စတုတ္ထတန်းပြဋ္ဌာန်းစာအုပ်ပါ ဝံသာနုစိတ်ဓာတ်ကဗျာကို မသင်ရန် ညွှန်ကြား

ရန်ကုန်၊ မတ် ၈

စတုတ္ထတန်း (Grade – 5) သင်ရိုးဟောင်းရှိ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်တွင် ပြဋ္ဌာန်းထားသော ဝံသာနုစိတ်ဓာတ်ကဗျာကို လာမည့် ပညာသင်နှစ်မှစ၍ မသင်ရန် ညွှန်ကြားထားကြောင်း အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ယင်းကဗျာကို လက်ရှိခေတ်စနစ်အရ သင်ကြားရန် မသင့်လျော်တော့သဖြင့် မသင်ရန် မတ်လ ၇ ရက်က ညွှန်ကြားထားရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုလက်ရှိခေတ်စနစ်အရ ဖြုတ်ဖို့ လိုအပ်လို့ ဖြုတ်တာလေ။ နောက်သင်ရိုးသစ်လည်း ပြောင်းမယ့် အတူတူ ဒါကို မသင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ပယ်ဖျက်လိုက်တာပါ”ဟု ဦးကိုလေးဝင်းက ပြောဆိုသည်။

ကျောင်းသူ၊ ကျောင်းသားများအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်လာမည်ကို မလိုလားသဖြင့် ဝံသာနုစိတ်ဓာတ်ကဗျာကို မသင်ရန် ညွှန်ကြားခြင်းဖြစ်နိုင်ကြောင်း အချို့သော အခြေခံပညာဆရာ၊ ဆရာမများက ထင်ကြေးပေးပြီး Facebook လူမှုကွန်ရက်တွင် ကန့်ကွက်ဝေဖန်နေကြသည်။

အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းကမူ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်မှုကို ကန့်သတ်လိုသောကြောင့် ညွှန်ကြားရခြင်းမဟုတ်ကြောင်း ပြောဆိုသည်။

“အမျိုးသားရေးစိတ်ဓာတ်ကို ကန့်သတ်တာမဟုတ်ဘူး။ ဒီကဗျာဖြုတ် လိုက်တဲ့ကိစ္စကို လူတွေက ကောင်းတဲ့ဘက်ကရော၊ မကောင်းတဲ့ဘက်ကရော ဝေဖန်နေကြတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒီလောက်အငြင်းပွားနေရင် ဖြုတ်ပစ်လိုက်တာ ကောင်းတယ်”ဟု ၎င်းက ဆိုသည်။

ပဲခူးမြို့နယ်ကျွန်းသုံးပင် အ.မ.က ကျောင်း၏ ကျောင်းအုပ်ဆရာဖြစ်သူ ဦးလှိုင်မျိုးဝင်းက ဝံသာနုစိတ်ဓာတ်ကဗျာတွင် အမုန်းစကားများပါဝင်နေသဖြင့် ကျောင်းသူ၊ ကျောင်းသားများအတွက် မသင့်လျော်ဟု ယူဆကာ ဖြုတ်ပစ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။

“ဒီထဲမှာ Hate Speech တွေပေါ့။ အမျိုးပျောက်မှာ စိုးကြောက်ပါတယ် ဆိုတဲ့ စကားလုံးလေးတွေပေါ့။ အခြားသော လူမျိုးတွေအတွက်ကျတော့ Hate Speech ဖြစ်နိုင်တယ်ပေါ့။ ဒါကြောင့် ဖြုတ်လိုက်တာထင်တယ်”ဟု ၎င်းက ဆိုသည်။

ဝံသာနုစိတ်ဓာတ်ကဗျာဖြုတ်လိုက်မှုအပေါ် ကောင်းသည် ဆိုးသည် မှတ်ချက် မပေးလိုကြောင်း၊ အခြေခံပညာဆရာ၊ ဆရာမများသည် အခြေခံပညာဦးစီးဌာနက မည်သို့ညွှန်ကြားလာသည်ဖြစ်စေ လိုက်နာအကောင်အထည်ဖော်ပေးရကြောင်း ဦးလှိုင်မျိုးဝင်းက ဆက်လက်ပြောဆိုသည်။

ဝံသာနုစိတ်ဓာတ်ကဗျာတွင် ‘လူမျိုရင်သာ လူမျိုးပျောက်၊ အားလုံးဒုက္ခ ရောက်၊ အမျိုးပျောက်မှာ စိုးကြောက်ပါ ကျွန်ဖြစ် နွံနစ်မှာ’ စသော စာသားများ ဖော်ပြရေးသားထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *