ဗြောင်းဆန်သည့် ကျောင်းသင်္ကြန် မဖြစ်စေရေး

ပျော်ရွှင်ရန် အကြိုသင်္ကြန်ပွဲများကျင်းပကြရာ ဓားခုတ်မှုများပါဝင်သော ရန်ပွဲများကြောင့် အပျက်သဘောဖြစ်ခဲ့ရလေသည်။

မတ်လ ၅ ရက်တွင် ကျင်းပသော မကွေးတိုင်း ပခုက္ကူတက္ကသိုလ်ကျောင်းတွင်သင်္ကြန်ပွဲတွင် ကျောင်းသားများ ကခုန်ရင်း တစ်ဦးနှင့်တစ်ဦး တိုးတိုက်မိရာက ရန်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းရန်ပွဲတွင် ကျောင်းသားသုံးဦး ဒဏ်ရာရပြီး စိုးရိမ်ရသည်အထိ မပြင်းထန်ခဲ့ပေ။ ထို့အတူ စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်တွင် မတ်လ ၅ ရက်နေ့က သင်္ကြန်ပွဲကျင်းပရာတွင်လည်း ကျောင်းသားအချင်းအချင်း ခိုက်ရန်ဖြစ်ပွားခဲ့သေးသည်။

တက္ကသိုလ်သင်္ကြန်ပွဲတွင် မြူးကြွသော ခေတ်ပေါ် DJ တီးလုံးများ ကျယ်လောင်စွာဖွင့်ကာ တွန့်လိမ်အောင်ကနေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၏ ရုပ်သံဖိုင်များလည်း Facebook လူမှုကွန်ရက်တွင် လူအများ၏ အာရုံစိုက်ခံနေရပြီး သရုပ်ပျက်သည်ဟုလည်း အဝေဖန်ခံနေရသည်။

ထိုကဲ့သို့ တက္ကသိုလ်သင်္ကြန်ပွဲများတွင် ခိုက်ရန်ဖြစ်ပွားမှုများ၊ တွန့်လိမ်ကောက်ကွေး သရုပ်ပျက်ကခုန်မှုများ ရှိလာသဖြင့် တက္ကသိုလ်သင်္ကြန်များသည် အပျော်လွန်ကဲလာပြီး အပျက်သဘောဘက်ရောက်နေကြောင်း တက္ကသိုလ်ဆရာ အချို့နှင့် ကျောင်းသားသမဂ္ဂအချို့က ပြောဆိုကြသည်။

သင်္ကြန်ပွဲများကို ဦးဆောင်ကျင်းပနေသော ကျောင်းသားသမဂ္ဂနှင့် ပါမောက္ခချုပ်အချို့ကမူ ရန်ပွဲများနှင့် သရုပ်ပျက်ကခုန်မှုများသည် စည်းကမ်းနှင့် လုံခြုံရေးလျော့ရဲမှုကြောင့် ပေါ်ပေါက်ရခြင်းဖြစ်ပြီး သင်္ကြန်ပွဲအများစုမှာ မြန်မာ့ယဉ်ကျေးမှုအတိုင်း ကျင်းပနေခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။

သို့ဖြစ်ရာ တက္ကသိုလ်သင်္ကြန်ပွဲများသည် အပျော်လွန်ကဲပြီး အပျက်သဘောဆောင်နေပြီလော။ လက်ရှိအခြေအနေ မည်ကဲ့သို့ဖြစ်နေသနည်းဆိုသည့်အချက်မှာ စဉ်းစားစရာဖြစ်လာသည်။

“အခုက ကန့်ကွက်ကြတာလည်း ရှိပါတယ်။ ကလေးတွေကတော့ ပျော်ချင်တဲ့အတွက် လုပ်ချင်တယ်။ တချို့ အပျော်လွန်သွားတာမျိုးလည်း ရှိတယ်။ ဒါက အနည်းစုပါ။ ကျွန်တော်ကတော့ ကောင်းတဲ့ဘက်ကပဲ မြင်ပြီးကူညီပေးပါတယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

တက္ကသိုလ်သင်္ကြန်

မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် စာသင်နှစ် ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် စာမေးပွဲများပြီးဆုံးပါက ရေပက်နှုတ်ဆက်သည့် အလေ့အထမှာ ကိုလိုနီခေတ်ကတည်းကပင် ရှိခဲ့သည်။ သို့သော် သင်္ကြန်ဟူ၍ အမည်မတပ်။ ထို့အတူ ယင်းအချိန်က မဏ္ဍပ်ကြီးများထိုးကာ ခမ်းခမ်းနားနား တီးမှုတ်ကခုန်မှုလည်း မရှိသလောက်နည်းခဲ့သည်။

NLD အစိုးရအုပ်ချုပ်မှု စတင်ပြီးနောက် တစ်နှစ်အကြာ ၂၀၁၇ ခုနှစ်တွင်မှ အကြိုသင်္ကြန်ဟု ခေါင်းစဉ်တပ်ကာ မြန်မာနိုင်ငံ တက္ကသိုလ်အသီးသီးတွင် မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပလာကြသည်။ ဖျော်ဖြေရေးမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များအပါအဝင် နိုင်ငံကျော်တေးသံရှင်များကို ခေါ်ယူကာ တစ်ကျောင်းနှင့် တစ်ကျောင်း အပြိုင်အဆိုင်ကျင်းပသည့် သဘောမျိုးလည်း ဖြစ်လာသည်။

တက္ကသိုလ်များတွင် သင်္ကြန်ဟု အမည်တပ်ကာ ရေကစားကြရာတွင် အပျော်လွန်ကဲသည့်သဘောများ တွေ့နေရပြီး ခိုက်ရန်ဖြစ်ပွားမှုနှင့် သရုပ်ပျက်ကခုန်မှုများ များပြားနေကြောင်း အငြိမ်းစားမြန်မာစာကထိက ဒေါက်တာသိန်းဇော်က ပြောကြားသည်။

“အပျော်လွန်ပြီး ကကြရင်း ရန်တွေဖြစ်ကြတယ်။ ဒါက မကောင်းဘူး။ လူပြောစရာဖြစ်တာပေါ့” ဟု ၎င်းကဆိုသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအုပ်ချုပ်သည့်ခေတ်မှ သမ္မတဦးသိန်းစိန်အုပ်ချုပ်သည့် ကာလတိုင်အောင် ကျောင်းသူ၊ ကျောင်းသားအချင်းချင်း နှုတ်ဆက်သည့်သဘောဖြင့် ရေပက်ခဲ့သည်များရှိခဲ့သော်လည်း သင်္ကြန်ပွဲလုပ်ကာ ကခုန်ခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းများ မရှိခဲ့ကြောင်း ဒေါက်တာသိန်းဇော်က ဆိုသည်။ လက်ရှိ တက္ကသိုလ်များတွင် ကျင်းပနေသည့် သင်္ကြန်အကြိုပွဲများသည် အပျော်သက်သက် ကျင်းပနေခြင်းသာဖြစ်ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

ပျော်ရုံသက်သက်သာ မဟုတ်

တက္ကသိုလ် သင်္ကြန်ပွဲများကို ကျောင်းသူ၊ ကျောင်းသားများ ပျော်ရွှင်စေရန်သာ ရည်ရွယ်ခြင်းမဟုတ်ဘဲ အခြားလေးနက်သော အဓိပ္ပာယ်များကိုဖော်ဆောင်လိုသဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း ပြောဆိုသူများလည်းရှိသည်။

ထိုသို့ယူဆသူများထဲတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်လည်း ပါဝင်သည်။

“ကျောင်းသင်္ကြန်ဆိုတဲ့ အခမ်းအနားကတော့ ရှိသင့်တယ်။ ကန့်သတ်ထားတဲ့ အခမ်းအနားလေးပေါ့။ ဒါပေမဲ့ အချိန်ကုန်ခံ၊ ငွေကုန်ခံ လူပင်ပန်းခံပြီးမှ အဆိုတော်တွေကိုခေါ်၊ လူစည်ကားအောင်လုပ်၊ ရန်တွေဖြစ် အဲဒါမျိုးတော့ မကြိုက် ပါဘူး”

သင်္ကြန်ပွဲကို ကျောင်းသူ၊ ကျောင်းသားများအချင်းချင်း ရင်းနှီးမှုတိုးတက်စေရန်အပါအဝင် ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများနှင့် ကျောင်းတိုးတက်ရေးအတွက် ပံ့ပိုးပေးနေသော နိုင်ငံတကာအဖွဲ့အစည်းများ ရင်းနှီးမှုတိုးတက်စေရန်ရည်ရွယ်ကာ ကျင်းပခြင်းဖြစ်ကြောင်း ဒေါက်တာကြည်ရွှင်က ဆိုသည်။

ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်၏ နှစ်စဉ်သင်္ကြန်ပွဲတွင် နိုင်ငံတကာသံရုံးများနှင့် ကျောင်းတိုးတက်ရေးအတွက် အထောက်အပံ့ပေးသော ကုမ္ပဏီများမှ တာဝန်ရှိသူများကို ဖိတ်ကြားလေ့ရှိပြီး သင်္ကြန်ပွဲကို ကျောင်းသားသမဂ္ဂက ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

“ချစ်ကြည်ရင်းနှီးမှု တိုးဖို့လည်းပါတယ်။ သင်္ကြန်ကနေ ကျွန်တော်တို့ ကျောင်းအတွက် အကျိုးအမြတ်ရှိတယ်ပေါ့။ ကျောင်းရဲ့ရည်မှန်းချက်ကို အထောက်အကူပြုတယ်။ ပျော်ဖို့သက်သက်တင် မဟုတ်ဘူး” ဟု ဒေါက်တာကြည်ရွှင်က ပြောဆိုသည်။

ကလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပြန်ကြားရေးတာဝန်ခံဖြစ်သူ ဒဿနိကဗေဒ တတိယနှစ်ကျောင်းသား ဝါဘိတ်လှိုင်မှိုကလည်း ကျောင်းသားအချင်းချင်း ရင်းနှီးမှုတိုးတက်စေရန် ယဉ်ကျေးမှုဖလှယ်သည့်အနေနှင့် သင်္ကြန် ပွဲကျင်းပရခြင်းဖြစ်ကြောင်း ဆိုသည်။

ကလေးတက္ကသိုလ်သင်္ကြန်ပွဲကို ယင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး သင်္ကြန်ပွဲတွင်း သင်္ချာဘာရပ်အထူးပြုကျောင်းသားနှင့် ရူပဗေဒဘာသာရပ် အထူးပြုကျောင်းသားတို့ ထိုးကြိတ်ရန်ဖြစ်ခဲ့ကြသည်။

“ဝေဖန်သူတွေက အဆိုးဘက်ကကြည့်ပြီး ဝေဖန်နေကြတာပေါ့။ ကျွန်တော်တို့က အားလုံးပျော်ဖို့အတွက် အကောင်းဘက်ရည်ရွယ်ပြီး လုပ်တာပါ။ ရန်ဖြစ်သွားတာလည်း ကျွန်တော်တို့ လုံခြုံရေး အားနည်းသွားလို့ပါ။ ဒီလိုဖြစ်သွားတာ စိတ်မကောင်းပါဘူး” ဟု ၎င်းကဆိုသည်။

ရန်ပွဲဖြစ်စမှာပင် ကျောင်းသားများက ဝိုင်းဝန်းထိမ်းသိမ်းသဖြင့် ရန်ပွဲပြီးသွားသော်လည်း ရန်ဖြစ်နေသော ရုပ်သံမှတ်တမ်းမှာ Facebook လူမှုကွန်ရက်တွင် ပျံ့နှံ့သွားသဖြင့် လူအများ၏ ဝေဖန်ခြင်းကိုခံနေရကြောင်း ဝါဘိတ်လှိုင်မှိုက ပြောဆိုသည်။

ကလေးတက္ကသိုလ်သည် ဗမာ၊ ချင်း၊ နာဂ စသော တိုင်းရင်းသားလူမျိုးများ ပညာသင်ကြားနေသဖြင့် ကျောင်းသား၊ ကျောင်းသူများ ရင်းနှီးမှုတိုးတက်စေရန် သင်္ကြန်ပွဲပြုလုပ်သင့်သည်ဟု ယူဆကြောင်းလည်း ၎င်းကဆိုသည်။

အပျော်လွန်နေသည်

တက္ကသိုလ်သင်္ကြန်ပွဲများသည် ငွေကုန်ကြေးကျခံကာ အပြိုင်အဆိုင်လုပ်လာကြပြီး ခေတ်ပေါ်တေးဂီတများဖွင့်ကာ သရုပ်ပျက်ကခုန်မှုများလည်း များလာသည်။

ထို့အတူ ခိုက်ရန်ဖြစ်ပွားမှုများပါရှိနေရာ အပျော်လွန်၍ အပျက်သဘောဆောင်သည့် အနေအထားများပင်ဖြစ်လာနေကြောင်း အချို့သော တက္ကသိုလ်ဆရာများနှင့် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူများက ရှုမြင်ကြသည်။

“အခုလုပ်နေတာတွေက ရိုးရာဓလေ့ပွဲဆိုတာမျိုး မဟုတ်တော့ဘူး။ သူက ပျော်ချင်လို့ လုပ်တဲ့ပွဲဖြစ်နေတယ်။ သင်္ကြန်ရဲ့သဘောနဲ့ အံချော်လာတယ်လို့ ခံစားရတယ်” ဟု ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာနမှ ကထိကဆရာတစ်ဦးက မှတ်ချက်ပေးသည်။

သင်္ကြန်၏သဘောမှာ နှစ်တစ်နှစ်ကုန်ဆုံးသဖြင့် နှစ်သစ်ကိုကြိုဆိုသော ရိုးရာပွဲဖြစ်ရာ ကျောင်းသားအချင်းချင်း နှုတ်ဆက်သည့်သဘောဆိုပါကလည်း ငွေကုန်ကြေးကျခံ၍ အပြိုင်အဆိုင်သင်္ကြန်ပွဲလုပ်သည်အထိ မလိုအပ်ကြောင်း ၎င်းက ရှုမြင်သည်။

“အဆိုတော်တွေဘာတွေ ငှားတဲ့အထိလည်း ဖြစ်လာတယ်။ ရိုးရာသင်္ကြန်နဲ့ မလိုက်ဖက်တဲ့ အိန္ဒိယမှာလို ကာလာသင်္ကြန်တွေ လုပ်လာကြတယ်။ ရိုးရာဘက်ကနေ သွေဖည်လာတဲ့သဘောပေါ့။ ဒါကြောင့် သဘောမကျဘူး” ဟု အဆိုပါ ကထိက က မှတ်ချက်ပေးသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗ.က.သ) ဥက္ကဋ္ဌ ကိုဘုန်းထက်နောင်ကလည်း ပညာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် စာပေစကားဝိုင်းများတွင် ကျောင်းသားများ စိတ်ဝင်စားမှု နည်းပါးနေသော်လည်း သင်္ကြန်ပွဲများတွင်မူ ကျောင်းသား၊ ကျောင်းသူများမှာ အားတက်သရော ပါဝင်နေကြောင်း ပြောဆိုသည်။

“ကျောင်းအာဏာပိုင်တွေကလည်း ပျော်ပွဲရွှင်ပွဲဆို ပူးပေါင်းပါဝင်တယ်။ စာတမ်းဖတ်ပွဲတို့ ဘာတို့လုပ်မယ်ဆိုရင် ချက်ချင်းခွင့်မပြုတာတွေရှိတယ်။ ပူးပေါင်းပါဝင်မှု အားနည်းတာတွေရှိတယ်” ဟု ၎င်းကဆိုသည်။

သင်္ကြန်ပွဲလုပ်သည်ကို မတားမြစ်လိုသော်လည်း ပညာရပ်ဆိုင်ရာပြိုင်ပွဲ၊ သုတေသနစာတမ်းဖတ်ပွဲနှင့် စာပေစကားဝိုင်းများကိုလည်း ကျောင်းသားများ ပျော်ရွှင်စွာပါဝင်လာစေရန် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တက္ကသိုလ် အာဏာပိုင်များက ဖော်ဆောင်ပေးသင့်ကြောင်း ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ရူပဗေဒဌာနမှ ကထိကဆရာတစ်ဦးက ဆိုသည်။

စည်းကမ်းတင်းကျပ်ရန်လိုသည်

ခိုက်ရန်ဖြစ်ပွားမှုအချို့ ရှိနေသော်လည်း တက္ကသိုလ်သင်္ကြန်ပွဲများမှာ လာမည့်နှစ်များတွင်လည်း ဆက်လက်ကျင်းပကြဦးမည့် အနေအထားရှိသည်။ ကျောင်းသား၊ ကျောင်းသူများကလည်း ပျော်ရွှင်ရသဖြင့် နှစ်သက်ကြသည်ဖြစ်ရာ တက္ကသိုလ်အာဏာပိုင်များကလည်း ခွင့်ပြုပေးမည့် အနေအထားရှိသည်။

သို့သော် သင်္ကြန်ပွဲများကျင်းပမည်ဆိုပါက စနစ်တကျစည်းကမ်းသတ်မှတ်ကာ ထိန်းသိမ်းကျင်းပသင့်ကြောင်း ပါမောက္ခချုပ်များအပါအဝင် အဆင့်မြင့်ပညာအသိုင်းအဝိုင်းမှ တာဝန်ရှိသူများက ပြောဆိုကြသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုအောင်ခန့်မင်းက ပခုက္ကူတက္ကသိုလ်သင်္ကြန်တွင် လုံခြုံရေးလျော့ရဲခဲ့သဖြင့် အပြင်မှအရပ်သားများ ဝင်ရောက်ကခုန်ကာ ကျောင်းသားများနှင့် ရန်ဖြစ်ကြခြင်းဖြစ်ပြီး သင်္ကြန်ပွဲလုပ်မည်ဆိုပါက လုံခြုံရေးတင်းကျပ်သင့်ကြောင်း ပြောဆိုသည်။ ယင်းအပြင် ရန်ပွဲများထပ်မဖြစ်စေရန် အရက်သေစာသောက်စားမှုကို တားဆီးရန်မှာလည်း အရေးကြီးသည်။

“တချို့ကျောင်းသားတွေ ခေါ်လာတဲ့၊ အရက်တွေသောက်ထားတဲ့ အပြင်လူတွေကဝင်လာပြီး ပြဿနာရှာကြတာပေါ့။ တော်တော်လေး သိက္ခာကျတာပေါ့ဗျာ။ ကျောင်းလုံခြုံရေးတိုးပေးဖို့ကို ပါမောက္ခချုပ်ကိုတော့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။

ကျောင်းတွင်းသင်္ကြန်များတွင် အရက်သေစာရောင်းချခွင့်၊ သောက်သုံးခွင့်ကို တားမြစ်ထားသည်။ သို့သော်လည်း အချို့သောကျောင်းသားများမှာ ကျောင်းပြင်ပတွင် သောက်စားကာ ရောက်လာကြသည်။ ယင်းသို့ သောက်စားကာ ဝင်ရောက်မည့်သူများကိုလည်း တင်းတင်းကျပ်ကျပ် တားမြစ်သင့်သည်။

ကျောင်းသား၊ ကျောင်းသူများကို အရက်သေစာ သောက်စားခွင့်မပြုဘဲ အရက်ပုလင်းများ သယ်လာသည်ကို တွေ့ရှိပါကလည်း သိမ်းဆည်းအရေးယူကြကြောင်း ဒေါက်တာ အောင်အောင်မင်းက ပြောဆိုသည်။ သို့သော် ကျောင်းပြင်ပတွင် သောက်စားလာသူများကို တွေ့ရှိပါက သတိပေးဆုံးမရကြောင်း ၎င်းကဆိုသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်ကလည်း အရက်သေစာသောက်စားပြီး သင်္ကြန်ပွဲတွင် ပါဝင်လာပါက ရန်ဖြစ်ခြင်းကဲ့သို့သော မလိုလားအပ်သည့် ပြဿနာများ ဖြစ်လာနိုင်သောကြောင့် လုံးဝလက်မခံဘဲ ကန့်သတ်ထားကြောင်း ပြောဆိုသည်။

“နေရာတိုင်းမှာ ကျွန်တော်တို့က ကန့်သတ်ထားတာပဲ။ နာမည်ဆိုးလည်း မထွက်စေချင်ဘူးလေ”

လက်ရှိအခြေအနေတွင်လည်း စည်းမဲ့ကမ်းမဲ့တော့မဟုတ်။ ကျောင်းသားအများစုသည် သင်္ကြန်ပွဲကျင်းပရန် လိုလားနေကြပြီး ကျောင်းသားများကိုယ်တိုင် ပွဲတစ်ခုကို ကိုယ်တိုင်စီစဉ်တတ်သည့် အတွေ့အကြုံရစေရန် ရည်ရွယ်ကာ ခွင့်ပြု ပေးနေခြင်းဖြစ်ကြောင်း ဒေါက်တာ အောင်အောင်မင်းက ဆိုသည်။

“စည်းလွတ်ဝါးလွတ်တော့ မဟုတ်ပါဘူး။ ကျောင်းဘက်ကလည်း ကြပ်မတ်ထိန်းသိမ်းပေးနေတာတွေ ရှိပါတယ်။ ထိန်းတဲ့သူတွေ သတိလွတ်သွားတဲ့အခါ ရန်ဖြစ်တဲ့ကိစ္စတွေက ဖြစ်သွားတာပေါ့။ ကျောင်းအများစုမှာတော့ မဖြစ်ပါဘူး” ဟု ၎င်းကဆိုသည်။

ကျောင်းသားများ ခိုက်ရန်ဖြစ်ပွားမှုသည် တက္ကသိုလ်အာဏာပိုင်များထက် ကျောင်းသားများတွင်သာ ပိုတာဝန်ရှိကြောင်း၊ စည်းကမ်းနှင့် စနစ်တကျ ကျင်းပပါက သင်္ကြန်ပွဲများသည် ပြဿနာမဖြစ်ဘဲ အဆင်ပြေစွာ ပြီးစီးသွားနိုင်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က သုံးသပ်သည်။ တက္ကသိုလ်သင်္ကြန်ပွဲများနှင့် ပတ်သက်၍ ၎င်းက ယခုကဲ့သို့ မှတ်ချက်ပေးသည်။

“ကျောင်းသင်္ကြန်ကတော့ လိုအပ်ပါတယ်။ ဒါပေမဲ့ အပျော်အပါးတွေ လွန်ကဲတာတော့ မကြိုက်ဘူး” 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *