“နာရီနဲ့ချီပြီး ကစားတဲ့ကလေးတွေမှာ စိတ်တိုလွယ်တယ်။ ရန်ဖြစ်လွယ်တယ်။ သူတို့ရဲ့ အာရုံစူးစိုက်နိုင်တဲ့စွမ်းအားလည်း နည်းတယ်”

ကလေးများ နွေကျောင်းပိတ်ရက် ဖုန်းအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်စေသောအချက်များကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစမ်းဦးနှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

The Voice Journal – ဖုန်းကနေ ထွက်လာတဲ့ ဓာတ်ရောင်ခြည်လှိုင်းတွေက ဦးနှောက်ကင်ဆာနဲ့ ဆက်စပ်မှုရှိပါသလား။

Prof.Dr.SO – Non-Ionizing Radiation က ဆဲလ်ဖုန်းမှာပါသလို ကွန်ပျူတာတွေကလည်း ထွက်တယ်။ ရေဒီယို၊ မိုက်ကရိုဝေ့ဖ်ကနေလည်း ထွက်တယ်။ လူခန္ဓာကိုယ်က ဆဲလ်တွေကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ပမာဏတော့ကွာ တယ်ပေါ့။ ဖြစ်နိုင်ခြေရှိတဲ့ ဦးနှောက်ကင်ဆာနဲ့ ဆက်စပ်မှုရှိ မရှိ သိပ္ပံပညာတွေနဲ့ လုပ်ခဲ့ကြပေမယ့် လူမှာတော့ ကင်ဆာဖြစ်စေနိုင်တဲ့ အထောက်အထားတော့ အခုထိ မတွေ့နိုင်သေးဘူးပေါ့။ ကင်ဆာဖြစ်နိုင်ခြေရှိသော ဓာတ်ရောင်ခြည်ထွက်တဲ့ အမျိုးအစားထဲမှာတော့ ထည့်ထားတယ်။ ကင်ဆာနဲ့ တိုက်ရိုက်ပတ်သက်တယ်လို့တော့ အခုထိ မတွေ့ရှိသေးဘူး။ သေချာပေါက်တွေ့ရှိတာကတော့ မျိုးပွားအင်္ဂါနဲ့ ပတ်သက်ပြီးတော့ အမျိုးသားတွေမှာထွက်တဲ့ သုက်ပိုးရဲ့ လှုပ်ရှားမှုကို ဒီဖုန်းရဲ့ ရောင်ခြည်တွေက ထိခိုက်တယ်။ ဘောင်းဘီအိတ်ထဲ ဖုန်းထည့်တဲ့သူတွေက အဲဒီအန္တရာယ်ရှိတယ်။ ရင်ဘတ်အင်္ကျီထဲထည့်တာလည်း မကောင်းဘူး။ ကျောပိုးအိတ်နဲ့ သီးသန့်အိတ်ထဲထည့်တာ ပိုကောင်းတယ်။

The Voice Journal – ကလေးတွေ အနေနဲ့ ဖုန်းအသုံးပြုခြင်းက ဘယ်လိုအကျိုးသက်ရောက်မှု ရှိလာနိုင်ပါသလဲ။

Prof.Dr.SO – ကလေးတွေကတော့ သူတို့ရဲ့ ဦးနှောက်က လူကြီးတွေထက် ပိုပြီးနုနယ်တဲ့အတွက်ကြောင့် ဓာတ်ရောင်ခြည်ပမာဏခြင်းတူရင်လည်း ထိခိုက်မှုတော့ ပိုများမှာသေချာတယ်။ အထူးသဖြင့် ဒီဆယ်ကျော်သက်ကျောင်းသားတွေ အဲဒီအရွယ်မှာသုံးရင် ပိုပြီးတော့ အန္တရာယ်များတယ်။ ကြာကြာသုံးလေ အန္တရာယ်များလေဆိုတာ သေချာတယ်။ ဒါကြောင့်မို့လို့ ကလေးတွေအနေနဲ့လည်း ဆဲလ်ဖုန်းကိုတော့ ငယ်တုန်းကို တတ်နိုင်သလောက် ပေးမသုံးဘဲနဲ့ ကြီးလာမှပေးသုံးတာက ပိုကောင်းတယ်။ တတ်နိုင်သလောက် ပေးမသုံးတာတော့ သူတို့ဦးနှောက်အတွက် အန္တရာယ်နည်းတယ်။ ဖုန်းကို ကလေးတွေကြည့်တဲ့အမျိုးအစားနဲ့ ပေးတဲ့အချိန်ပေါ် မူတည်ပြီးတော့ နောက်ဆက်တွဲတွေကတော့ အမျိုးမျိုးဖြစ်နိုင်တယ်။ ကလေးတွေက ဂိမ်းတွေဆော့တယ်။ ဂိမ်းက သက်ရောက်မှုတွေ ပြန်ပါတာပေါ့။ ဂိမ်းတွေက ပစ်တယ်။ ခတ်တယ်။ သတ်ဖြတ်တယ်ဆိုတာတွေ ကလေးငယ်ငယ်ကတည်းက ကြည့်ပါများရင် တစ်နေ့တစ်နေ့ကို အဲဒီကြည့်တဲ့အချိန် နာရီနဲ့ချီပြီး ကစားတဲ့ကလေးတွေမှာ သူတို့သည် စိတ်တိုလွယ်တယ်။ ရန်ဖြစ်လွယ်တယ်။ ဒီလိုမျိုး လေ့လာထားတာတွေလည်းရှိတယ်။ နောက်တစ်ခုကတော့ သူတိုရဲ့ အာရုံစူးစိုက်နိုင်တဲ့စွမ်းအားလည်း နည်းတယ်။ အချိန်က ဒီဂိမ်းဘက်၊ ဗီဒီယိုဘက် ပေးလိုက်တဲ့အတွက် အားကစားတွေဘာတွေမလုပ်ဖြစ်ဘူးဆိုရင် ကျန်းမာရေးနဲ့မညီညွတ်တဲ့နေထိုင်မှု ဖြစ်သွားမယ်။

The Voice Journal – ကလေးတွေ အနေနဲ့ဆိုရင် စမတ်ဖုန်းကို ဘယ်အသက်အရွယ်လောက်မှ အသုံးပြုသင့်ပါသလဲ။

Prof.Dr.SO – Tablet တွေ၊ Hand Phone တွေက အနည်းဆုံးတော့ သုံးနှစ်အောက်လောက်ကိုတော့ လုံးဝမပေးသင့်ဘူး။ တချို့တော့ ခြောက်လ၊ ခုနစ်လလောက်ကို ပေးနေတာ အရမ်းအန္တရာယ်များတယ်။ တခြားနိုင်ငံတွေမှာလည်း သုံးနှစ၊် လေးနှစ်ဆိုရင်တော့ သုံးနေကြပြီ။ ဒါပေမဲ့ အချိန်ကတော့ နည်းလေကောင်းလေပေါ့။ ကလေးတွေကျတော့လည်း လူကြီးကို နမူနာယူတာဆိုတော့ တစ်အိမ်လုံးက Tablet တွေ၊ Hand Phone တွေ ကြည့်နေပြီးတော့ သူကျတော့ မကြည့်နဲ့ဆိုရင် သူလည်းသဘောပေါက်မှာတော့ မဟုတ်ဘူး။ လူကြီးပါ မကြည့်မှ အဆင်ပြေမှာထင်တယ်။

The Voice Journal – ဦးနှောက်နဲ့ အာရုံကြောအားကောင်းဖို့အတွက် ဘယ်လို အစားအစာတွေ ရွေးချယ်စားသင့်ပါသလဲ။

Prof.Dr.SO – ဦးနှောက်တင်မဟုတ်ဘူး။ ကိုယ်ခန္ဓာကျန်းမာဖို့အတွက် ခေါက်ဆွဲ၊ အသား၊ ငါး၊ အသီးအရွက်၊ ပဲ၊ ကြက်ဥ စုံအောင်စားသင့်တယ်။ အခုက အသီးအရွက်စားတာ နည်းကြတယ်။ သိပ်မစားကြဘူး။ နေ့စဉ် မျှတအောင်တော့ စားဖို့ လိုတယ်။ ဦးနှောက်က အများကြီး အာဟာရလိုတဲ့အထဲ မပါဘူး။ ခန္ဓာကိုယ်ကျန်းမာနေမှ ဦးနှောက်ကလည်း ကျန်းမာမယ်ပေါ့။

The Voice Journal – မိဘတွေကိုရော ဘယ်လိုမျိုး အကြံပြုစကားပြောချင်ပါသလဲ။

Prof.Dr.SO – ကိုယ့်ရဲ့ ဦးနှောက်ကိုလည်း ထိခိုက်မှုနည်းအောင် ဆောင်ရန် ရှောင်ရန်လေးတွေကို လိုက်နာဖို့နဲ့ ကလေးငယ်ငယ်လေးတွေရဲ့ မိဘတွေအနေနဲ့လည်း အလိုလုံးဝမလိုက်ဖို့၊ အလိုလိုက်မိထားရင်လည်း ဖြတ်သင့်ရင် ဖြတ်ထားဖို့ပေါ့။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *