သရုပ်ဆောင် နေတိုးနှင့် တွေ့ဆုံခြင်း

ဓာတ်ပုံ - မိုးကျော်လွင်

“ဒီနှစ်က ကားကောင်းတွေလည်း များတယ်။ အရေအတွက်တွေလည်း များတယ်ဆိုတော့ အကဲအဖြတ်အဖွဲ့က တော်တော်လေး စိစစ်ပြီးတော့ ရွေးချယ်ရမယ်ဆိုတာ နားလည်တယ်။ တော်တော်လေးခက်ခက်ခဲခဲနဲ့ Nomination တွေ ထုတ်ပြန်ရမယ်ဆိုတာ နားလည်တယ်”

မကြာခင်ရိုက်ကူးတော့မယ့် Box No.88 ဇာတ်ကားရဲ့ ကာရိုက်တာအပေါ် ပြင်ဆင်မှုအပိုင်းတွေ၊ ဒီနှစ်ပိုင်း ဇာတ်ကားကောင်းတွေများလာတဲ့အပေါ် အမြင်နဲ့ မိန်းကလေးပုံစံပါဝင်ထားတဲ့ တာတူးဇာတ်ကားရဲ့ ကာရိုက်တာအတွက် ပြင်ဆင်ခဲ့ပုံတွေကို သရုပ်ဆောင်နေတိုးကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice       :      ဒီဇာတ်ကားမှာ ဘယ်လိုကာရိုက်တာမျိုး ပါဝင်ထားလဲ။ ကာရိုက်တာအတွက် ဘယ်လိုမျိုးတွေ ပြင်ဆင်ခဲ့ရလဲ။

NT   :       ကာရိုက်တာက ငယ်ငယ်တုန်းက သတင်းလိုက်ခဲ့တဲ့ ဇာတ်ကောင်၊ ကြီးတော့ အယ်ဒီတာဘ၀ကနေ သရုပ်ဆောင်ရမယ်။ ပြတဲ့အထဲမှာ အယ်ဒီတာဘ၀က ပိုပြီးတော့များတယ်။ အယ်ဒီတာတစ်ယောက် ဇာတ်ကောင်ဆိုပေမယ့် ကာရိုက်တာတစ်ခုအနေနဲ့ ယူထားတာပါ။ ဇာတ်လမ်းတည်ဆောက်ပုံစံက လူကုန်ကူးမှုပြဿနာတွေ အရှုပ်အထွေးကြားမှာ ဇာတ်လမ်းကို တည်ဆောက်ထားတာပါ။ ပြင်ဆင်မှုအပိုင်းတွေက ဒီကားထဲမှာရှိတဲ့  အယ်ဒီတာတစ်ယောက်ရဲ့ပုံစံကို အများကြီး ဆွေးနွေးထားတယ်။ သူတို့ရဲ့လှုပ်ရှားမှုတွေ၊ သူတို့လုပ်နေတဲ့ ဟန်ပန်အမူအယာတွေ အဓိကတော့အကြမ်းအားဖြင့် သူတို့အသုံးပြုလေ့ရှိတဲ့ စကားလုံးတွေကို ဦးစားပေးပြီးတော့ ပြင်ဆင်ထားတာပါ။ ဒီကားလေးက ဒရာမာဇာတ်ကားဆိုပေမယ့် ရိုက်ကူးရေးပုံစံတွေ၊ နောက်တစ်ခုက တင်ပြမှုပုံစံတွေကိုတော့ ဆန်းသစ်ထားပါတယ်။

Voice       :      ဒီတစ်နှစ်အတွင်းမှာ ဇာတ်ကားကောင်းတွေ တော်တော်များများထွက်လာတော့ အဲဒီအပေါ် ဘယ်လိုမြင်မိလဲ။

NT   :       အပြောင်းအလဲနဲ့ တော်တော်လေးကြုံတွေ့နေရတဲ့ နှစ်တစ်နှစ်ပါ။ အခက်အခဲအတားအဆီး၊ ဝေဖန်အကြံပြုတာတွေကို တော်တော်များများ ရင်ဆိုင်နေရတယ်။သရုပ်ဆောင်တွေလည်း သရုပ်ဆောင်တွေ အရ၊ ထုတ်လုပ်သူ၊ ပြီးတော့ ပရိသတ်တွေရောက အပြောင်းအလဲတစ်ခုမှာ ၂၀၁၈၊ ၂၀၁၉ ကြားထဲမှာ တော်တော်လေး ဂယက်တွေ များတယ်။ ၂၀၂၀ မှာတော့ ရုပ်ရှင်လောကက ပိုပြီးတော့ တည်ငြိမ်ပြီးတော့ရင့်ကျက်သွားမယ်လို့ မြင်မိပါတယ်။

Voice       :      ဒီနှစ်အကယ်ဒမီက ဇာတ်ကား ကောင်းတွေ အပြိုင်များနေတော့ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမြင်မိလဲ။

NT   :       ဒီနှစ်က ကားကောင်းတွေလည်း များတယ်။ အရေအတွက်တွေလည်း များတယ်ဆိုတော့ အကဲအဖြတ်အဖွဲ့က တော်တော်လေး စိစစ်ပြီးတော့ ရွေးချယ်ရမယ်ဆိုတာ နားလည်တယ်။ တော်တော်လေးခက်ခက်ခဲခဲနဲ့ Nomination တွေ ထုတ်ပြန်ရမယ်ဆိုတာ နားလည်တယ်။ ဒီနှစ်က ခက်ခဲတဲ့ နှစ်တစ်နှစ်၊ သရုပ်ဆောင်တွေအတွက်လည်း ဆုရဖို့က ခက်ခဲတယ်။ အကဲဖြတ်တွေအတွက်လည်း ဆုပေးဖို့ ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်နေတယ်လို့ မြင်မိပါတယ်။

Voice       :      Line Walker – 2  ဇာတ်ကား မြို့လယ်ကောင်မှာ ရိုက်ကူးတဲ့အပေါ် ဝေဖန်မှုတွေရှိနေတော့ ကိုယ်တိုင်က ဘယ်လိုမြင်မိလဲ။

NT   :       အခုလိုမျိုး လာရိုက်တဲ့အတွက် ဂုဏ်ယူရတယ်။ အက်ရှင်ဇာတ်ဝင်ခန်းဆိုတာ မြို့ထဲမှာက ရိုက်ကူးဖို့က ခက်ခဲတယ်။ ဘယ်သူမဆို Local ကပဲ ရိုက်ရိုက်၊ နိုင်ငံတကာပဲ လာရိုက်ရိုက် အက်ရှင်ဇာတ်ဝင်ခန်းတစ်ခန်းကို မြို့လယ်ကောင်မှာ ရိုက်ဖို့ဆိုတာ မလွယ်ပါဘူး။ ခက်ခဲမှုတွေ အများကြီးရှိပါတယ်။အဲဒါကိုမှ မဖြစ်ဖြစ်အောင် ရိုက်ကူးသွားတယ်။ ကျွန်တော်တို့အနေနဲ့က နောက်လည်း ဇာတ်ကားတွေကို မြန်မာနိုင်ငံမှာလာပြီးတော့ ရိုက်ကူးစေချင်တယ်။ ပြီးတော့ အဲဒီလိုဇာတ်ကားတွေမှာ ပြည်တွင်းက သရုပ်ဆောင်တွေလည်း ပါဝင်ခွင့်ရတဲ့အခါကျတော့ ဝမ်းသာပါတယ်။

Voice       :      မကြာခင်ရုံတင်ပြသတော့မယ့် တာတူးဇာတ်ကားမှာ မိန်းကလေးပုံစံနဲ့ ပါဝင်ထားတော့ ကာရိုက်တာအတွက် ဘယ်လိုမျိုးတွေ ပြင်ဆင်ခဲ့လဲ။

NT  :       ကာရိုက်တာအတွက် Reference ယူခဲ့တာတွေ ရှိတယ်။ ဇာတ်ကားထဲက ဇီးရိုးကွာတားတွေဝတ်တဲ့ ပုံစံဆိုရင် ညီမလေး လုလုအောင် ဖက်ရှင်ကို အတုခိုးပြီးတော့ လုပ်ထားတယ်။ မြန်မာဆန်ဆန်ဝမ်းဆက်တွေ ဝတ်ထားရင်တော့ မအေးသောင်းပေါ့။ အဲဒီနှစ်ခုကိုပဲ အဓိက  Reference ယူပြီးတော့ ပြင်ဆင်ခဲ့တာပါ။ တာတူးရဲ့ ဇာတ်ကောင်က မိန်းကလေးလို ပြင်ဆင်ထားတဲ့ အပိုင်းတွေက စိတ်ဝင်စားစရာကောင်းတဲ့ အဓိကအချက်ဖြစ်နေတယ်။ အဲဒီအချက်အပေါ်မှာ မူတည်ပြီးတော့ ဇာတ်လမ်းကို ပရိသတ်ကို လေးနက်မှုရှိအောင် တည်ဆောက်ထားတယ်လို့ ပြောချင်ပါတယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *