ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်ရေးမှူးဟောင်း ထောင်ဒဏ် ၄၇ လ ချမှတ်ခဲ့ရ

ဝါရှင်တန်၊ မတ် ၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်မန်နေဂျာဟောင်း ပေါလ်မန်နာဖော့ကို အခွန်တိမ်းရှောင်မှု၊ ဘဏ်စာရင်းလိမ်လည်မှုများဖြင့် ထောင်ဒဏ် ၄၇ လ ချမှတ်လိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် အလက်ဇန္ဒြီးယားမြို့ တရားရုံးက အသက် ၆၉ နှစ်အရွယ် မန်နာဖော့ကို အခွန်တိမ်းရှောင်မှု ငါးမှု၊ ဘဏ်စာရင်းလိမ်လည်မှု နှစ်မှုနှင့် နိုင်ငံခြားရှိ ဘဏ်စာရင်းကို ထုတ်ဖော်ပြောဆိုရန် ပျက်ကွက်မှုများဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ထောင်ဒဏ် ၄၇ အပါအဝင် ဒဏ်ငွေအမေရိကန်ဒေါ်လာ ၅ သောင်းနှင့် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ၂၄သန်း ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သည်။

သမ္မတဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲမန်နေဂျာဟောင်း ပေါလ်မန်နာဖော့်သည် ရုရှားလိုလားသည့် ယူကရိန်း နိုင်ငံရေးသမားများကို နိုင်ငံရေးအတိုင်ပင်ခံအဖြစ် အလုပ်လုပ်ခြင်းမှ ရရှိသည့် အမေရိကန်ဒေါ်လာ ၅၅ သန်းကို ဆိုက်ပရပ်စ်နိုင်ငံရှိ ဘဏ်တွင် ထားရှိသည့် ကိစ္စကို ဖုံးကွယ်ထားခဲ့သည်။

ထို့ပြင် အခွန်ငွေအမေရိကန် ဒေါ်လာ ၆ သန်းကျော် ပေးဆောင်ရန် ပျက်ကွက်ခဲ့ကြောင်းလည်း အစိုးရရှေ့နေများက ပြောကြားသည်။

မန်နာဖော့သည် လာမည့် ဗုဒ္ဓဟူးနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့တွင်လည်း ဝါရှင်တန် ဒီစီ၌ အထူးစုံစမ်းစစ်ဆေးရေးမှူး ရောဘတ်မူလာက စွဲဆိုထားသည့် ပြစ်မှုများနှင့် ပတ်သက်၍ အမိန့်ချမှတ်ခံရဦးမည် ဖြစ်သည်။

မန်နာဖော့သည် ၂၀၁၆ ခုနှစ် ဇွန်လမှ ဩဂုတ်လအထိ အမေရိကန်သမ္မတ ဖြစ်လာမည့် ဒေါ်နယ်ထရမ့်၏ မဲဆွယ်ရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၎င်း၏ ယခင်အလုပ်ဖြစ်သော ယူကရိန်နိုင်ငံရေးသမားများအတွက် အတိုင်ပင်ခံအလုပ်ကြောင့် ယင်းရာထူးမှ နုတ်ထွက်ခဲ့ရသူဖြစ်သည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *