“အစ်ကိုက မိအေးက နှစ်ခါနာတာ မဟုတ်ဘူး သုံး လေးခါ နာသွားတာ”

ဓာတ်ပုံ - ရဲနိုင်ဦး

Omni Focus ကုမ္ပဏီဥက္ကဋ္ဌဦးကျော်နေဝင်းနှင့် တွေ့ဆုံခြင်း

ဧရာဝတီဘဏ်ထံ အကြွေးဆပ်ရန်ကျန်ရှိသည့် ကုမ္ပဏီများတွင် Omni Focus ကုမ္ပဏီလည်း ပါဝင်သည်ဟု ပြီးခဲ့သည့်သီတင်းပတ်အတွင်း Facebook တွင် စာရွက်များ ထွက်ပေါ်ခဲ့သည်။ ငွေချေးခွင့်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပါဝင်ပတ်သက်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။ ဧရာဝတီဘဏ်နှင့်  Omni Focus တို့အကြား ငွေကြေးဆိုင်ရာကိစ္စရပ်များနှင့် ထွက်ပေါ်လာသည့် သတင်းများအတွက် Omni Focus ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်နေဝင်းနှင့် The Voice Journal တို့ တွေ့ဆုံမေးမြန်းမှုကို ဖော်ပြလိုက်ရပါသည်။

The Voice Journal – ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးကော်မတီကို ဘာတွေ တင်ပြခဲ့လဲဗျ။

UKNW        – အစ်ကိုတို့ဘက်က တင်ပြရမှာက နှစ်ပိုင်းရှိတယ်။ ကော်မတီနဲ့ တွေ့တဲ့နေရာမှာ နှစ်ကြိမ် တွေ့ပါတယ်။ နှစ်ကြိမ်လုံးမှာ ညီလေးကို အစ်ကို အခုရှင်းပြသလိုပဲ ရှင်းပြတယ်။ အစ်ကိုတို့ ပိုက်ဆံမဆပ်နိုင်ဘူးလို့ ဘဏ္ဍာရေးကော်မတီကို တစ်ခွန်းမှ မပြောခဲ့ဘူး။ ဦးကျော်ဇေယျနဲ့ စကားစပ်မိရင်း ညီလေး အစ်ကို့ကို လာရှင်းပြဦး။ ကျွန်တော်တို့ဘက်ကလည်း ရှင်းပြချင်တယ်။ သားသားကြီး လာခဲ့ဆိုပြီး ခေါ်လို့ ကျွန်တော် သွားတယ်။ သွားတဲ့အပေါ် မူတည်ပြီး ရှင်းပြတာတွေရှိတယ်။ ပိုက်ဆံအခက်အခဲအကြောင်း တင်ပြခဲ့တာ ဘာတစ်ခုမှ မရှိဘူး။ မိုက်ကရိုဖုန်းလေးနဲ့ အစ်ကိုတို့ပြောတာကို ကော်မတီက Record ယူပါတယ်။ အဲဒီ Record လည်း သူတို့မှာ ရှိနေတဲ့အတွက် အစ်ကိုတို့သည် ဘဏ္ဍာရေးအခက်အခဲကြောင့် မပေးနိုင်ဘူးလို့ တစ်ခွန်းမှ ပြောထားတာမရှိဘူး။ Services ကောင်းမွန်စွာပေးနိုင်ဖို့အတွက်ပဲ အစ်ကိုတို့ တင်ပြခဲ့တာ။

အဲဒီမှာ အစ်ကိုက ထပ်ပြီးတော့ ပြောပြချင်တာက အစ်ကိုတို့ ကားတွေမှာ ပိုက်ဆံမပေးတဲ့ သူတွေ ရှိနေလို့ဆိုပြီး အစ်ကို တစ်ခါမှ မပြောဖူးဘူးနော် အဲဒီကိစ္စကို။ အစ်ကို့ စကားကို အစ်ကို တာဝန်ယူတယ်။ ပြည်သူလူထုတွေ အစ်ကိုတို့ ကားကို ပိုက်ဆံမပေးဘူးလို့ မပြောခဲ့ဘူး အဲဒါတွေ သူတို့ အသံသွင်းထားတယ်။ အဲဒါလည်း အစ်ကို့ စကားကို အစ်ကို တာဝန်ယူတယ်။ နောက်တစ်ချက်က လှိုင်သာယာကနေပဲဖြစ်ဖြစ် အစ်ကို့ယာဉ်လိုင်းတွေကို စီးနေတဲ့သူတွေကို အစ်ကို တန်ဖိုးထားတယ်။ အစ်ကို့ ထမင်းရှင်တွေလေ။ ထမင်းရှင်တွေ အကုန်လုံးကို တန်ဖိုးထားတဲ့အတွက်ကြောင့် စော်ကားပြီးတော့ အစ်ကို မပြောဘူး။    

ဒါပေမဲ့ အစ်ကိုတို့ Statistics အရတော့ တင်ပြခဲ့တာရှိတယ်။ ဥပမာအားဖြင့် လူတက်လာတာက ဘယ်နှယောက်၊ ပိုက်ဆံရတာက ဘယ်လောက်။ အဲဒီမှာ အချိုးချကြည့်လိုက်ရင် ဘယ်လောက်ရာခိုင်နှုန်းတော့ လျော့နည်းနေတယ်။ ဒါ အစ်ကို ဘယ်သူကိုမှ ပြောတာ မဟုတ်ဘူး။ Figure နဲ့ Statistics ကို အစ်ကိုတို့ ချပြတာ။ ဒီကော်မတီကို အစ်ကိုတို့ တင်ပြတာပဲ ရှိတယ်။ ကျန်တာတော့ အစ်ကိုလည်း မသိဘူး။ အစ်ကိုလည်း မပြောဘူး။

The Voice Journal – ဧရာဝတီဘဏ်ကို ကြွေးမဆပ်ဘူးဆိုပြီး အွန်လိုင်းမှာ ပျံ့နေတဲ့ စာရွက်ထဲမှာ ကိုကျော်နေဝင်းတို့ ကုမ္ပဏီပါနေတယ်။ ဧရာဝတီဘဏ်က ထုတ်ပြန်ချက်မှာတော့ Omni Focus ကုမ္ပဏီနာမည်ကို အတိအကျဖော်ပြထားတာ မတွေ့ရဘူး။ ဒီဖြစ်စဉ်ကို နည်းနည်း ရှင်းပြပါ။

UKNW        – ပထမအနေနဲ့ ဧရာဝတီဘဏ်ကနေ ချေးငွေရယူထားလားဆိုရင် ဟုတ်ပါတယ်။ ယူထားပါတယ်။ ရယူတဲ့နေရာမှာ စာချုပ်နှစ်ခု ဖြစ်နေပါတယ်။ မူလစာချုပ်နဲ့ အခုလုပ်နေရတဲ့ စာချုပ်ပေါ့။ အစ်ကိုတို့ကတော့ မူလစာချုပ်အတိုင်းပဲ ဧရာဝတီဘဏ်ကို လုပ်စေချင်တယ်။ သူတို့နောက်ဆုံး Statement ထုတ်ထားတဲ့ အတိုင်းပဲ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီဆိုတဲ့ စကားရပ်ကို သုံးထားတဲ့အတွက် ပထမဆုံးချုပ်ထားတဲ့ စာချုပ်အတိုင်း လုပ်စေချင်တယ်။ လုပ်ထုံးလုပ်နည်းနဲ့ မညီလို့ ပထမစာချုပ်ကို ဖျက်တယ်ဆိုရင် လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့ ဧရာဝတီဘဏ်နဲ့ ဘဏ်ဝန်ထမ်းနဲ့ ရှင်းရမယ့် ကိစ္စ။ အစ်ကိုတို့နဲ့ မဆိုင်ဘူး။ သူတို့ရဲ့ လွဲမှားစွာလုပ်ခဲ့တဲ့ အမှားကြောင့် ပထမစာချုပ်ကို ဖျက်ပြီး ဒုတိယစာချုပ်ကို လုပ်တာကို အစ်ကိုတို့ လက်မခံနိုင်ဘူး။ လက်မခံနိုင်တဲ့အတွက် ဒီနေ့ ဒီအခြေအနေအထိ ရောက်လာတာ ဖြစ်ပါတယ်။

နောက်တစ်ချက်က ဧရာဝတီဘဏ် Statement ထဲမှာ အစ်ကိုတို့ ကုမ္ပဏီနာမည် မပါဘူး။ အွန်လိုင်းက စာရွက်မှာ ပါနေတယ်ဆိုတာ။ ဒီဟာကို အစဆွဲထုတ်လိုက်တာ အစ်ကိုတို့ ကုမ္ပဏီက မဟုတ်ဘူး။ ဘယ်ဘက်က အစဆွဲထုတ်လိုက်တယ်ဆိုတာ လူမှုကွန်ရက်စာမျက်နှာမှာ တွေ့မှာပဲ။ ဓာတ်ပုံတွေလည်း တက်လာတယ်။ အစည်းအဝေးတက်တဲ့ ဓာတ်ပုံကို ကြည့်လိုက်မယ်ဆိုရင် လွှတ်တော်အဖွဲ့တွေကို သွားတွေ့တုန်းက လွှတ်တော်ရဲ့ Page မှာ ကြည့်ကြည့်လိုက်။ တင်ထားတဲ့အထဲမှာ ကျွန်တော်တို့နဲ့ တွေ့ထားတာပဲ ပါတယ်။ ဧရာဝတီဘဏ်နဲ့ အဲဒီနေ့က တွေ့တယ်ဆိုတာ လုံးဝမရှိဘဲ ဒီဓာတ်ပုံက ဘယ်လိုလုပ် အပြင်ရောက်သွားလဲ။ ဒါလေးတွေက လုပ်တဲ့ သူပဲ သိမယ်။ ဘာ့ကြောင့် ဒါကို အစဆွဲထုတ်တာလဲ။ အဲဒီလို ဆွဲထုတ်တဲ့အပေါ်မှာ မူတည်ပြီးတော့ တိုင်းဒေသကြီးအဖွဲ့ရုံးက ထုတ်ပေးလိုက်တဲ့ စာနှစ်စောင်ဆိုပြီး ပေါ်နေတာရှိတယ်။ အဲဒီစာကလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ဧရာဝတီဘဏ်ကို ပေးတဲ့ စာ။ ဘယ်သူမှ သိစရာအကြောင်း မရှိဘူး။ ဒါလည်း စဉ်းစားစရာအကြောင်း ဖြစ်နေတယ်။ စဉ်းကို စဉ်းစားရမယ်။ သမရိုးကျကြည့်မယ်ဆိုရင် ဘဏ်တစ်ခုက ကုမ္ပဏီတစ်ခုကို ပိုက်ဆံချေးတယ်။ ပိုက်ဆံချေးတဲ့နေရာမှာ သူတို့က ပိုက်ဆံပြန်တောင်းတယ်။ ကျွန်တော်တို့ကလည်း ပေးမယ်လို့ ပြောတဲ့ဟာကို ဘာဖြစ်လို့ ဒီလောက်ကြီးကြီးအောင်လုပ်လဲ။ ဒီစာနှစ်စောင်ကလည်း ကျွန်တော်တို့ကုမ္ပဏီကို ထုတ်ပေးထားတာ မဟုတ်ဘူး။ ထုတ်ပေးထားတာ မဟုတ်တဲ့ဟာကို ကျွန်တော်တို့ ကုမ္ပဏီနဲ့ ဆိုင်သယောင် ပြောတယ်။ မဟုတ်ဘူးဆိုတာ ဧရာဝတီဘဏ်လည်း သိတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့လည်း သိတယ်။ ကျွန်တော်တို့လည်း သိတယ်။ အဲဒါကို မဟုတ်ဘူးဆိုတာကို ဧရာဝတီဘဏ်ဘက်က ဘာလိုမဟုတ်ဘူးဆိုတာကို မပြောတာလဲ။ ဘာဖြစ်လို့ ကျွန်တော်က ပြောနိုင်လဲဆိုရင် ကျွန်တော်တို့ ဘဏ္ဍာရေးကိစ္စတွေကို ဧရာဝတီဘဏ်ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ ကျွန်တော်တို့ လုပ်ခဲ့တာ။ ကိုဇော်ဇော်ကိုယ်တိုင်လည်း ကျွန်တော်တို့ကို တစ်ခါမှ အဲဒီလိုပြောခဲ့တာ မရှိဘူး။ ကျွန်တော့်မှာ အသံဖိုင်တွေ ရှိတယ်။ အဲဒီအသံဖိုင်တွေမှာ ဒါတွေ တစ်ခါမှ ပြောခဲ့တာမရှိဘူး။ ဘာလို့ အသံဖိုင်တွေလုပ်ထားလဲဆိုရင် သူကစပြီး ကျွန်တော်တို့ကို ဗီဒီယိုရိုက်ထားတယ်။ သူ့ရဲ့ နိုဗိုတယ်မှာ ရှိတဲ့ အစည်းအဝေးခန်းထဲမှာ ကျွန်တော်တို့ကို ဗီဒီယိုရိုက်ထားတယ်။ ဗီဒီယိုရိုက်တဲ့အတွက် ကျွန်တော်တို့လည်း ကိုယ့်နည်းကိုယ်ဟန်နဲ့ အသံသွင်းရတော့တယ်။ ဒါမျိုးလေးတွေ ဖြစ်လာတာပေါ့။ သူလည်း သူ့ရဲ့ရုပ်သံမှာ ပြန်ကြည့်ရင် သိမှာပဲလေ။ ဒါလည်း စဉ်းစားစရာဖြစ်တယ်။ နောက်တစ်ချက်က အဲဒါတွေ စတက်လာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ယူရမယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိတယ်ဆိုပြီး တောက်လျှောက်ပြောနေကြတယ်။ မဟုတ်ဘူးဆိုပြီး အစ်ကိုတို့ပြောနေတာတောင်မှ ဒီနေ့ဒီအချိန်အထိ တစ်စိုက်မတ်မတ်ပြောနေတဲ့ပုဂ္ဂိုလ်တွေ ရှိတယ်။ Why? ဘာလို့ ပြောနေတာလဲ။ သူတို့ပဲ သိလိမ့်မယ်။

နောက်တစ်ချက်ကလည်း မဆိုင်တဲ့ စာရွက်တွေကို တကယ်လို့များ ဧရာဝတီဘဏ်က မှားပြီး တင်ပြမိခဲ့မယ်ဆိုရင် သူတို့ ရှင်းရမယ့် ကိစ္စ။ မဆိုင်တဲ့ စာနှစ်စောင်က ပါလာစရာအကြောင်းကို မရှိဘူး။ ဥပမာအားဖြင့် ပွင့်ပွင့်ပြောရရင် Ethic အရ ဒီစာနှစ်စောင်သည် ဘယ်ကုမ္ပဏီကို ထုတ်ပေးထားတာလဲဆိုရင် ကျွန်တော်တို့က ထုတ်ပြောလို့ မရဘူး။ ဒါပေမဲ့ ကျွန်တော် သိတယ်။ မပြောတာ။ အဲဒါကို သိသိကြီးနဲ့ ဧရာဝတီဘဏ်က ငြိမ်နေလဲ။ ဒါသည် ဘယ်ကုမ္ပဏီအတွက် ထုတ်ပေးထားတာပါဆိုပြီး သူတို့ ပြောသင့်တယ်။ ဒါတော့ ကျွန်တော်အမြင်ပါ။ ကျွန်တော်နဲ့ မဆိုင်တာကိုတော့ ကျွန်တော် ပြောလို့မရဘူး။

The Voice Journal – ဒါဆိုရင် ဒီစာတွေကို ဧရာဝတီဘဏ်က ဖြန့်တယ်လို့ ကိုကျော်နေဝင်း ယူဆတာလား။

UKNW        – အဲ ကျွန်တော်အနေနဲ့ပြောရလို့ရှိရင် ကျွန်တော်သိထားတာတွေ ရှိတယ်။ ကျွန်တော်စုံစမ်းထားတာတွေ ရှိတယ်။ ပြည့်စုံတဲ့နေ့ကျရင် အချက်အလက်နဲ့ ကျွန်တော် ချပြမယ်။

The Voice Journal – ဧရာဝတီဘဏ်နဲ့ စာချုပ်က နှစ်ခု။ အရင်တစ်ခုက ဖျက်တယ်။ လက်ရှိတစ်ခုက တရားဝင် ရှိနေတယ်။ အဲဒီလိုလား။

UKNW        – မဟုတ်ဘူးခင်ဗျ။ အဲဒီလောက် မရှင်းဘူး။ စာချုပ်ဆိုတာ အရေးကြီးတာက ပဋိညာဉ်စာချုပ်။ ပဋိညာဉ်စာချုပ်ဆိုတာ နှစ်ဦးနှစ်ဖက်သဘောတူမှ ဖြစ်တာ။ သူက ဖြစ်ရင်လည်း နှစ်ဖက် သဘောတူမှ၊ ဖျက်ရင်လည်း နှစ်ဖက်သဘောတူမှ။ ဒါကြောင့် ကျွန်တော်တို့ Legal Action ယူရမယ့်ဟာတွေ ရှိနေတယ်။ ဘာလို့လဲဆို Foton နဲ့ ဧရာဝတီဘဏ် ထိုးထားတဲ့ စာချုပ်ကြီးက ဒီနေ့ ဒီအချိန်ထိ မဖျက်ရသေးဘူး။ အဲဒီစာချုပ်အတိုင်းပဲ ကျွန်တော်တို့က ဝယ်ခဲ့တာ။

The Voice Journal – ပထမစာချုပ်ဖျက်လို့ ငွေကန်ဒေါ်လာ ခြောက်သန်းပြန်ပေးလိုက်ရတယ်လို့ ကြားရတယ်။ ဖြေသွားတဲ့အထဲမှာ ဧရာဝတီဘဏ်ဝန်ထမ်းဆိုတာရယ်၊ ဧရာဝတီဘဏ်က လွှဲမှားစွာ လုပ်ခဲ့တယ်ဆိုတာရယ်။ အဲဒါတွေက ဘယ်လိုဆက်စပ်နေတာလဲ။ စာဖတ်ပရိသတ် နားလည်အောင် နည်းနည်းရှင်းပြပါ။

UKNW        – ဧရာဝတီဘဏ်ဝန်ထမ်းဆိုတာက ကျွန်တော့်မှာ အသံဖိုင်တွေရှိပါတယ်။ ဦးဇော်ဇော်နဲ့ အစ်ကိုတို့က ပြောထားကြတာ ခြောက်နာရီစာလောက် ရှိတယ်။ အဲဒါတွေ အကုန်လုံးသည် တရားရုံးကို တင်ရဦးမှာမို့လို့ အစ်ကိုတို့ အကုန်ပြောလို့ မရတာပါ။ နံပါတ်တစ်အချက် ဦးဇော်ဇော်ကိုယ်တိုင် သူ့နှုတ်က ပြောတာရှိတယ်။ ဘာလဲဆိုရင် ‘အစ်ကိုတို့ရဲ့ဘဏ်ထဲက ပိုက်ဆံ၊ အစ်ကိုတို့ရဲ့ဝန်ထမ်းက improper လုပ်သွားတယ် ညီလေးတို့မှာ ဘာအပြစ် မရှိဘူး’ ဆိုတဲ့ကိစ္စတစ်ခုက အစ်ကိုတို့မှာ Record ရှိတယ်။ အဲဒါ သူ ပြောခဲ့တာ။ သူ့ဘဏ်ဝန်ထမ်းက Improper လုပ်သွားတယ်ပြောတာကို အစ်ကို ချပြလို့ ရတယ်။ အဲဒီ့နောက်ကြောင်းက သူ ရှင်းရမှာ။ အစ်ကို ရှင်းရမှာ မဟုတ်ဘူး။

ညီလေးပြောတဲ့ စာဖတ်သူနားလည်အောင်ဆိုတာက အစ်ကိုတို့မှာ နှစ်ပိုင်းရှိတယ်။ တရားရုံးသွားတဲ့အခါ အစ်ကိုတို့က အဲဒါကို သက်သေအဖြစ် တင်ရမှာ။ အဲဒီတင်တဲ့အချိန်မှာ သူ ရှင်းရမှာ။ ဘဏ်နည်းလမ်းနဲ့သွားမယ်ဆိုလည်း တံခါးပိတ်ဆွေးနွေးမလား အစ်ကိုတို့က ရှင်းကြရဦးမှာ။ ဒါမျိုးတွေရှိတော့ အားလုံးကို လက်ရှိအချိန်မှာ ဖွင့်ပြလို့ မရသေးပါဘူး။ တရားရုံးကိုများ တင်ခဲ့ရရင် Public Knowledge ဖြစ်နေရင် တချို့ကိစ္စတွေက တရားရုံးကို တင်လို့ မရတော့ဘူး။ နားလည်ပေးစေချင်ပါတယ်။

ခြောက်သန်းဆိုတဲ့ကိစ္စကတော့ နံပါတ်တစ်ချက် အစ်ကိုတို့ကားတွေ ဝယ်တုန်း Foton ကရောင်းတယ်။ Financing က ဧရာဝတီဘဏ်ဆီကနေ ယူတယ်။ (ဧရာဝတီဘဏ်ကလည်း ကားဝယ်သည်။ Omni Focus နဲ့ဧရာဝတီဘဏ်ရဲ့ ) Financing က ထွက်သွားပြီ။ ရာခိုင်နှုန်းကတော့ ပြောပြလို့မရတာ နားလည်ပေးပါ။ ပဋိညာဉ်စာချုပ်တစ်ခု ဖျက်မယ်ဆိုရင် ကုမ္ပဏီ A နဲ့ B ဆိုပါစို့။ စာချုပ်ဖျက်ရင် စရန်က အဆုံးပဲ။ စာချုပ်ဖျက်ရင် သူတို့ပေးထားတဲ့ စရန်ကြီး ရှိနေတယ်။ အဲဒီစရန်ကို တကယ်က စာချုပ်ဖျက်ရင်ဆုံးပြီ။ သို့သော်ငြားလည်း ကိုဇော်ဇော်က ညီလေး အစ်ကို့ကို ကူညီပေး။ အစ်ကို ဒါတွေ၊ ဒါတွေ ဒီဘက်မှာ ဗဟိုဘဏ်နဲ့ ရှင်းရမှာ။ ပြဿနာတက်နေပြီ။ ဒါ သူ့ဘဏ်ဝန်ထမ်းနဲ့ ဖြစ်တာနော်။ အစ်ကိုတို့နဲ့ မဆိုင်ဘူး။ အစ်ကိုတို့က သူ့ Procedure အတိုင်း လုပ်ခဲ့တာ။ သူ့အပေါ်မှာ အစ်ကို စေတနာထားခဲ့တယ်။ သူလည်း စီးပွားရေးသမားပဲ။ ငါလည်း သူ့အပေါ်မှာ ကူညီရမယ့်တာဝန်ရှိတယ်ဆိုပြီး သူ ပြောတဲ့ စကားတစ်ခွန်းနဲ့…။ အခု သူတို့ပြောသလို အစ်ကိုတို့က ဘဏ်မှာ ပိုက်ဆံတစ်ပြားမှ ပြန်မပေးတဲ့ ပုံစံ မဟုတ်ဘူး။ အဲဒီအချိန်တုန်းက ကားလည်း မရောက်သေးဘူး။ အစ်ကိုတို့ရဲ့ သူ့အပေါ်မှာထားတဲ့ Good Will ငါတို့ကို အကူအညီတောင်းတယ်ဆိုပြီး အမေရိကန်ဒေါ်လာ ခြောက်သန်းကို ပြန်ထည့်ပေးခဲ့တာ။ အစ်ကိုကြိုက်တာလုပ်။ ကျွန်တော် လူလိမ်မဟုတ်ဘူးဆိုပြီး အဲဒီ ခြောက်သန်း အစ်ကို ပြန်ပေးခဲ့တာ။ အစ်ကိုက ထပ်ပြောပြချင်တာက အစ်ကိုက မိအေးက နှစ်ခါနာတာ မဟုတ်ဘူး။ သုံး လေးခါနာသွားတာ။ စာချုပ်ချုပ်လိုက်တဲ့အတွက်ကြောင့် ဟိုဘက်ကို ပေးလိုက်ရတဲ့ Deposit ကြီးနဲ့ ဟိုဘက်(Foton) ကို ပေးလိုက်ရတဲ့ ငွေကလည်း ဒီဘက်မှာ စာချုပ်ဖျက်လို့ ဟိုဘက်ကို ပေးလို့မရဘူးဆိုတာကလည်း မဖြစ်ဘူး။ ပေးပြီးသွားပြီ။ ဒီပိုက်ဆံတွေက အစ်ကို့ Account ထဲ ဝင်တာ မဟုတ်ဘူး။ Foton Account ထဲ ဝင်သွားတာ။ ဟိုမှာက Production စလုပ်နေပြီ။ အစ်ကိုက အဲဒီပိုက်ဆံတွေ ဒီဘက်မှာ (ဦးဇော်ဇော်ကို) ပြန်စိုက်ပေးရတာ။ ဆိုတော့ အစ်ကိုက မိအေးက နှစ်ခေါက်နာသွားပြီ။ နောက်ဘာဆက်ဖြစ်လဲဆိုတော့ ကားတွေ ပြီးပြီ။ ပိုက်ဆံပေးတော့ဆိုတော့ သူတို့က ပိုက်ဆံမပေးသေးဘူး။ အစ်ကိုတို့က စိုက်ပြီး အကုန်ပေးရပြန်ရော။ အစ်ကိုတို့က အဲဒါတွေလည်း ရှိခဲ့တယ်။ ဆိုလိုတာက ဒီလိုကြီးတစ်ဖက်သတ်ကြီး ချပြတာထက် The Whole Story ကို သိစေချင်တယ်။

The Voice Journal – အစ်ကို့ဘဏ် Account ထဲ သူတို့ ဘဏ်ဝန်ထမ်းက မှားပြီး ပိုက်ဆံထည့်တယ်လို့ သတင်းထွက်နေတယ်။ ပြီးတော့ အစ်ကိုမသိဘဲ သူတို့ဘာသာ ပြန်ထုတ်သွားတယ်ဆိုတာရော ဟုတ်လားဗျ။

UKNW        – ဒီလိုဗျ။ တစ်နှစ်ကျော်ပြီ။ အစ်ကိုတို့က နေ့စဉ်ရတဲ့ပိုက်ဆံတွေ အကုန်လုံးကို ဘယ်လောက်ရနေလဲဆိုတာကို အစ်ကိုတို့နဲ့ သူတို့နဲ့လုပ်ထားတဲ့ Account တစ်ခုရှိတယ်။ အဲဒီထဲကို အစ်ကိုတို့က ထည့်ပေးရတယ်။ အဲဒီထဲကို တခြား YBS ကုမ္ပဏီရဲ့ ပိုက်ဆံတွေကို မှားပြီး ထည့်လိုက်တယ်။ အစ်ကိုတို့ Account ထဲရောက်ပြီးမှ အဲဒီ Account ပိုင်ရှင်က သိသွားပြီး တိုင်တယ်။ ဒါပြဿနာအကြီးကြီး ဖြစ်သွားတာ။ တိုင်တဲ့အခါကျ အစ်ကိုတို့ကိုလည်း မပြောဘဲ သူတို့ ဘာသာ (ဧရာဝတီဘဏ်က) ပြန်ယူထုတ်သွားတယ်။ အဲဒါကြောင့် ပြောတာ။ ဘဏ်ကိုလည်း ဒီနေ့တရားဝင်စာပို့မယ်။ အဲဒီကိစ္စ တကယ်ဖြစ်ခဲ့တာရှိရင် သူတို့ ဝန်ခံပါ။ ပြန်ထုတ်သွားတာ။ အစ်ကိုတို့ကို ဒီနေ့ ဒီအချိန်အထိ ပြောတာမရှိဘူး။ ဒါပေမဲ့ အစ်ကိုတို့က သိထားတယ်။ သေချာတယ်။ အဲဒီလိုဖြစ်သွားတဲ့အတွက်ကြောင့်မို့ သူတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြန်ဖြေရှင်းခဲ့ရတယ်။ အဲဒီ Record တွေလည်း ရှိတယ်။

The Voice Journal – အဲဒီတုန်းက ဘဏ်ကို Complaint တက်ခဲ့သေးလား။

UKNW        – အစက အစ်ကိုတို့က မသိဘူး။ အဲဒါဖြစ်ပြီး နှစ်ပတ်လောက်ကြာတော့ အစ်ကိုတို့ သိတာပဲ။ သိခဲ့တဲ့အချိန်မှာ YRTA အစည်းအဝေးတစ်ခုမှာ အစ်ကို တရားဝင်တင်ပြခဲ့တယ်။ ဘဏ်ကို တရားဝင် Complaint တက်ခဲ့တာရှိတယ်။ အဲဒါ Account ကိုင်တဲ့ ဝန်ထမ်း တာဝန်ခံတဲ့လူ ပြောထားတဲ့ အသံဖိုင် အစ်ကို့မှာ ရှိတယ်။

The Voice Journal – ဒါဆို အဲဒီဘဏ်ဝန်ထမ်းကို အရေးယူတာ ဘာညာ ကြားမိလား။ အစ်ကို့ကိုရော ဘဏ်က ဘယ်လိုဖြေရှင်းလား။

UKNW        – အရေးယူ မယူ အစ်ကို မသိဘူး။ ဘဏ်ကတော့ အစ်ကို့ကို ဘာမှမဖြေရှင်းဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ တင်ပြမယ်။ လိုအပ်ရင် တရားရုံးအထိ သွားဖို့ရှိတယ်။

The Voice Journal – ဘဏ်ဆီက ချေးငွေရဖို့ တိုင်းအစိုးရက ဒီကိစ္စမှာ ပါဝင်တယ်လို့ အပြင်မှာ ပြောနေတာရှိတယ်။ သိချင်တာက ဧရာဝတီဘဏ်ဆီကနေ ဘီလံယံ ၅၀ လောက် ချေးဖို့ တိုင်းအစိုးရက ကြားဝင်အာမခံပေးခဲ့တာမျိုး ရှိလား။

UKNW        – အစ်ကိုတို့ ကုမ္ပဏီက တိုင်းဒေသကြီးအစိုးရ ရင်းနှီးမြှုပ်နှံမှုပါထားတဲ့ ကုမ္ပဏီမှ မဟုတ်တာ။ နောက်တစ်ချက်က ဒီစာသည် တိုင်းအစိုးရက ဧရာဝတီဘဏ်ကို ပေးထားတဲ့ စာလေ။ အစ်ကို့ကို မေးတာ အစ်ကိုက မဟုတ်ဘူးလို့ ဖြေတယ်လေ။ တကယ်တော့ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာက ဧရာဝတီဘဏ်ကို မေးလိုက်ရင် ပြီးသွားပြီ။ ဘာလို့ ဧရာဝတီဘဏ်က ခုထက်ထိ မဖြေသေးတာလဲ ၊ အစ်ကိုတော့ ခုထက်ထိ စဉ်းစားလို့ကို မရတာ။ အစ်ကိုတို့ဘက်ကတော့ ဘာသက်သေပြနိုင်လဲဆိုရင် အစ်ကိုတို့ ဒီ Loan Strecture ကြီး တစ်ခုလုပ်တဲ့ဟာသည် ကိုယ်နဲ့သက်ဆိုင်တဲ့ ဟာတွေ အကုန်ထည့်ရတယ်။ ဥပမာအားဖြင့် Business Plan ဘာညာပေါ့။ အကုန်ထည့်ပေးခဲ့တယ်။ အစ်ကိုတို့ ပေးတဲ့အထဲမှာ အဲဒီ (အွန်လိုင်းပေါ်တွင် ပျံ့နေသည့်) စာနှစ်စောင် မပါဘူး။ မပါတဲ့အတွက်ကြောင့် အစ်ကို သိလည်းမသိဘူး။

The Voice Journal – ဆိုလိုတာက ဘီလီယံ ၅၀ ချေးတာ တိုင်းအစိုးရကကြားဝင် အာမခံပေးတာ မဟုတ်ဘူး။ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အညီ ချေးတယ်လို့ ပြောချင်တာပေါ့။

UKNW        – ဟုတ်တယ်။

The Voice Journal – ဒါဆို အစ်ကို့ကို ဘီလီယံ ၅၀ ချေးဖို့ အစ်ကိုနဲ့ ဧရာဝတီဘဏ်နဲ့ ကြားမှာ ဆက်ဆံရေးကောင်း ရှိတာလား။ အစ်ကိုဆီက အာမခံ မတောင်းဘူးလား။ ဆိုလိုတာက ဘဏ်ဆိုတာ ယေဘုယျအားဖြင့် အာမခံပါမှ ငွေချေးတာလေ။

UKNW        – အစ်ကိုတို့ကတော့ အစ်ကိုတို့ရဲ့ Business Model ကို တင်ပြတယ်။ ဘဏ်ဆိုတာ တချို့ကိစ္စလေးတွေမှာ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းလေးတွေ ရှိတယ်။ ဘဏ်က ဒီလူတစ်ဦးကို ပိုက်ဆံချေးတယ်၊ ပိုက်ဆံမချေးဘူးဆိုတာ ဘဏ်နဲ့ပဲ ဆိုင်တယ်။ ဆိုလိုတာက အစ်ကိုတို့က အစ်ကိုတို့ရဲ့ လုပ်နိုင်တဲ့ ပုံစံရယ်၊ အစ်ကိုတို့ရဲ့ Business Model ရယ်၊ ဒီလို ဒီလိုရှိတယ်ဆိုပြီး ချပြခဲ့တာ။ အဲဒါကလည်း သူတို့ဘက်က တောင်းတာ။ ပြည့်စုံတယ်လို့ သူတို့ဘက်က ယူဆလို့ အစ်ကို့ကို ပိုက်ဆံချေးတာ။ ဘာ့ကြောင့် ချေးတယ်၊ ဘယ်လို ချေးတယ်ဆိုတာတော့ အစ်ကို ပြောရခက်တယ်။

The Voice Journal – အစ်ကိုတင်ပြတဲ့ Business Plan ဆိုတာက ဒီ Omni Focus ကုမ္ပဏီရဲ့ YBS Business Plan လားခင်ဗျ။

UKNW        – ဟုတ်ပါတယ်။

The Voice Journal – ပြောင်းပြန်ပြန်ပြောရရင် ဧရာဝတီဘဏ်က Omni Focus ကုမ္ပဏီရဲ့ YBS Business Plan ကို ကြည့်ပြီးတော့ ဒီ Business Plan က အလားအလာကောင်းတယ်လို့ ယူဆပြီး ဘီလီယံ ၅၀ ထုတ်ချေးခဲ့တာပေါ့။

UKNW        – ဟုတ်ပါတယ်။

The Voice Journal – အစ်ကိုက ဧရာဝတီဘဏ်မှာ Deposite တင်ထားတာ ရှိတယ်နော်။ ကျွန်တော် သိသလောက်ဆို အမေရိကန်ဒေါ်လာလေးသန်း။

UKNW        – ဟုတ်ပါတယ်။ အမေရိကန်ဒေါ်လာ လေးသန်းနဲ့ ညီမျှတဲ့ မြန်မာငွေပါ (လက်ရှိငွေလဲနှုန်းအရ ကျပ် ၆ဘီလီယံကျော်) ။ အဲဒီခေတ်ကပေါ့။

The Voice Journal – အွန်လိုင်းမှာ ပျံ့နေတဲ့ စာထဲမှာတော့ Omni Focus ကိုယ်စား ငွေချေးသူနေရာမှာ ကိုကျော်နေဝင်း ပါနေတယ်။ နောက်ငွေချေးတဲ့ YBS ကုမ္ပဏီနှစ်ခုမှာလည်း ဦးထွန်းတောက်ဝင်းနဲ့ ဦးကျော်ဇေယျ ဆိုပြီး ပါတယ်။ အဲဒီကုမ္ပဏီသုံးခုလုံးရဲ့ ချေးငွေကလည်း ဘီလီယံ ၅၀ ကျော်တယ်။ သိချင်တာက အဲဒီ ကုမ္ပဏီသုံးခုလုံးက အစ်ကို့ကုမ္ပဏီတွေလို့ ပြောနေကြတာရှိတယ်။ ဟုတ်လားဗျ။

UKNW        – အဲဒီစာရွက်စာတမ်းတွေ YRTA ကို တင်ပြလိုက်တာက ဧရာဝတီက တင်ပြလိုက်တာလို့ အစ်ကိုတို့လည်း သိထားတယ်။ ဒီကုမ္ပဏီသုံးခုနဲ့ ပတ်သက်ပြီး အတိအကျသိချင်ရင် အစ်ကိုပြောတာထက်စာရင် ဧရာဝတီဘဏ်ကို မေးတာ ကောင်းတယ်။ သူတို့တင်ပြတဲ့ကိစ္စ သူတို့ ဖြေရှင်းရမှာ။ အစ်ကို ရှင်းရမှာ မဟုတ်ဘူး။

အစ်ကို ခုနပြောပြီးပြီ။ ချေးငွေဘီလီယံ ၅၀ အစ်ကိုချေးထားတယ်။ အဲဒါတွေ အကုန်လုံးသည် Financing နဲ့ ပတ်သက်ပြီး ဘယ်လောက်သွင်းထားတယ်။ ဘယ်လောက် လုပ်ထားတယ်ဆိုတာတွေ အကုန်လုံးသည် Public  ကို ချပြဖို့ မလိုဘူး။ အစ်ကိုတို့ကုမ္ပဏီရဲ့ Statement အတိုင်းသွားမယ်ဆိုရင် ‘ဧရာဝတီဘဏ်က ၁၅.၁၁.၂၀၁၈ ရက်စွဲဖြင့် ပေးပို့လာသော အကြောင်းကြားစာအရ Omni Focus သည် တရားဝင်စာချုပ်တွင် သတ်မှတ်ထားသည့် အတိုင်း အရင်းအတိုးလစဉ်ပေးဆပ်ခြင်းနှင့် သတ်မှတ်ထားသည့် ကာလအတွင်း အကျေပေးဆပ်သွားမည့် အကြောင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် အကြောင်းပြန်ထားပြီး ဖြစ်သည်’ လို့ ပြောထားပြီးသားပါ။ သူတို့ပြောနေသလို မဆပ်ဘူးပြောနေတာ မရှိဘူး။ No ။သူတို့ Law Firm ကို အစ်ကိုတို့ တရားဝင်ပို့ထားပြီး ဖြစ်ပါတယ်။ သူတို့သိခြင်း မသိခြင်းက သူတို့ Law Firm နဲ့ သူတို့ ဆက်ပြောရမှာပါ။ နောက်တစ်ချက်က တရားရုံးကိစ္စပါ။ သွားရင် ဘာဖြစ်မလဲဆိုရင် ဒီကားတွေ အသိမ်းခံရမလားပေါ့လေ။ တရားရုံးက တရားရေးမဏ္ဍိုင်အတိုင်းပဲ သွားရမှာ။ တရားရုံးသွားလို့ရှိရင် အဖြေကလည်း ဒီအတိုင်းပဲ ထွက်မှာပဲ။ အစ်ကိုတို့ကို ပိုက်ဆံချေးထားလားမေးရင် မှန်တယ် ချေးထားတယ်။ ပိုက်ဆံပြန်ပေးမလားမေးရင် ပြန်ပေးမယ်။ ဘယ်အချိန်ပြန်ပေးမလဲ မေးရင် တရားရုံးရောက်ရင် တရားရုံးက ဆုံးဖြတ်ချက်ကို လက်ခံမယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုပေးမလဲဆိုတဲ့ ပုံစံကို ပြောမယ်။ အဲဒီအချိန်ကျရင်တော့ စောဒကတက်လို့ မရဘူး။ ဒါပေမဲ့ ရလဒ်တွေက ပြောင်းပြန်ဖြစ်လာရင်တော့ အဲဒါ သူတို့ကိစ္စ။ အစ်ကိုတို့နဲ့ မဆိုင်ဘူး။

The Voice Journal – အွန်လိုင်းမှာ ပျံ့နေတဲ့ စာအရ အတိုးနဲ့ အရင်းနဲ့ ပြန်မဆပ်တာ တစ်နှစ်ကျော်ကြာပြီ။ အစ်ကိုက ဧရာဝတီဘဏ်ရဲ့ ချေးငွေကို ပြန်ဆပ်မယ်လို့ ပြောတယ်။ တကယ့်အဖြစ်မှန်က ဘာလဲ။

UKNW – အစ်ကိုတို့ရဲ့ တာဝန်သည် ဘဏ်က ချေးငွေယူတယ်။ ဆပ်ရမှာက အစ်ကိုတို့ တာဝန်၊ တစ်နှစ်ရှိတာတွေ ၊ တစ်လရှိတာတွေ ၊ ၁၅ လ ရှိတာတွေက ဘဏ်ဘက်ကို မေးပါ။ အဲဒါတွေက ဘဏ်က ထုတ်လိုက်တဲ့ Statement လေ။ ဟုတ်တယ်မလား။ သူက ဘယ်လိုတွက်ချက်လိုက်လဲ မသိဘူး။ အဲဒါ သူ့ကို မေးရမယ်။

The Voice Journal – ခုနက ချေးငွေအကုန်လုံးကို ပြန်ဆက်မယ်လို့ ပြောတယ်နော်။ ကုမ္ပဏီက ငွေကြေးပိုင်းအရ ပြန်ဆပ်နိုင်တဲ့ အနေအထားရှိလား။ အပြင်မှာလည်း ဝေဖန်မှုတွေ ရှိတယ်။ တစ်ခုခုပြောဖို့ ရှိလား။

UKNW           – ဟုတ်ပါတယ်။ ဒါတွေက အရမ်းအရေးကြီးတဲ့ ကိစ္စပါ။ အခု Business ကို ကိုဇော်ဇော်နဲ့ စပြီးတော့ ရှင်းပြခဲ့တဲ့ အချိန်တုန်းက အစ်ကိုတို့ သူနဲ့ ဆွေးနွေးတဲ့အတိုင်း တင်ပြတဲ့အတိုင်း အစ်ကိုတို့ ဒီနေ့ ဒီအချိန်မှာ ရှိနေတယ်။ အတိအကျတော့ အစ်ကို ပြောပြလို့ မရလို့။ ဥပမာအားဖြင့် လက်ရှိမှာ အစ်ကိုတို့ ကားတွေ ညဘက်လည်း ပြေးဆွဲနေတယ်။ ၂၄ နာရီ ညဘက်ပြေးတဲ့ ကားနဲ့ နေ့ဘက်ပြေးတဲ့ ကား ဘယ်လိုမှကို မယှဉ်နိုင်ဘူး။ ဝင်ငွေက မတူနိုင်ဘူး။ ဒါပေမဲ့ ဝန်ဆောင်မှုပေးမယ်လို့ အစ်ကိုတို့က ကတိကဝတ်ပေးထားတဲ့အတွက် အဲဒီအတိုင်း အစ်ကိုတို့ လုပ်ရတယ်။ ဒါက မဆပ်နိုင်တဲ့ ပိုက်ဆံမျိုး မဟုတ်ဘူး။ အဲဒါတော့ စိတ်ချ အကိုတို့မှန်းထားတဲ့ အတိုင်း ရှိနေတယ်။လုပ်တဲ့အတိုင်း ဖြစ်နေတယ်။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *