ဆင်များ၏ ဝေဒနာပြတိုက်

ခန္ဓာကိုယ်အလယ်ပိုင်းနေရာရှိ ထူထဲလှသော အရေပြားများ ဖြတ်တောက်ခြင်းခံထားရပြီး မြေပေါ်တွင် သတ္တဝါတစ်ကောင်လဲကျသေဆုံးနေသည်။

ကျောရိုးတစ်လျှောက် ဓားရာပေး၍ တစ်ပေသာသာ သားရေအလွှာလိုက်ခွာကျထားသည့် ကျောပြင်ကြီးကလည်း မမြင်ရက်စရာ အဆီတဝင်းဝင်း သွေးတစိုစို။ သနားကင်းသည့် အစင်းလိုက်ဓားမွန်းရာတို့ကလည်း ကျောနှစ်ဖက်အပြည့်ပင်။ မျက်လုံးအိမ်တွင်းမှလည်း မျက်ရည်များ စီးကျနေသည်။

ထိုသေဆုံးနေသော သတ္တဝါမှာ နို့တိုက်သတ္တဝါထဲတွင် ခွန်အားအကြီးဆုံးဖြစ်သော ဆင်တစ်ကောင်ဖြစ်ပြီး လက်ရှိတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်သို့ ကျရောက်နေပြီဖြစ်သည်။

ဝမ်းနည်းဖွယ်အသတ်ခံရသော ထိုမြင်ကွင်းကို ပြတိုက်ထဲတွင် ပြသထားခြင်းဖြစ်သည်။ အရေခွံများ ဖြတ်တောက်ခံရကာ သေဆုံးနေသော ယင်းဆင်ရုပ်တုပုံစံမှာ ၂၀၁၆ ခုနှစ်က ရခိုင်ရိုးမ ဆင်ဘေးမဲ့တောအနီးတွင် သက်ကြီးဆင်တစ်ကောင် အသတ်ခံခဲ့ရမှုကို ပန်းပုထုထားခြင်းဖြစ်သည်။

သို့သော် ယင်းမြင်ကွင်းမျိုး မြန်မာနိုင်ငံအနှံ့တွင် ဖြစ်ပွားနေပြီး ယင်းကဲ့သို့ ထပ်မံမဖြစ်စေရန် ပန်းပုထုကာ သတိပေးထားခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့်လည်း အဆိုပါပြတိုက်ပေါ်ပေါက်လာသည်ဟု ဆိုနိုင်လေသည်။ အဘယ်ကြောင့်နည်း။

ဆင်များသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးဖြစ်သည်။

အင်အားကြီးမားသည့် ဆင်များတဖြည်းဖြည်းလျော့နည်းလာနေပြီ။ ကမ္ဘာ့နိုင်ငံများထဲမှ နိုင်ငံ ၁၃ နိုင်ငံတွင်သာ အာရှဆင်များ နေထိုက်ကျက်စားသည်။ အာရှတောဆင်ရိုင်းများ၏ ၅၀ ရာခိုင်နှုန်းသည် အိန္ဒိယနိုင်ငံတွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် တောဆင်ရိုင်းကောင်ရေ ၂၀၀၀ ခန့်သာ ရှိတော့သည်။

ဆင်ထွက်ပစ္စည်းများ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုခံနေရပြီး ဆင်စွယ်များကို ရောင်းဝယ်ဖောက်ကားနေချိန်တွင် ဆင်များအသတ်ခံရမှု ပိုများလာသည်။ အာရှဆင်များကို ယခင်က ဆင်စွယ်လိုချင်၍ သတ်ကြသည်။ နောက်ပိုင်းတွင် ဆင်အစွယ်သာမက ဆင်အရေခွံ၊ ဆင်အစိတ်အပိုင်းအားလုံး ရယူကြသည်။

အာရှဒေသတွင် အိန္ဒိယနိုင်ငံပြီးလျှင် မြန်မာနိုင်ငံသည့် ဆင်ကောင်ရေအများဆုံး ပိုင်ဆိုင်သည့် နိုင်ငံဖြစ်သည်။

တရားမဝင်ရောင်းဝယ်ဖောက်ကားနေမှုကို တားဆီးရန်နှင့် ဆင်များ ရေရှည်ရှင်သန်နိုင်စေရန် ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည်။ ယင်းအစိတ်အပိုင်းတစ်ခုအဖြစ် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဆင်ပြတိုက်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ မတ်လ ၃ ရက်က ဖွင့်လှစ်ထားသည်။

၁၉ ရာစုက တည်ဆောက်ထားသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရှိ သဘာဝသမိုင်းပြတိုက်တွင် ဆင်ပြတိုက်ကို ဖွင့်လှစ်ထားခြင်းဖြစ်သည်။

“ဆင်နဲ့ပတ်သက်လို့ ယဉ်ကျေးမှုအစဉ်အလာများစွာ၊ သမိုင်းကြောင်းအစဉ်အလာများစွာရှိသော်လည်း ဆင်ပြတိုက်နဲ့ ပတ်သက်ပြီး ခင်းကျင်းပြသထားတာ အခုထိမရှိသေးပါဘူး” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောကြားသည်။

တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုကြောင့် တောဆင်ရိုင်းကောင်ရေ တစ်နေ့တခြားနည်းပါးလာပြီး အဖိုးတန်ဆင်များ ထိန်းသိမ်းရန် လိုအပ်သည့်အတွက် အသိပညာပေးသည့်အနေနှင့် ဆင်ပြတိုက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် သဘာဝသမိုင်းပြတိုက် ဆင်ပြတိုက်အဝင်ပေါက်တွင် ဆင်ပြတိုက်အကြောင်း မိတ်ဆက်ရှင်းလင်းထားသည်။

ဆင်ခြေရာနှင့် လူခြေရာတိုင်းကာ ဆင်ကြီးမည်မျှကြီးမားကြောင်းလည်း နှိုင်းယှဉ်နိုင်ရန် ပြသထားလေသည်။

ဆင်ပြတိုက်တွင် ဆင်ခန္ဓာကိုယ်အစိတ်အပိုင်းကို ကိုယ်တွယ်ထိတွေ့ရခြင်းက ပြတိုက်အတွင်း လေ့လာသူများ၏ စိတ်ကိုပိုမိုဖမ်းစားနိုင်သည်။ ဆင်စွယ်၊ ဆင်အံသွားကို ထိတွေ့ရခြင်းက ဆင်များ၏ အသက်ရှင်ရပ်တည်ခြင်းကို ပိုအလေးထားနိုင်စေမည်ဖြစ်သည်။

ဆင်ပြတိုက်တွင် သဘာဝတောထဲတွင်နေထိုင်သည့် တောဆင်ရိုင်းများအကြောင်း၊ အိမ်မွေးဆင်( သစ်ဆွဲဆင်) များအကြောင်းကို ရှင်းလင်းပြသထားသည်။ မြန်မာ့ဘုရင်များလက်ထက်က ဆင်အသုံးပြုပုံများလည်း ပါဝင်သည်။

ယင်းအပြင် ဆင်ပြတိုက်တွင် ကိုယ်တိုင်ပါဝင်ခံစားရမည့် ပြကွက်များလည်း ရှိလေသည်။

မြန်မာ့ဘုရင်များလက်ထက်ကတည်းက မြန်မာ့ဆင်များကို အသုံးပြုလာခြင်းဖြစ်သည်။ ဘုရင်တိုင်းခန်းလှည့်ခြင်းအပြင် စစ်တိုက်ပွဲများတွင်လည်း အသုံးပြုမှုများသည်။ ဆင်များကို ရတနာတစ်ခုအဖြစ် သတ်မှတ်ကာ တန်ဖိုးထားကြသည်။

ဆင်ပြတိုက်တွင် မြန်မာဘုရင်များ နောက်ဆုံးလက်ထက် ဆင်ဖြူတော် နိဗ္ဗာနပစ္စယနာဂရာဇာ ဆဒ္ဒန်ဆင်မင်း၏ အစွယ်နှစ်ချောင်းကို ပြသထားသည်။

နိဗ္ဗာနပစ္စယနာဂရာဇာ ဆဒ္ဒန်ဆင်ဖြူတော်သည် လူနှင့်ရင်းနှီးသဖြင့် လူ့စကားကို ကောင်းစွာနားလည်ပြီး လူ၏အလိုဆန္ဒများကို သိရှိကြောင်း၊လူတို့စားသည့်အစားအစာများကို စားကာ ရွှေခွက်ဖြင့်သာ အစာကျွေးကြောင်း မှတ်တမ်းရေးသားထားသည်။

ယင်းအပြင် ဆင်ဖြူတော်သည် ဥပုသ်နေ့များတွင် ဘုရားဖူးထွက်ခြင်း၊ ရဟန်းများကို သင်္ကန်းကပ်ခြင်း၊ ဆွမ်းကပ်ခြင်း၊ ပရိတ်တရားနာခြင်းများကို ပြုလုပ်ကြောင်းလည်း မှတ်တမ်းများအရ သိရသည်။ ယင်းအပြင် ဆင်ဖြူတော်သည် ငလျင်လှုပ်ခြင်းများကို ကြိုတင်ခန့်မှန်းနိုင်သည်။

မြန်မာ့ဘုရင်မင်းဆက် ဘကြီးတော်မင်း ၊ ရွှေဘိုမင်း၊ ပုဂံမင်း၊ မင်းတုန်းမင်း တရားကြီးအထိ နိဗ္ဗာနပစ္စယနာဂရာဇာ ဆဒ္ဒန်ဆင်မင်းကြီးသည် နှစ်ပေါင်း ၅၀ တိုင် စံမြန်းနေထိုင်ခဲ့သည်။ ဆင်ကြီးသေဆုံးပြီးနောက်တွင် အစွယ်ကိုဖြတ်ယူထားပြီး ကျန်သည်ကို မီးရှို့ခဲ့သည်။

ထိုဆင်စွယ်ကို ဆင်ပြတိုက်တွင် ပြသထားခြင်းဖြစ်သည်။

ဆင်ပြတိုက်တွင် မြန်မာ့ဆင်ဖြူတော် ရတနာကိုးစီးအကြောင်းလည်း ဓာတ်ပုံမှတ်တမ်းများဖြင့် ဖော်ပြထားသည်။

ဆင်နှင့်လူများ တရင်းတနှီးနေလာကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက်ပိုင်းတွင် ဆင်များကို သစ်ဆွဲရာ၌ အသုံးပြုလာခဲ့သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ သစ်တောများထဲတွင် ကျွန်း၊ ပျဉ်းကတိုး သစ်မာများထုတ်ယူရာ၌ သစ်ဆွဲရန်အတွက် ဆင်များကို အသုံးပြုလာခဲ့သည်။ ယင်းအချိန်မှစပြီး ယနေ့သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဆင်များကို အသုံးပြုလာသည်။

သစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသည့်ဆင်၏ အသုံးအဆောင်များနှင့် အဆင်တန်ဆာတို့ကိုလည်း ဆင်ပြတိုက်တွင် ပြသထားသည်။

ဘူမိသက်တမ်း နှစ် ငါးသန်းမှ နှစ်သန်းခန့်ရှိ ပေလီယိုလိုဆိုဒွန်၏ အောက်အံသွားများကိုလည်း ပြသထားသည်။

မြန်မာနိုင်ငံအစိုးရက သစ်အလုံးလိုက် ထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်သည့် ၂၀၁၄ ခုနှစ်မှစတင်ပြီး သစ်ဆွဲဆင်များ အလုပ်ရပ်ဆိုင်းသွားရသည်။ ထိုဆင်များ အလုပ်အကိုင်ရရှိစေရန် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆင်စခန်းများ ဖွင့်လှစ်လာ သည်။

ဆင်ပြတိုက်တွင် ဆင်ပေါ်လူစီးရာတွင် ပါဝင်သည့် အသုံးအဆောင်များကို ခင်းကျင်းပြသထားသည်။ ဆင်ကျောပေါ်တွင် လူထိုင်သည့်နေရာ ‘က” ( Saddle)၊ ခလောက်၊ လည်ပတ်ကြိုး၊ ဝမ်းပတ်ကြိုး၊ သားရေချပ် နှင့် မြီးသိုင်းကြိုးများအကြောင်း ပုံနှင့်တကွရှင်းပြထားသည်။

ထိုပြခန်းများအပြင် ဆင်အရိုးစုများကို ဆင်အကောင်ပုံစံတိုင်းတပ်ဆင်ထားသည့် အရိုးစုကွက်ကိုလည်း ပြသထားသည်။ ထိုအရိုးစုရှင်ဆင် နာမည်မှာ မိုခမ်းမူဖြစ်ကာ အသက် ၅၇ နှစ်ရှိပြီဖြစ်ကြောင်း မှတ်တမ်းစာသားရေးချိတ်ထားသည်။

ယနေ့ခေတ်တွင် ဆင်များအတွက် အကြီးမားဆုံးအရေးကြီးပြဿနာမှာ တရားမဝင်ဖမ်းဆီးသတ်ဖြတ်နေခြင်းပင်။ ဆင်များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံနေရသည့်အကြောင်းရင်းမှာ ဆင်နှင့် ပြုလုပ်သည့်အသုံးအဆောင်များကို လူများ ဝယ်ယူဝတ်ဆင်ခြင်းပင်ဖြစ်သည်။

ဆင်စွယ်အသားဖြင့် ထုလုပ်ထားသည့် ပန်းပုရုပ်အမျိုးမျိုး၊ ဓားရိုးတွင် ဆင်စွယ်တပ်ကာ အလှဆင်ထားသည့် ဓားများကို ဆင်ပြတိုက်တွင် ပြသထားပြီး အသုံးမပြုသင့်အကြောင်းလည်း ရေးသားထားသည်။

မြန်မာနိုင်ငံရှိ သဘာဝတောထဲတွင် နေထိုင်သည့် တောဆင်ရိုင်းများမှာ ဆင်စွယ်အတွက်သာမက ဆင်အရေခွံ ဆင်အစိတ်အပိုင်း အားလုံးအတွက် သတ်ဖြတ်ခံနေရသည်။

ဆင်အကောင်အရေအတွက် အတိအကျကို ကောက်ယူနိုင်ခြင်း မရှိသော်လည်း FAO ၏ ၁၉၇၉ ခုနှစ်တွင် ကောက်ယူထားသောစာရင်းများအရ မြန်မာနိုင်ငံတွင် မွေးမြူထားသည့် ဆင်အကောင်အရေ ၆၀၀၀ ခန့်ရှိသည်။

လက်ရှိတွင် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေများတွင်နေထိုင်သည့် ဆင်အကောင်ရေ ၂၀၀၀ ခန့်ရှိကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။ အိမ်မွေးဆင်အကောင်ရေ ၅၀၀၀ ရှိကြောင်း သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

ယင်းအချက်အလက်များအရ တောဆင်ရိုင်းများ တဖြည်းဖြည်းလျော့ပါးလာခြင်းဖြစ်သည်။ ယင်းကြောင့် တောဆင်ရိုင်းများ ထိန်းသိမ်းရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြသည်။

အာရှဆင်များမှာ မျိုးဆက်ပျက်သုဉ်းလုဆဲတောရိုင်းတိရစ္ဆာန်နှင့် ပန်းမန်သစ်ပင်များ နိုင်ငံတကာကုန်သွယ်မှုဆိုက်ရာ ကွန်ဗင်းရှင်း ( CITES ) မှ ကာကွယ်စောင့်ရှောက်ထားသည့် မျိုးစိတ်စာရင်းတွင် ပါဝင်သည်။ မျိုးသုဉ်းပျောက်ကွယ်ရန် အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်သည်။

ယင်းကြောင့် ဆင်ထိန်းသိမ်းကာကွယ်ရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အစိုးရနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများ စုပေါင်းကာ ထိန်းသိမ်းရေးလုပ်ငန်းများပြုလုပ်ကြသည်။ ပထမဆုံးဆင်ပြတိုက်ကို ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရန်ပုံငွေအဖွဲ့ ( WWF) က ပံ့ပိုးကူညီမှုဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ဆင်ပြတိုက်ဖွင့်လှစ်ခြင်းမှာ ဆင်နှင့်ပတ်သက်သည့် အသိပညာမြှင့်တင်ပေးရေးကို ပိုမိုအားကောင်းစေကြောင်း၊ အသိပညာပေးသလို တရားဥပဒေအရ အရေးယူမှုများကိုလည်း ယှဉ်တွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း WWF-မြန်မာ၏ ဌာနေညွှန်ကြားရေးမှူး ခရစ္စတီး ဝီလျံက ပြောကြားသည်။

“ ဒါမှ ကျွန်တော်တို့အနေနဲ့ တောရိုင်းတိရစ္ဆာန်တွေအကြောင်းသိဖို့၊ ကြည့်ဖို့ဆိုရင် ပြတိုက်ထဲမှာသာ သွားကြည့်နိုင်တယ်ဆိုတာကို ရှောင်လွှဲနိုင်မှာပါ” လို့ ၎င်းက ဆိုသည်။

အာရှဆင် မြန်မာ့ဆင်များမျိုးသုဉ်းပျောက်ကွယ်နိုင်သည့် မျိုးစိတ်ဖြစ်နေချိန်တွင် ဆင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အများပြည်သူများပါဝင်နိုင်ရန်၊ ဆင်များ၏ ဓလေ့စရိုက်များကိုသိရှိစေရန် ဆင်ပြတိုက်ကို ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။

ထိုပြတိုက်တွင် လက်ရှိကြုံတွေ့နေရသော ဆင်များ၏ ဒုက္ခများ၊ ဝေဒနာများကို မြင်တွေ့ရမည်ဖြစ်သည်။

လက်ရှိတွင် ဆင်များ၏ တည်ရှိနေမှုအခြေအနေ၊ ဆင်များခံစားနေရသည့် အန္တရာယ်အများအကြောင်း ပြည်သူများနားလည်အောင် ပြတိုက်ပြုလုပ်ခြင်းဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာနိုင်ငံအစီအစဉ်မှ အကြီးတန်းနည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်သူ ဦးစောထူးသာဖိုးက ဆိုသည်။

“ မရှိတော့ပြတဲ့အခြေအနေမျိုးမဟုတ်တော့ဘဲနဲ့ ဒီကနေ၊ နောက်ထပ် ပြတိုက်ကနေ ဗဟုသုတပွားပေးဖို့။ကလေးတွေ ကျောင်းသားတွေ လာကြည့်ပြီးတော့ ဆင်ရဲ့အသတ်မခံရတဲ့ အခြေအနေကို သိနေအောင်” ဟု ၎င်းက ဆိုသည်။ 

 

ဥမ္မာလွင်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *