ့အမှတ်၊ ကိုယ့်အမှတ်လုနေတဲ့သဘောကို အခုချိန်အထိ မြင်နေရသေးတယ်” ဟု ဦးသီဟသွေးက ဆိုသည်။

ဆိုလိုသည်က အစိုးရရော၊ တပ်မတော်ရောက မိမိပုံရိပ်မြှင့်တင်ရေး၊ လူထုကို ဆွဲဆောင်နိုင်ရေးတို့တွင် အားပြိုင်နေကြခြင်း ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၏ အခြားတစ်ဖက်သည် နိုင်ငံရေးပုံရိပ်ကို မြှင့်တင်လိုမှုများ ပါဝင်နေသည်။ အခြေခံဥပဒေပြင်ဆင်ခြင်းသည် လူထုအများစု၏ လိုလားချက်ဖြစ်ရာ ယင်းကိုလုပ်ဆောင်မှုနှင့်အတူ ဂုဏ်သိက္ခာနှင့် ဩဇာလည်း တက်လာမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် ယင်သို့ပြင်ဆင်လိုက်ခြင်းအတွက် တပ်မတော်၏အကျိုးစီးပွားများကို ထိပါးသွားမည်ဖြစ်ရာ ယင်းကို တပ်မတော်ကလည်း ကာကွယ်လိုနေသည်။ တစ်ပြိုင်နက်ထဲတွင် တပ်မတော်သည် အမျိုးသားနိုင်ငံရေးဟူသည့်ကြွေးကြော်သံဖြင့် လူထု၏နှလုံးကို သိမ်းကျုံးရန် လုပ်ဆောင်လျက်ရှိသည်။

တပ်မတော်သည် ရွေးကောက်ခံအစိုးရအပေါ် ယုံကြည်စိတ်ချပုံမရ။ အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှုများကို စိုးရိမ်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောစကားများက ဖော်ပြနေသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ အလုပ်လုပ်ရတာ၊ နိုင်ငံတော်တာဝန်ကို ရယူရတာဟာ အခက်အခဲရှိတယ်ဆိုတဲ့ အသံတွေ ပိုမိုကြားလာရပါတယ်” ဟု ၂၀၁၈ ခုနှစ် အောက်တိုဘာလက NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်) သုံးနှစ်ပြည့်အခမ်းအနားတွင် ၎င်းက ပြောဆိုသည်။

“ယခင် သမ္မတကြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဒီနိုင်ငံကို ဒီအခြေခံဥပဒေနဲ့ စီမံဆောင်ရွက်သွားတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သလို တိုင်းပြည်ရဲ့ စီးပွားရေးကိုလည်း အခြေအနေတစ်ခုအထိ တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးနယ်ပယ်တွေမှာလည်း အောင်မြင်မှုမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ပါတယ်” ဟု အခြေခံဥပဒေကို ထိပါးပြောဆိုနေမှုများနှင့်ပတ်သက်၍ ၎င်းက စောင်းပါးရိပ်ချည် သတိပေးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက ဂျပန်နိုင်ငံအခြေစိုက် The Asahi Shimbun သတင်းဌာနနှင့် တွေ့ဆုံရာတွင်လည်း ဗိုလ်ချုပ်မှူးကြီးက ယခုလို ပြောဆိုခဲ့သေးသည်။

“အခု လွှတ်တော်မှာ ပြောဆိုလုပ်ကိုင်ဆွေးနွေးနေတဲ့ အကြောင်းအရာတွေ၊ အုပ်ချုပ်ရေးလမ်းကြောင်းဘက်မှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ပြည်သူလူထုဘက်က ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေရဲ့ လုပ်ဆောင်ချက်တွေကြည့်မယ်ဆိုရင်တော့ တိုင်းပြည်က နိုင်ငံရေးအရသော်လည်းကောင်း၊ လုံခြုံရေးအရသော်လည်းကောင်း တည်ငြိမ်ဖို့တော့ နည်းနည်းလိုအပ်နေသေးတယ်ဆိုတာ ကျွန်တော်တို့ဖော်ပြနေတယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်ရက်ပိုင်းက သူရဦးရွှေမန်းဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို လွှတ်တော်က ရပ်ဆိုင်းလိုက်သည်။

ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံပြင်ရေးတွင် ကန့်ကွက်ထားသည့် တပ်မတော်၏ အလိုဆန္ဒနှင့် သွား၍ကိုက်ညီသယောင်။

သူရဦးရွှေမန်းနှင့်ပတ်သက်လျှင် တပ်မတော်က မလိုလားသည့် သဘောထားရှိနေပြီး သူဦးဆောင်သည့် ကော်မရှင်ကိုလည်း တောက်လျှောက် ကန့်ကွက်နေခဲ့သည်။ အဆိုပါကော်မရှင်ဖွဲ့စည်းခြင်းသည် မလိုလားအပ်သည့်ကိစ္စဖြစ်ကြောင်း တပ်မတော်က ပြောဆိုခဲ့ပြီး ဖျက်သိမ်းရန်ကိုလည်း ကြိုးစားခဲ့သည်။

သူရဦးရွှေမန်းသည် ယခင်က တပ်မတော်တွင် နံပါတ်သုံးအဆင့်ရှိ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော်လည်း နောက်ပိုင်း လွှတ်တော်နာယကနှင့် ဥက္ကဋ္ဌတာဝန်များထမ်းဆောင်ချိန်တွင် ထိုစဉ်က သမ္မတဦးသိန်းစိန်အပါအဝင် တပ်မတော်၏ ဆန္ဒများကို ကျော်လွန်လုပ်ဆောင်ခဲ့မှုများကြောင့် ပါတီဥက္ကဋ္ဌအဖြစ်မှ အတင်းဖယ်ရှားခံခဲ့ရသလို တပ်မတော်ကို သွေးခွဲလှုံ့ဆော်သူအဖြစ်လည်း တပ်မတော်ဘက်က ရှုမြင်ခဲ့သည်။ နောက်ပိုင်းတွင် သူရဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD နှင့် နီးကပ်သွားခဲ့ရာ သူ့အပေါ်ထားသည့် တပ်မတော်၏သဘောထားကို ပို၍တင်းမာစေခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် နိုင်ငံရေးရာထူးလက်မဲ့ဖြစ်သွားခဲ့သည့် သူရဦးရွှေမန်းနှင့် သူ့ဘက်တော်သားအချို့ကို လွှတ်တော်လုပ်ငန်းများနှင့်ပတ်သက်ပြီး အရေးပါသည့် ရာထူးနေရာများ ဖန်တီးပေးခဲ့သည်။ ယင်းသို့လုပ်ဆောင် နိုင်ရန် NLD အနေနှင့် တပ်မတော်၏ကန့်ကွက်မှုတို့ကို လျစ်လျူရှုခဲ့ရခြင်း ဖြစ်သည်။

မကြာသေးခင်ကမူ အဆိုပါ သူရဦးရွှေမန်း၏ကော်မရှင်ကို လွှတ်တော်က ဖျက်သိမ်းလိုက်သည်။ တရားဝင်အကြောင်းပြချက်မှာ သူရဦးရွှေမန်းသည် ပါတီသစ်တည်ထောင်လိုက်ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားရာ လုပ်ငန်းနှစ်ခုကို တာဝန်ထမ်းဆောင်ရန် မသင့်ဟူ၍ ဖြစ်သည်။

သို့သော် နောက်ကွယ်တွင် ပြဿနာများ ရှိနေသည်။

ကော်မရှင်ကို ရပ်ဆိုင်းရန်အတွက် NLD အနေနှင့် သူရဦးရွှေမန်းကို ကြိုတင်အသိမပေးဘဲ ရုတ်တရက်လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။ ယင်းကော်မရှင်ကို နောက်ထပ်သက်တမ်းတစ်နှစ်တိုးရန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လွှတ်တော်သို့ တင်ပြစဉ် မဲခွဲဆုံးဖြတ်ရာတွင် NLD ကိုယ်စားလှယ်များက မထောက်ခံတော့ဘဲ ကန့်ကွက်မဲပေးခဲ့ကြသည်။ ယင်းကိစ္စကို NLD ပါတီက သူ့ကို ကြိုတင်အသိမပေးခဲ့ကြောင်း သူရဦးရွှေမန်းက နောက်ပိုင်းတွင် မီဒီယာများသို့ ပြောဆိုသည်။ သူ့ပုံက အံ့ဩစိတ်မကောင်းဖြစ်နေပုံ။

ကော်မရှင်ကို ဖျက်သိမ်းလိုက်ခြင်းအတွက် တပ်မတော်၏သဘောထားနှင့် တူသယောင်။ ယင်းက အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စအတွက် စိတ်ဝမ်းကွဲလျက်ရှိသည့် အခြေအနေကို တစ်နည်းတစ်ဖုံ သက်သာသွားစေနိုင်သည်။ သို့သော် ယင်းဖြစ်စဉ်တွင် တပ်မတော်အတွက် သင်ခန်းစာတစ်ခု ရှိနေလိမ့်မည်။ တစ်နည်းအားဖြင့် NLD အစိုးရနှင့် ဆက်ဆံရေးကိစ္စတွင် သက်ရောက်မှု ရှိနိုင်ပါသည်။

တပ်မတော်ခေါင်းဆောင်ဟောင်း သူရဦးရွှေမန်းသည် NLD သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်ပူးပေါင်းခဲ့သည်။ သို့သော် နောက်ဆုံးတွင် ပြန်လည်ဖယ်ထုတ်ခံရသည်။

ယင်းက အစိုးရနှင့် တပ်မတော်တို့အကြားက ဆက်ဆံရေးကို အဆိုးသက်ရောက်မှုဖြစ်စေမည်ဟု ဦးအောင်သူငြိမ်းက သုံးသပ်သည်။ ၎င်းသည် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအဖွဲ့ (ISP Myanmar)၏ ပြင်ပဆက်ဆံရေးဒါရိုက်တာ ဖြစ်သည်။

နိုင်ငံရေးပညာရှင်များ၏ အဆိုအရ တပ်မတော်နှင့် အရပ်သားအစိုးရအကြား ဆက်ဆံရေးကောင်း မရှိလျှင် နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည်လည်း ခရီးတွင်မည်မဟုတ်။

မြန်မာနိုင်ငံအနေနှင့် နှစ်ပေါင်းများစွာ တပ်မတော်၏ အုပ်ချုပ်မှုအောက်တွင် လုံးလုံးလျားလျားရှိနေခဲ့ပြီး ပြောင်းလဲမှုများသည် ၂၀၁၁ ခုနှစ်တွင် စတင်ဖြစ်ထွန်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ယခင်တပ်မတော်အစိုးရများလက်ထက် က ချန်ထားခဲ့သည့် ဘက်စုံချွတ်ခြုံကျနေသည့် နိုင်ငံတော်ကို ပြန်လည်တည် ဆောက်နေရသည့် အခြေအနေဖြစ်သည်။

“စစ်အာဏာရှင်စနစ်အောက်တွင် ပြည်သူများ ဆင်းရဲမွဲပြာကျ၊ ဒုက္ခရောက်နေခဲ့ရသည့် ပြဿနာကို နောက်တက်လာသည့် အရပ်သားအစိုးရက သိသာထင်ရှားစွာအောင်မြင်ဖွံ့ဖြိုးတိုးတက်အောင် မစွမ်းဆောင်နိုင်လျှင် စစ်တပ်မှ ပြန်လည်အာဏာသိမ်းမှုများ ရှိလာနိုင်၏။ ထို့အတူ စစ်အာဏာပိုင်များ၏ အကျိုးစီးပွားနှင့် စစ်တပ်၏ အကျိုးစီးပွားများကို ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများက အလွန်အကျွံ ထိပါးလာပြန်လျှင်လည်း နောက်ကြောင်းပြန်လှည့်သွားနိုင်၏။ ဤသည်ထက် ပို၍အရေးကြီးသည်မှာ စစ်ဘက်အုပ်စိုးမှုကာလအတွင်းက စစ်အာဏာပိုင်များ၊ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို နောက်ကြောင်းပြန်ဥပဒေဖြင့် အရေးယူခြင်းမျိုးကို ၎င်းတို့က အကြောက်ဆုံးဖြစ်၏။ အရပ်ဘက်မှ ဥပဒေဖြင့် နောက်ကြောင်းပြန်လျှင် ၎င်းတို့ကလည်း လက်နက်ဖြင့် နောက်ကြောင်းပြန်ကြမည်သာ ဖြစ်၏။” ဟူ၍ နိုင်ငံရေးဆောင်းပါးရှင် ဆရာသန်းစိုးနိုင်က သူ၏ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့သည်။

ယခုမူ တပ်မတော်နှင့် အစိုးရတို့ အကြားက ဆက်ဆံရေးအခြေအနေသည် တင်းမာသည့်အသွင်ပြင်ကို ဆောင်နေသည်။

အဆိုပါအင်အားစုနှစ်ခုအကြား မျက်နှာချင်းဆိုင်ကာ နိုင်ငံ၏ကိစ္စရပ်များ၊ အခြေအနေများ၊ ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းနိုင်မှုသည်လည်း အားနည်းလျက်ရှိသည် တပ်မတော်ခေါင်းဆောင်းများနှင့် ရွေးကောက်ခံခေါင်းဆောင်များ တွေ့ဆုံနိုင်သည့် ကာ/လုံ (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)ကဲ့သို့သော အစည်းအဝေးများ ကျင်းပနိုင်သော်လည်း လက်ရှိအချိန်အထိ ယင်းကို တစ်ကြိမ်မျှ မကျင်းပသေး။ ယင်းနှင့် အားသဏ္ဌာန်တူသည့် တွေ့ဆုံမှုမျိုးကို နိုင်ငံတော်သမ္မတဦးဆောင်၍ နှစ်ကြိမ်သုံးကြိမ် ပြုလုပ်ခဲ့သည် ရှိသည်။

လူများစွာကမူ အဆိုပါတွေ့ဆုံမှုကို စောင့်မျှော်လျက်ရှိသည်။

သမ္မတ ဦးသိန်းစိန်လက်ထက်က နိုင်ငံပြဿနာများကို ဖြေရှင်းရန် လေးပွင့်ဆိုင် သို့မဟုတ် ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအင်အားစုများက တောင်းဆိုခဲ့ဖူးသည်။ ယခုမူ ကိစ္စအချို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံနိုင်လျှင် ပြေလည်မည့်အခြေအနေများရှိနေသလို သူတို့၏ ဆက်ဆံရေးကောင်းကိုလည်း တည်ဆောက်နိုင်လိမ့်မည်။

“အခုချိန်ကျတော့ ကျွန်တော်ထင်တယ် လေးပွင့်တွေ၊ ခြောက်ပွင့်တွေတောင် မလိုတော့ဘူးဗျ။ နှစ်ပွင့်၊ သုံးပွင့်လောက် ဆိုင်ရင်ကို ဖြစ်နေပြီ။ ဆိုတော့ အဲဒီလောက်လည်း မဆိုင်နိုင်သေးဘူးလားပေါ့။ မပြောတတ်ဘူး” ဟု ဦးအောင်သူငြိမ်းက ဆိုသည်။

တစ်ချိန်တည်းမှာပင် အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် မူကြမ်းတစ်ခုကို လွှတ်တော်သို့ တင်သွင်းထားသည်။ ယင်းနှင့်ပတ်သက်၍ NLD ကိုယ်စားလှယ် အများစုပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောကျပုံမပြ။ ပြီးခဲ့သည့်ရက်က USDP ၏ ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်ပတ်သက်၍ အဆိုပါကော်မတီက အစီရင်ခံစာတင်ပြရာတွင် ယခု USDP ၏ ကိစ္စကို NLD က လုပ်ဆောင်နေသည့် ပြင်ဆင်ရေးလုပ်ငန်းစဉ်ထဲသို့ ထည့်သွင်းသင့်သည်ဟု ဆိုသည်။ တစ်နည်းအားဖြင့် USDP ၏ ပြင်ဆင်ရေးလုပ်ဆောင်မှုသည် အသေးအဖွဲဖြစ်ပြီး အကြီးစားပြင်ဆင်မည့် NLD ၏လုပ်ဆောင်မှုထဲသို့ တစ်ပါတည်းရော ထည့်ရန် ဖြစ်သည်။

ယင်းကို တပ်မတော်သားများက မကျေနပ်ပေ။

“ဒါဆိုရင် ကျွန်တော်တို့ ဥပဒေနဲ့ မညီတော့ပါဘူး။ လွဲသွားပါပြီ” ဟု တပ် မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က မီဒီယာများသို့ ပြောဆိုသည်။

နိုင်ငံအနေနှင့် လာမည့်နှစ်ထဲတွင် အထွေထွေရွေးကောက်ပွဲရှိနေပြီး သက်ဆိုင်ရာနိုင်ငံရေးအင်အားစုများကလည်း ရွေးကောက်ပွဲအနိုင်ရသေးကို အာရုံစိုက်နေကြပြီဖြစ်သည်။ အာဏာရပါတီသည်လည်း ထိုနည်းတူ။ ယင်းသို့လုပ်ဆောင် လာမှုနှင့်အတူ တပ်မတော်နှင့် ထိပ်တိုက်တွေ့မှုကလည်း ရှိနေမည်ဖြစ်သည်။ ဒါသည်ပင် သဘာဝဖြစ်သည်ဟု ဒေါက်တာမင်းဇော်ဦးက မှတ်ချက်ပြုသည်။

“တစ်ဖက်ကလည်း အဲဒီလိုမျိုး ရှိတဲ့အတွက်ကြောင့်မို့လို့ နှစ်ဖက်ကြားထဲမှာ တစ်စုံတစ်ရာ ထိပ်တိုက်ရင်ဆိုင်မှုက ပိုများလာပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေကျလို့ရှိရင် ပိုအားနည်းသွားနိုင်တာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

သူ့အဆိုအရ ၂၀၂၀ ရွေးကောက်ပွဲ အထိ အစိုးရနှင့် တပ်မတော်၏ ဆက်ဆံရေးအခြေအနေသည် ယခုအတိုင်းပင် ဆက်လက်ရှိနေလိမ့်မည်။ တည့်သည့်အခါလည်း တည့်မည်။ ကွဲသည့်အခါ ကွဲ။ ဥပမာအားဖြင့် သူရဦးရွှေမန်းကော်မရှင် ကိစ္စ၊ နိုင်ငံတကာဖိအားပြဿနာ။

တစ်နည်းအားဖြင့် တကျက်ကျက် ဖြစ်နေမည်။

သေချာသည်မှာ နှစ်ဖက်စလုံးသည် မိမိကိုယ်ကျိုးစီးပွားအပေါ်အခြေခံ၍ ကစားကြမည်ဖြစ်သည်။ NLD သည် ရွေးကောက်ပွဲကတိဖြစ်သည့် အခြေခံဥပဒေပြင်ဆင်ရေးကို အကောင်အထည်ဖော်ပြရန် တာဝန်ရှိနေသည်။ တပ်မတော် အနေနှင့်လည်း နိုင်ငံတကာဖိအားများနှင့် ပြည်သူ၏ ငြိုငြင်ပြစ်တင်မှု ပြဿနာတို့ ရှိနေသည်။ ယင်းအခြေအနေများက ၎င်းတို့၏ သဘောထားနှင့် ဆက်ဆံရေးအနေအထားကို တည်ဆောက်ပုံဖော်လိမ့်မည်။

ကော်မရှင်ရုပ်သိမ်းခံရပြီးနောက် မီဒီယာများသို့ ပြောဆိုခဲ့သည့် သူရဦးရွှေမန်း၏ စကားကိုပင် ယခုဇာတ်လမ်းက အမှတ်ရစေသည်။

“နိုင်ငံရေးဆိုတာက အင်မတန်မှာ ကျယ်ပြန့်ပါတယ်၊ သိမ်မွေ့ပါတယ်။ တစ်ခါ တစ်ခါမှာလည်း မူယာမာယာတွေများ တတ်ပါတယ်” ဟု ၎င်းက ပြောဆိုခဲ့သည်။

အစိုးရနှင့် တပ်မတော်အကြား သဘောထားကွဲလွဲမှုအချို့

– နိုင်ငံပိုင် မြေ၊ စက်ရုံနှင့် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ ငှားရမ်းရောင်းချမှုများကိစ္စ
– နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိစ္စ
– သူရဦးရွှေမန်းကော်မရှင်
– အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ကိစ္စ
– နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးခြင်းအန္တရာယ်မှ ကာကွယ် ခြင်းဆိုင်ရာ ဥပဒေကို ရုပ်သိမ်းခြင်း
– မြောက်ပိုင်းသုံးဖွဲ့ (AA, MNDAA, TNLA) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တပ်မတော်သတ်မှတ်လိုမှု
– ကိုဖီအာနန်ကော်မရှင်နှင့် အစီရင်ခံစာ
– နိုင်ငံတကာပညာရှင်များပါဝင်သည့် ရခိုင်စုံစမ်းရေးကော်မရှင်
– အခြေခံဥပဒေပြင်ဆင်ရန် ပူးပေါင်းကော်မတီဖွဲ့စည်းရေး

အစိုးရနှင့် တပ်မတော်တို့ ထိပ်တိုက်တွေ့နိုင်သည့် နေရာများ

– လွှတ်တော်များ
– ကာ/လုံအစည်းအဝေးများ
– ကာ/လုံ + အစည်းအဝေးများ
– ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
– နိုင်ငံတော်အဆင့်ညီလာခံများ

 

အောင်မျိုးထက် 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *