ဟန်ချက်ညီတဲ့ ကမ္ဘာတစ်ခု

မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women’s Day) ရဲ့ ဒီနှစ် ၂၀၁၉ အတွက် ဆောင်ပုဒ်ကတော့ ‘လူမှုဘ၀ ပိုကောင်းဖို့ ဟန်ချက်ညီညီ လုပ်ဆောင်စို့’ဖြစ်ပါတယ်။ အင်္ဂလိပ်လိုကတော့ Balance for Better ပေါ့။ ပိုပြီး နေလို့ကောင်းတဲ့ ကမ္ဘာကြီးဖြစ်လာဖို့အတွက် ကျားနဲ့မကြား ဟန်ချက်ညီဖို့၊ မျှတဖို့လိုအပ်တယ်ဆိုတာကို အဓိက သိစေချင်တာပါ။

ကျွန်တော်တို့ဆီမှာ Gender လို့ ပြောလိုက်ရင် အများစုက အမျိုးသမီးအရေးလို့ ထင်တတ်ကြတယ်။ အမျိုးသားအများစုကလည်း Gender ဆိုတာနဲ့ ငါတို့ကို ရန်တွေ့တော့မှာပဲဆိုပြီး မြင်နေကြတယ်။ တကယ်တော့ Gender ဆိုတာ ယောက်ျားဆိုတာ ဘယ်လိုဖြစ်သင့်တယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး လူမှုအသိုင်းအ၀ိုင်းကနေ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေကို ခေါ်တာပါ။ ဒီလို သတ်မှတ်ချက်တွေကြောင့် ယောက်ျားတွေမှာလည်း နစ်နာရတာတွေ ရှိတယ်။ ၀င်ငွေရှာရတဲ့ ၀န်ထုပ်ဝန်ပိုး၊ အကြောက်တရား မရှိချင်ယောင် ဟန်ဆောင်ရတာတွေ၊ အိမ်ထောင်ဖက်က ဖောက်ပြန်တဲ့အခါ အမျိုးသမီးက သည်းခံရမယ်ဆိုတဲ့ သွန်သင်မှုမျိုးကို ရပြီး အမျိုးသားကျတော့ နွားဖြစ်ပြီ ဆိုတဲ့ ခံစားချက်ကို ရတယ်။ ဒီကနေမှတဆင့် ပြင်းပြင်းထန်ထန်တုံ့ပြန်မိတဲ့အခါ လူသတ်မှု ဖြစ်သွားတဲ့အထိ ဖြစ်နိုင်တယ်။ ဆိုလိုတာက ဒါတွေဟာ ယောက်ျားဆိုရင် ဘယ်လိုဆိုပြီး သတ်မှတ်ထားတာတွေကနေ ဆက်ပြီး ဖြစ်လာတာပါ။

အဲဒီလို အမျိုးသားတွေ နစ်နာရသလို၊ အမျိုးသမီးတွေလည်း ဒီလိုသတ်မှတ်ချက်တွေကြောင့် ထိခိုက်ရတာတွေ ရှိတယ်။ သူတို့ကတော့ ပိုတောင်မှ ဆိုးသေးတယ်လို့ ပြောရမယ်။ တခြားနိုင်ငံတွေမှာ မိန်းကလေးမှန်း သိတာနဲ့ မလိုချင်လို့ ကိုယ်ဝန်ဖျက်ချပစ်တာ၊ မွေးပြီးရင်လည်း သွားစွန့်ပစ်တာတွေ ကျွန်တော်တို့ ကြားသိနေရတယ်။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ အသက်အရွယ်မရွေး အမျိုးသမီးတွေဟာ ကြုံတွေ့နေရတယ်။ သားနဲ့ သမီးကို ပြုစုပျိုးထောင်ပုံချင်း မတူလို့ ကိုယ်ရည်ကိုယ်သွေးပိုင်းမှာလည်း ကွာခြားကြတယ်။ လုပ်ငန်းခွင်မှာလည်း လစာပေးတာချင်း၊ ရာထူးတိုးပေးတာချင်း၊ ယုံကြည်မှုရတာချင်းလည်း မတူကြဘူး။ ဆိုတော့ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတာတွေက အမျိုးသားတွေထက်စာရင် ပိုများတယ်။ ပိုဆိုးတယ်။ ပိုပြင်းထန်တယ်။ ဒါကြောင့်လည်း Gender လို့ ပြောလိုက်ရင် အမျိုးသမီးဘက်ကိုပဲ ပြောတယ်လို့ ထင်နေတာ။ တကယ်တော့ အမျိုးသား၊ အမျိုးသမီး၊ အားလုံးနဲ့ဆိုင်တယ်။

နောက်ပြီး အမျိုးသမီးတွေရဲ့ ဘ၀တိုးတက်လာခြင်းက အမျိုးသားတွေအတွက်ရော ကောင်းသလား၊ အကျိုးရှိသလား စဉ်းစားကြည့်ဖို့ကောင်းတယ်။ တချို့အမျိုးသားတွေက အမျိုးသမီးတွေကို သူတို့ထက် အားနည်းနေတာ၊ နိမ့်နေတာကို သဘောကျတယ်။ အမျိုးသမီးတွေ တိုးတက်လာတာကို သူတို့နဲ့ ပခုံးချင်း လာတိုင်းတာလို့ မြင်ပြီး မလိုချင်ကြဘူး၊ မဖြစ်စေချင်ကြဘူး။ ဒီတော့ ငါတို့ပဲ အသာယူမယ်ပေါ့။ ဘာလို့ အဲဒီလိုစဉ်းစားတာလဲဆိုရင် အမျိုးသားနဲ့ အမျိုးသမီးကို ပြိုင်ဘက်တွေလို မြင်ထားတာကိုး။ တကယ်တော့ အမျိုးသားနဲ့ အမျိုးသမီးဆိုတာ ကမ္ဘာကြီးရဲ့ တောင်ပုံတစ်စုံလိုပဲ။ တစ်ဖက်က ဘယ်လောက်ပဲ သန်စွမ်းနေပါစေ။ နောက်တစ်ဖက်က အားမကောင်းရင် ဒီတစ်ဖက်တည်းနဲ့ ဘာမှ လုပ်မရဘူး။ပြောရရင် အမျိုးသားနဲ့ အမျိုးသမီးဆိုတာ အသင်းအဖွဲ့တစ်ခုသာ ဖြစ်တယ်။ ဒီလိုလေး မြင်လိုက်ရင် သူတို့တိုးတက်လာခြင်းဟာ ငါတို့အတွက်လည်း အကျိုးရှိတယ်လို့ သဘောပေါက်လာလိမ့်မယ်။ တောင်ပံနှစ်ဖက်စလုံးက ခိုင်မာသန်စွမ်းနေမှ ဒီကမ္ဘာကြီးဟာ ပိုလို့ ဝေးဝေးကိုပျံနိုင်မယ်၊ မြင့်မြင့်ကိုသွားနိုင်မယ် ဆိုပြီး လက်ခံလာလိမ့်မယ်။

ကမ္ဘာကြီးအနေနဲ့မှ မဟုတ်ပါဘူး။ မိသားစုတစ်စုအနေနဲ့ဆိုရင်လည်း ဒီလိုပါပဲ။ ယောကျာ်းက ပိုက်ဆံရှာ၊ မိန်းမက အိမ်ထောင်မှုထိန်းသိမ်း။ ကလေးတွေကို ပြုစုပျိုးထောင်။ ရုတ်တရက်ဆို အဆင်ပြေနေတာပဲ။ ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ ပညာတတ်ဖို့၊ ပညာရှိဖို့ လိုတယ်။ ကလေးကို သေချာစနစ်တကျ ပြုစုပျိုးထောင်တတ်ဖို့ လိုတယ်။ ဒါမှလည်း ကလေးတွေရဲ့ အနာဂတ်က ကောင်းမှာ။ နောက်ပြီး ကိုယ်များ နေထိုင်မကောင်းဖြစ်လို့ စီးပွားမရှာနိုင်တော့တဲ့အခါ၊ မတော်တဆ ဆုံးပါးသွားတဲ့အခါ အမျိုးသမီးက ကိုယ့်ဟာကိုယ် မရပ်တည်နိုင်ရင် ကိုယ့်သားသမီးတွေပါ ဒုက္ခရောက်ကျန်ခဲ့ရမှာ။ ဒါကြောင့် ကိုယ့်အမျိုးသမီးရဲ့ တိုးတက်မှု၊ ထက်မြက်မှုဟာ ကိုယ့်မိသားစုအတွက် အရေးကြီးတယ်ဆိုတာလေး သဘောပေါက်စေချင်ပါတယ်။

ဒီနေရာမှာ ယောက်ျားဆန်ခြင်း၊ မိန်းမဆန်ခြင်း ဆိုတာလေးနဲ့ ပတ်သက်လို့ နားထောင်ဖူးတဲ့ ဆွေးနွေးချက်တစ်ခုကို ပြောပြချင်တယ်။ ဥပမာ မိသားစုတစ်စုမှာ ၀င်ငွေရှာတာ၊ ရေပိုက်ပြင်တာ၊ အိမ်ဆောက်တာ၊ စက်ကိရိယာပစ္စည်းတွေကို ၀ယ်ယူကိုင်တွယ်အသုံးပြုတာ စတာတွေကို ယောက်ျားဆန်တဲ့အလုပ်တွေလို့ ခေါ်နိုင်တယ်။ ယောက်ျားတွေပဲ လုပ်တတ်တယ်၊ လုပ်လို့ရတယ် မဟုတ်ဘူး။ အလုပ်တွေရဲ့ သဘောသဘာဝအရ Masculine work တွေလို့ သတ်မှတ်တာ။ အိမ်မှုကိစ္စလုပ်တာ၊ သားသမီးကို ပြုစုပျိုးထောင်တာ၊ သားရေးသမီးရေးကိစ္စတွေမှာ ယောက်ျားမသိသင့်တာလည်း မသိရအောင်၊ သားသမီး မဖြစ်သင့်တာလည်း မဖြစ်ရအောင် ခေါင်းအေးအေးထား ဖြေရှင်းတတ်တာ၊ အပ်ချုပ်တာ၊ ထမင်းဟင်းချက်တာ၊ အိမ်နီးနားချင်းတွေနဲ့ အဆင်ပြေအောင်နေတာ၊ ဒီလိုအသေးစိတ်အလုပ်တွေကိုတော့ မိန်းမဆန်တဲ့အလုပ် (Feminine work) တွေလို့ ပြောနိုင်ပါတယ်။

ဒီတော့ စဉ်းစားကြည့်ရအောင်။ ဘယ်အလုပ်တွေက မိသားစုအတွက် အရေးကြီးသလဲ။ ၀င်ငွေရှာဖို့ကလည်း အရေးကြီးသလို၊ ဒါကို ထိန်းသိမ်းပြီး မကုန်သင့်တာ မကုန်အောင် စီမံရတဲ့အလုပ်ကလည်း အရေးကြီးတယ်။ စက်ပစ္စည်းတွေကို ဘယ်လိုသုံးရမလဲ သိဖို့ လိုသလို၊ ထမင်းဟင်းချက်ဖို့၊ အချုပ်အလုပ်တွေတတ်ဖို့ကလည်း လိုအပ်တာပဲ။

ကျွန်တော် ငယ်ငယ်က အတွေ့အကြုံကို ပြန်စဉ်းစားကြည့်ရင် ၀င်ငွေရှာပေးနေတဲ့ အဖေက အရေးကြီးတယ် ဆိုပေမယ့် သူ လပေါင်းများစွာ သဘောင်္တက်နေတာက သိပ်ပြဿနာ မရှိဘူး။ အမေ တစ်ရက်လောက် အိမ်မှာ မရှိလိုက်တာနဲ့ ကျွန်တော်တို့ နေရထိုင်ရ ခက်ကုန်တယ်။ ပြောချင်တာက ဒီိလိုသဘာဝနှစ်ခုဟာ ဟန်ချက်ညီဖို့ လိုတယ်။ အဖေရော အမေရော နှစ်ယောက်စလုံးက စီးပွားတွေရှာ၊ အလုပ်တွေ ကုန်းရုန်းလုပ်နေရင် အဲဒီ မိသားစုက ဟန်ချက်မညီဘူး။ အဖေသော်လည်းကောင်း အမေသော်လည်းကောင်း တစ်ယောက်က Masculine ဖြစ်တယ်ဆို နောက်တစ်ယောက်က Feminine ဖြစ်နေမှ ပိုအဆင်ပြေနိုင်တယ်။

များသောအားဖြင့်တော့ အမျိုးသမီးတွေဟာ အဲဒီလိုအသေးစိတ်လုပ်ရတဲ့ ကိစ္စတွေမှာ ပိုထူးချွန်ကြတယ်။ EQ ဆိုတာကို  စမိတ်ဆက်ခဲ့တဲ့ Daniel Goleman က သူ့ ဘလော့ဂ်တစ်ခုမှာ ရေးထားတယ်။ အဖွဲ့အစည်းအသီးသီးက အမျိုးသား အမျိုးသမီး ၅၅,၀၀၀ ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Soft skill ပိုင်းမှာ ပိုပြီးသာလွန်တာကို တွေ့ရတယ်တဲ့။ Soft skill ဆိုတာ ရော့ ဒါက ဒီလို ဆိုပြီး သင်ပေးလိုက်လို့ မရတဲ့ ပြဿနာဖြေရှင်းခြင်း (Problem-solving)၊ ပဋိပက္ခကိုင်တွယ်ခြင်း (Conflict management)၊ ကိုယ်ချင်းစာစိတ် (Empathy) နည်းပြခြင်းနဲ့ လမ်းညွှန်ပေးခြင်း (Coaching & mentoring) ရည်မှန်းချက် ပြည့်မြောက်အောင် အာရုံစူးစိုက်ခြင်း (Focus on achieving goals) ဒါတွေပါတယ်။

ဒါကြောင့် မိသားစုမှာမှ မဟုတ်ဘူး၊ ဘယ်နေရာမှာမဆို အဲဒီနှစ်ခုက ဟန်ချက်ညီနေရင် သိပ်ကောင်းတယ်။ Diversity is power ဆိုသလိုပဲ၊ မတူကွဲပြားတဲ့ အားသာချက်တွေကို ပေါင်းစည်းလိုက်နိုင်တဲ့အခါ စွမ်းအားတစ်ခု ဖြစ်လာတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီး ပါဝင်မှုနည်းတယ်။ Masculine ဖြစ်သူတွေပဲ များနေတော့ တစ်ခုခုဆို စိတ်မရှည်ကြဘူး။ မညှိနိုင်ကြဘူး။ လက်နက်နဲ့ပဲ ဖြေရှင်းမယ်တကဲကဲ လုပ်နေကြတယ်။ တကယ်လို့ အမျိုးသမီးတွေ ပါလာရင် အဲ့ဒီဆွေးနွေးပွဲတွေဟာ ပိုပြီး မြန်ဆန်လာမယ်။ အလုပ်ဖြစ်လာမယ်။ ရလာတဲ့ ငြိမ်းချမ်းရေးကလည်း ရေရှည်ခံမယ်လို့ သုတေသနတွေက ဆိုထားပါတယ်။ စစ်မက်ဖြစ်ပွားရင် လူနေမှုအခြေအနေတွေ ပျက်ယွင်းသွားတယ်။ ဒုက္ခသည်စခန်းတွေမှာ နေရတယ်။ ဒီအခြေအနေက အမျိုးသမီးကို အနိုင်ကျင့်အကြမ်းဖက်ခံရဖို့ သိပ်လွယ်ကူစေတယ်။ ခေါင်းဆောင်ပိုင်းမှာကျ အမျိုးသားတွေ လွှမ်းမိုးနေတဲ့အခါ ဒီပြဿနာတွေက သူတို့ခေါင်းထဲ မရောက်ဘူး။ အရေးကြီးတယ်လည်း မထင်ဘူး။ ဦးစားပေးပြီးလည်း မလုပ်တော့ဘူး။ ဒီတော့ အမျိုးသမီးတွေရဲ့ အခြေအနေက ပိုပြီး ဆိုးလာတယ်။ ဒါဟာ အမျိုးသမီးတွေ ခေါင်းဆောင်နေရာ မရှိခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေပါပဲ။

လုပ်ငန်းတွေမှာ အမျိုးသားတွေပဲ ဦးဆောင်နေတော့လည်း ဒီလိုပဲ။ Feminine ဖြစ်ရမယ့်အပိုင်းတွေမှာ အားနည်းကုန်တာပေါ့။ အသေးစိတ်တွေ လွတ်သွားတယ်။ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ မရှင်းနိုင်ဘဲ ၀ုန်းဒိုင်းဝုန်းဒိုင်း လုပ်မိတတ်တယ်။ ဒါကြောင့်လည်း ဒီလိုဟန်ချက်ညီဖို့ဟာ သိပ်အရေးကြီးတယ်လို့ ပြောနေရတာ။

ကမ္ဘာကြီးအနေနဲ့ စဉ်းစား စဉ်းစား၊ နိုင်ငံ၊ ဒေသ၊ နောက်ဆုံး မိသားစုအနေနဲ့ဖြစ်ဖြစ် အဲ့ဒီလိုတောင်ပံနှစ်ဖက် ဟန်ချက်ညီညီ အလုပ်လုပ်နိုင်ဖို့ဆိုရင် ဘာလိုသလဲဆိုတော့ အားနည်းနေတဲ့ တောင်ပံတစ်ဖက်ကို သန်စွမ်းလာအောင် လုပ်ပေးဖို့ လိုတယ်။ ပင်ကိုသဘာဝကိုက အမျိုးသမီးတွေဟာ အားနည်းနေတယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ Gender လို့ခေါ်တဲ့ သတ်မှတ်ချက်တွေကြောင့် သူတို့ဟာ ဖြစ်ချင်တာ ဖြစ်ခွင့်မရ၊ လုပ်ချင်တာ လုပ်ခွင့်မရ ဖြစ်နေကြတာ။ ဒါကို အားကောင်းကြံ့ခိုင်လာအောင် လုပ်ပေးဖို့ လိုမယ်။

Equality နဲ့ Equity ဆိုပြီး ရှိပါတယ်။ ဘာသာမပြန်တော့ပါဘူး။ ဒီအတိုင်းပဲ ရေးပါမယ်။

Equality ဆိုတာ ကျားမတန်းတူ ဖြစ်လာဖို့ပါ။ ဒီလိုတန်းတူဖြစ်လာဖို့ ဆိုတဲ့နေရာမှာ အမျိုးသမီးတွေအတွက် အခက်အခဲတွေ အများကြီးရှိနေတယ်။ သဘာဝအရ သားအိမ်ပါတယ်၊ ရင်သားပါတယ်၊ ဒါတွေကြောင့် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရတာ၊ သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာ၊ ဒီလိုပြဿနာတွေ ဖြစ်လာတယ်။ လူမှုအသိုင်းအ၀ိုင်းရဲ့ သတ်မှတ်ချက်တွေကြောင့်လည်း ထိခိုက်နစ်နာနေရတယ်။ အမျိုးမျိုးသော ရုပ်ပိုင်း၊ စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အနိုင်ကျင့်စော်ကားမှုတွေ ကြုံတွေ့နေရတယ်။ ဒါတွေကို ရှင်းမပေးဘဲနဲ့ အမျိုးသမီးတွေ ရှေ့တန်းရောက်လာဖို့ ဆိုတာ မလွယ်ပါဘူး။

လေးစားရတဲ့ ဆရာတစ်ယောက် ပြောသလိုဆိုရင် ခွေးပေါက်စလေးတွေကို နို့အတူတူစို့ကြလို့ ပြောလိုက်ရင် နဂိုကတည်းက ကြီးပြီးသားအကောင်တွေကပဲ စို့ခွင့်ထပ်ရမှာပေါ့။ ညှက်တဲ့အကောင်လေးတွေက ပိုပိုပြီး ညှက်လာဖို့ပဲ ရှိတော့တယ်။ ဒီတော့ ခွေးပေါက်လေးတွေအားလုံး တစ်ညီတည်း ကြီးထွားခွင့်ရဖို့(Equality ဖြစ်ဖို့) ဆိုရင် ညှက်နေတဲ့ ခွေးလေးကို ပိုစို့ခွင့်ပေးရမယ်။ အဲဒါ Equity ပဲ။

ရုတ်တရက်ကြည့်လိုက်ရင်တော့ အမျိုးသမီးတွေကိုပဲ ဦးစားပေးနေတယ် ထင်ရတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ ဦးစားပေးနေတာ မဟုတ်ဘဲ သူတို့မှာမှ ရှိနေတဲ့၊ သူတို့ပဲ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ရှင်းပေးနေတာသာ ဖြစ်တယ်။ ဒီတော့မှပဲ ကျားနဲ့မ ဟာတန်းတူညီမျှ ဖြစ်လာမှာ ဖြစ်ပါတယ်။

အဲဒီ Equity သဘောတရားကို သိထားပြီး ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ ၀ိုင်းကူညီပေးမယ်၊ အမျိုးသမီးတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ထည့်စဉ်းစားပေးနိုင်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ ဘ၀ဟာ ဒီထက်ပိုပြီး တိုးတက်လာလိမ့်မယ်။ အဲဒီလိုပဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကလည်း ပိုမိုဟန်ချက်ညီလာလိမ့်မယ်။ နှစ်ယောက်စာ လုပ်အားရပြီဆိုတော့ ဒီထက်ပိုမြန်မြန် ရှေ့ရောက်နိုင်မှာလည်း ဖြစ်ပါတယ်။

ဒေါက်တာဖြိုးသီဟ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *