စီးပွားရေးတိုးတက်မှုနှုန်းနဲ့ ‘တောက်ပြောင်သောအိန္ဒိယ’

နယူးယောက်တိုင်းသတင်းစာရဲ့ ရောင်းအကောင်းဆုံးစာရေးဆရာစာရင်းဝင်၊ Ruchir Sharma ရဲ့ အိန္ဒိယနိုင်ငံ ဒီမိုကရေစီ ၂၅ နှစ်ခရီးအကြောင်းရေးထားတဲ့၊ လမ်းပေါ်ကဒီမိုကရေစီ (Democracy on the road) စာအုပ်ကို ကာလကတ္တားလေဆိပ်မှာ ရလာခဲ့ပြီးကတည်းက ရွေးရွေးပြီးဖတ်နေမိတယ်။ သူက ရွေးကောက်ပွဲတိုင်းကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာခဲ့တဲ့ သူပေါ့။

 ၂၀၀၄ ခုနှစ်က ဥတရာပရာဒက်ရှ်ပြည်နယ်မှာ လုပ်တဲ့ ရွေးကောက်ပွဲအကြောင်း ဖတ်ပြီးတော့ ပြန်ပြောပြချင်လာပါတယ်။

 နေရာနှစ်နေရာမှာလည်း နိုင်ထား၊ စီးပွားရေးတိုးတက်မှုနှုန်းကလည်း ၈ ရာခိုင်နှုန်းရှိနေတာဆိုတော့ ဘီဂျေပီ (BJP) ပါတီဟာ ရွေးကောက်ပွဲကို ခြောက်လရှေ့တိုးပြီး ကျင်းပမယ်။ ရွေးကောက်ပွဲကြွေးကြော်သံအနေနဲ့၊ ‘တောက်ပြောင်သော အိန္ဒိယ (India Shining)’ ကို သုံးမယ် လို့ ဆုံးဖြတ်လိုက်တယ်။ ၁၉၇၁ တုန်းက ကွန်ဂရက်ပါတီက ‘ဆင်းရဲနွမ်းပါးမှုကို တိုက်ဖျက်မယ်’ ဆိုတဲ့ ကြွေးကြော်သံပြီးရင် ပထမဆုံးစီးပွားရေး ကြွေးကြော်သံပါ။ ဒီ ကြွေးကြော်သံဟာ အနောက်တိုင်းသားအကြံပေးတွေရဲ့ လက်ရာလားလို့ ထင်ရလောက်အောင် ဆိုရှယ်လစ်သိပ်မဆန်ဘဲ အရင်းရှင်ဆန်တယ်။ အတိတ်က ဆိုရှယ်လစ်လမ်းကြောင်းကို တသနေတဲ့ ကွန်ဂရက်ပါတီနဲ့ အနာဂတ်ကို ဦးတည်နေတဲ့ ဘီဂျေပီ-ပါတီတို့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်ရာလည်း ရောက်တယ်။ ဒီအတိုင်းဆို ဘီဂျေပီဟာ သုံးကြိမ်ဆက်တိုက် အနိုင်ရတော့မယ်လို့ သုတေသီတွေ၊ ဝေဖန်သူတွေက ထင်မြင်ကြတယ်။

 အနောက်တိုင်းစာနယ်ဇင်းလောကမှာကလည်း ဘီဂျေပီဟာ သူ့ပါတီခေါင်းဆောင် ဗာ့ဂ်ျပါယီ (Vajpayee) ရဲ့ ဦးဆောင်မှုအောက်မှာ စီးပွားရေးကို ဦးတည်လုပ်ဆောင်မယ်လို့ တွက်ကြတယ်။ ပြောစရာလေးတွေကလည်း ရှိတယ်။ ငွေဖောင်းပွမှုကို ထိန်းချုပ်နိုင်ဖို့၊ ဘတ်ဂျက်လိုငွေ လျှော့ချတာ-တို့၊ ဆက်သွယ်ရေးကဏ္ဍ၊ အပြိုင်အဆိုင်ပိုများလာအောင် ဖွင့်ပေးတာတို့၊ အမြန်လမ်းကြီးဖွင့်ပေးတာမျိုးတွေ ပေါ့။ ဒါပေမဲ့ တကယ်တမ်း အိန္ဒိယကို စန်းပွင့်အောင် လုပ်ပေးတာက ပြည်တွင်းအကြောင်းတရားတွေကြောင့် မဟုတ်ဘူး။ ပြည်ပ အကြောင်းတရားတွေကြောင့် ဖြစ်တယ်။ အဲဒီအချိန်တုန်းက ထွန်းသစ်စနိုင်ငံအားလုံးဟာ အိန္ဒိယလိုပဲ စီးပွားရေးတိုးတက်မှု မြန်နေကြတာပါ။

 မဲဆန္ဒရှင်တွေရဲ့ သဘောထားတွေကို စစ်တမ်းကောက်ယူကြည့်တော့ ပါတီထက် ခေါင်းဆောင်ကို လူကြိုက်ပိုများနေတာ တွေ့ရတယ်။ အကြွားသန်ပေမယ့် တစ်ဘက်သားငြိမ်ကျသွားအောင် ထိထိမိမိ ပြောတတ်တယ်။

 တစ်ဖက်မှာ ကွန်ဂရက်ပါတီက တိုးတက်မှုမြန်ဆန်တဲ့ အိန္ဒိယကို အမီမလိုက်နိုင်ဘူး။ အဆက်အသွယ်လည်း ပြတ်နေတယ်။ ဆိုနီယာဂန္ဒီကို ဗာ့ခ်ျပါယီလောက် လူကြိုက်မများဘူး။ ဒါကြောင့် ဘီဂျေပီပါတီပဲနိုင်မယ့် အထွေထွေရွေးကောက်ပွဲလို့ပဲ ထင်ကြတယ်။

 ဒါပေမဲ့ မဲဆန္ဒရှင်တွေရဲ့ စစ်တမ်းတွေကို ကြည့်လိုက်တော့ သူတို့အတွက်၊ မြင့်မားနေတဲ့ အလုပ်လက်မဲ့နှုန်းဟာ အရေးပါတယ်ဆိုတာကို တွေ့ရတယ်။ အိန္ဒိယက တိုးတက်နေတယ်ဆိုပေမယ့် အလုပ်လက်မဲ့နှုန်း ဘယ်လောက်မြင့်မားတယ်ဆိုတာ ဘယ်သူမျှ သေသေချာချာမသိကြဘူး။ အိန္ဒိယမှာ ဘယ်စာရင်းအင်းမှ စိတ်ချယုံကြည်ရတာမ ဟုတ်လေတော့ အလုပ်လက်မဲ့စာရင်းကလည်း ဒီလိုပဲ။

(စကားမစပ်- တလောက အငြင်းပွားကြ၊ ဆန္ဒပြကြ လုပ်နေကြတဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်း (CAB) နဲ့ ပတ်သက်လို့ ညွှန်းတဲ့ လူဦးရေစာရင်း၊ လူမျိုးနွယ်စုအလိုက် စာရင်းတွေဟာလည်း မယုံရဘူးလို့ ဝေဖန်ကြတာ၊ တွေ့ခဲ့ရတယ်) အလွန်တရာကျယ်ပြောလှတဲ့ အိန္ဒိယမှာ အစိုးရက တစ်ပြည်လုံး လွှမ်းခြုံတဲ့ အလုပ်လက်မဲ့နှုန်း မထုတ်ပြန်နိုင်တာလည်း အဆန်းမဟုတ်ဘူးလို့ ပြောရမှာပါပဲ။

 အများအားဖြင့် နိုင်ငံရေးသမားတွေက ကိုယ် ရွေးကောက်ခံရပြီး  အာဏာရလာပြီဆိုရင် ကိုယ့် မဲဆန္ဒနယ်အတွက် သုံးကြတာများတယ်။ ဒါပေမဲ့ သတင်းသမားတွေရဲ့ခရီးစဉ်မှာ နှစ်ပေါင်းများစွာ အင်ဒီရာဂန္ဒီအဆက်အနွယ်တွေရဲ့ မဲဆန္ဒနယ်မှာ ထူးထူးခြားခြားတိုးတက်နေတာ မတွေ့ရဘဲ ခပ်မှိန်မှိန်ပဲ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုပြီး ဆိုနီယာဂန္ဒီရဲ့သမီး ပရီယင်ကာကို မေးတော့၊ သူ့ အဖေ ရာဂျစ်ဂန္ဒီရဲ့လက်ထက် ၁၉၈၀ နှစ်လွန် ပြည်နယ်နဲ့ ဗဟိုအဆင့် အတိုက်အခံပါတီတွေက ရန်ပုံငွေ ချမပေးဖို့၊ ပူးပေါင်းလုပ်ကြံကြသတဲ့။ နိုင်ငံတော်အဆင့် ကုမ္ပဏီတွေလည်း များများစားစားမရောက်ကြဘူး။

 အများအားဖြင့်တော့ နိုင်ငံတော်အဆင့်နဲ့ ဒေသအဆင့် ခေါင်းဆောင်တွေဟာ သူတို့ မဲဆန္ဒနယ်တွေမှာ တွေ့ကြုံရတဲ့ အားနည်းချက်တွေကို အတိုက်အခံတွေ ညံ့လို့၊ ပြိုင်ဘက်တွေက ညစ်ကြလို့ ဆိုပြီး ဆင်ခြေပေးတတ်ကြတယ်။ ဒါပေမဲ့ သတင်းထောက်တွေကတော့ ကိုယ့်မဲဆန္ဒနယ်တောင်၊ တိုးတက်အောင် မလုပ်နိုင်ရင် တပြည်လုံးတိုးတက်အောင် ဘယ်လိုလုပ်မလဲလို့ ပြောစရာဖြစ်သွားတယ်။ 

 လက်ရှိအစိုးရ အသုံးမကျဘူး။ လာဘ်ပေးလာဘ်ယူရှိတယ်။ အရည်အချင်းမရှိဘူး။ အခြေခံကျောင်းအတွက် ချပေးတဲ့ ရန်ပုံငွေတွေကို ဖြုန်းပစ်တယ်။ အစိုးရအရာရှိတွေ၊ ဗျူရိုကရက်တွေက သူတို့အိတ်ထဲ များများရောက်အောင် လုပ်တယ်။ ဒါကြောင့် ကလေးတွေ စာမတတ်၊ ကျောင်းထွက်တဲ့ သူများတယ်။

 နှစ်တိုင်း နှစ်တိုင်း အိန္ဒိယလွှတ်တော်အမတ်တွေက ဒေါ်လာ ၅ သိန်း၊ ကိုယ့်သဘောနဲ့ ကိုယ် သုံးပိုင်ခွင့် ရှိတယ်။ အောက်လွှတ်တော်အမတ်တွေက ကိုယ့်မဲဆန္ဒနယ်အတွက် သုံးတတ်ကြပေမယ့် အထက်လွှတ်တော်အမတ်တွေက ကြိုက်တဲ့နေရာမှာ သုံးနိုင်တယ်။ ဂန္ဒီတို့ရဲ့ မဲဆန္ဒနယ်မြေမှာ တခြားဒေသ အထက်လွှတ်တော်အမတ်တစ်ယောက်က ရန်ပုံငွေပေးတယ်။

 အိန္ဒိယမှာ ပြည်သူလူထုက သူတို့ သဘောကျတဲ့ ခေါင်းဆောင်တွေကို မြင်ရရုံနဲ့ မကျေနပ်၊ ပွေ့ဖို့ဖက်ဖို့၊ အပင်ပန်းခံ၊ ဒုက္ခခံပြီး ကြိုးစားတတ်ကြတယ်။ ပရီယင်ကာကိုလည်း သူ့လက်တွေ ပေပွထိခိုက်နာကျင်နေအောင်ကို ချစ်ကြ၊ ပွေ့ဖက်နှုတ်ဆက်ကြတယ်။ တကယ်လို့သာ ငါးဆက်အထိ၊ ပြည်သူလူထုရဲ့ ချစ်ခင်မြတ်နိုးမှုကိုခံယူရတဲ့ ကွန်ဂရက်ပါတီဟာခေါင်းဆောင်ကောင်းတစ်ယောက်ရွေးနိုင်ရင် ဆက်ချစ်ကြမှာပဲ။

 သတင်းစာဆရာတွေရဲ့ခရီးစဉ်တစ်လျှောက်မှာတော့ ‘တောက်ပြောင်သော အိန္ဒိယ’ကြွေးကြော်သံကို လှောင်ပြောင်ကြတာတွေ ကြားလာရတယ်။ လေးဆယ်ဒီဂရီစင်တီဂရိတ်လောက်ပူ၊ ရေမရှိ၊ မီးမရှိ၊ ၀မ်းစာဖူလုံရုံစိုက်ပျိုးရနဲ့ဆိုရင် ဘယ်လိုလုပ်သာယာနိုင်မလဲ၊ တောက်ပြောင်နိုင်မလဲလို့ ပြောကုန်ကြပြီ၊ ဘီဂျေပီပါတီရဲ့ ကြွေးကြော်သံဟာ၊ လွဲချော်နေပြီဆိုတာစပြီး တွေ့လာကြရတယ်။

 စာနယ်ဇင်းဆရာတွေရဲ့ လမ်းခရီးမှာရေတွင်းမရှိ၊ လျှပ်စစ်မီးမရှိ၊ စက်ရုံမရှိတဲ့နေရာတွေကလည်းအများကြီး။ ဆိုင်လေးတွေကလည်းလမ်းဘေးဆိုင်အဆင့်ပဲရှိ။ လယ်အလုပ်ကလွဲလို့ ဘာမျှလုပ်စရာမရှိ။ တခြားသွားအလုပ်လုပ်တဲ့သူတွေ ပြန်ပို့တဲ့ ငွေနဲ့ရပ်တည်ရ၊ ကျောင်းဆရာတွေကကျောင်းမလာ။ ဆေးရုံမှာ ဆရာဝန်မရှိ။

 မဲဆန္ဒရှင်တွေကို မေးကြည့်တော့ သူတို့နဲ့မျိုးနွယ်တူ၊ ဇာတ်တူတဲ့သူတွေကိုပဲ မဲပေးမှာတဲ့။ တခြား လူတစ်ယောက်ယောက်က သူတို့ဘ၀ကို မြှင့်တင်ပေးနိုင်မယ်လို့ မယုံကြည်ဘူး တဲ့။

 တောက်ပြောင်သော အိန္ဒိယက လမ်းတွေပေါ်မှာ ရောက်နေကြတဲ့၊ သတင်းစာဆရာတွေဟာ လမ်းမတွေပေါ်မှာ ချိုင့်တွေ၊ ကျင်းတွေကိုတွေ့နေရပြီ။

 လူအများက ဘီဂျေပီ ပါတီပဲနိုင်မယ်လို့ ထင်ကြတဲ့အထဲ၊ ပြိုင်ဘက်ကွန်ဂရက်ပါတီက လူတွေတောင် ပါသေး။ သူတို့က အစိုးရဖွဲ့ဖို့တွေ ဘာတွေ ဘာမျှတောင် စဉ်းစားမထားဘူး။ ဒီပွဲက အကြိုဗိုလ်လုပွဲပါ။ သူတို့က နောက်ငါးနှစ်ကြာရင် လုပ်မယ့် တကယ့်ဗိုလ်လူပွဲကျမှ နိုင်ဖို့ ကြိုးစားမှာ တဲ့။

 စစချင်း ဟိုက်ဒရာဘတ်ကို ဆိုက်ဘာဘဒ်လို့ နာမည်တွင်အောင် လုပ်တဲ့ ၀န်ကြီးချုပ်က အပြတ်အသတ်ရှုံးပါလေရော။ ဘီဂျေပီရဲ့ ဧရာမမဟာမိတ်ပေါ့။ နိုင်ငံအဆင့် တိုးတက်မှုနှုန်းထက် မလျော့တဲ့ ဒေသပေမယ့် မကျေနပ်တာတွေက ရှိ။ မိုးက ခေါင်လိုက်သေး။ ကိုးနှစ်လောက် အာဏာရထားတဲ့ လက်ရှိအစိုးရကို မဲဆန္ဒရှင်တွေက ဖယ်ချင်နေပြီ။

 အိန္ဒိယမှာ စာရွက်နဲ့ မဲပေးစဉ်က ရလဒ်ကို နှစ်ရက်သုံးရက်လောက် စောင့်ရပေမယ့် တခြား ထွန်းသစ်စနိုင်ငံတွေထက် သာပြီး လျှပ်စစ်မဲပေးစနစ်ကို ကျင့်သုံးတဲ့အခါ၊၈ နာရီလောက် မဲရုံစဖွင့်ပြီး ၁၁ နာရီထိုးလောက်ကျရင် အဖြေက ထွက်နေပြီ။ အားလုံး အထိတ်တလန့်ဖြစ်ကုန်ကြပြီ။ ကွန်ဂရက်ပါတီက အောက်လွှတ်တော်မှာ ၁၄၅ နေရာ၊ မဟာမိတ်တွေနဲ့ပေါင်းရင် အစိုးရဖွဲ့လို့ရ၊ ဘီဂျေပီက ၁၃၂ နေရာပဲ ရတော့တယ်။

 သင်ခန်းစာက ၈ ရာခိုင်နှုန်း ဆိုတဲ့ တိုးတက်မှုနှုန်းဟာ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေကို မဆွဲဆောင်နိုင်ဘူးတဲ့။

 ‘တောက်ပြောင်သော အိန္ဒိယ’ ဆိုတဲ့ ကြွေးကြော်သံကို သတင်းစာဆရာတွေ၊ လေ့လာဆန်းစစ်သူတွေက သံသယရှိကြပေမယ့် အများနဲ့ သဘောထားကွဲပြီး ဘီဂျေပီရှုံးမယ်လို့ သတ္တိရှိရှိ၊ မတွေးရဲခဲ့ကြ။

 နိုင်ငံရေးသမားတွေက ပြည်သူတွေရဲ့ဘ၀ကို တိုးတက်ကောင်းမွန်အောင် လုပ်မပေးနိုင်။ တိုးတက်မှုနှုန်း ၈ရာခိုင်နှုန်း ထက် ရေမရှိ၊ မီးမရှိတာ ပို စကားပြော။ တောက်ပြောင်သော အိန္ဒိယကြွေးကြော်သံက မထိုးဖောက်နိုင်။

 အဓိက ပြဿနာဖြစ်နေတဲ့ အလုပ်လက်မဲ့ပြဿနာကို ကြွေးကြော်သံက မျက်ကွယ်ပြုခဲ့တယ်။ အမေရိကန်မှာ အလုပ်အကိုင်တွေ အိန္ဒိယက ယူသွားလို့၊ အမေရိကန်တွေ အလုပ်လက်မဲ့ဖြစ်ကြရတယ်လို့ အပြစ်တင်ကြတယ်။ အိန္ဒိယမှာ အလုပ်အကိုင်တွေ ရနေကြတယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ကွန်ပျူတာကုမ္ပဏီတွေ အလုပ်ပေးနိုင်တာက ရှစ်သိန်း၊ လုပ်သားအင်အားက သန်း ၄၄၀၊ ဆင့်ပါးစပ် နှမ်းပက်သလောက်ပဲရှိ။ တိုင်းရင်းသားလူငယ်တွေ လုပ်ငန်းခွင်ထဲ နှစ်စဉ်ဝင်လာကြတာကို  ခန့်ထားနိုင်လောက်အောင် မြန်မြန်ဆန်ဆန် တိုးတက်နေတာမျိုး မဟုတ်ဘူး။

 တကယ်တော့ ခုလိုဖြစ်တာဟာ အိန္ဒိယတစ်နိုင်ငံထဲ မဟုတ်ဘူး။ ပါတီခေါင်းဆောင်ကို လူကြိုက်များရုံနဲ့ ပါတီကြီးတစ်ခုလုံး ထောက်ခံမှု မရနိုင်ဘူး။ ပြိုင်ဘက်ကိုလည်း လျှော့တွက်တယ်။ ကိုယ့်ကြွေးကြော်သံကိုလည်း ကိုယ်ယုံတယ်။ ပြည်နယ်တွေမှာက တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့ရတာတွေရှိတယ်။ ဆိုနီယာဂန္ဒီက ပြည်နယ်က ခေါင်းဆောင်တွေနဲ့ ကိုယ်တိုင်သွားတွေ့တယ်။ သူတို့ရဲ့ ထောက်ခံမှုရတယ်။

 ဆိုနီယာဂန္ဒီက နိုင်ငံခြားသားဆိုပြီး ကန့်ကွက်ကြတော့ သူကိုယ်တိုင် ၀န်ကြီးချုပ် မဖြစ်၊ မာမိုဟန်ဆင်းက ၀န်ကြီးချုပ် ဖြစ်လာတယ်။ သူဝန်ကြီးချုပ်ဖြစ်လာတာကို သတင်းစာဆရာက လှမ်းပြီး ဂုဏ်ပြုချီးကျူးစကား ပြောတော့ ခပ်ရိုးရိုး ခပ်အေးအေးသူ့ပုံစံအတိုင်း  ” ငါ့အတွက် ဆုတောင်းပေးနော်” တဲ့။

ခင်မောင်ညို(ဘောဂဗေဒ)

ညွှန်း (Ruchir Sharma – ‘Ruchir, Please pray for me’)

၁၉၊ ၂၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *