ဟားဗတ်ပညာသင်ဆု သို့မဟုတ် The Environmental Fellows Program

ဒီတစ်ပတ်တင်ပြမယ့် ပညာသင်ဆုကတော့ ကမ္ဘာကျော် အမေရိကန်ပြည်ထောင်စု ဟားဗတ်တက္ကသိုလ်က ပေးအပ်ချီးမြှင့်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အပြည့်အဝပညာသင်ဆုအကြောင်း ဖြစ်ပါတယ်။ သို့သော် ဒီပညာသင်ဆုက ရိုးရိုးဘွဲ့ (Bachelor’s degree)၊ မဟာဘွဲ့ (Master’s Degree) တွေအတွက်တော့ အကျုံးမဝင်ဘဲ လတ်တလော ပါရဂူဘွဲ့ရရှိထားသူတွေ (Post-doctoral Fellowship) အတွက် ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ဟားဗတ်တက္ကသိုလ် (Harvard University)၊ ဟားဗတ်တက္ကသိုလ်တည်ရှိရာ ကိန်းဘရစ်ခ်ျမြို့ (Cambridge) နဲ့ ပညာသင်ဆုပေးအပ်မယ့် The Environmental Fellows Program အကြောင်းတို့ကို တင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ် (Harvard University)

ဟားဗတ်တက္ကသိုလ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ရှေးအကျဆုံး ပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၁၆၃၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၁၇- ၂၀၁၈ ပညာသင်နှစ်အထိ ဟာဗတ်မှာ သင်ကြားရေး ဆရာ၊ ဆရာမ၊ ဝန်ထမ်းပေါင်း ၁၀,၄၀၀ ခန့် ရှိပြီး ပြည်တွင်း၊ ပြည်ပ ကျောင်းသား ၃၆,၀၀၀ ကျော်ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာတစ်ဝန်းမှာလည်း ဟားဗတ်ကျောင်းဆင်းပေါင်း ၃၇၁,၀၀၀ ကျော်ရှိပါတယ်။ ယခုအချိန်အထိ ဟားဗတ်တက္ကသိုလ်က နိုဘယ်လ်ဆုရှင် ၄၈ ဦး၊ နိုင်ငံအကြီးအကဲ ၃၂ ဦးနဲ့ တေးဂီတ၊ စာနယ်ဇင်းထူးချွန်ဆုဖြစ်တဲ့ ပူလစ်ဇာဆုရှင် ၄၈ ဦး ပေါ်ထွက်ခဲ့ပြီး ဖြစ်ပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်ဟာ ကမ္ဘာမှာ အကြီးမားဆုံး ပညာရေးဆိုင်ရာ စာကြည့်တိုက်တစ်ခုဖြစ်ပြီး အဲဒီမှာ စာကြည့်တိုက်ဝန်ထမ်း ၈၀၀ နီးပါးခန့်က စာအုပ်စာတမ်းပေါင်း သန်း ၂၀ ကျော်၊ ဓာတ်ပုံပေါင်း ၁၀ သန်းကျော် စီမံခန့်ခွဲထိန်းသိမ်းထားရှိပါတယ်။ ဟားဗတ်တက္ကသိုလ်မှာ သင်ကြားရေးဌာနကြီး ၁၀ ခုနဲ့ လေ့လာရေးဌာနကြီးတစ်ခု (the Radcliffe Institute for Advanced Study) ရှိပါတယ်။ လက်ရှိ ဟားဗတ်တက္ကသိုလ်ရဲ့အဓိပတိက Lawrence S. Bacow ဖြစ်ပြီး သူဟာ တက္ကသိုလ်ရဲ့ ၂၉ ဦးမြောက် အကြီးအကဲလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ ၂၀၁၇ ဘဏ္ဍနှစ် အသုံးစရိတ်က ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖြစ်ပြီး ပိုင်ဆိုင်မှုကတော့ ဒေါ်လာ ၃၇ ဒသမ ၁ ဘီလီယံ ဖြစ်ပါတယ်။

ကိန်းဘရစ်ခ်ျမြို့ (Cambridge, Massachusetts)

ဟားဗတ်တက္ကသိုလ်အကြောင်း လေ့လာရင်း တစ်ခါတည်း ကိန်းဘရစ်ခ်ျမြို့လေး (Cambridge) အကြောင်းပါ လေ့လာကြည့်ရအောင်။ ကိန်းဘရစ်ခ်ျဆိုတာ အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်က မြို့လေးတစ်မြို့ရဲ့ အမည်ဖြစ်ပါတယ်။ အင်္ဂလန်မှာရှိတဲ့ University of Cambridge ကို အစွဲပြုအမည်ပေးထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်သီးတက္ကသိုလ်ကြီးနှစ်ခုဖြစ်တဲ့ Harvard University နဲ့ Massachusetts Institute of Technology (MIT) တို့ဟာ ကိန်းဘရစ်ခ်ျမြို့မှာ တည်ရှိပါတယ်။ ဒါ့အပြင် အမေရိကန်မှာ ထင်ရှားလှတဲ့ အမျိုးသမီးကောလိပ် Radcliffe College ဟာလည်း ဒီကိန်းဘရစ်ခ်ျမှာပဲ တည်ရှိပြီး ၁၉၉၉ မှာတော့ Radcliffe ဟာ ဟားဗတ်နဲ့ ပေါင်းစည်းလိုက်ပြီ ဖြစ်ပါ တယ်။ ကိန်းဘရစ်ခ်ျဟာ စုစုပေါင်း ၇ ဒသမ ၁ စတုရန်းမိုင် (၁၈ စတုရန်း ကီလိုမီတာ) ကျယ်ဝန်းပြီး ၂၀၁၇ လူဦးရေစစ်တမ်းများ အရ ၁၁၃,၆၃၀ ဦး ရှိပါတယ်။

The Environmental Fellows Program

ဒီအပြည့်အဝ ပညာသင်ဆု အစီအစဉ်ကို စီစဉ်ဆောင်ရွက်တဲ့ဌာနက ဟားဗတ်တက္ကသိုလ်က Center for the Environment ဖြစ်ပါတယ်။ ရည်ရွယ်ချက်က ရှုပ်ထွေးလှတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စေဖို့နဲ့ လက်ရှိ ဟားဗတ်မှာတက်ရောက်နေတဲ့ ပါရဂူကျောင်းသားတွေကို အထောက်အကူပြုစေဖို့ ဖြစ်ပါတယ်။ ပညာသင်ဆုကာလက ၂ နှစ်ဖြစ်ပြီး တစ်နှစ်ကို လစာ ဒေါ်လာ ၆၈,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။ အသက်အာမခံထားရှိဖို့အတွက်လည်း တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားလာစရိတ်နဲ့ ပညာရေးဆိုင်ရာ အသေးသုံးကုန်ကျစရိတ်များအတွက် ဒေါ်လာ ၂,၅၀၀ ထပ်ဆောင်းရရှိမှာ ဖြစ်ပါတယ်။ အထက်မှာတင်ပြခဲ့သလို လျှောက်ထားသူများဟာ လက်ရှိ ပါရဂူဘွဲ့ (Ph.D) ရရှိထားသူများ ဖြစ်ဖို့တော့လိုပါတယ်။ ပါရဂူဘွဲ့အမျိုးအစားများကတော့ ခွဲခြားသတ်မှတ်ထားတာ မရှိပါဘူး။ မည်သည့် ပါရဂူဘွဲ့မဆို လျှောက်ထားနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း မေလ ၂၀၁၅ ကနေ ဩဂုတ်လ ၂၀၁၉ အတွင်း ပါရဂူဘွဲ့နဲ့ ညီမျှတဲ့ ဘွဲ့တစ်ခုခု ရထားသူပေါ့။ ပါရဂူဘွဲ့နဲ့ ညီမျှတဲ့ဘွဲ့ဆိုတာ ကိုယ်သင်ယူရတဲ့ ဘာသာရပ်မှာ ပေးအပ်တဲ့ အမြင့်ဆုံးပညာရေးဘွဲ့ (terminal-level degree) ပါ။ အဲဒီလိုဆိုပြန်တော့ ပါရဂူဘွဲ့ပဲပေါ့ဆိုပြီး ပြန်လည်သွားပြန်ရော။

စာရေးသူ အတွေ့အကြုံတစ်ခုပေါ့။ စာရေးသူက ၂၀၁၈ ထဲမှာ လေးလကြာ စင်ကာပူနိုင်ငံအခြေစိုက် ISEAS – Yusof Ishak Institute မှာ Visiting Fellow အဖြစ် သွားရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အဲဒီမှာ ဒီလို Visiting Fellow အဖြစ် ထမ်းဆောင်မယ်ဆိုရင် လိုအပ်ချက်တစ်ခုက Ph.D ဘွဲ့ ဖြစ်ပါတယ်။ သို့သော် စာရေးသူက ပြည်ပကနေ မဟာဘွဲ့နှစ်ခု ရရှိထားပါတယ်။ ဒါ့အပြင် ပြည်တွင်းသတင်းစာ၊ ဂျာနယ်တွေမှာလည်း ဆောင်းပါးများ ရေးသားနေသူဖြစ်ပြီး ရေးသားပြီးဆောင်းပါးများကို စုစည်းပြီး တစ်နှစ် စာအုပ်တစ်အုပ်၊ စုစုပေါင်း ခြောက်အုပ်ထုတ်ဝေထားပါတယ်။ ဒီတော့ စာရေးသူ ISEAS – Yusof Ishak Institute ကို CV ပို့ပါတယ်။ လျှောက်လွှာတင်ပါတယ်။ နောက်ဆုံး အရွေးချယ်ခံရတယ်ပေါ့။ ဟိုရောက်တော့ အခြားအာဆီယံနိုင်ငံက လုပ်ဖော်ကိုင်ဖက်တွေနဲ့ မိတ်ဆက်တဲ့အခါ သူတို့စမေးတဲ့ မေးခွန်းတစ်ခုက ပါရဂူဘွဲ့စာတမ်းကို ဘာနဲ့ပြီးတာလဲပေါ့။ ဒီမှာ ဆိုချင်တာ သတ်မှတ်ထားတာ ပါရဂူဘွဲ့၊ ပါရဂူဘွဲ့မရ လည်း လျှောက်လို့ရတယ်လို့ ဆိုချင်တာ မဟုတ်ပါဘူး။ ကြိုးစားကြည့်စေချင်တာပါ။ ဟားဗတ်လိုကျောင်းမျိုး တက်ချင်တယ်ဆိုရင် ပညာရေး၊ အတွေ့အကြုံ အင်မတန်ကောင်းမွန်ဖို့လိုပါတယ်။ သို့သော် အချို့နေရာတွေမှာ အလျှော့အတင်းရှိတတ်တယ်ဆိုတာကို ပြောချင်တာပါ။ ဒီလိုပဲ စာရေးသူ အစိုးရဝန်ထမ်းအလုပ်မှာ ၁၄ နှစ်ကြာခဲ့ပါတယ်။ အဲဒီကနေ နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ကူးပြောင်းတော့ ပထမဆုံးရတဲ့ အလုSave the Children မှာ Area Officer ရာထူးဖြစ်ပါတယ်။ အဲဒီ အလုပ်လျှောက်ရာမှာလည်း လိုအပ်ချက်တစ်ခုက နိုင်ငံတကာအဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး လုပ်သက် ၂ နှစ် ရှိရမယ်လို့ဆိုပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းမှာ အလုပ်လုပ်ချင်လို့ အလုပ်လျှောက်တယ်ဆိုပါမှ နိုင်ငံတကာအဖွဲ့ အစည်းလုပ်သက် ဘယ်လိုရှိမှာလဲ။ ဒီတော့ ကိုယ်လုပ်ခဲ့တဲ့ အစိုးရလုပ်သက် ၁၄ နှစ်ထဲက နိုင်ငံခြားသားတွေနဲ့ ဆက်ဆံခဲ့ရတာကို ကြံဖန်ပြီး ပြောရ၊ ရေးရတာပေါ့။ နောက်ဆုံး အလုပ်ရတယ်ပေါ့ဗျာ။ ဆိုချင်တာ အားလုံး အတိအကျဖြစ်ရမယ် မဆိုလိုဘူး။ ဖြစ်ရင်တော့ ကောင်းတာပေါ့။ လိမ်ဖို့၊ ညာဖို့ မဟုတ်ဘူး။ ပွင့်လင်းမှု ရှိရမယ်။ ထင်သာမြင်သာ ဖြစ်ရမယ်။ အထောက်အထားနဲ့ ပြောဆိုနိုင်ရမယ်။ ဆက်စပ် ချိတ်ဆက် ရေးသားပြောဆို ဆွဲဆောင်ရမယ်။ ပညာတတ်ဆိုသူတွေအားလုံး (အများစုပေါ့) လူလည်တွေချည်းပဲ။ ဒီနေရာမှာ လည်တယ်ဆိုတာ အပြုဘော ပြောတာပါ။ လည်တတ်ဖို့ပဲ လိုတယ်။

ဒီပညာသင်ဆု လျှောက်ထားရရှိဖို့ လိုအပ်ချက်တွေကတော့ Online Application Form ကို ဇန်နဝါရီလ ၁၆ ရက်မတိုင်မီ တင်ရမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပူးတွဲပေးရမယ်။ လိုအပ်တဲ့ စာရွက်စာတမ်းဆိုတာမှာ ကိုယ်ရေးသားခဲ့ဖူးတဲ့ သုတေသနစာတမ်းတွေ၊ ဆောင်းပါးတွေပါဝင်တဲ့ CV ပေါ့။ နောက်ပြီး Research Proposal ပေါ့။ အဲဒါက ငါးမျက်နှာလောက် ရေးရမယ်။ ဒီ Research Proposal ရေးတဲ့နေရာမှာ ကိုယ့်ကြီးကြပ်သူ (Host) ဖြစ်လာနိုင်တဲ့ ဆရာ (ပါမောက္ခ) နဲ့ တိုင်ပင်သင့်တယ်။ Host ဆိုတာ ဟားဗတ်မှာ ကျောင်းတက်ခွင့်ရရင် ကိုယ့်ကို တာဝန်ခံပေးမယ့် ဟာဗတ်တက္ကသိုလ်ကဆရာကို ဆိုလိုပါတယ်။ သို့သော် Idea တွေကတော့ ကိုယ့်ကိုယ်ပိုင် Idea တွေပဲ ဖြစ်ရမယ်။ ရေးသား ထုတ်ဝေခဲ့တဲ့ စာတမ်း၊ ဆောင်းပါး သုံးပုဒ် တင်ပြနိုင်ရမယ်။ ထောက်ခံစာသုံးစောင် (Reference Letter) (ကိုယ့်ပါရဂူဘွဲ့ စာတမ်းကြီးကြပ်သူ အပါအဝင်) တင်ပြနိုင်ရမယ်။ ကိုယ့်ရဲ့ Host အဖြစ် ဆောင်ရွက်မယ့် ဟားဗတ်ကဆရာ (ပါမောက္ခ) ရဲ့ ထောက်ခံစာ (Letter of Support) ကတော့ အထူးအရေးကြီးပါတယ်။ အဲဒီ Host ရဲ့ ထောက်ခံစာကိုလည်း ပူးတွဲပေးဖို့ လိုပါတယ်။ လျောက်လွှာနဲ့အတူ တင်ပြတဲ့ စာရွက်စာတမ်းများဟာ PDF နဲ့ ဖြစ်ရပါ မယ်။ လျှောက်ထားသူများဟာ လျှောက်လွှာတင်ပြီးတာနဲ့ လက်ခံရရှိကြောင်း အီးမေးလ် (Automated Email) ကို ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေက လျှောက်ထားသူ တစ်ဦးချင်းကို လက်ခံရရှိကြောင်း အသိအမှတ်ပြု အီးမေးလ်များ ပေးပို့မှာဖြစ်ပါတယ်။ ဒီ ၂၀၁၉ အတွက် ပညာသင်ဆု ရရှိသူတွေဟာ သူ့အရင် ၂၀၁၈ မှာ သူတို့လိုမျိုး ပညာသင်ဆုရခဲ့တဲ့သူတွေနဲ့ အုပ်စုဖွဲ့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီပညာသင်ဆုကို တစ်နှစ် ခြောက်ဦးဝန်းကျင် ပေးအပ်တာဆိုတော့ အုပ်စုမှာ ကျောင်းသား ၁၂ ဦး ရှိမှာပေါ့။

ဒါကြောင့် ဒီပညာသင်ဆုမှာ အရေးကြီးတာ လျှောက်ထားသူဟာ သူ့အတွက် လမ်းညွှန်ကြီးကြပ်ပေးမယ့် ဆရာ (ပါမောက္ခ) (Host) ရှာဖွေဖို့ဖြစ်ပါတယ်။ အိမ်ရှင်လို့ ဆိုရမှာပေါ့။ ကိုယ့်ကို ဒီလိုကြီးကြပ် အကူအညီပေးမယ့်ဆရာဟာ ကိုယ့်တင်ပြမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပရောဂျက်ကိုလည်း စိတ်ဝင်စားသူဖြစ်ပြီး ကိုယ့်ကိုလည်း ရုံးခန်းနေရာ ပေးအပ်နိုင်မယ့်သူ ဖြစ်ရပါမယ်။ ဒီနေရာမှာ လမ်းညွှန်ကြီးကြပ်တယ်ဆိုတာ ကိုယ့်ရေးသားမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်းကို အကြံပေးတာအပြင် ဟားဗတ်တက္ကသိုလ်မှာ နေထိုင်စဉ် နေရာထိုင်ခင်း၊ အဆက်အသွယ်၊ အကြံပေးတာတွေ ပါဝင်ပါတယ်။

ဒါတွေကတော့ ကိုယ်ရေးသားမယ့် အက်ဆေး၊ လုပ်ဆောင်မယ့် ပရောဂျက်တွေအပေါ်မှာ မူတည်ပါတယ်။ စာရေးသူအတွေ့အကြုံအရ မြန်မာနိုင်ငံဆိုတာနဲ့ အတူပူးတွဲလုပ်ဆောင်ချင်တဲ့ နိုင်ငံတကာပညာရှင်တွေ၊ ပါမောက္ခတွေ အများအပြား ရှိနေတတ်ပါတယ်။ မြန်မာနိုင်ငံရောက်ဖူးတဲ့သူဆို သူတို့ စိတ်ကို စိတ်ဝင်စားပါတယ်။ အခုပဲ တွစ်တာအကြီးအကဲ Jack Dorsey မြန်မာနိုင်ငံလာသွားပြီး မြန်မာနိုင်ငံက အင်မတန်လှပတယ်၊ လူတွေက ဖော်ရွေတယ်၊ သွားလည်ကြပါဆိုပြီး ဖော်ပြနေပါပြီ။ ဒီပညာသင်ဆုအတွက် ပဏာမအရွေးချယ်ခံရသူတွေကို ဟားဗတ်ရွေးချယ်ရေးကော်မတီက ဗီဒီယိုကတစ်ဆင့် အင်တာဗျူးမှာ ဖြစ်ပါတယ်။

ဒီလိုဆို ဒီပညာသင်ဆုရဲ့ အရေးကြီးတဲ့ ကိစ္စတစ်ဖြစ်တဲ့ အိမ်ရှင် ဆရာဖြစ်သူ (ပါမောက္ခ) ကို ဘယ်လို ရှာဖွေရမလဲ။ ဒီပညာသင်ဆု ကြေညာချက်မှာတော့ ဟားဗတ်တက္ကသိုလ်က မည်သည့်ပညာရေးဌာနကိုမဆို ချဉ်းကပ်မေးမြန်းနိုင်တယ် ဆိုပါတယ်။ ဟားဗတ်က သက်ဆိုင်ရာပါမောက္ခတစ်ဦးချင်းရဲ့ အမည်၊ ဌာန၊ ဆက်သွယ်ရန် အီးမေးလ်လိပ်စာများကို https://www.harvard.edu/faculty နဲ့ http://environment. harvard.edu/about/directory/faculty/all တွေမှာ ရှာဖွေတွေ့ရှိနိုင်ပါ တယ်။ ကိုယ့်ကို လမ်းညွှန်ကူညီမှုပေးမယ့်သူ (Host) က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်ဖို့ မလိုပါဘူး။ ကျွမ်းကျင်သူဖြစ်ရင်တော့ ပိုပြီးအထောက်အကူရစေတာပေါ့။ ၂၀၁၉ ပညာသင်ဆု (၂၀၁၉-၂၀၂၁) အတွက် Host တွေ ရှာဖွေတဲ့နေရာမှာ ၂၀၁၈ ပညာသင်ဆု (၂၀၁၈-၂၀၂၀) အတွက် Host လုပ်ခဲ့တဲ့ ဟားဗတ်ပါမောက္ခတွေဖြစ်တဲ့ Verena Conley (Comparative Literature and Romance), William Hogan (Center for the Environment), Jesse M. Keenan (Graduate School of Design), Paul Moorcroft (Center for the Environment), and Robin Wordsworth (Environmental Science and Engineering) တို့ကတော့ အကျူံးမဝင်ဘူးလို့ ဆိုပါတယ်။ ကိုယ်က ဟားဗတ်က ဆရာ (ပါမောက္ခ) တစ်ယောက်ယောက်ကို ကိုယ့်ရဲ့ ကြီးကြပ်သူ (Host) လုပ်ပေးနိုင်မလားလို့ ဆက်သွယ်တဲ့အခါ ဟိုဘက်က စိတ်ဝင်စားရင် တုံ့ပြန်ပါလိမ့်မယ်။ ကိုယ့်ကိုလည်း ရွေးချယ်သင့်၊ မသင့်ဆိုတာ Host လုပ်မယ့်သူက သုံးသပ်အကဲဖြတ်ပါလိမ့်မယ်။ ပြီးမှ သူကနေ ကိုယ့်ကို ဘာကြောင့် ရွေးချယ်သင့်ကြောင်းစာ (Letter of Support) ကို ရွေးချယ်ရေးကော်မတီဆီ ရေးသားပေးပို့ ထောက်ခံမှာ ဖြစ်ပါတယ်။ ပညာသင်ဆု အရွေးချယ်ခံရသူများဟာ ဩဂုတ်လလောက်မှာ ဟားဗတ်ကို သွားရောက်ရမှာ ဖြစ်ပါတယ်။

စာရေးသူ ဒီပညာသင်ဆုကို အရင်ရခဲ့ဖူးတဲ့သူတွေ ကိုယ်ရေးအချက်အလက်တွေ ဝင်ကြည့်တော့ အများစုက အမေရိကန်နဲ့ ဗြိတိန်က ဖြစ်နေတာတွေ့တယ်။ ဒါနဲ့ ဟားဗတ်က တာဝန်ရှိသူ တစ်ယောက်ဆီ အီးမေးလ်ပေးပို့စုံစမ်းတော့ သူက မြန်မာနိုင်ငံက ပါရဂူဘွဲ့ရသူတွေ၊ ပါရဂူဘွဲ့နဲ့ တန်းတူပညာအရည်အချင်းရှိသူတွေလည်း လျှောက်လို့ရတယ်။ သူတို့ဆီမှာ သီရိလင်္ကာတို့၊ အာဖရိကတိုက်တို့က ကျောင်းသားအချို့ လက်ခံခဲ့ဖူးတယ်။ သို့သော် လျှောက်ထားသူတွေအတွက် အဓိက စိန်ခေါ်ချက်တစ်ခုက ဟားဗတ်က တာဝန်ရှိသူတစ်ဦးဦးက ကိုယ့်ကို တာဝန်ယူပါတယ်ဆိုတဲ့ ကတိကဝတ် (Host Commitment) ဖြစ်တယ်ဆိုပြီး ပြန်ကြားလာပါတယ်။

ဒီပညာသင်ဆုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုသိရှိ လိုတယ်ဆိုရင်

James Clem,
Managing Director,
Harvard University, Center for the Environment,
26 Oxford Street, 4th Floor, Cambridge MA 02138, 617-495-0368, [email protected] သို့ မေးမြန်းဆက်သွယ် ဆောင်ရွက်နိုင်ကြပါတယ်။ လျှောက်ထားသူများ ကံကောင်းကြပါစေ။

ခင်မင်စွာဖြင့်
အောင်အောင် (IR)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *