လက်ပံတောင်းအရေး မပြီးပြတ်စေလိုသူများရှိသဖြင့် မပြီးပြတ်ခြင်းဟု အတိုင်ပင်ခံပြော

ရန်ကုန်၊မတ်၈

စစ်ကိုင်းတိုင်းလက်ပံတောင်း တောင်စီမံကိန်းနှင့် ပတ်သက်၍ ပြဿနာများမပြီးပြတ်ခြင်းမှာ မပြီးပြတ်စေလိုသူများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မုံရွာမြို့တွင် ဒေသခံများနှင့် မတ်လ ၈ ရက်နေ့ကတွေ့ဆုံစဉ် လက်ပံတောင်းတောင်အရေးနှင့် ပတ်သက်၍ တင်ပြချက်ကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောဆိုခြင်း ဖြစ်သည်။

“လက်ပံတောင်းကိစ္စက ရှည်ပါပြီ။ ရှည်တာက ဒီကိစ္စမပြတ်တာက မပြတ်စေချင်တဲ့ သူတွေ ရှိနေလို့ပါ။ အားလုံးက ဒီကိစ္စကို ပြတ်စေချင်တယ်ဆိုရင် ပြတ်သွားတာ ကြာလှပါပြီ”ဟု ၎င်းက ဆိုသည်။
လက်ပံတောင်းဒေသ ဝက်မှေးရွာက ဒေသခံဒေါ်သက်သက်ဝင်းက လက်ပံတောင်းအရေးနှင့် ပတ်သက်၍ အစိုးရက ဖြေရှင်းပေးရန် တိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံခွင့်တောင်းသော်လည်း တွေ့ဆုံခွင့်မရကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မုံရွာမြို့က ဒေသခံများတွေ့ဆုံပွဲတွင် တင်ပြသည်။

“(ဝန်ကြီးချုပ်က) ငါ့ကို လာမပြောနဲ့။ ငါ့မှာ လုပ်ပိုင်ခွင့် မရှိဘူး။ ငါ မသိဘူးဆိုပြီး ပြန်ပြောတယ်”ဟု ဒေါ်သက်သက်ဝင်းက တင်ပြသည်။

ဝန်ကြီးချုပ်အနေနှင့် ၎င်းကို လာရောက်မပြောဆိုနှင့်ဟု တုံ့ပြန်ခြင်းမှာ မှားယွင်းကြောင်း၊ သို့သော်လည်း ဝန်ကြီးချုပ်နှင့် မသက်ဆိုင်သည့် ကိစ္စကို ဝန်ကြီးချုပ်ကို တင်ပြလျှင် တင်ပြသူလည်း မှားယွင်းကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားသည်။

လက်ပံတောင်းတောင်အရေးကို ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ကော်မရှင်ဖွဲ့ကာ စုံစမ်းစစ်ဆေးကာ အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ယင်းကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်ခဲ့သည်။

အစီရင်ခံစာရေးသားရန်အတွက် မျှမျှတတဖြစ်အောင် ညှိနှိုင်းယူခဲ့ရပြီး ရွာသားများနှင့် ကုမ္ပဏီတို့ကြား မည်သည့်ဘက်ကိုမှ ဘက်မလိုက်ခဲ့ဘဲ အားလုံးအတွက် အဆင်ပြေစေမည့် နည်းလမ်းများကို ရှာဖွေကာ အစီရင်ခံစာတင်ခဲ့ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

“အဓိကအားဖြင့် ညှိနှိုင်းအဖြေရှာဖို့ပါ။ နှစ်ဖက်လုံးက လုပ်ရမှာ။ တစ်ဖက်တည်းက လုပ်ရမှာ မဟုတ်ဘူး။ တချို့တွေက ညှိနှိုင်းအဖြေရှာလိုက်လို့ ဒီကိစ္စတွေ ပြတ်သွားတဲ့သူတွေကလည်း ပြတ်သွားပြီ။ အခုအထိ မပြတ်သေးတဲ့ သူတွေလည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။

လက်ပံတောင်းအရေးနှင့် ညှိနှိုင်းဖြေရှင်းပေးမည့် သက်ဆိုင်ရာပုဂ္ဂိုလ်များကို သတ်မှတ်ပေးမည်ဖြစ်ပြီး အဆိုပါပုဂ္ဂိုလ်များမှ တစ်ဆင့် ညှိနှိုင်းနိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

မုံရွာတွင် ကျင်းပသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လူထုတွေ့ဆုံပွဲကို ရပ်ကွက်တစ်ခုလျှင် ၁၀ ဦးနှုန်းဖြင့်သာ ဒေသအာဏာပိုင်များက တက်ရောက်ခွင့် ပြုပြီး ရွေးချယ်ထားသည့် လူပုဂ္ဂိုလ်များသာ တက်ရောက်ခွင့်ရကြောင်း ဝေဖန်သံများလည်း ထွက်ပေါ်ခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *