အမှိုက်ကောက် စိန်ခေါ်ပွဲ

Photo by Ye Khaing Oo FB

Challenge (ယှဉ်ပြိုင်ရန် စိန်ခေါ်သည်) ပေါင်းများစွားထဲက ကောင်းသည့် Challenge တစ်ခုကို မြန်မာနိုင်ငံ ဒေသအများအပြားတွင် စတင်လိုက်သည်။

Cleanup Challenge  ဆိုသည့် အမှိုက်ကောက်သည့် စိန်ခေါ်မှုပင်။

မြန်မာတစ်နိုင်ငံလုံးတွင် အမှိုက်များကို စည်းကမ်းမဲ့ စွန့်ပစ်နေသည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ အမှိုက်ကောက်ရန် ဝန်လေးကြသော်လည်း စည်းကမ်းမဲ့ အမှိုက်ပစ်နေသည်ကိုတော့ နေရာအနှံ့အပြားတွင် တွေ့နိုင်သည်။

အမှိုက်များကို စည်းကမ်းမဲ့ မစွန့်ပစ်ရန် နည်းအမျိုးမျိုးဖြင့် ပညာပေးခဲ့သည်။ ထင်သလောက် မအောင်မြင်ခဲ့။

လူထုခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ၎င်း၏ မဲဆန္ဒနယ် ဖြစ်သော ကော့မှူးတွင် အမှိုက်ကောက် လှုပ်ရှားမှုလုပ်ဆောင်ခဲ့ကာ အမှိုက်များ စည်းကမ်းမဲ့မစွန့်ပစ်ရန် တိုက်တွန်းလုပ်ဆောင်ခဲ့လေသည်။

ယင်းနောက်ပိုင်း အမှိုက်ကင်းစင်ရေးလှုပ်ရှားမှုပေါင်းများစွာ ဒေသအနှံ့အပြားတွင် လုပ်ဆောင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် နည်းပါးလာခဲ့ကာ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမှာလည်း အမြစ်တွယ်နေသေးသည်။

ယင်းအချိန်တွင် သို့သော် စွန့်ပစ်အမှိုက်ကင်းစင်ရေးအတွက် အပြောင်းအလဲတစ်ခုဖြစ်လာနိုင်သည့် စိန်ခေါ်မှုတစ်ခုကို ဗန်းမော်မြို့တွင် လူငယ်တစ်ယောက်က စတင်ခဲ့လေသည်။

လူအင်အားအလုံးအရင်းနှင့် သိမ်းမှ ရနိုင်မည့် စွန့်ပစ်အမှိုက်ပုံကြီးဘေးတွင် ထိုလူငယ်လေး ခါးထောက်ရပ်နေသည့် ပုံ၊ ထိုအမှိုက်ပုံကြီးကို သူတစ်ယောက်ထဲ သိမ်းဆည်းရှင်းလင်းရာမှ ရလာသည့် အမှိုက်ထုပ်ဆယ်အိတ်ဘေးတွင် ရပ်နေသည့် ပုံ။

ဗန်းမော်မြို့နေ ရဲခိုင်ဦး၏ ထိုပုံနှစ် ပုံ မတ်လ ၈ ရက်နေ့တွင် လူမှုကွန်ရက် Facebook ၌ ပျံ့နှံ့ပြီး နာရီပိုင်းအတွင်း Like and Share လုပ်သူ သောင်းချီ ရှိခဲ့သည်။

ယင်းနောက်ရက် မတ်လ ၉ ရက်နေ့တွင် မုံရွာမြို့ရှိ ဆယ်ကျော်သက်အရွယ် မိန်းကလေးသုံးဦးကလည်း လမ်းဘေးရှိ စွန့်ပစ်အမှိုက်ပုံများ အမှိုက်များကို သိမ်းဆည်းရှင်းလင်းခဲ့လေသည်။

အမှိုက်များစွာရှိနေသည့် ဓာတ်ပုံနှင့် အမှိုက်များကို ရှင်းလင်းလိုက်သည့် ဓာတ်ပုံကို ယှဉ်တွဲကာ ၎င်းတို့၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် Cleanup Challenge ဟုသည့် စာသားနှင့် တွဲတင်လိုက်သည်။

ထိုသို့လူငယ်များ အဆိုပါ Challenge ကို စတင်လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံအနှံ့အပြားက အဆိုပါ Challenge ကို လိုက်လံလုပ်ဆောင်လာကြသည်။

ယခုကဲ့သို့ကောင်းမွန်သော Challenge မျိုးကို ပြည်သူများအနေနှင့် ဝိုင်းဝန်းလုပ်ဆောင်သင့်ကြောင်း အလှမယ် ထက်ထက်ထွန်းက ပြောဆိုသည်။

ထက်ထက်ထွန်းသည် Miss Universe 2016 ပြိုင်ပွဲတွင် National Costume ဆုရရှိခဲ့သူဖြစ်ပြီး မတ်လ ၃၁ ရက်တွင် ပြုလုပ်မည့် ရန်ကုန်မြို့ စည်ပင်သာယာရေးရွေးကောက်ပွဲတွင် ရွေးကောက်ခံကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နေသူလည်း ဖြစ်သည်။

Cleanup Challenge ဟုခေါ် သည့် အမှိုက်ကောက်သည့် စိန်ခေါ်မှုကို ၎င်းကလည်း မတ်လ ၁၅ ရက်နေ့တွင် လုပ်ဆောင်မည်ဖြစ်သည်။

“အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက်  ပြည်သူတွေလိုက်ပါ လုပ်ဆောင်လာအောင် ရှေ့ကနေ ဦးဆောင်တာမျိုး ဖြစ်အောင်၊ အခုလို ကောင်းမွန်တဲ့ Challenge မှာ ပြည်သူတစ်ယောက်အနေနဲ့လည်း လုပ်ချင်တယ် လုပ်သင့်တယ်လို့လည်း ထင်တဲ့အတွက် ဝင်လုပ်ဖြစ်တာပါ”ဟု ထက်ထက်ထွန်းက ပြောသည်။

ယင်းကဲ့သို့ Challenge မျိုး ပြုလုပ်လိုက်သည့်အတွက် ပြည်သူများအနေနှင့်လည်း အမှိုက်များ စည်းကမ်းမဲ့ မစွန့်ပစ်ရန် သတိထားမိသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီလို Challenge လုပ်တဲ့ အတွက် ပြည်သူတွေအနေနဲ့  သန့်ရှင်းရေးလုပ်နေရတဲ့ ဝန်ထမ်းတွေရဲ့ဘ၀ကို ကိုယ်ချင်းစာလာနိုင်တယ်။ ဒီ Challenge ကို စတင်လုပ်တဲ့သူတွေကိုလည်း ကျေးဇူးအရမ်းတင်တယ်။ ပြည်သူတွေကိုလည်း ပူးပေါင်းပြီးပါဝင်စေချင်တယ်”

အလှမယ်ထက်ထက်ထွန်းအပြင် အခြားအနုပညာရှင်များကလည်း အမှိုက်ကောက်သည့် Challenge ကို ပြည်သူများနှင့် အတူလုပ်ဆောင်လျက်ရှိသည်။

ယင်း Challenge ကို ပြည်သူများက ပူးပေါင်းပါဝင်လုပ်ဆောင်သင့်ကြောင်း Cleanup Challenge လုပ်သူများက ပြောဆိုသည်။

ယခု Challenge ကြောင့် မြန်မာနိုင်ငံရှိ မြို့များတွင် အမှိုက်များရှင်းလင်းသွားနိုင်မည်လော။ ကောင်းမွန်သည့် Challenge မျိုးကို ပြည်သူများက ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်ပေသည်။

ပြည်သူများအနေနှင့် အမှိုက်ကောက်ခြင်းကို စိတ်မဝင်စားသည့်တိုင် အမှိုက်များကို စည်းကမ်းတကျ အမှိုက်ပုံးထဲကို စွန့်ပစ်သင့်ကြောင်း အမှိုက်ကောက်သည့် Challenge ကို လုပ်ဆောင်နေသူများက ပြောဆိုသည်။

“လူတွေကတော့ အမြင်အမျိုးမျိုး ရှိပါတယ်။ ပေါ်ပင်လို့ ထင်နေတဲ့သူတွေလည်းရှိသလို တကယ်လိုက်လုပ်မယ့် သူတွေလည်း ရှိပါတယ်။ အရေးကြီးတာက စည်းကမ်းမဲ့အမှိုက်မပစ်ဖို့ပါ။ လိုက်မလုပ်လည်း ရပါတယ်။ လုပ်နိုင်တဲ့သူက ဆက်လုပ်လိုက်မယ်။ ဒါဆို နောက်ပိုင်း တဖြည်းဖြည်းနဲ့ အမှိုက်တွေ ရှင်းသွားမှာပေါ့”ဟု Clean Yangon အဖွဲ့ ဥက္ကဋ္ဌ ဒေါ်သဉ္ဇာအေးက ပြောဆိုသည်။

Clean Yangon အဖွဲ့သည် ရန်ကုန်မြို့တွင် အမှိုက်ရှင်းလင်းရေးအတွက် ကူညီလုပ်ဆောင်ပေးနေသည့် ပရဟိတအဖွဲ့လည်း ဖြစ်သည်။

Clean Yangon အဖွဲ့သည် အမှိုက်ကောက်သည့် Challenge ကို ရန်ကုန်မြို့တွင် မတ်လ ၁၃ ရက်က လုပ်ဆောင်ခဲ့ပြီး အမှိုက်အိတ် ၄၀ အထိ ရရှိခဲ့သည်။

နောက်ပိုင်းတွင်လည်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အမှိုက်ကောက်သည့် Challenge သည် ကောင်းမွန်သည့် Challenge ဖြစ်ကြောင်း ဒေါ်သဉ္ဇာအေးက ပြောကြားသည်။

အဆိုပါ Challenge သည် ပြည်သူများ အကြားတွင် ရေပန်းစားနေပြီး ပေါ်ပင်ဟု ပြောဆိုနေသူများလည်း ရှိသည်။

“ဒီ Challenge က ပေါ်ပင်လုပ်တဲ့သူတွေ များလာရင်တောင် မြို့တွေ သာယာလှပလာနိုင်တယ်။ အမှိုက်တွေလည်း ရှင်းသွားမှာလေ။ ဒီဟာသည် ပေါ်ပင်ဖြစ်နေပါစေ ပြည်သူတွေအနေနဲ့ လိုက်လုပ်စေချင်တယ်” ဟု အလှမယ် ထက်ထက်ထွန်းက ပြောဆိုသည်။

အချို့က အစပိုင်းတွင် လုပ်ဆောင်ပေးကြသော်လည်း နောက်ပိုင်းတွင် ဆက်လက်လုပ်ဆောင်ခြင်း မရှိတော့ပေ။

ဓာတ်ပုံ – မိုးကျော်လွင်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ခုနှစ်က လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် အမှိုက်ကောက်ကြရန် ညွှန်ကြားခဲ့ပြီး အစပိုင်းတွင် ဝန်ကြီးချုပ်များအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များက လုပ်ဆောင်ကြသော်လည်း နောက်ပိုင်းတွင် လုပ်ဆောင်ခြင်းနည်းပါးလာခဲ့သည်။

ယခုတစ်ခေါက်တွင်တော့ အစိုးရက စတင်ပြောဆိုခြင်းမဟုတ်ဘဲ ပြည်သူများကိုယ်တိုင်က စတင်ကာ အမှိုက်ကောက်သည့် Challenge ကို ပြုလုပ်ခဲ့ခြင်းပင် ဖြစ်သည်။

လူမှုကွန်ရက်စာမျက်နှာတွင် Challenge အမျိုးမျိုး ပြုလုပ်လေ့ရှိပြီး နာမည်ကျော် တေးသံရှင်၊ ဘောလုံးသမားများ အပါအဝင် အခြားသူများက Challenge (စိန်ခေါ်မှု) ကို လိုက်လုပ်နိုင်ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် တင်ခြင်းဖြစ်သည်။

အဆိုပါ Challenge များကြားထဲတွင် ယခုကဲ့သို့ ပြုလုပ်သည့် အမှိုက်ကောက်ရန် စိန်ခေါ်မှုသည် မြန်မာနိုင်ငံတွင် အမှိုက်များရှင်းလင်းရေးအတွက် ကောင်းမွန်သည့် အပြုအမူလည်းဖြစ်လေသည်။

အစပိုင်းတွင် ပြည်သူများက ပေါ်ပင်ဟုပြောမည်ကို စိုးရိမ်၍ မလုပ်ခဲ့ဘဲ နောက်ပိုင်းမှ ကောင်းမွန်သည့် အလုပ်ဖြစ်သည့်အတွက် အမှိုက်ကောက်သည့် Challenge ကို လုပ်ဆောင်ခဲ့ကြောင်း ရေစကြိုမြို့တွင် Challenge လုပ်ခဲ့သည့် မခိုင်သင်ဇာဝင်းက ပြောဆိုသည်။

မခိုင်သင်ဇာဝင်းသည် ရေစကြိုမြို့တွင် ၎င်း အနီးနားပတ်ဝန်းကျင်ရှိ အမှိုက်များကို ရှင်းလင်းခဲ့သည့် ပုံတင်ကာ Challenge လုပ်ခဲ့ခြင်း ဖြစ်သည်။

“အစက သူငယ်ချင်းတွေက သွားလုပ်မယ်ပြောတုန်းက မလိုက်ဖြစ်ခဲ့ဘူး။ နောက်ပိုင်း ကိုယ် တကယ်လုပ်ပြီးတော့မှ သူများပြောမှာကို စိုးရိမ်ပြီး ကိုယ်မလိုက်ခဲ့တာတောင် နောင်တရတယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းကဲ့သို့ ကောင်းမွန်သည့် စိန်ခေါ်မှုမျိုးကို ပြည်သူများအနေနှင့် ဝိုင်းဝန်းလုပ်ဆောင်ပါက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အမှိုက်ပြဿနာကို ရှင်းလင်းနိုင်မည်ဖြစ်ကြောင်း မခိုင်သင်ဇာဝင်း ပြောကြားသည်။

လူဦးရေ ခုနစ်သန်းခန့်နေထိုင်သည့် ရန်ကုန်မြို့တွင် တစ်ရက်လျှင်  စုစုပေါင်း အမှိုက်တန်ချိန် ၂၈၀၀ ကျော်ရှိကြောင်း Clean Yangon အဖွဲ့ ထံမှသိရသည်။

အသုံးမလို၍ စွန့်ပစ်လိုက်သည့် အညစ်အကြေးများကို အမှိုက်ဟု သတ်မှတ်ကာ စွန့်ပစ်လိုက်သည့်ပစ္စည်းကို အမှိုက်ပစ်သည့်နေရာတွင် မပစ်ဘဲ စည်းကမ်းမဲ့ပစ်သည့်အတွက် လူအား၊ ငွေအား စိုက်ထုတ်ကာ ပြန်လည်ရှင်းလင်းနေရခြင်း ဖြစ်သည်။

ယခုကဲ့သို့ Challenge မျိုး ပြုလုပ် ခြင်းသည် အမှိုက်များရှင်းလင်းသွားမည့်အပြင် အမှိုက်ကြောင့် ဖြစ်ပေါ်နိုင်သည့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ကျန်းမာရေးထိခိုက်မှုများကိုပါ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ညောင်ရွှေမြို့တွင် အမှိုက်ကောက်သည့် စိန်ခေါ်မှု ပြုလုပ်ခဲ့သူ ကိုကောင်းထက်ပြည့်စုံက ပြောဆိုသည်။

၎င်းတို့ညောင်ရွှေမြို့တွင် အမှိုက်များပေပွနေသည်ကို တွေ့နေသည်မှာ ကြာပြီဖြစ်၍ သက်ဆိုင်ရာဌာနကို ပြောသော်လည်း လာရောက် မလုပ်ကိုင်ပေးသည့်အတွက် အဆိုပါ အမှိုက်များကို ရှင်းကာ Challenge လုပ်ခဲ့ခြင်းဖြစ်ကြောင်း The Voice Journal သို့ ၎င်းက ပြောကြားသည်။

“အမှိုက်တွေကို စည်းကမ်းတကျ စွန့်ပစ်မှုမရှိတဲ့အတွက် အမှိုက်တွေက ပွနေတယ်။ ဒီလို ဖြစ်နေတာက အားလုံးသက်ဆိုင်တယ်ဆိုတာကို ပြောပြချင်တဲ့အတွက် အခုလိုမျိုး လုပ်ဖြစ်သွားတာပါ” ဟု ၎င်းက ပြောသည်။

စည်းကမ်းမဲ့အမှိုက်စွန်ပစ်ခြင်းကြောင့် အမှိုက်မှ ထွက်ရှိသည့် မှိုများသည် မြေသားပွစေပြီး ကမ်းပါးပြိုခြင်းအပြင် ရေကြီးမှုတွေကိုပါ ဖြစ်ပေါ်စေနိုင်သည်။

ရန်ကုန်မြို့တွင် မိုးတွင်းကာလရောက်ပါက နှစ်စဉ်ရေကြီးနေမှုသည် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ကြသဖြင့် ရေမြောင်းများ ပိတ်ဆို့ခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်နှင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က မကြာခဏပြောဆိုလေ့ရှိသည်။

ရန်ကုန်မြို့တော်အပါအဝင် မြန်မာနိုင်ငံရှိမြို့ကြီးများတွင် အမှိုက်ပြဿနာ ကြုံတွေ့နေရပြီး နှစ်စဉ်ဖြေရှင်းနေသော်လည်း ယနေ့အချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

အစိုးရအနေနှင့် အမှိုက်ပြဿနာကို ဖြေရှင်းရန် အမှိုက်မပစ်ရနေရာတွင် အမှိုက်ပစ်ပါက ဒဏ်ငွေပေးဆောင်ရမည် ဟု ကြေညာထားသော်လည်း ရပ်ကွက်ထဲတွင် အမှိုက်ပစ်၍ ဒဏ်ငွေဆောင်ရသူက ရှားသည်။

အမှိုက်ပြဿနာဖြေရှင်းရန် ပြည်သူများအနေနှင့် အဓိက လုပ်ဆောင်ရမည်ဖြစ်ပြီး စည်းကမ်းမဲ့အမှိုက်ပစ်ခြင်းကို အဓိက ရှောင်ကြဉ်ရမည်ဖြစ်ပေသည်။

ယခုကဲ့သို့ အမှိုက်ကောက်သည့်  Challenge ကို အများပြည်သူပူးပေါင်း ပါဝင်လုပ်ဆောင်လာခြင်းသည် နိုင်ငံအတွက် ကောင်းမွန်သည့် ပြယုဂ်တစ်ခုပင်။

အဆိုပါ Challenge ကို အချို့ နိုင်ငံများတွင်လည်း လုပ်ဆောင်နေကြပြီး ထိုင်းနိုင်ငံမှ ကျောင်းသားများကလည်း ယင်းကဲ့သို့ အမှိုက်ကောက်သည့် Challenge ပြုလုပ်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် တင်ထားသည်။

ကုန်ကျစရိတ် များပြားသည့် အမှိုက်သိမ်းစနစ်များဖြင့် ငွေကုန်ကြေးကျခံကာ အမှိုက်ရှင်းလင်းရေးလုပ်ငန်းများကို မလုပ်ဆောင်နိုင်သေးသော်လည်း အစိုးရ တာဝန်ရှိသူများအနေနှင့် အဆိုပါ Challenge မျိုးကို ပူးပေါင်းပါဝင်သင့်ပြီး ပြည်သူများအနေနှင့်လည်းအမှိုက်ကို စည်းကမ်းတကျပစ်ရန် လိုအပ်လျက် ရှိနေပေသည်။

အစိုးရပိုင်းကလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တစ်ပတ်ကို တစ်ရက် ရပ်ကွက်သန့်ရှင်းရေးအတွက် လုပ်ဆောင်ပေးသင့်ကြောင်း Clean Yangon အဖွဲ့ ဥက္ကဋ္ဌ ဒေါ်သဉ္ဇာအေးက ပြောကြားသည်။

“ဒီ Challenge ကြောင့် အမှိုက် ကိစ္စကို စိတ်ဝင်စားလာကြတယ်။ အားလုံးက လိုက်လုပ်လာကြတယ်။ ပြည်သူတွေက အားကျိုးမာန်တက် လုပ်နေချိန်မှာ အစိုးရပိုင်းကလည်း စိတ်ဝင်စားလာတယ်” ဟု ၎င်းက ဆိုသည်။

ကန်တော်မင်းကျောင်း ဆရာတော်က လောကသာရပျို့တွင် ‘ကောင်းမှု မြတ်နိုး၊ ကောင်းအောင်ကြိုး၍၊ ကောင်း ကျိုးကိုယ်၌ တည်စေမင်း’ ဟု ရေးသားခဲ့လေသည်။ ယခု အမှိုက်ကောက် စိန်ခေါ်မှုများမှာလည်း ပတ်ဝန်းကျင်လှပသန့် ရှင်းရေး၊ စည်းကမ်းမဲ့အမှိုက်မပစ်ရေးအတွက် အရေးပါသော လှုပ်ရှားမှုဖြစ်လေသည်။ ယင်းကြောင့် မိမိပတ်ဝန်းကျင်လှပသန့်ရှင်းရေးအတွက် အမှိုက်များကို စည်းကမ်းမဲ့စွာ မစွန့်ပစ်ကြရန် လိုက်နာ သင့်သည်။

မြိုင်ဒေသဖွံ့ဖြိုးရေးအတွက် အများ အကျိုးလုပ်ဆောင်ပေးနေသူ ကိုမျိုးမင်း (Artist )ကမူ ယခုကဲ့သို့ အကြံပြုလေ သည်။

“Challenge လုပ်ပြီးရင် ပြီးခဲ့တဲ့ပုံကို Vinyl ထုတ်၊ ငုတ်ရိုက်ပြီး Challenge လုပ်တာအောင်မြင်ခဲ့လို့ နောက်ထပ် ဒီနေရာမှာအမှိုက်မပစ်ခြင်းနဲ့ ပါဝင်ကူညီပေးကြဖို့ စာလေးတစ်ကြောင်း လောက်ရေးခဲ့ရင် ပိုပြီးလည်း ပညာပေးရာ ရောက်မယ်”         

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *