အကောင်အထည်ဖော်သူ  

မြန်မာနိုင်ငံတည်ဆောက်ရေးတွင် လိုအပ်နေသည်မှာမူဝါဒကောင်းများ သာမကပါ။ အကောင်အထည်ဖော်သူများလည်း အထူးလိုအပ်နေသည်။

‘တကယ်က အကောင်အထည်ဖော်မယ့်သူ လိုနေတာဗျ။’

လက်ရှိဖွံ့ဖြိုးရေးလုပ်ငန်းကြီးများကို အစိုးရနှင့် လက်တွဲကာအကောင်အထည်ဖော်နေသည့် အတော်ကြီးကြီး မိတ်ဆွေက ပြောသည်ကို ယနေ့တိုင် ကျွန်တော့်နားထဲ စွဲနေသည်။ လက်ရှိ ဖွံ့ဖြိုးရေး၊ နိုင်ငံတည်ဆောက်ရေးအကြောင်း ကျွန်တော်တို့ စကားစမြည်ပြောနေကြရင်း နိုင်ငံတည်ဆောက်ရေးတွင် လစ်ဟာနေသော ကွက်လပ်များအကြောင်းသို့ ရောက်သွားခြင်းဖြစ်သည်။

မှန်ပါသည်။ သူ့စကားကို ကျွန်တော်ချက်ချင်းသဘောတူလိုက်မိသည်။ ကျွန်တော့် စိတ်ထဲတွင်လည်း ထိုအတိုင်းပင် ရှိနေသောကြောင့်။

မူဝါဒကောင်းများကို ကိုယ့်နိုင်ငံတွင်းမှ ပညာရှင်များ၊ ကိုယ့်နိုင်ငံတွင်းတွင် သက်ဆိုင်ရာ ပညာရှင်များ မရှိလျင် ပြည်ပမှ ပညာရှင်များခေါ်ယူပြီးရေးဆွဲနိုင်သည်။ ကိုယ့်နိုင်ငံက ငွေကြေးမတတ်နိုင်လျင် အကူအညီပေးနေသော နိုင်ငံတကာအဖွဲ့အစည်းများ အကူအညီဖြင့် ရှာဖွေနိုင်သည်၊ ခေါ်ယူနိုင်သည်။ သို့သော် အကောင်အထည်ဖော်မည့်သူမှာမူ မြန်မာတို့ ကိုယ်တိုင်သာ ဖြစ်ရပေမည်။

လွတ်လပ်ရေးရပြီး မြန်မာ့သမိုင်းတစ်လျှောက်တွင် စီမံကိန်းကြီးများကို နှစ်တိုနှစ်ရှည်စသည်ဖြင့် ချဖူးပေါင်းများပြီ။ ဟုတ်ဟုတ်ငြားငြား မအောင်မြင်သဖြင့် မြန်မာတို့သည် ဖွံ့ဖြိုးရေးတွင် ဓားမ နောက်ပိတ်ခွေး ဖြစ်ခဲ့ရသည်။ ကိုယ့်နောက်တွင် ရှိသည်ဟု စိတ်အေးခဲ့သော လာအို၊ ကမ္ဘောဒီးယားတို့ နောက်ကိုပင် အချို့နယ်ပယ်များတွင် မောကြီးပမ်းကြီးလိုက်နေကြရသည်။ စီမံကိန်းစီးပွားရေးစနစ်ဟု ကင်ပွန်းတပ်ခံရသော်လည်း တကယ်တမ်းတွင် စီမံကိန်းချသလောက် မအောင်မြင်သဖြင့် နာမည်တွင်သည်သာ အဖတ်တင်သည်။ ပြဿနာမှာ အကောင်အထည်ဖော်ခြင်းတွင်။

အကောင်အထည်ဖော်သူဆိုသည်မှာ လက်တွေ့ဆောင်ရွက်ရသူ ဖြစ်သည်။ သူသည် ရှိသော အရင်းအမြစ်များကို သုံးပြီး အလုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ရသူဖြစ်သည်။ ပြည့်စုံသော နိုင်ငံများတွင်ပင် အကောင်အထည်ဖော်သူများသည် မအောင်မမြင်ဖြစ်လေ့ရှိသည်မှာ မထူးဆန်း။ မြန်မာနိုင်ငံကဲ့သို့ အရင်းအမြစ်များချို့တဲ့သလောက် ပြဿနာများပေါများသည့် နိုင်ငံတွင် အကောင်အထည်ဖော်သူများသည် သူ့ထက်သူ လူစွမ်းကောင်းဖြစ်ဖို့လိုသည်။ အရင်းအမြစ် နည်းနည်းနှင့် ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်ဖို့ လိုသည်။ နည်းနည်းနှင့် ကျဲကျဲဝိုင်းနိုင်ရမည်။ ခက်သည်က မြန်မာ့ပညာရေးသည် နိမ့်ခဲ့သဖြင့် ထိုပညာရေးအောက်မှ ထွက်လာသူများသည် ပညာရေးအားနည်းလိမ့်မည်။ ထိုအခါ လုပ်ငန်းခွင်တွင်း လေ့ကျင့်သင်ကြားရေး၊ နိုင်ငံခြားပညာတော်သင်စေလွှတ်ရေး၊ ပြည်ပအတွေ့အကြုံရှိရေးနှင့် စာဖတ်အားကောင်းရေးတို့ အရေးကြီးလာသည်။

အကောင်အထည်ဖော်သူများသည် ယခင်က တပ်မတော်နှင့် အစိုးရယန္တရားတွင်းမှ လာသည်။ ယခုအခါ ရွေးကောက်ပွဲခေတ်၊ ဒီမိုကရေစီစနစ် ဖြစ်သဖြင့် ရွေးကောက်တင်မြှောက်ခံများပါ အကောင်အထည်ဖော်သူများ ဖြစ်လာသည်။ ဌာနဆိုင်ရာဝန်ထမ်းများအပြင် ပြင်ပမှတဆင့် ၀င်လာသူများပါ အကောင်အထည်ဖော်သူများ ဖြစ်လာသည်။ ပြည်ထောင်စုအဆင့်တွင်ရော ပြည်နယ်တိုင်းဒေသကြီး၊ ရပ်ကျေးအဆင့်တို့တွင်ပါ အကောင်အထည်ဖော်သူအမျိုးစုံ လာသည်။ ကောင်းသည်။ ထိုစနစ်ကို ကျွန်တော်တို့ အနှစ်နှစ်အလလက တောင့်တခဲ့ရသည် မဟုတ်ပါလား။ ပြင်ပမှ ၀င်လာသူများတွင် အမြင်သစ်များ၊ သမားရိုးကျမဟုတ်သောအမြင်များ၊ အားအင်များ ပါလာနိုင်သည်။ တစ်ဖက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ ဖြစ်သည့် အကောင်အထည်ဖော်သူများနှင့် အသစ်ဝင်လာသော အကောင်အထည်ဖော်သူများကြား ရေချိန်ညှိရန် လိုသည်။

ခေတ်ပြောင်းသွားသည်ဖြစ်ရာ အကောင်အထည်ဖော်နည်းများသည်လည်း အသစ်ဖြစ်လာသည်။ အကောင်အထည်ဖော်ရာတွင် ယခင်ကကဲ့သို့ လူတစ်ယောက်နှစ်ယောက် တစ်ဖွဲ့နှစ်ဖွဲ့နှင့် မပြတ်တော့ဘဲ လူများများ၊ အဖွဲ့များများနှင့် စကားပြောလာရသည်။ ထိုသို့ပြောရသဖြင့်  ကောင်းသည်များရှိသလို ပျော့ကွက်များလည်း ရှိမည်ပင်။ အကောင်အထည်ဖော်ကျင့်ရှိသူများပင် ခေတ်သစ်တွင် စမ်းတ၀ါးဝါးဖြစ်နေသည်။ သူတို့၏ အားနည်းချက်လည်း ပါသလို ခေတ်သစ်ဖြစ်နေသောကြောင့်လည်း ပါသည်။ အကောင်အထည်ဖော်ကျင့်မရှိသူများမှာပင် လုပ်ရင်း သင်နေရသည်။ အကောင်အထည်ဖော်နည်းဟောင်းများသည် မကောင်းသောကြောင့် ပစ်ရသည်များ ရှိသလို အကောင်အထည်ဖော်နည်းသစ်များ အံဝင်ခွင်ကျ မဖြစ်သေးသည်လည်း ပါသည်။ အကောင်အထည်ဖော်နည်းသစ်များနောက်ကို အကောင်အထည်ဖော်သူ အသစ်ရော အဟောင်းရော ယက်ကန်ယက်ကန်လိုက်နေကြရသည်မှာမူ သေချာသည်။

အကောင်အထည်ဖော်သူများကြား အဖွဲ့ကွဲနေခြင်း၊ တစ်ဖွဲ့တစ်ဖွဲ့ သံသယ၀င်နေခြင်းများကိုမူ အားလုံး သဘောပေါက်ကြသဖြင့် အထူးအထွေ မပြောလိုတော့ပါ။ သံသယများနေလျှင် အကောင်အထည်ဖော်ခြင်း နှေးကွေးမည်။ အကောင်အထည်ဖော်ခြင်း ဖြစ်စဉ်၏ အရည်အသွေးကျမည်။ ပြည်သူသာ နစ်နာမည်။

အကောင်အထည်ဖော်သူသည် ဆုံးဖြတ်ချက်ချသူလည်းဖြစ်သည်။ တစ်ကိုယ်ရေဘ၀တွင်ပင် ဆုံးဖြတ်ချက် မချနိုင်သူ၊ ဆုံးဖြတ်ချက်များ ညံ့ဖျင်းသူသည် ပြည်သူ့အတွက်၊ နိုင်ငံအတွက် ဆုံးဖြတ်ချက်ချနိုင်ဖို့ မလွယ်ပါ။ ဆုံးဖြတ်ချက်ချသူသည် ကိုယ့်ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို နားလည်ရမည်။ ဆုံးဖြတ်ချက်ချမည့် နယ်ပယ် ဘာသာရပ်ကို တီးမိခေါက်မိရှိရမည်။ မည်သူ့ကို တိုင်ပင်ရမည်ကို သဘောပေါက်ရမည်။ ဆုံးဖြတ်ချက် ချရဲရမည်။ ကိုယ်ကျိုးစီးပွားကင်းရမည်။

အကောင်အထည်ဖော်သူအချို့သည် တွေဝေနေသည်ကို နေရာအတော်များများတွင် တွေ့ရသည်။ ဆုံးဖြတ်ချက်မချမီ သေချာစွာစဉ်းစားခြင်းသည် အကောင်အထည်ဖော်သူကောင်း၏ လက္ခဏာဖြစ်သော်လည်း မဆုံးဖြတ်နိုင်သည့်အတွက် တွေဝေနေလျှင်၊ အဆုံးအဖြတ်မှားသွားမည်ကို ကြောက်နေလျှင်မူ မည်သည့်အရာကိုမျှ အကောင်အထည်ဖော်နိုင်မည် မဟုတ်။

အကောင်အထည်ဖော်သူများသည် လူမှန်နေရာမှန် ရောက်ရန်လည်းလိုသည်။ ထက်မြက်သည်ချင်းတူလျှင်ပင် သူ့နေရာနှင့်သူ အံဝင်ခွင်ကျမဖြစ်လျှင် အကောင်အထည်ဖော်ရာတွင် အခက်အခဲများလိုသည်ထက် ပိုကြုံတွေ့ရမည်။ အကောင်အထည်ဖော်သူများကို နေရာချသူများသည် မိမိနေရာချထားသူများ၏ စွမ်းဆောင်ရည်နှင့် လားရာကို အစဉ်အမြဲအကဲဖြတ်နေဖို့ လိုသည်။

အကောင်အထည်ဖော်သူများကို အမိမြန်မာနိုင်ငံက အလိုရှိနေပါသည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *