ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် အက်ဒ်ဝုဒ်ဝါးဒ်နှင့် ဂလေဇာမိသားစု ဆုံးဖြတ်၊ မော်ရင်ညိုရရှိခဲ့သောလစာ၏ထက်ဝက်ကိုသာ ဆိုးလ်ရှား ရရှိမည်

မန်ချက်စတာ၊ မတ် ၈

မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုနှင့် အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်တို့သည် လက်ရှိယာယီနည်းပြ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တာဝန်ပေးရန် ဆုံးဖြတ်လိုက်ကြပြီဖြစ်ပြီး ယင်းကိစ္စရပ်ကို အသင်းတွင်း၌ အသိပေးထားပြီဖြစ်သော်လည်း တရားဝင်သတင်းထုတ်ပြန်မှုကိုမူ မူလသတ်မှတ်ထားသည့်အတိုင်း လက်ရှိဘောလုံးရာသီပြီးဆုံးချိန်သို့ ရောက်မှသာ အက်ဒ်ဝုဒ်ဝါးဒ်က ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

ဆိုးလ်ရှားသည် မန်ယူကို ယာယီနည်းပြအဖြစ် စတင်တာဝန်ယူခွင့်ရခဲ့သော ပထမဆုံးပွဲစဉ်ကစ၍ အပြောင်းအလဲပေါင်းများစွာကို ဖော်ဆောင်ပေးနိုင်ခဲ့သည့်အပြင် အသင်းကစားသမားများ၏ခြေစွမ်းပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ရေးရာယုံကြည်မှုများကိုလည်း တစ်ပွဲထက်တစ်ပွဲ ပို၍ပို၍ မြင့်မားသွားစေခဲ့ကာ ဗန်ဟားလ်နှင့် မော်ရင်ညိုတို့လက်ထက်တွင် ဖြစ်ပွားခဲ့သော အသင်းတွင်းစည်းလုံးမှုပြိုကွဲခြင်းများကို ဆိုးလ်ရှားက အချိန်တိုအတွင်း ဖြေရှင်းပေးလိုက်နိုင်သည်ကိုလည်း အက်ဒ်ဝုဒ်ဝါးဒ်က လွန်စွာနှစ်ခြိုက်သဘောကျနေပြီဖြစ်သည်။

အက်ဒ်ဝုဒ်ဝါးဒ်သည် လွန်ခဲ့သောလအနည်းငယ်ခန့်က အသင်းရလဒ်များ လွန်စွာဆိုးရွားလွန်းခဲ့သည့်အတွက် မန်ယူပရိသတ်များ၏အမြင်မကြည်မှုကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီး လက်ရှိတွင်မူ မန်ယူပရိသတ်များက ၎င်းနှင့်အတူ တွဲဖက်၍ ဆယ်လ်ဖီဓာတ်ပုံများရိုက်ကူးသည်အထိ သဘောထားပျော့ပျောင်းလာခြင်းကြောင့် လွန်စွာကျေနပ်ပျော်ရွှင်ရပါကြောင်း အက်ဒ်ဝုဒ်ဝါးဒ်က ထုတ်ဖော်ပြောကြားသွားသည်။

မန်ယူအသင်းအားပေးသူများသည် မန်ယူက ပီအက်စ်ဂျီကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် ပြင်သစ်နိုင်ငံရှိ ချာလက်စ် ဒီဂေါ်လေးလေဆိပ်သို့ အက်ဒ်ဝုဒ်ဝါးဒ် ရောက်ရှိလာချိန်၌ ၎င်းကိုခွင့်တောင်းကာ ဆယ်လ်ဖီဓာတ်ပုံများ အမှတ်တရရိုက်ကူးသွားခဲ့ခြင်းဖြစ်ပြီး ယင်းသို့တွေ့ဆုံခွင့်ရချိန်တွင် မန်ယူပရိသတ်များက ဆိုးလ်ရှားကို အသင်းအမြဲတမ်းနည်းပြအဖြစ် အမြန်ဆုံးခန့်အပ်ပေးပါရန်လည်း အက်ဒ်ဝုဒ်ဝါးဒ်ကို တောင်းဆိုသွားခဲ့ကြသေးသည်။

မန်ယူသည် ဆိုးလ်ရှားကို အသင်းအမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သော်လည်း တစ်နှစ်လုပ်ခလစာ အကျိုးခံစားခွင့်မူ ပေါင် ၇ ဒသမ ၅ သန်းသာ ပေးအပ်လိမ့်မည်ဖြစ်ပြီး ယင်းမှာ မန်ယူထံတွင် နည်းပြ မော်ရင်ညို ရရှိခဲ့သော လုပ်ခလစာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ထက်ဝက်မျှသော ပမာဏသာဖြစ်သည်။

ဆိုးလ်ရှားရရှိမည့် လုပ်ခလစာ အကျိုးခံစားခွင့်သည် ပေါ့ဂ်ဘာ၏လုပ်ခလစာထက် ထက်ဝက်လျော့နည်းမည်ဖြစ်ပြီး ဆန်းချက်ဇ်၏ လုပ်ခလစာနှင့်အချိုးချကြည့်မည်ဆိုပါက သုံးပုံ တစ်ပုံမျှသာ ရှိလိမ့်မည်ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *