မပြီးဆုံးသောတိုက်ပွဲကြားက ပြည်ထောင်စု၏ ဖောင့်ခရီး

ယူနီကုဒ်စံစနစ် ကွန်ပျူတာမြန်မာစာ အသုံးပြုရေးဇာတ်ရှိန်ကို အစိုးရက ထပ်မြှင့်လိုက်သည်။

အစိုးရ၏ အီလက်ထရွန်နစ် ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူသိရှိရန် မြန်မာဘာသာစကားဖြင့် ဖော်ပြရာတွင် လက်ရှိအသုံးပြုသည့် မြန်မာသရီးဖောင့် (Myanmar-3 Font)အစား ယူနီကုဒ်စနစ်နှင့် ပိုမိုကိုက်ညီသည့် ပြည်ထောင်စုဖောင့်ကိုသုံးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အစိုးရဌာနများကို တိုက်တွန်းသည်။

E-Government လုပ်ငန်းစဉ်များအား တိုင်းရင်းသားဘာသာစကားဖြင့်အသုံးပြုနိုင်ရန် ယူနီကုဒ်စံစနစ်ကို အရေးတကြီး လုပ်ဆောင်ရန်လိုအပ်ကြောင်းလည်း ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက် e-Government ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကလည်း အစိုးရဝန်ကြီးဌာနများ ယူနီကုဒ်စနစ်တစ်ပြေးညီသုံးရန် ဒေါ်အောင်ဆန်းစုကြည်က တွန်းအားပေးဖူးသည်။ နှစ်နှစ်ကြာပြီးနောက် ထပ်မံအရှိန်မြှင့်လိုက်ခြင်းဖြစ်သည်။

သို့ဆိုလျှင် ယူနီကုဒ်စံစနစ်ဆိုသည်မှာ အဘယ်နည်း။ ယူနီကုဒ်စံသတ်မှတ်ချက်များကို လိုက်နာကြသည့် မြန်မာသရီးဖောင့်နှင့် ပြည်ထောင်စုဖောင့်က မည်သို့ကွာခြားသနည်း။

မြန်မာနိုင်ငံ၏ ကွန်ပျူတာမြန်မာစာစနစ်တွင် ယူနီကုဒ်စံစနစ်နှင့် ဇော်ဂျီဖောင့်ဟူ၍ အဓိကလမ်းနှစ်သွယ်ရှိပြီး သုံးစွဲသူတစ်ဦးချင်းစီ၏ ခံယူချက်၊ အခြေအနေအမျိုးမျိုးပေါ်မူတည်ကာ ဖောင့်နှစ်ခုအနက် တစ်ခုကိုရွေးချယ် အသုံးပြုနေခြင်းဖြစ်ရာ အစိုးရကဦးတည်သည့် ယူနီကုဒ်စနစ်နောက် ပြည်သူကလိုက်ပါမည်လော။

ယူနီကုဒ်စနစ်

ပုံမှန်အားဖြင့် ယူနီကုဒ်ကို ဖောင့်ဟုထင်ကြသော်လည်း ယူနီကုဒ်သည် ဖောင့်မဟုတ်ပေ။

ယူနီကုဒ်သည် မည်သည့် ပလက်ဖောင်း၊ မည်သည့်ပရိုဂရမ်၊ မည်သည့်ဘာသာစကားအသုံးပြုသည်ဖြစ်စေ အက္ခရာတစ်ခုချင်းစီကို ကုဒ်နံပါတ်များသတ်မှတ်ပေးထားခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင်အသုံးပြုကြသည့် ဘာသာစကား များအားလုံး၏ အက္ခရာစာလုံးတစ်လုံးတိုင်းအတွက် တိကျသောနံပါတ်တစ်ခု သတ်မှတ်ပေးသော ဘုံသုံးစံစနစ်လည်းဖြစ်သည်။

ယူနီကုဒ်စံသည် (ကမ္ဘာတစ်ဝန်းရှိ မတူညီသောဘာသာစကားများကို ရေးသားရာတွင် စနစ်တကျဖြစ်ရန် အက္ခရာကုဒ်များ သတ်မှတ်ပေးသော) နိုင်ငံတကာစံ ISO 10646 သတ်မှတ်ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်း ချုပ်ထံမှ သိရသည်။

မြန်မာသရီးနှင့် ပြည်ထောင်စုဖောင့်

မြန်မာသရီးနှင့် ပြည်ထောင်စုဖောင့်နှစ်မျိုးစလုံးသည် ယူနီကုဒ်စံ သတ်မှတ်ချက်ကို လိုက်နာသောဖောင့်များ ဖြစ်သည်။ ယူနီကုဒ်စံကို လိုက်နာသည့် အခြားဖောင့်များစွာလည်း ရှိသေးသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ပြည်ထောင်စုဖောင့်ကို ရွေးချယ်အသုံးပြုရန် အစိုးရဝန်ကြီးဌာနများက ပြင်ဆင်ရသနည်း။

အစိုးရဝန်ကြီးဌာနများသည် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်ကစပြီး ယူနီကုဒ်စနစ်ကို လိုက်နာသောဖောင့်များအနက် မြန်မာသရီးဖောင့်ဖြင့် ရုံးစာရေးသားခြင်း၊ ဝက်ဘ်ဆိုက်၊ အက်ပလီကေးရှင်း၊ ဒေတာအချက်အလက်များသိမ်းခြင်း စသည့် E-Government လုပ်ငန်းစဉ်များ အဓိကဆောင်ရွက်ခဲ့သည်။

ယူနီကုဒ်စံစနစ်ကို လိုက်နာသော မည်သည့်ဖောင့်မဆို အစိုးရဝန်ကြီးဌာနက အသုံးပြုနိုင်သော်လည်း ပြည်ထောင်စုဖောင့်သည် မြန်မာသရီးထက် အားသာချက်များရှိသည့်အပြင် အစိုးရအဖွဲ့အစည်းဖြစ်သဖြင့် ဖောင့်တစ်ခုတည်း တစ်ပြေးညီ အသုံးပြုရန်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။

“နိုင်ငံတော်အစိုးရအဖွဲ့အစည်းဖြစ်တဲ့အတွက် တစ်ခုနဲ့တစ်ခုပေးပို့ ဆက်သွယ်ရာမှာ ပိုပြီးတော့ကောင်းလာအောင်ပေါ့။ ပြည်ထောင်စုဖောင့်ကျတော့ မြန်မာသရီးထက်သာလာတာ တိုင်းရင်းသားဘာသာစကားတွေ ပါလာတယ်။ နောက်ပိုင်းမှာ ထပ်ပြီးတော့ Update (အဆင့်မြှင့်) လုပ်တာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရဝန်ကြီးဌာနများ ပြည်ထောင်စုဖောင့်ကို တစ်ပြေးညီပြောင်းလဲအသုံးပြုရမည့်နောက်ဆုံးအချိန်ကို ထုတ်ပြန်မည်ဖြစ်ပြီး အဆင့်သင့်ဖြစ်သည့် ဝန်ကြီးဌာနများသည် ပြည်ထောင်စုဖောင့်သုံးရန်ပြင်နေကြောင်း ၎င်းက ဆိုသည်။

ပြည်ထောင်စုဖောင့်နှင့် မြန်မာသရီးဖောင့်တို့ကို မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်က ထုတ်လုပ်သည်။ မြန်မာသရီးဖောင့်သည် ၂၀၀၇ ခုနှစ်တွင်ထုတ်လုပ်ခဲ့သော ဖောင့်အဟောင်းဖြစ်ပြီး ပြည်ထောင်စုဖောင့်သည် ၂၀၁၃ ခုနှစ် တွင်ထုတ်လုပ်သော ဖောင့်အသစ်ဖြစ်သည်။

ပြည်ထောင်စုဖောင့်သည် မြန်မာ၊ ပါဠိ၊ သက္ကတ၊ မွန်၊ ရှမ်း၊ စကောကရင်၊ ပိုးကရင်(အနောက်နှင့် အရှေ့ပိုင်း)၊ ပအိုဝ်း၊ ကယား၊ အရှိုချင်း အပါအဝင် တိုင်းရင်းသားဘာသာစကား ၁၇ မျိုးအထိ အထောက်အပံ့ပေးထားပြီး ပြည်ထောင်စု ဖောင့်သုံးလျှင် ယင်းတိုင်းရင်းသားဘာသာစကား ၁၇ မျိုးလုံးကို ဖတ်ရှုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ထွန်းသူရသက်က ပြောကြားသည်။

မြန်မာသရီးသည် Window ပလက်ဖောင်းနှင့် Microsoft ပရိုဂရမ် အဟောင်းများတွင် အလုပ်လုပ်နိုင်သော်လည်း ကွန်ပျူတာလည်ပတ်မှုစနစ်သစ်များတွင်မူ အချိန်ကြာခြင်း၊ လေးလံလာခြင်း စသည့်ပြဿနာများရှိလာကြောင်း ၎င်းက ဆိုသည်။

“ယူနီကုဒ်သုံးဖို့ပြောတဲ့အခါမှာ မြန်မာသရီးဖောင့်ကိုသုံးကြတဲ့အခါမှာ အသစ်တွေမှာအဆင်မပြေကြဘူး။ အဆင်မပြေတော့ ယူနီကုဒ်မကောင်းဘူးဆိုတာတွေ ဖြစ်ဖြစ်လာတယ်။ အဲဒီတော့ ကျွန်တော်တို့အနေနဲ့က ယူနီကုဒ်ကိုသုံးတဲ့အခါမှာ မြန်မာသရီးထက် ပိုအဆင်ပြေတဲ့ ယူနီကုဒ်ကို ပြည်ထောင်စုကိုသုံးဖို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုဖောင့်သည် ၂၀၁၆ ခုနှစ် မြန်မာစာအဖွဲ့က အကြံပြုထားသော ရေးထုံးသတ်မှတ်ချက်များနှင့် ကိုက်ညီကြောင်းလည်း ၎င်းက ဆိုသည်။ ဥပမာအားဖြင့် ဗျည်း(က၊ ခ၊ ဂ… အ)နှင့် ဗျည်းတွဲ (ပင့်၊ ရစ်၊ ဆွဲ၊ ထိုး) ရေးသားရာတွင် ထိစပ်နေရပြီး ‘သရ’ နှင့် ရေးရာတွင် မထိစပ်ရဟုသတ်မှတ်ချက်ကို ပြည်ထောင်စုဖောင့်က လိုက်နာကြောင်း ၎င်းကဆိုသည်။

မြန်မာသရီးအပါအဝင် အခြားဖောင့်အများအပြားသည် ယင်းမြန်မာစာ ရေးထုံးသတ်မှတ်ချက်များနှင့် မကိုက်ညီဟု ၎င်းက ဆိုသည်။

ပြည်ထောင်စုဖောင့်နှင့် စာရိုက်သည့်အခါ Keyboard Layout သည် ယခင် မြန်မာသရီးကဲ့သို့ ရေးသားနိုင်သည်။ ဖောင့်နှစ်မျိုးစလုံးသည် ယူနီကုဒ်စနစ်ကို လိုက်နာသဖြင့် မြန်မာသရီးနှင့် ရေးသားထားပြီးသော စာများကိုလည်း ပြည် ထောင်စုဖောင့်သို့ ပြောင်းလဲလိုပါက အလွယ်တကူပြောင်းနိုင်သည်။ Office ပရိုဂရမ်၏ ဖောင့်နေရာတွင် ပြည်ထောင်စုဖောင့်ဟု ရွေးချယ်လိုက်လျှင် ဖောင့်အမည်နှင့် စာလုံးပုံစံသာပြောင်းပြီး အခြားမပြောင်းလဲကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ပြည်ထောင်စုဖောင့် အသုံးပြုလိုပါက ကွန်ပျူတာလည်ပတ်မှုစနစ်၏ ဗားရှင်းပေါ်မူတည်၍ ဖောင့်ဗားရှင်းကို ရွေးချယ်ရမည်ဖြစ်ကြောင်း ၎င်းက ရေးသားသည်။ ပြည်ထောင်စုဖောင့်နှင့် ယူနီကုဒ်နှင့်ဆိုင်သောကိစ္စများကို မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ် ၀၉-၄၅၅၇၃၆၉၉ သို့ ဆက်သွယ်အကူညီတောင်းနိုင်ကြောင်းလည်း အဆိုပါအသင်းက ကြေညာထားသည်။

“ယူနီကုဒ်ဆိုတာ စံပဲ။ ဒီစံကို လိုက်နာရင် ဘယ်ဖောင့်မဆိုအဆင်ပြေတယ်။ ဒါပေမဲ့ ပြည်ထောင်စုဖောင့်ကို အစိုးရအဖွဲ့အစည်းတွေက တစ်ပြေးညီသုံးနိုင်အောင် သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ (ပြည်ထောင်စုဖောင့်က) ပိုလည်း ကောင်းလို့ပေါ့။ ပိုလည်း သုံးရအဆင်ပြေလို့ပေါ့။ Myanmar-3 Font နဲ့က လက်ကွက်၊ ကီးဘုတ်တွေ ခြားနားမှုမရှိဘူး။ ပြည်ထောင်စုဖောင့်က စနစ်ပိုကျအောင် လုပ်ထားတဲ့သဘောပေါ့” ဟု ဦးမျိုးဆွေက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ တိုက် တွန်းချက်အတိုင်း အစိုးယန္တရားတစ်ခုလုံး ပြည်ထောင်စုဖောင့်ပြောင်းသုံးရန် ပြင်ဆင်နေကြသည်။ ထိုတိုက်တွန်းချက်အပေါ် အိုင်တီနည်းပညာရှင်များက ကြိုဆိုကြသည်။

မပြီးဆုံးနိုင်သော တိုက်ပွဲ

နိုင်ငံတကာစံဖြစ်သည့် ယူနီကုဒ်ကွန်ပျူတာမြန်မာစာကို အစိုးရက ဦးဆောင်အသုံးပြုသကဲ့သို့ ပြည်သူလူထုက လိုက်ပါအသုံးပြုကြရန် ကြိုးစားလျက်ရှိသည်။

မြန်မာနိုင်ငံသို့ တင်သွင်းသော မိုဘိုင်းလ်ဟန်းဆက်များကို ယူနီကုဒ်မြန်မာစာသုံးနိုင်သောဟန်းဆက်များသာ တင်သွင်းရန် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက၂၀၁၈ ခုနှစ် ဇွန်လတွင် သတ်မှတ်ခဲ့သည်။ ဟန်းဆက်များ တင်သွင်း ရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထောက်ခံချက်ယူရပြီး ယူနီကုဒ်စနစ်သုံးနိုင်သော ဟမ်းဆက်များကိုသာ ထောက်ခံချက်ထုတ်ပေးခြင်း ဖြစ်သည်။

သို့သော် အစိုးရအဖွဲ့၏ ယူနီကုဒ်စနစ်သုံးရေးလှုပ်ရှားမှုတွင် ပြည်သူလူထုပါဝင်ပြီဟု ကျိန်းသေမပြောနိုင်ပေ။ အဘယ်ကြောင့်နည်း။

ဆယ်စုနှစ်နှင့်ချီ ကြာမြင့်လာပြီဖြစ်သည့် ယူနီကုဒ်နှင့် ဇော်ဂျီဖောင့် အသုံးပြုသူများ၏ နှစ်ဖက်အားပြိုင်မှုများကား အားကောင်းနေဆဲကြောင့်ပင် ဖြစ်သည်။ ထိုအားပြိုင်မှုသည် ထိလွယ်၊ ရှလွယ် ကိစ္စရပ်လည်းဖြစ်သည်။

ပြည်တွင်းရှိ ကွန်ပျူတာ၊ မိုဘိုင်းလ်ဖုန်းအသုံးပြုသူအများစုသည် ဇော်ဂျီဖောင့်နှင့် အသားကျပြီး နိုင်ငံတကာစံစနစ်ဖြစ်သည်ဟု ဆိုသော်လည်း ယူနီကုဒ်ကိုပြောင်းလဲအသုံးပြုရန် စိတ်ဝင်စားမှုနည်းနေကြဆဲဖြစ်သည်။ နည်းပညာနှင့် စံရှုထောင့်အရ ယူနီကုဒ်သုံးသင့်ကြောင့် တိုက်တွန်းနေကြသော်လည်း သုံးစွဲသူများသည် လွယ်ကူအဆင်ပြေသည့်ဖောင့်ကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း အွန်လိုင်းသတင်းအယ်ဒီတာတစ်ဦးက မှတ်ချက်ပြုသည်။

“Technically ပြောနေကြတာ ဖြစ်မယ်လို့ထင်တယ်။ တကယ်တော့ သုံးစွဲသူကတော့ လွယ်တာကိုသုံးမှာပါ။ အမှန်တော့ ယူနီကုဒ်က ကွန်ပျူတာမှာဆိုရင် လက်ကွက်ပိုပြီးခက်တယ်လို့ သုံးစွဲသူတွေက ယူဆတာကြောင့် မသုံးကြတာပါ” ဟု ၎င်းက ဆိုသည်။

ယူနီကုဒ်ပြောင်းသုံးကြရန်တိုက်တွန်းသည့်လုပ်ရပ်သည် နည်းလမ်းမကျကြောင်း၊ ယင်းစနစ်ကောင်းလျှင် ပြောင်းသုံးကြမည်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။

သုံးစွဲသူများ၏ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေတွင် ဇော်ဂျီသုံးစွဲသူများက အခိုင်အမာတည်ရှိနေဆဲဖြစ်သည်။ သုံးစွဲသူများသည် ရှိနှင့်ပြီးသားဒေတာအချက်အလက်များသည် ဇော်ဂျီဖောင့်ရေးသားသိမ်းဆည်းထားသဖြင့် ယူနီကုဒ်ကို ပြောင်းမသုံးလိုခြင်းဖြစ်နိုင်ပြီး အင်တာနက်ဆက်သွယ်ရေး ပလက်ဖောင်းများတွင် ဇော်ဂျီဖောင့်အသုံးပြုဆက်သွယ်သူများသဖြင့် ယူနီကုဒ်ကို မျက်နှာလွှဲထားခြင်းလည်းဖြစ်သည်ဟု အိုင်တီလုပ်ငန်ရှင်များက ယူဆသည်။

ထို့ကြောင့် အစိုးရ၊ ပုဂ္ဂလိကကုမ္ပဏီ အသင်းအဖွဲ့များ သတင်းထုတ်ပြန်ရာတွင်လည်း ဇော်ဂျီနှင့် ယူနီကုဒ်နှစ်မျိုး အသုံးပြုဖော်ပြနေရခြင်းဖြစ်သည်။

ဖောင့်နှစ်မျိုးဖြစ်နေခြင်းကြောင့် Application ၊ ဆော့ဝဲလ်များ ထုတ်လုပ်သော အိုင်တီလုပ်ငန်းရှင်များလည်း အလုပ်နှစ်ဆပိုလုပ်ရကြောင်း Mega Myanmar Linkု ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးသီဟနောင် ကဆိုသည်။

“ဇော်ဂျီနဲ့ပတ်သက်တဲ့ဟာကလည်း လူတွေကသုံးနေကြတယ်။ တချို့ဖုန်းတွေမှာဆိုရင် ယူနီကုဒ်သုံးရင် ဇော်ဂျီမရဘူး၊ ဇော်ဂျီသုံးမယ်ဆိုရင် ယူနီကုဒ်မရဘူး။ အဲဒီလိုအခြေအနေမျိုးတွေမှာ ကျွန်တော်တို့က Dual Support (ဖောင့်နှစ်မျိုးအထောက်ပံ့) ရအောင်လုပ် ပေးနေရတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့က နှစ်ဆပိုအလုပ်လုပ်ရတယ်” ဟု ၎င်းက ဆိုသည်။

ဇော်ဂျီသည် ယူနီကုဒ်စံကို မလိုက်နာသကဲ့သို့ မြန်မာစာရေးထုံးစံနှင့်မကိုက်ညီသောဖောင့်ဖြစ်သည်။ ဗျည်းစဉ်၊ သရစဉ်၊ အသတ်စဉ်နှင့် ဗျည်းတွဲစဉ်များကို အစီအစဉ်အလိုက်မပြနိုင်ကြောင်း အိုင်တီလုပ်ငန်းရှင်များက ဆိုသည်။ တိုင်းရင်းသားဘာသာစကားများကိုလည်း အထောက်အပံ့မပေးနိုင်ကြောင်းလည်း ၎င်းတို့က ဆိုသည်။

ဇော်ဂျီဖောင့်ကို Alpha Info Tech ကုမ္ပဏီလီမိတက်က ၂၀၀၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည်။ ဇော်ဂျီဖောင့်သည် ယူနီကုဒ်စံစနစ် မထွက်ခင်ကပင် ဇော်ဂျီဖောင့်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း Alpha Info Tech ကုမ္ပဏီလီမိတက် အုပ်ချုပ် မှုဒါရိုက်တာ ဦးရဲမြတ်သူက ပြောဆိုထားသည်။

ယူနီကုဒ်သည် နိုင်ငံတကာစံ ဖြစ်သည်။ တိုင်းရင်းသားဘာသာစကားများကိုလည်း အထောက်အပံ့ပြုသည်။ ယူနီကုတ်နှင့် မှတ်သားထားသော ဒေတာအချက်အလက်များ သိမ်းဆည်းပြီးနောက် ဒစ်ဂျစ်တယ် Content အမျိုးအစား ခွဲခြားသတ်မှတ်ခြင်း၊ ပြန်လည်ရှာဖွေခြင်းကို လွယ်ကူစွာပြုလုပ်နိုင်သည်။

နည်းပညာသစ်များနှင့် တွဲဖက်အသုံးပြုနိုင်ပြီး အမြင်အာရုံချို့ယွင်းသူများအတွက် စာသားမှအသံထွက်သို့ ပြောင်းပေးနိုင်သောနည်းပညာ (Text to Voice) ကိုပင် အထောက်အပံ့ပေးနိုင်ကြောင်း ၎င်းတို့က ဆိုကြသည်။ ယူနီကုဒ်စံစနစ်ကို နိုင်ငံတကာတွင် အသုံးပြုနေကြပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နှင့် ကမ္ဘောဒီးယားနိုင်ငံသည် ယူနီကုဒ်စံစနစ်ကို ပြောင်းလဲအသုံးပြုနေကာ မြန်မာနိုင်ငံသည် ယင်းနိုင်ငံများထက်ပင် နောက်ကျနေသည်။

“ပြောင်းဖို့တော့လိုတယ်။ စံနဲ့မကိုက်ညီတဲ့ဟာတွေ သုံးမယ်ဆိုရင် နိုင်ငံက နောက်ကျကျန်ခဲ့မှာ။ အဲဒါကို နားလည်ဖို့လိုတယ်။ ပြောင်းတဲ့အခါမှာ ကျွန်တော်က ပြောင်းတယ်။ တခြားသူကမပြောင်းရင် နှစ်ယောက်က မမြင်ရတော့ဘူး။ အားလုံးပြိုင်တူပြောင်းမှ မြင်ရမှာပါ။ တစ်ဝက်ပြောင်း၊ တစ်ဝက်မပြောင်း လုပ်လို့မရဘူး” ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာထွန်းသူရသက်က ဆိုသည်။

ယင်းသို့ပြောင်းလဲရန်လည်း အစိုးရကိုယ်တိုင်လက်ခံထားသည်။ ပြည်သူများ ယူနီကုဒ်စနစ်ပြောင်းသုံးရန် အသိပညာပေး တိုက်တွန်းမည်ဟု ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဆိုသည်။

အသုံးပြုသူကိုယ်တိုင် ယူနီကုဒ်စနစ်ကိုနှစ်သက်လက်ခံလာရန် အရေးကြီးကြောင်းလည်း ၎င်းက ဆိုသည်။

ပြည်သူများယူနီကုဒ် စနစ်သုံးလာရန် ဆက်သွယ်ရေးအော်ပရေတာများက ပေးပို့သောနေသာမက်ဆေ့ခ်ျများကို ယူနီကုဒ်စနစ်သုံးရန်၊ အစိုးရထံပေးပို့ရမည့် အချက်အလက်များကိုလည်း ယူနီကုဒ်စနစ်ဖြင့် ရေးသားဖော်ပြရန် စသည့် ယူနီကုဒ်စနစ် အသုံးတွင်ကျယ်စေမည့် မူဝါဒများချမှတ်ရန် စဉ်းစားနေသည်။

ယင်းအချိန်ရောက်ပါက ယူနီကုဒ်စနစ်ကို ပြည်သူလူထုက ပြောင်းလဲသုံးစွဲကြမည်ဖြစ်ကြောင်း ဦးမျိုးဆွေက ယခုကဲ့သို့ဆိုသည်။

“ပြည်သူလူထုက အဲဒီအချိန်မှာ ပြောင်းကိုပြောင်းရမှာပဲ” 

 

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *