“သေမိန့်အတွက် အယူခံနဲ့ အသနားခံစာတင်နေတဲ့ ကာလသည် အနိမ့်ဆုံး ၅ နှစ်နဲ့ ၇ နှစ်ကြားလောက် ကြာတတ်တယ်”

ဥပဒေအကြံပေးဦးခင်မောင်မြင့်နှင့် တွေ့ဆုံခြင်း

သေဒဏ်ကို အမှန်တကယ် ကွပ်မျက်ခြင်း ရှိ မရှိ၊ ရုံးထုတ်တွင် အချုပ်ကား မဟုတ်သည့် ကားကို သုံးခွင့်ရှိ မရှိ၊ စွပ်စွဲခံရသူများကို တရားရုံးများတွင် ဦး ၊ ဒေါ်မတပ်ဘဲ ခေါ်ခွင့် ရှိ မရှိ၊ ရုံးထုတ်များတွင် အမှုပါဝင်ပတ်သက်သူများကို မျက်နှာမပေါ်အောင် အကာအကွယ်ပေးခြင်း ပြုသင့် မသင့် စသည့် ပြည်သူများအကြား ဒွိဟဖြစ်ဖွယ်ရာ တရားရုံးများနှင့် ရဲလုပ်ငန်းများအကြောင်းကို ဥပဒေအကြံပေး ဦးခင်မောင်မြင့်နှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal ။                ။ လူမြင်ကွင်းမှာ လူသတ်မှုတွေနဲ့ တခြားအမှုတွေဖြစ်လာတာ မကြာခဏတွေ့ရတယ်။ ဒါပေမဲ့ လူတွေက သိပ်မကူညီရဲကြဘူး။ ဥပဒေအရ ကူညီသူကိုပါ အမှုပတ်နိုင်တယ်ဆိုပြီး ထင်နေကြတယ်။ အဲဒါ ကူညီသူကို အမှုပတ်နိုင်၊ မပတ်နိုင် ဥပဒေရှုထောင့်အရ ဘယ်လိုရှိမလဲခင်ဗျ။

UKMM ။              ။ အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ အမှုအခင်းတွေ ဖြစ်ကြတယ်ပေါ့။ ဥပမာအားဖြင့် ရန်ဖြစ်တာတွေ ဖြစ်မယ်။ အချင်းချင်းရိုက်ကျ၊ နှက်ကျတာ ဖြစ်မယ်။ သို့မဟုတ် လူသတ်မှုတွေ ဖြစ်မယ်ပေါ့။ ဒါဆိုရင် ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေအရတော့ သက်ဆိုင်ရာ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေကလည်း အရေးယူဆောင်ရွက်လို့ ရတယ်။ သူတို့မဟုတ်ဘဲနဲ့ သာမန်ပြည်သူတွေကလည်းပဲ လူတစ်ယောက်ကို အသက်အန္တရာယ် သို့မဟုတ် ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ထိခိုက်အောင်လို့ ပြုမူနေတယ်ဆိုရင် ဝင်ရောက်ဟန့်တားတာတို့ တားဆီးပိတ်ပင်တာတို့ ဖမ်းဆီးတာတို့ လုပ်လို့ရပါတယ်။ ဥပဒေတွေလည်း ပြဋ္ဌာန်းထားပါတယ်။ ကျွန်တော်တို့ ဒီရပ်ကွက်အုပ်ချုပ်ရေးမှူးဥပဒေပေါ့။ ရပ်ကွက်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှူးဥပဒေ ပုဒ်မ ၁၃ မှာဆိုရင် နှစ်ခု ပြဋ္ဌာန်းထားပေးတယ်။ အုပ်ချုပ်ရေးမှူးတွေက အများပြည်သူဆိုင်ရာ နေရာတွေ လမ်းတွေပေါ်မှာ ခိုက်ရန်ဖြစ်ပွားတာတွေ အများပြည်သူရဲ့ ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ဟာမျိုးတွေ ဖြစ်ရင် တားဆီးရမယ် ကန့်ကွက်ရမယ်။ မရဘူး။ မနာခံဘူးဆိုရင် ဖမ်းဆီးရမယ်ပေါ့။ ဒီလိုမျိုး ပြဋ္ဌာန်းထားသလို ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ရာဇဝတ်မှုကြီးတွေ ကိုယ့်မျက်စိရှေ့မှောက်မှာ ဖြစ်လာတယ်ဆိုရင်လည်းပဲ ရဲကို အကြောင်းမကြားနိုင်ရင် ကိုယ်တိုင် ဖမ်းဆီးခွင့်ရှိတယ်။ ထိန်းသိမ်းခွင့်ရှိတယ်။ ဖမ်းဆီးထိန်းသိမ်းဖို့ ခက်ခဲနေတယ်ဆိုရင် အကြောင်းကြားပေးလို့ ရပါတယ်။ ထို့အတူပဲ အုပ်ချုပ်ရေးမှူးတွေ မသိဘူး။ မရှိဘူး။ သာမန်ပြည်သူတွေပဲ ရှိနေတယ်ဆိုရင်လည်းပဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၉ မှာ ပြဋ္ဌာန်းထားပါတယ်။ လူတစ်ယောက် အသက်အန္တရာယ် သို့မဟုတ် ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန်ထိခိုက်အောင် ပြုမူဆောင်ရွက်နေတယ်ဆိုရင် ပြည်သူတွေဟာ အဲဒီချိန်မှာ ဝင်ရောက်ပြီးတော့ ထိန်းသိမ်းတာတို့၊ တားဆီးတာတို့၊ ဟန့်တားတာတို့ ဆောင်ရွက်ခွင့် ရှိပါတယ်။ အဲဒီလိုဆောင်ရွက်ခဲ့လို့ ဒီ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထိန်းသိမ်းတဲ့နေရာမှာ တစ်စုံတစ်ရာ အန္တရာယ်ဖြစ်သွားတယ်ဆိုရင်လည်းပဲ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၇၉ အရ ကင်းလွတ်ခွင့် ရှိပါတယ်။ သို့သော်လည်းပဲ ဒါတွေကို ပြည်သူတွေက မသိကျတဲ့အခါကျတော့ ဒီလိုမျိုး ရာဇဝတ်မှုမူခင်းတွေဖြစ်ရင် ဝင်ပြီး ဆောင်ရွက်ကျတယ်ဆိုရင် တစ်အချက် သက်သေလိုက်မှာပေါ့။ သတ်သေလိုက်ရတယ်ဆိုရင် ရုံးတွေ သွားရမယ်။ ရဲစခန်းတွေ သွားရမယ်။ အချိန်ကုန်တယ်။ ကိုယ်ကို အမှုပတ်နိုင်တယ်။ ဒီလိုတွေးတာ ပါတယ်။ နောက်တစ်ခါ တစ်စုံတစ်ရာ ခုခံရင်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ရင်းနဲ့ လက်လွန်သွားရင်လည်း ကိုယ်က တားဆီးနှိမ်နင်းရာကနေ တရားခံဖြစ်သွားမယ့် အန္တရာယ်လည်း ကြောက်တယ်ပေါ့။ အဲဒါကတော့ တကယ်ပြောရရင် ပြည်သူလူထုကြားကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့တော့ လိုအပ်ပါတယ်။

The Voice Journal ။                ။ တရားရုံးတွေမှာလည်း စွပ်စွဲခံရတဲ့သူတွေကို ဦး၊ ဒေါ် မတပ်ဘဲ ခေါ်တာ တွေ့ရတယ်။ ဒါက အင်္ဂလိပ်လက်ထက်ကတည်းက စခဲ့တာလို့ သိရတယ်။ ဥပဒေပြဋ္ဌာန်းချက်မှာ ဦး၊ ဒေါ် တပ်မခေါ်ရဘူးလို့ ပြဋ္ဌာန်းထားလား။

UKMM ။              ။ တရားမမှုဆိုရင်တော့ အပြန်အလှန် ဦး တပ်ခေါ်တယ်။ ရာဇဝတ်မှုတွေနဲ့ ရောက်လာတဲ့သူတွေဆိုရင် ‘င’ တပ်ခေါ်တယ်ပေါ့။ ငဖြူ ငနီ ငမောင် ဒီလိုမျိုး ခေါ်တယ်ပေါ့။ ဒါဘယ်ကနေပြီးလာလဲဆိုတော့ မြန်မာ့ရှေးအစဉ်အလာကနေ လာတာပေါ့။ များသောအားဖြင့် မြန်မာတွေက သာမန်အားဖြင့် ရာဇတ်မှုကျူးလွန်တဲ့ သူတွေကိုဆိုရင် လူ့အဖွဲ့အစည်းထဲမှာ အဆင့်နိမ့်တယ်လို့ သတ်မှတ်ပြီးတော့ သူက ဦး၊ ကို၊ မောင် မတပ်တော့ဘဲ ‘င’ တပ်ပြီး ခေါ်ကြတာပေါ့။ ဒါက အင်္ဂလိပ်ခေတ်တရားစီရင်ရေးစနစ်ထိပါ လာခဲ့တာ။ ဒါပေမဲ့ ၁၉၄၈ ရဲ့ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ တရားရုံးလက်စွဲဥပဒေတွေမှာကော ရဲလက်စွဲဥပဒေတွေမှာကော အကျဉ်းထောင်လက်စွဲဥပဒေတွေမှာကော ဒီလိုခေါ်ရမယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားတာ မရှိဘူး။ ပြီးတော့မှ စီရင်ထုံးတွေနဲ့ တရားရုံးမှတ်တမ်းတွေကို လေ့လာကြည့်ရင်လည်း လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ဦး တပ်ခေါ်တာတွေ အများကြီးတွေ့တယ်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဦးဘ စသည်အားဖြင့် ဦး၊ ကို၊ မောင် တပ်ပြီးတော့ ဒေါ်၊ မ တပ်ပြီး ခေါ်တာကို ကျွန်တော်တို့ တွေ့ပါတယ်။ သို့သော် ဒါက မှတ်တမ်းတွေအရပေါ့။ တကယ့်လက်တွေ့မှာက အဲဒီလို မဟုတ်တော့ဘဲနဲ့ ရဲစခန်းမှာ ကျရင်လည်းပဲ ကျွန်တော်တို့ တွေ့နေရတာ ဦးတို့ ကိုတို့ မောင်တို့ မတပ်ဘဲနဲ့ င တော့ မတပ်တော့ဘူး။ လှမြင့်ဆိုရင် လှမြင့်ပေါ့။ ဇော်ဝင်း ဆိုရင်လည်း ဇော်ဝင်းပေါ့။ ရဲစခန်းမှတ်တမ်းတွေမှာလည်းပဲ တရားခံပုံစံတွေ ရေးသွင်းတဲ့အခါမှာ ဒါမျိုးတွေ့တယ်။ ထိုအတူ အကျဉ်းထောင်မှတ်တမ်းတွေမှာဆိုရင်လည်းပဲ ဒီအတိုင်းပဲ ကျွန်တော် တွေ့တယ်။ ဦး၊ ကို၊ မောင် မတပ်ဘဲနဲ့ လုပ်တယ်။ သို့သော် တရားရုံးမှာကျတော့ တရားရုံးအမူတွဲတွေမှာကျတော့ တချို့တရားရုံးတွေမှာ တပ်တယ်။ တချို့တရားရုံးတွေမှာ မတပ်ဘူး။ အဲဒီတော့ ကျွန်တော်တို့ ဘာကို သုံးသပ်လို့ရလဲ ဆိုတော့ ဦး၊ ကို၊ မောင် တပ်ခြင်း မတပ်ခြင်းသည် တရားရုံးလက်စွဲတွေမှာကော ရဲလက်စွဲတွေမှာကော အကျဉ်းထောင်လက်စွဲတွေမှာကော ဒီလိုသုံးနှုန်းရမယ်လို့ တရားဝင်ညွှန်ကြားထားတာတော့ မရှိပါဘူး။ သို့ပေမယ့် တကယ်လိုက်နာဆောင်ရွက်ကြတဲ့ ပုဂ္ဂိုလ်တွေပေါ့။ တရားရုံးဆိုရင်လည်း တရားရုံးဆိုင်ရာ ဒီပုဂ္ဂိုလ်တွေနဲ့ ဒီဘက်က ရဲတပ်ဖွဲ့ဝင်တွေ အကျဉ်းဦးစီးဌာနတပ်ဖွဲ့ဝင်တွေကတော့ ဒီဟာက သူ့အစဉ်လာကျင့်ထုံးကျင့်စဉ်အရ မြင်ပုံမြင်နည်းက တရားခံ သို့မဟုတ် အကျဉ်းသားဆိုရင် လူ့အဖွဲ့အစည်းအောက်က နိမ့်ကျတဲ့ အလွှာလို့ ရှုမြင်ပြီးတော့ ဒီလိုသုံးကြတယ်လို့ ထင်ပါတယ်။ မခေါ်ရဘူးလို့ ပြဋ္ဌာန်းထားတာ မရှိဘူး။ သို့ပေမယ့် သေချာတာကတော့ ကျွန်တော်တို့ ဒီ ၁၉၄၈ နောက်ပိုင်း စီရင်ထုံးတွေကို လေ့လာကြည့်ရင် ခုန တရားခံတွေကို ဦး တပ်ပြီးတော့ ကို တပ်ပြီးတော့ မောင် တပ်ခေါ်ပြီးတော့ စီရင်ထုံးတွေ ရိုက်ထားတာ ကျွန်တော် တွေ့ပါတယ်။ တွေ့ရတဲ့အတွက် ဒါဟာ တရားရုံးချုပ်တို့ တရားလွှတ်တော်ချုပ်တို့ တရားစီရင်ရေးရဲ့ တစ်ကယ့်အပိုင်းကတော့ လေးလေးစားစားလိုက်နာတယ်ဆိုတာ ကျွန်တော်တွေ့ပါတယ်။

The Voice Journal ။                ။ တရားသူကြီးက လူတစ်ဦးကို ဦး၊ ဒေါ် တပ်ပြီး မခေါ်ရင် အဲဒီလူက တရားခွင်မှာ ကန့်ကွက်လို့ရလား။

UKMM ။              ။ အဲဒါကတော့ တောင်းဆိုခွင့်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဦး၊ ကို၊ မောင်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်ဒြပ်အလိုက်ပေါ့။ သူ့ အသက်အရွယ်အလိုက် ဂုဏ်ဒြပ်အလိုက် သတ်မှတ်ပေးထားတာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ အလိုအလျောက်ရထားတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က တရားခွင် တောင်းခံခွင့် ရှိပါတယ်။ အဲဒီလိုတောင်းခံရင်းတော့လည်း ပြင်ပေးလို့ ရပါတယ်။ ဒါဘာကြောင့် ကျွန်တော်တို့ပြောလဲ ဆိုရင် ကိုဆွေဝင်းအမှုပေါ့။ ကိုဆွေဝင်းအမှုဆိုရင် ကျွန်တော်တို့ ဒီရဲမှတ်တမ်းမှာကော ရုံးမှတ်တမ်းမှာကော တရားခွင်ကိုအမှုခေါ်တဲ့အခါမှာကော တရားလိုကိုတော့ ကိုကျော်မျိုးဆွေ တရားခံကို ကျတော့ ဆွေဝင်းဆိုပြီးခေါ်တဲ့အတွက် ကျွန်တော်တို့ တရားဝင်ကန့်ကွက်ခဲ့ရတာ ရှိပါတယ်။ ဒါတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူးဆိုတဲ့အခါမှာ တရားရုံးကလည်း ပြောင်းပြီးတော့ ကိုကျော်မျိုးဆွေနဲ့ ကိုဆွေဝင်း ဒီလိုမျိုးပြောင်းလဲခဲ့တာတော့ ရှိတယ်။ ဒါကတော့ ကျွန်တော်တို့ Right ဖြစ်တဲ့အတွက် ပြောလို့ရပါတယ်။

The Voice Journal ။                ။ ဦးကိုနီအမှုမှာ ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို သေဒဏ်ချတယ်။ အဲဒီသေဒဏ်က တကယ်ကွပ်မျက်တာလား။

UKMM ။              ။ အခုဆိုရင် ဦးကိုနီအမှုမှာဆိုရင် ကြည်လင်းတို့ အောင်ဝင်းဇော်တို့ကိုဆိုရင် သေဒဏ်ချမှတ်လိုက်တယ်ပေါ့။ ဒီအမိန့်ကြောင့် သူ မသေသေးဘူး။ သူ့မှာ အခွင့်အရေးသုံးခု ရှိတယ်။ တစ်ခုက ဥပဒေအရ အခွင့်အရေးပေါ့။ အဲဒီဟာက သူ အယူခံခွင့် ရှိတယ်။ ဒီပြစ်ဒဏ်ကနေ လွှတ်ပေးဖို့ တောင်းခံခွင့်ရှိတယ်။ သို့မဟုတ် ဒီပြစ်ဒဏ်ကို လျော့ပေါ့ပေးဖို့ တောင်းခံခွင့်ရှိတယ်။ အခုဆိုရင် သေဒဏ်ကို ခရိုင်ရုံးတွေက ချမှတ်တဲ့အတွက် ပြည်နယ်၊ တိုင်းတရားလွှတ်တော်တွေမှာ ၇ရက်အတွင်း အယူခံခွင့်တင်ရတယ်။ အဲဒီမှာ ပြင်ဆင်လို့ မပေးဘူး။ ပယ်လိုက်တယ်ဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တစ်ပါးဒိုင်ရှိတယ်။ နှစ်ပါးဒိုင် ရှိတယ်။ စုံညီဆိုပြီးတော့ တရားရုံးချုပ်တရားသူကြီးတွေ စုံညီစွာ ဆုံးဖြတ်တဲ့ စုံညီခုံရုံးရှိတယ်။ အဲဒီလေးဆင့်ကို ဖြတ်လိုက်တဲ့အခါမှာ စုံညီခုံရုံးအဆင့်ကနေမှ သူ့ပြစ်ဒဏ်ကို အတည်ပြုလိုက်ပြီ သူ့ရဲ့လျှောက်ထားချက် အယူခံကိုပယ်လိုက်ပြီဆိုရင် သူ့ရဲ့ ဥပဒေအခွင့်အရေးက ကုန်သွားပြီ။

တရားရုံးတွေက ပြစ်ဒဏ်သတ်မှတ်လိုက်တဲ့အတွက် သူ့သေဒဏ် မပြောင်းလဲဘူး။ သို့သော် အဲဒီအခါမှာ နောက်ထပ်တစ်ဆင့် ဘာခံစားနိုင်လဲဆိုရင် သူ့ရဲ့ လူမှုရေးအခွင့်အရေးဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲပေါ့။ နိုင်ငံတော်သမ္မတကြီးဆီကို သူက အသနားခံစာတင်ခွင့် ရှိတယ်။ သူ့ပြစ်ဒဏ်ကို ပြောင်းလဲပေးဖို့ သို့မဟုတ် ဒီပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးဖို့ အနာခံစားတင်လိုက်လို့ သမ္မတကနေ ပြစ်ဒဏ်ကို ပြောင်းလဲပေးလိုက်တာ ဖြစ်ချင်ဖြစ်မယ်။ သို့မဟုတ် လွတ်ငြိမ်းခွင့်ပေးလိုက်တာ ဖြစ်ချင်ဖြစ်မယ်။ ဒါဆိုရင်လည်းပဲ သူ သေဒဏ်ကနေပြီးတော့ တစ်သက်တစ်ကျွန်းဒဏ် ဖြစ်သွားတယ်ဆိုရင် ကြိုးမပေးဘူး။ နောက်တစ်ခုကတော့ သေမိန့်အတွက် အယူခံနဲ့ အသနားခံစာတင်နေတဲ့ ကာလသည် အနိမ့်ဆုံး ၅ နှစ်နဲ့ ၇ နှစ်ကြားလောက် ကြာတတ်တယ်။ အဲဒီကြားထဲမှာများ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လာရင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်က သေဒဏ်သမားတွေကို သေဒဏ်အမိန့်ကနေ ပယ်ဖျက်ပြီးတော့မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်အဖြစ် ချလိုက်တဲ့အတွက် သေဒဏ် မပေးရတော့ဘူး။

အကယ်လို့ သူက အယူခံမှာလည်း မနိုင်ဘူး။ ပယ်ခံရတယ်။ သမ္မတအသနားခံစာကလည်း ပယ်လိုက်တယ်။ အဲဒီကြားကာလမှာလည်းပဲ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်မလာဘူးဆိုရင်တော့ သမ္မတရဲ့ အသနားခံစာပယ်လိုက်တာနဲ့ တစ်ပြိုင်တည်းပြီးတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေမှ ဒီသေဒဏ် အတည်ပြုမိန့်ဆိုပြီးတော့ သူ့ကို ကြိုးပေးကွပ်မျက်ဖို့ အမိန့်တစ်ခု ထပ်ထုတ်ပေးရတယ်။ အခုဒီ ခုနစ်ရက်အတွင်းမှာ သူတို့ တရားခံတွေဘက်က ကိုကြည်လင်းတို့ အောင်ဝင်းဇော်တို့ဘက်ကနေ သူ့ပြစ်ဒဏ်ကို ပြောင်းလဲဖို့ ပယ်ဖျက်ပေးဖို့အတွက် အသနားခံစာတင်သလို ဒီဘက်က နိုင်ငံတော်ရှေ့နေချုပ်ရုံးဘက်ကလည်း သူ့ကို သေဒဏ်အတည်ပြုပေးဖို့ တစ်ပြိုင်တည်းတင်ကြတယ်။ ဒီဘက်က အသနားခံစာ လုံးဝရှုံးသွားပြီဆိုရင် ဟိုဘက်က သေဒဏ်အတည်ပြုမိန့်သည်။ ထွက်လာတာပေါ့။ အဲဒီသေဒဏ်အတည်ပြုမိန့်ရမှ သူ့ကို ချုပ်နှောင်ထားသော အကျဉ်းဦးစီးဌာနကနေ သူ့ကို ဘယ်ထောင်မှာ ဘယ်နေ့ဘယ်ရက်မှာ ကြိုးပေးကွပ်မျက်မလဲဆိုတာ သူ့ကို မူလအမိန့်ချမှတ်ခဲ့တဲ့ မူလရုံးတရားသူကြီးနဲ့ရ က်တွေ ပြန်ညှိရတာပေါ့။ ပြန်ညှိပြီး ပေးရတာ။ လူတစ်ယောက်ကို တရားရုံးက သေဒဏ်ချလိုက်တိုင်း အဲဒီသေဒဏ် ပြစ်ဒဏ်ပေးရတာမျိုး မဟုတ်ဘူး။ ကြားထဲမှာ အယူခံအဆင့်ဆင့်မှာ ပြောင်းလဲနိုင်တယ် အသနားခံစာမှာ ပြောင်းလဲနိုင်တယ်။ အဲဒီနှစ်ခု မပြောင်းလဲရင်လည်းပဲ အဲဒီနှစ်ခုဆောင်ရွက်နေစဉ်ကာလအတွင်း အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်လာခဲ့ရင်လည်းပဲ ပြောင်းလဲသွားနိုင်တယ်။ အဲဒီဟာတွေ အကုန်လုံးဘာမှမဖြစ်ဘူးဆိုရင်တော့ သူသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သေဒဏ်အတည်ပြုမိန့်ချပေးလိုက်ပြီဆိုရင်တော့ သက်ဆိုင်ရာအကျဉ်းထောင်ကနေမှ သူ့ကို သေဒဏ်အတည်ပြုပြီးတော့ ကြိုးပေးကွပ်မျက်လုပ်မှာပေါ့။ ဘာကြောင့်လဲဆိုတော့ သေဒဏ်စနစ်ကို မဖျက်သိမ်းသေးတဲ့အတွက် နောက်တစ်ခါ အခုရှိနေတဲ့ NLD အစိုးရကလည်း ပြည်သူကနေ ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူရွေးချယ်တင်မြှောက်သော အစိုးရ ဖြစ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်သော အစိုးရ ဖြစ်တဲ့အတွက် သေဒဏ်အတည်ပြုမိန့်ထုတ်ပေးခွင့်ရှိတယ်။ ဒါကြောင့် သူ့ရဲ့ အခွင့်အရေးတွေ အကုန်လုံးမှာ သူအပယ်ခံရတယ်ဆိုရင် တစ်နေ့နေ့မှာ သူဟာ ကြိုးပေးကွပ်မျက်မှု ခံရနိုင်တယ်။

The Voice Journal ။                ။ ပြည်သူတွေက သေဒဏ်ကို ထောင်ဒဏ်နှစ် ၂၀ ပဲချမယ်လို့ ပြောနေတာတွေရှိတယ်။ မသေမချင်းကြိုးကွင်စွပ်သတ်တာနဲ့ ထောင်ဒဏ်နှစ် ၂၀ ဘယ်လိုကွာပါသလဲ။

UKMM ။              ။ သေဒဏ်က သေဒဏ်သက်သက်ပဲ။ ထောင်ဒဏ်နှစ် ၂၀ က ထောင်ဒဏ်နှစ် ၂၀ ။ မဆိုင်ဘူး။ သေဒဏ်ချမှတ်လိုက်ပြီဆိုရင် အယူခံဝင်လို့ ရတယ်ပေါ့။ အယူခံအခွင့်အရေးက ကျွန်တော်တို့ နှစ်ခုရှိတယ်။ များသောအားဖြင့် သေဒဏ်ကျရင် အယူခံကို ငြင်းပယ်တဲ့ သူ မရှိဘူး။ အပြင်က လူတွေမသိတာပဲ ရှိတယ်။ သေဒဏ်အယူခံတက်မယ်ဆိုရင် ထပ်မေးရတယ်။ အတွင်းအယူခံယူမယ်ဆိုရင် အပြင်က ရှေ့နေမငှားတော့ဘဲ ထောင်ထဲမှာ ရှိတဲ့ အရာရှိတွေနဲ့ လုပ်ပေးတယ်။ အကျဉ်းထောင်ကနေ တာဝန်ယူပြီးတော့ သူရဲ့ လျှောက်လဲချက်တွေ အမှုတွေကို လေ့လာပြီးတော့ ပြီးစီးအောင် ဆောင်ရွက်ပေးရတယ်။ အပြင် အယူခံဝင်မယ်ဆိုရင် သူ(သေဒဏ်ချမှတ်ခံရသူ) ကိုယ်တိုင် ရှေ့နေငှားနိုင်ရင် သူ့ရဲ့ ရှေ့နေကနေ အယူခံတင်မယ်။ ရှေ့နေမငှားနိုင်ရင် အစိုးရက သင့်လျော်တဲ့ ရှေ့နေတစ်ယောက်ကို တာဝန်ပေးပြီးတော့ တင်ခွင့်ပေးရတယ်။ များသောအားဖြင့် အပြင်လူတွေနဲ့ မဆက်သွယ်ချင်တော့လို့ အတွင်းအယူခံအနေနဲ့ တင်လိုက်တာများတယ်။ အဲဒါမျိုးတွေကို အပြင်က မသိလိုက်တာရှိမယ်။ အယူခံကတော့ အဆင့်ဆင့်တင်ပါတယ်။ သေဒဏ်ချထားပြီးရင် အဲဒါက အယူခံအဆင့်မှာ ဖြစ်ဖြစ်၊ နိုင်ငံတော်အသနားခံစာအဆင့်မှာ ဖြစ်ဖြစ်၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အဆင့်မှာ ဖြစ်ဖြစ် အယူခံအောင်တာ၊ နိုင်ငံတော်သမ္မတက သနားတာ၊ လွတ်ငြိမ်းခွင့်ရတာ တစ်ခုခုရခဲ့ရင် တစ်သက်တစ်ကျွန်းကို ပြောင်းလဲလိုက်တယ်။ အရင်ကတော့ ကျွန်းပို့တာပေါ့။ ကိုကိုးကျွန်းတို့ ဘာတို့ပေါ့။ အခုက ဒီဟာတွေမရှိတော့ ထောင်ဒဏ်နဲ့ပဲ ပြောင်းလဲလိုက်တယ်။ တစ်သက်တစ်ကျွန်းမှာလည်း အမျိုးအစားသတ်မှတ်ပေးရတယ်။ ‘က’ အဆင့်တစ်သက်တစ်ကျွန်းဆိုရင် ထောင်ဒဏ် ၂၅ နှစ်၊ ‘ခ’ ဆိုရင် ထောင်ဒဏ်နှစ် ၂၀ ၊ ‘ဂ’ ဆိုရင် ထောင်ဒဏ် ၁၅ နှစ်၊ ‘ဃ’ ဆိုရင် ၁၄ နှစ်၊ ‘ဃ’ အဆင့်ကတော့ အရပ်ဖက်အဖွဲ့တွေမှာ မသုံးဘူး။ စစ်ဘက်တရားရုံးတွေကပဲ ‘ဃ’ အဆင့်တစ်သက်တစ်ကျွန်းချခွင့် ရှိတယ်။ ထောင်ဒဏ်နှစ် ၂၀ ဆိုတာ ‘ခ’ အဆင့် တစ်သက်တစ်ကျွန်းဆိုပြီး တရားရုံးက သတ်မှတ်ပေးမှ ရတာ။ သေဒဏ်ကို ထောင်ဒဏ်နှစ် ၂၀ ပြောင်းဖို့ဆိုတာ ဒီအတိုင်းပြောင်းလို့ မရပါဘူး။ သက်ဆိုင်ရာ တရားရုံးရဲ့ အယူခံအဆင့်မှာ ပြောင်းတာ ဖြစ်ရင်ဖြစ်မယ်။ သမ္မတက အသနားခံစာအဆင့်မှာ ပြောင်းတာ ဖြစ်ရင်ဖြစ်မယ်။ အထွေထွေလွတ်ငြိမ်းကြောင့် ဖြစ်ရင်ဖြစ်မယ်။ ဥပဒေနဲ့အညီ ပြောင်းတာပဲ ဖြစ်မှာပါ။

The Voice Journal ။                ။ သေဒဏ်ချမှတ်ပြီးရင် အကျဉ်းဦးစီးက ပြစ်ဒဏ်ခံရမဲ့သူကို ဘာတွေလုပ်လဲ။

UKMM        ။               ။ သေဒဏ်အကျဉ်းသားကို အမိန့်ချမှတ်ပြီးသွားရင် သီးသန့်ခွဲထားရတယ်။ သေဒဏ်ကြိုးမပေးခင်ကြားထဲမှာ ဒါမှမဟုတ် ပြစ်ဒဏ်တစ်ခု မပြောင်းလဲခင်အထိ လုံလုံခြုံခြုံထိန်းသိမ်းပေးရတယ်။ အကယ်၍ အယူခံလည်း မနိုင်ဘူး။ အသနားခံစာကလည်း မနိုင်ဘူး။ လွတ်ငြိမ်းချမ်းသာလည်း မလာဘူးဆိုရင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကနေ သေဒဏ်အတည်ပြုမိန့်၊ ကြိုးပေးကွပ်မျက်ဖို့ အမိန့် ရောက်လာပြီ။ အမိန့်က အကျဉ်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးကို ရောက်တာပေါ့။ အဲဒီ့ရုံးကနေပြီးတော့ သေဒဏ်စီရင်ခဲ့တဲ့ တရားရုံးရဲ့အနီးဆုံးမှာရှိတဲ့ ‘က’ အဆင့် အကျဉ်းထောင်ကို သေဒဏ်အတည်ပြုမိန့် ပို့ပေးလိုက်တာပေါ့။ ကြိုးစင်ကလည်းပဲ ‘က’ အဆင့် အကျဉ်းထောင်နဲ့ ဗဟိုအဆင့်အကျဉ်းထောင်တွေမှာ ရှိတယ်။ အဲဒီလို ပို့လိုက်တာနဲ့ တစ်ပြိုင်နက်တည်း တရားလွှတ်တော်ချုပ်ရုံးကလည်းပဲ သူ့ရဲ့ မူလအမိန့်ချလိုက်တဲ့ တရားရုံးကို ပို့ပေးရတယ်။ အဲဒီတော့မှ အကျဉ်းထောင်နဲ့ သေဒဏ်ချမှတ်လိုက်တဲ့ တရားသူကြီးနဲ့ ဘယ်နေ့ဘယ်အချိန်မှာ ကြိုးပေးကွပ်မျက်မယ်ဆိုတာကို ညှိရတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုးပေးမဲ့နေရာမှာ မဖြစ်မနေ တက်ရောက်ရမယ့်သူတွေ ရှိတယ်။ ခရိုင်မြို့နယ်အဆင့် ဒေသအာဏာပိုင်တွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူးတွေ တက်ရမယ်။ အကျဉ်းထောင်ဆေးရုံအုပ်ကြီး၊ အမိန့်ချလိုက်တဲ့ တရားရုံးက တရားသူကြီးတွေ တက်ရမယ်။ ဆရာဝန်ကြီးနှစ်ယောက်ကတော့ ကြိုးပေးကွပ်မျက်မှုကြောင့် သေဆုံးသွားတာ ဟုတ် မဟုတ် စောင့်ကြည့်ရမယ်။ ဟုတ် မဟုတ် အတည်ပြုပေးဖို့ပေါ့။ အဲဒီလူတွေကို ညှိပြီးတော့မှ အားလုံးသင့်မြတ်တဲ့ ရက်တစ်ရက်ကို သတ်မှတ်ရတာ။ ကြိုးပေးတာကတော့ မနက် အာရုံတက်ချိန်ကို ကြိုးပေးတာများတယ်။ ကြိုးပေးခံရမယ့် အကျဉ်းသားကို ၂၄ နာရီ ကြိုတင်အသိပေးရမယ်။ အသိပေးပြီးရင် ဥပဒေက ခွင့်ပြုနိုင်တဲ့ အခွင့်အရေးအားလုံးကို သူ့ကို ပေးရမယ်။ အိမ်နဲ့ ထောင်ဝင်စာတွေ့ချင်တယ်ဆိုရင် လိုက်ခေါ်ပေးတယ်။ အစားအစာကျွေးတယ်။ သူမှာချင်တာ သူ့တွေ့ချင်တာတွေ ဆောင်ရွက်ပေးတယ်။

The Voice Journal ။                ။ ရဲတွေအနေနဲ့ ရဲလုပ်ငန်းနဲ့ ပတ်သက်ပြီး အကုန်ပြီးအောင်မလုပ်ဘူးဆိုရင် တရားပြန်စွဲလို့ရလား ဆရာ။ ဦးကိုနီကိစ္စမှာ ရဲတွေရဲ့လုပ်ငန်းကုန်အောင် မလုပ်ဘူးဆိုပြီး ပြောဆိုမှုတွေရှိလို့ပါ။

UKMM ။              ။ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေတွေမှာလည်း ပြဋ္ဌာန်းထားပါတယ်။ ရဲလုပ်ငန်းအကုန်ပြီးအောင် မလုပ်သွားဘူးဆိုရင် တရားစွဲလို့ ရတယ်။ ရဲတွေက ရဲလက်စွဲဥပဒေအတိုင်းပဲ လုပ်ရပါတယ်။ အများပြည်သူကြုံနေရတဲ့ ပြသာနာက ဘာလဲဆိုတော့ အမှုတစ်ခုဖြစ်ပြီး ရဲကို သွားတိုင်တယ်ဆိုရင် ရဲက အမှုမဖွင့်ပေးဘူး။ ရဲလက်စွဲအရဆိုရင် တယ်လီဖုန်းနဲ့တောင် လှမ်းတိုင်ရင် ပထမသတင်းပေးတိုင်ချက်ရယူပြီး အရေးယူဆောင်ရွက်ပေးရတယ်။ ရဲလက်စွဲဥပဒေပြဋ္ဌာန်းချက်အရ နစ်နာသူက လာရောက်တိုင်ကြားပါလျက် တိုင်ချက်မဖွင့်ပေးဘူးဆိုရင် သူ့ကို အလုပ်ကနေ ထုတ်ပယ်သည်အထိ အရေးယူလို့ ရတယ်။ အများပြည်သူက အဲဒီအချက်ကို မသိတော့ တိုင်ရကောင်းမှန်း မသိဘူး။ တိုင်ဖို့လည်း ဝန်လေးနေကြတယ်။ တကယ်လို့ ရဲတွေ ရဲလုပ်ငန်းစဉ်အတိုင်း မလုပ်လို့ တိုင်ရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပေဒနဲ့ အနည်းနဲ့ အများတော့ ပြစ်ဒဏ်ပေးပါတယ်။

The Voice Journal ။                ။ ရဲစည်းကမ်းနဲ့ အရေးယူတယ်ဆိုပြီး လုပ်တာတွေက ပြည်သူတွေအနေနဲ့ ဘာမှမသိရဘူး။ ပြည်သူတွေ အမြင်ရှင်းရှင်းလင်းလင်းသိနိုင်ဖို့ ဘယ်လိုလုပ်ဆောင်သင့်လဲ။

UKMM ။              ။ ပြည်သူတွေ သိအောင် ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့ လိုတယ်။ အခုတဖြေးဖြေးဖြစ်နေတာက ရဲ့တပ်ဖွဲ့ရဲ့ ပုံရိပ်လည်း ကျဆင်းလာတယ်။ တရားဥပဒေစိုးမိုးရေးကလည်း မကြုံစဖူးနိမ့်ကျလာတယ်။ ရဲတပ်ဖွဲ့ကို အားကိုးအားထားပြုဖို့လည်း ပြည်သူတွေက အယုံအကြည်နည်းလာတယ်။ နည်းလာတဲ့ အခြေခံအကြောင်းအရင်းက ရဲတပ်ဖွဲ့နဲ့ ပြည်သူလူထုကြား သိခွင့်သိထိုက်တဲ့ သတင်းကို ပြည်သူတွေ သိခွင့်မရလို့။ ဥပမာကိစ္စတစ်ခုမှာ လုပ်သင့်လုပ်ထိုက်တဲ့ ရဲလုပ်ငန်းတွေ ကုန်စင်အောင် မလုပ်ဘူး။ ရဲလုပ်ငန်းတွေ မလုပ်ဘဲ ငြင်းဆန်ခဲ့တယ်။ မမှန်မကန် လုပ်ခဲ့တယ် ဒါကြောင့် ရဲစည်းကမ်းထိန်းသိမ်းရေးအရ ဒီလူတွေတော့ ပြစ်ဒဏ်ပေးလိုက်တယ်ဆိုတာကို ပြည်သူတွေ မသိရဘူး။ အဲဒီလို အသိပေးလိုက်ရင် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းမယ်လို့ ထင်မြင်ယူဆပြီး အသိမပေးဘူး။  မသိရတဲ့အခါကျတော့ ပြည်သူတွေက အရေးယူမှုမရှိဘူး ထင်သွားတာ။ ပြည်သူတွေက ရဲနဲ့ ဆက်ဆံဖို့ အများကြီးရှောင်လာတာရှိတယ်။ တရားရုံးတွေ ကြန့်ကြာတာလည်း ဒီအတိုင်းပဲ။ ကိုယ်တိုင်မြင် ကိုယ်တိုင်ကြားပါလျက်နဲ့ သက်သေအဖြစ်ထွက်ဆိုဖို့ ငြင်းဆန်နေတာတွေ ရှိတယ်။ ရဲတပ်ဖွဲ့လုပ်ဆောင်မှုတွေကို ပြည်သူကို ပွင့်ပွင့်လင်းလင်းအသိပေးမယ်ဆိုရင်တော့ ပိုကောင်းတာပေါ့။

The Voice Journal ။                ။ ဦးဟန်ထူးအမှုအပါအဝင် အချို့အမှုတွေမှာ ထီးတွေနဲ့ ကာပြီး ရုံးထုတ်တာတွေ ရှိလာတယ်ပေါ့။ အဲဒါမျိုးတွေက ဥပဒေနဲ့ ညီလား။ သူတို့မှာ အဲဒီလိုလုပ်ပိုင်ခွင့်ရှိလား ခင်ဗျ။

UKMM။               ။ ဒါတွေလုပ်ခွင့်မရှိဘူးဆိုတာ တည်ဆဲဥပဒေတွေမှာ ပြဋ္ဌာန်းပြီးသား။ ရဲလက်စွဲဥပဒေမှာလည်း တရားခံတစ်ဦးကို ရုံးထုတ်ရင် လုံခြုံရေးဘယ်လိုရယူရမယ်ဆိုတာ ပါပြီးသား။ အကျဉ်းသားဘေးကနေ ထီးတွေနဲ့ ကာဖို့ မမြင်အောင်လုပ်ဖို့ ပြဋ္ဌာန်းထားတာ မရှိဘူး။ ရဲတပ်ဖွဲ့ကလွဲပြီး မည်သူမျှ ရုံးထုတ်လုပ်ငန်းစဉ်ကို ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူး။ အသေးစိတ်ကို ပြဋ္ဌာန်းထားတယ်။ ရဲလက်စွဲမှာလည်း ခွင့်မပြုထားဘူး။ ဦးဟန်ထူးအမှုမှာ ပြည်သူတွေအနေနဲ့ အမြင်မှားအောင် ဖြစ်လာတာက တကယ်ပြောရရင် ရဲတပ်ဖွဲ့နဲ့ တရားရုံးတွေက ဥပဒေတွေရှိနေတာကို မျက်ကွယ်ပြုပြီး ခွင့်ပြုထားလို့ ဖြစ်နေတာပဲ။ ဥပဒေကတော့ ခွင့်ပြုလို့ မရဘူး။

The Voice Journal ။                ။ ရုံးထုတ်တဲ့အခါ အချုပ်ကားမဟုတ်တဲ့ သီးသန့်ကားတွေနဲ့ ရုံးထုတ်ခွင့် ရှိလား။

UKKM ။               ။ ရဲအချုပ်ကားနဲ့ ထုတ်ဖို့ ပြဋ္ဌာန်းထားတယ်။ ရုံးထုတ်တဲ့အခါလည်း ဘယ်လိုလုံခြုံအောင် လုပ်ရမယ်ဆိုတာတွေပါတယ်။ ပြသာနာက ရုံးထုတ်တဲ့ ကားတွေ ရုံးကို အချိန်မီပို့နိုင်ဖို့အတွက် အခက်အခဲရှိလာတယ်။ ရုံးထုတ်ကားတွေ မလုံလောက်တဲ့အခါကျတော့ သက်ဆိုင်ရာရဲစခန်းတွေက တရားခံတွေကို တရားရုံကို အချိန်မီပို့နိုင်ဖို့အတွက် အရပ်ဘက်အဖွဲ့တွေကို အကူအညီတောင်းခံရတာမျိုး ရှိကောင်းရှိနိုင်တယ်။ ဒါက ဥပဒေနဲ့အညီတော့ မဟုတ်ဘူး။ အဲဒီမှာလည်း နှစ်ပိုင်းရှိတယ်။ ရုံးထုတ်ကားမဟုတ်ဘဲ အချိန်မီပို့ဆောင်နိုင်ဖို့၊ ဒါမှမဟုတ် လုံခြုံရေးသီးသန့်လိုအပ်လို့ ရဲတပ်ဖွဲ့ရဲ့အစီအမံနဲ့ ကားစီစဉ်ပြီးသွားတာဆိုရင် ဥပဒေနဲ့ ညီညွတ်တယ်။ သက်ဆိုင်ရာ တရားခံရဲ့ ကား သူ့မိသားစုဆွေမျိုးက ပို့တဲ့ ကားနဲ့တော့ ရုံးထုတ်လို့ မရဘူး။ အဲဒီလို ကားနဲ့ သွားတယ်ဆိုရင်တော့ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူး။ ရဲတပ်ဖွဲ့က အဲဒီလို ကားကိစ္စအခက်အခဲဖြစ်လာရင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေဆီ အကူအညီတောင်းတာ များတယ်။ အဲဒီအဖွဲ့တွေက မော်တော်ယာဉ်ထိန်းသိမ်းရေးအဖွဲ့တွေ၊ ယာဉ်ပိုင်ရှင်တွေနဲ့ ချိတ်ပေးလိုက်တာပေါ့။ ရဲတပ်ဖွဲ့က တိုက်ရိုက်ခေါ်ခွင့်တော့ မရှိဘူး။

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *