ကျောင်းတွင်း အမုန်းကင်းရေးခြေလှမ်း

ဓာတ်ပုံ - မိုးကျော်လွင်

အမုန်းစကားကြောင့် ပဋိပက္ခမီးပွားများစွာ တောက်လောင်ခဲ့သော မြန်မာနိုင်ငံတွင် ကျောင်းသင်ခန်းစာအတွင်း အမုန်းစကားကင်းဝေးစေရေးအတွက်  စတင်လုပ်ဆောင်လိုက်သည်။

အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများပပျောက်ရေးအတွက် ပထမခြေလှမ်းအဖြစ် ပညာရေးဝန်ကြီးဌာနက ဝံသာနုစိတ်ဓာတ်ကဗျာကို သင်ရိုးမှ ဖယ်ရှားလိုက်ခြင်းပင်။

စတုတ္ထတန်းစာရိတ္တနှင့် ပြည်သူ့နီတိသင်ရိုးတွင် ပါဝင်သော ယင်းကဗျာသည် အမုန်းစကားအခြေခံ ခွဲခြားဆက်ဆံမှုတို့ကို အားပေးသည့်သဘော သက်ရောက်သဖြင့် ပယ်ဖျက်လိုက်ရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်သည် အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးအတွက် အရေးကြီးသော လှည့်ပြောင်းခြေတစ်ရပ်အဖြစ် လူ့အခွင့်အရေး၊ အမုန်းစကားဆန့်ကျင်ရေးနှင့် ကလေးသူငယ်အခွင့်အရေးလှုပ်ရှားသူအချို့က ထောက်ခံကြိုဆိုကြသည်။

သို့သော် အမျိုးသားနိုင်ငံရေးလှုပ်ရှားသူများအပါအဝင် တပ်မတော်အသိုင်းအဝိုင်းနှင့် နီးစပ်သော ဆရာ၊  ဆရာမအချို့ကမူ ပညာရေးဝန်ကြီးဌာန၏ လုပ်ရပ်ကို မကြိုက်ပေ။

ကျောင်းသား၊ ကျောင်းသူများ မျိုးချစ်စိတ်ဓာတ်ထက်သန်လာမည်ကို မလိုလားသဖြင့် ကဗျာကို မသင်ရန် ညွှန်ကြားခြင်းဖြစ်နိုင်ကြောင်း ၎င်းတို့က ရှုမြင်နေကြသည်။ မည်သို့ပင်ဖြစ်စေ ထောက်ခံသူနှင့် ကန့်ကွက်သူများကြားတွင် တူညီသည့်တစ်ချက်တော့ ရှိသည်။

အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုသည် အားမပေးသင့်သောကိစ္စဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ဖြစ်ထွန်းရေး ဦးတည်နေသော မြန်မာနိုင်ငံအတွက် အနှောင့်အယှက်ပေးမည့် အကြောင်းအရာ ဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။

ထို့ကြောင့် အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုများပပျောက်ရေးကို ရေရှည်အစီအစဉ်အဖြစ် အခြေခံပညာရေးမှ စတင်ကာ ပူးပေါင်းတိုက်ဖျက်သင့်ကြောင်း ပညာရေးအသိုင်းအဝိုင်းအပါအဝင် လူ့အခွင့်အရေးနှင့် ကလေးသူငယ်အခွင့်အရေးတက်ကြွလှုပ်ရှားသူများက ပြောဆိုကြသည်။

“အားလုံးပူးပေါင်း လုပ်ဆောင်ရမယ်။ ရှေ့လျှောက်ဆက်ပြီးတော့ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ အမုန်းစကားကို နယ်ပယ်အသီးသီးက အင်အားတွေနဲ့ တိုက်ဖျက်ဖို့ လိုတယ်”ဟု အမုန်းစကား တိုက်ဖျက်ရေးတက်ကြွလှုပ်ရှားသူ ဒေါ်ဇာခြည်ဦးက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၏ ပထမ ခြေလှမ်း

ပညာရေးဝန်ကြီးဌာနက အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုပပျောက်ရေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)  အစိုးရအုပ်ချုပ်မှုသက်တမ်းသုံးနှစ်ကျော်အကြာတွင် ပထမဆုံးအကြိမ် စတင်လိုက်သည်။

ယင်းမှာ စတုတ္ထတန်းသင်ရိုးဟောင်းရှိ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ် ဆရာကိုင်စာအုပ်တွင် ပြဋ္ဌာန်းထားသော ဝံသာနုစိတ်ဓာတ်ကဗျာကို မသင်ရန် ညွှန်ကြားလိုက်ခြင်းပင်။

ဝံသာနုစိတ်ဓာတ်ကဗျာကို လာမည့်ပညာသင်နှစ်မှစ၍ မသင်ကြားရန် မတ်လ ၇ ရက်နေ့က ညွှန်ကြားထားကြောင်းအခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူး ချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

“အခုလက်ရှိခေတ်စနစ်အရ ဖြုတ်ဖို့လိုအပ်လို့ ဖြုတ်တာလေ။ နောက်သင်ရိုးသစ်လည်းပြောင်းမယ့် အတူတူ ဒါကို မသင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ပယ်ဖျက်လိုက်တာပါ” ဟုဦးကိုလေးဝင်းကပြောဆိုသည်။

၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်တွင် ပြဋ္ဌာန်းမည့် စတုတ္ထတန်းသင်ရိုးသစ်တွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကဗျာများ အစားထိုးပြဋ္ဌာန်းပေးနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ဆက်လက်ပြော ဆိုသည်။

ဝံသာနုစိတ်ဓာတ်ကဗျာတွင် ‘လူမျိုရင်သာ လူမျိုးပျောက်၊ အားလုံးဒုက္ခ ရောက်၊ အမျိုးပျောက်မှာ စိုးကြောက်ပါ ကျွန်ဖြစ် နွံနစ်မှာ’စသော စာသားများ ဖော်ပြရေးသားထားသည်။

ခွဲခြားဆက်ဆံမှုကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင်လည်း လက်မခံထားကြောင်း၊ ကဗျာတွင် ခွဲခြားဆက်ဆံမှုကို အားပေးသည့် စကားအသုံးအနှုန်းများ ပါဝင်နေသောကြောင့် ဖယ်ရှားရခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းက ဧရာဝတီသတင်းဌာနသို့ ပြောကြားထားသည်။

ယင်းကဗျာ စာသားများသည် ကျောင်းသူ၊ ကျောင်းသားများကို အမုန်းတရားအခြေခံ ခွဲခြားဆက်ဆံသည့် အတွေးများဖြစ်ပေါ်ရန် အားပေးသည့် သဘော သက်ရောက်နေကြောင်း အမုန်းစကား ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

ယင်းကဗျာကို ပြန်လည်သုံးသပ်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၁၆၀ ကျော်က နိုင်ငံတော်သမ္မတအပါအဝင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပညာရေးဝန်ကြီးဌာနထံ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်တွင် အိတ်ဖွင့်ပေးစာပေးပို့ခဲ့ပြီး နောက်သုံးလကျော်အကြာတွင် ကဗျာကို ဖယ်ရှားပေးခဲ့ခြင်းဖြစ်ကြောင်း အမုန်းစကားတိုက်ဖျက်ရေးတက်ကြွလှုပ်ရှားသူ ဒေါ်ဇာခြည်ဦးက ဆိုသည်။

“အစ်မတို့ အရပ်ဘက်အဖွဲ့အစည်းတွေ ပြောမှ သူတို့က သတိထားမိပြီး ပြန်ပြီးတော့ ပယ်ဖျက်ပေးတယ်။ ဒါက တော်တော်ကြီးကို အားတက်စရာကိစ္စလို့ ပြောရမှာပဲ”ဟု ဒေါ်ဇာခြည်ဦးက မှတ်ချက်ပေးသည်။

သို့သော် အခြေခံပညာသင်ရိုးညွှန်းတမ်းတွင် အမုန်းတရားအခြေခံခွဲခြားဆက်ဆံမှုကို ဖြစ်ပေါ်စေသော သင်ခန်းစာများရှိနိုင်ပြီး ထိုသို့သော သင်ခန်းစာများကို ပညာရေးဝန်ကြီးဌာနက လေ့လာစိစစ်ကာပယ်ဖျက်ပေးရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြသည်။

လက်ရှိတွင် ပညာရေးဝန်ကြီးဌာနသည် KG + 12 ပညာရေးစနစ်အတွက် အခြေခံပညာသင်ရိုးညွှန်းတမ်း ပြောင်းလဲသင်ကြားမှုများကို အကောင်အထည်ဖော်နေပြီး သင်ရိုးသစ်များကို ယင်းဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ သုတေသနနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာန၏ သင်ရိုးညွှန်းတမ်းဌာနခွဲက တာဝန်ယူရေးဆွဲနေသည်။

အသစ်ပြောင်းလဲမည့် သင်ရိုးများတွင်လည်း အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှု၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အားပေးသည့် သင်ခန်းစာများမပါနိုင်ရန် အထူးသတိထားသင့်ကြောင်း အမုန်းစကားဆန့်ကျင်သည့် အရပ်ဘက်အဖွဲ့များက ပြောဆိုထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ အရပ်ဘက်အဖွဲ့အစည်းများနှင့် တွေ့ဆုံမှုတွင် သုတေသနနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာနတာဝန်ရှိသူများက အရပ်ဘက်အဖွဲ့များ၏ အကြံပြုချက်များကို အလေးထားကာ ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့ကြောင်း တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သည့် ဒေါ်ဇာခြည်ဦးက ဆိုသည်။

ကန့်ကွက်ကြသည်

ဝံသာနုစိတ်ဓာတ်ကဗျာကို မသင်ရန်ညွှန်ကြားလိုက်ခြင်းသည် အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုကို တားဆီးခြင်းထက် မျိုးချစ်စိတ်ဓာတ်ထက်သန်မှုကို ကန့်သတ်လိုခြင်းကြောင့်ဖြစ်ကြောင်း အမျိုးသားနိုင်ငံရေးလှုပ်ရှားသူအပါအဝင် ဆရာ၊ ဆရာမအချို့က ဆိုကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကလည်း ဝံသာနုစိတ်ဓာတ်ကဗျာ မသင်ရန် ညွှန်ကြားလိုက်ခြင်းကို လက်မခံပေ။

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သော နိုင်ငံသားတိုင်းသည် ကိုယ့်လူမျိုးနှင့် မြန်မာဆိုသော အမျိုးသားရေးလက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ကြောင်း ၎င်းက ရှုမြင်သည်။

“လက်မခံဘူး။ ကိုယ့်အမျိုးသားရေးလက္ခဏာတွေ ကိုယ်မှ မထိန်းသိမ်းမကာကွယ်ရင် ယဉ်ကျေးမှုတွေ ပျောက်သွားမှာပေါ့။ ကျွန်တော်တို့ နိုင်ငံပျောက်သွားမှာပေါ့။ ဒါ နိုင်ငံသားတိုင်း လုပ်ကို လုပ်ရမယ့် လုပ်ငန်းပဲ။ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ ရှိကို ရှိရမယ်”ဟု ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

အခြေခံပညာညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကမူ အမျိုးသားရေး စိတ်ဓာတ်ရှင်သန်မှုကို ကန့်သတ်လိုသောကြောင့် ညွှန်ကြားရခြင်း မဟုတ်ကြောင်း  The Voice Journal သို့ ပြောသည်။

“အမျိုးသားရေးစိတ်ဓာတ်ကို  ကန့်သတ်တာ မဟုတ်ဘူး။ အမျိုးသားရေး  စိတ်ဓာတ်ကို ဘာဖြစ်လို့ ကန့်သတ်ရမှာလဲ”ဟု ၎င်းက ဆိုသည်။

ဝံသာနုစိတ်ဓာတ်ကဗျာသည် သားသမီးဝတ်ငါးပါးကိုသာ အခြေခံထားခြင်းဖြစ်ပြီး မည်သည့်လူမျိုးဘာသာဝင်မဆို ဆွေမျိုးသားချင်းများကို စောင့်ရှောက်အပ်သည်ဟူသော သဘောမျိုးရေးသားထားခြင်းဖြစ်ကြောင်း ပဲခူးတိုင်း က၀မြို့နယ် အ.လ.ကရစ်ကန်ဘူတာမှ ကျောင်းအုပ်ဆရာဖြစ်သူ ဦးအောင်ကျော်သူက ဆိုသည်။

ဓာတ်ပုံ – မိုးကျော်လွင်

ဦးအောင်ကျော်သူသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် (MTF) ၏ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။

“ကျွန်တော်ကတော့ ကိုယ့်ဆွေမျိုးသားချင်းတွေကို စောင့်ရှောက်ရမယ်ဆိုတဲ့ သဘော အဲလိုပဲ နားလည်တယ်”ဟု ၎င်းက မှတ်ချက်ပေးသည်။

ကျောင်းသင်ခန်းစာတွင် လူမျိုးရေး၊ ဘာသာရေးအခြေခံခွဲခြားဆက်ဆံမှုနှင့် အမုန်းတရားများဖြစ်ပေါ်စေသော သင်ခန်းစာများ ဖယ်ရှားခြင်းထက် ဆရာ၊ ဆရာမများ၏ သင်ကြားညွှန်ပြမှုသည်သာ အရေးကြီးကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

“ဆရာရဲ့ ရှင်းပြပုံမှာပဲ မူတည်တယ်။ ဆရာက တရားမျှတစွာ ရှင်းပြမယ်။ ကလေးတွေ ခေါင်းထဲကို မျှတတဲ့ အတွေးတွေ ထည့်ပေးဖို့ပဲ လိုတယ်။ သင်ခန်းစာကတော့ ပြဋ္ဌာန်းလိုက်တာပေါ့။ မပြဋ္ဌာန်းလည်း ဆရာတွေအနေနဲ့ ပြောလို့ ရနေတာပဲလေ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ဆရာ၊ ဆရာမအများစုသည် ကျောင်းသူ၊ ကျောင်းသားများအပေါ် လူမျိုးရေးဘာသာရေးအခြေခံကာ အမုန်းစကား ပြောဆိုသင်ကြားခြင်းမရှိသော်လည်း ဆရာ၊ ဆရာမအချို့တွင်မူ ယင်းသို့ ခွဲခြားဆက်ဆံသင်ကြားမှု ရှိနိုင်ကြောင်း ဦးအောင်ကျော်သူက သုံးသပ်သည်။

ခွဲခြားမှုများ ရှိနေသည်

လက်ရှိမြန်မာနိုင်ငံတွင် လူမျိုးရေး၊ ဘာသာရေးအခြေခံ အမုန်းစကားပြောဆိုမှုများ၊ ခွဲခြားရှုမြင်မှုများများပြားလျက် ရှိသည်။

ယင်းအချက်ကို ပြည်တွင်းအသုံးပြုသူ သန်း ၂၀ နီးပါးရှိသော Facebook လူမှုကွန်ရက်တွင် တစ်ဦးနှင့် တစ်ဦးပြောဆိုနေကြသည့် ရင့်သီးသောစကားများ၊ မှတ်ချက်များကို ကြည့်၍ ခန့်မှန်းနိုင်သည်။

အခြေခံပညာကဏ္ဍတွင် အမုန်းစကားပြောဆိုမှုနှင့် ခွဲခြားဆက်ဆံမှု မည်သည့်အတိုင်းအတာအထိ ရှိနေကြောင်းကို ပညာရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ သုတေသနနှင့် လေ့ကျင့်သင်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးထံ The Voice Journal က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

အမုန်းစကားပြောဆိုမှု၊ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးကို အခြေခံပညာရေးမှ စတင်ကာ ပြုပြင်ပြောင်းလဲသင့်ကြောင်း ပညာရေးဝန်ကြီးဌာန အပါအဝင် အရပ်ဘက်အဖွဲ့များက ပြောဆိုနေကြသည်။

အမုန်းစကားပြောဆိုမှုနှင့် ခွဲခြားဆက်ဆံမှုဆန့်ကျင်သည့် အရပ်ဘက်အဖွဲ့နှင့် အခြေခံပညာဆရာ၊ ဆရာမအချို့ကမူ အခြေခံပညာကဏ္ဍတွင်လည်း အမုန်းစကားပြောဆိုမှု၊ ခွဲခြားဆက်ဆံမှုများရှိနေကြောင်း ခန့်မှန်းပြောဆိုကြသည်။

ရည်ရွယ်ချက်ရှိရှိဖြင့် ခွဲခြားဆက်ဆံခြင်း၊ အမုန်းစကားပြောဆိုခြင်းမျိုးမှာ အခြေခံပညာကျောင်းများတွင် နည်းပါးကြောင်း ပဲခူးတိုင်း ပဲခူးမြို့နယ် အ.မ.က ကျွန်းသုံးပင်ကျောင်း၏ ကျောင်းအုပ်ဆရာဖြစ်သူ ဦးလှိုင်မျိုးဝင်းက ဆိုသည်။

“နောက်တဲ့ သဘောနဲ့ မရည်ရွယ်ဘဲခွဲခြားဆက်ဆံသလို ဖြစ်သွားတာရှိတယ်။ ဥပမာ – အသားမည်းတဲ့သူကို ကုလားလို့ ခေါ်တာ၊ ၀တဲ့သူကို ဝက်ပုတ်လို့ ခေါ်တာတွေပေါ့။ ဘာသာရေးအခြေခံ ပြောတာက မရှိသလောက် နည်းပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ စနောက်သည့်သဘောနှင့် ခေါ်ဆိုခြင်းများသည် မိဘပတ်ဝန်းကျင်မှ တစ်ဆင့် ကူးစက်လာကာ ကလေးအချင်းချင်း ပြောဆိုသည်များရှိသကဲ့သို့ ဆရာအချို့၏ အမှတ်မဲ့ပြောဆိုမှုကြောင့် ကလေးများ ပြောဆိုကြသည်လည်း ရှိနေကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော့်ကျောင်းမှာဆိုရင် ဆုံးမရတယ်။ မင်းကိုပြောရင် ကြိုက်မလား။ မင်းကိုမခေါ်ဘဲ ထားရင် ကြိုက်မလားပေါ့။ ကိုယ်ချင်းစာတရားထားဖို့ပါ။ ရန်ဖြစ်လောက်တဲ့အထိ ဖြစ်ရင် မိဘခေါ်ပြီး ကျောင်းစည်းကမ်းအရ အရေးယူရတယ်”ဟု ဦးလှိုင်မျိုးဝင်းက ပြောသည်။

ယင်းမှာ အခြေခံပညာကဏ္ဍတွင် အမုန်းစကားပြောဆိုမှုနှင့် ခွဲခြားဆက်ဆံမှုကိုသွယ်ဝိုက်၍ ဖြစ်စေနိုင်သော အခြေအနေတစ်မျိုးပင် ဖြစ်သည်။

ထို့ပြင်သင်ရိုးပြဋ္ဌာန်းချက်များတွင် ပါဝင်သော သင်ခန်းစာများကြောင့် အမုန်းစိတ်ကိန်းအောင်းစေနိုင်သည့် အခြေအနေလည်း ရှိသေးသည်။

သင်ခန်းစာများတွင် မြန်မာစာကဲ့သို့သော ဘာသာရပ်၌ ဗုဒ္ဓဘာသာလာဆုံးမစာကဗျာများ အများအပြားပါဝင်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာ သင်ခန်းစာများ နည်းပါးနေသည်။

ထို့အတူသမိုင်းကဲ့သို့သော ဘာသာရပ်တွင် ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကားကဲ့သို့သော တို့ဗမာ အစည်းအရုံး ကြွေးကြော်သံများအပါအဝင် ယင်းနှင့် အလားသဏ္ဌာန်တူသော သင်ခန်းစာများသာ များပြားနေပြီး တိုင်းရင်းသားလူမျိုးစုများ၏ သမိုင်းသင်ခန်းစာများ နည်းပါးနေသေးသည်။

ထိုကဲ့သို့သော ဗမာယဉ်ကျေးမှု၊ အယူအဆများ များပြားနေပြီး တိုင်းရင်းသားများ၏ ယဉ်ကျေးမှုဓလေ့များ နည်းပါးနေခြင်းသည် တိုင်ရင်းသားများအပေါ်၌ ခွဲခြားဆက်ဆံသည့် သဘောသက်ရောက်နေကြောင်း အခြေခံပညာဆရာ၊ ဆရာမအချို့က သုံးသပ်သည်။

“ဗမာစာသည် တို့စာ၊ ဗမာစကားသည် တို့စကားဆိုတဲ့ သင်ခန်းစာမျိုးတွေ ရှိတော့ တိုင်းရင်းသားတွေကတော့ မုန်းကြတာပေါ့။ အဲဒါမျိုးတော့ ကြုံဖူးပါတယ်” ဟု ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှ အမည်မဖော်လိုသည့် မူလတန်းပြဆရာမ တစ်ဦးက ဆိုသည်။

အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှု၏ အန္တရာယ်

လူမျိုးရေး၊ ဘာသာရေးအမုန်းတရားအခြေခံ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးအတွက် အမုန်းစကားပြော ဆိုခြင်း၊ တစ်ဖက်သားပေါ်တွင် ထိခိုက်နစ်နာစေရန် ပြောဆိုခြင်းများကို အခြေခံ ပညာရေးမှ တစ်ဆင့် ကန့်သတ်မှုများ၊ ပညာပေးမှုများ လုပ်ဆောင်သင့်ကြောင်း ပညာရေးအသိုင်းအဝိုင်းနှင့် အရပ်ဘက်အဖွဲ့များကြားတွင် တူညီသောသဘောထားရှိကြသည်။

သို့သော် အမုန်းစကားပြောဆိုမှုများကို ကန့်သတ်ခြင်းသည် တစ်ဖက်တွင် လူသားတစ်ဦး၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် သဘော သက်ရောက်နေသလော။

အမုန်းစကားဆန့်ကျင်သည့် အရပ်ဘက်အဖွဲ့အစည်းများကမူ အမုန်းစကားသည် အန္တရာယ်ရှိသော ပဋိပက္ခများဖြစ်ပွားမှုကို ဦးတည်စေနိုင်သဖြင့် ကန့်သတ်ရခြင်းဖြစ်ပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်သည့် သဘော မသက်ရောက်ဟု ပြောဆိုကြသည်။

လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် တစ်ပါးသူအပေါ် ထိခိုက်နစ်နာစေသော သဘောဆောင်သည့် ပြောချင်ရာပြောခွင့်ရှိသည်ဟူသော အဓိပ္ပာယ်မဟုတ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး တက်ကြွလှုပ်ရှားသည့်အသံ  (Athan) အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ပြောသည်။

“အခုလူတွေကြားထဲမှာ ဖြစ်နေတဲ့ ဘာသာခြားတွေကို မြင်ရင် မုန်းတီးတဲ့ စိတ်တွေ ခွဲခြားဆက်ဆံချင်တဲ့ စိတ်တွေဟာ များသောအားဖြင့် ပညာရေးစနစ်ကနေ လာတယ်။ ဒါကြောင့် အမုန်းစကားပြောတာတွေ၊ ခွဲခြားဆက်ဆံတာတွေကို ပြင်ဖို့ လိုအပ်တယ်”ဟု ၎င်းက ဆိုသည်။

ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသည့် ဦးမျိုးမြင့်ထွန်းကလည်း ငယ်ရွယ်သော ကလေးများတွင် အမုန်းစိတ်နှင့် ခွဲခြားဆက်ဆံတတ်သည့် အကျင့်ကိန်းအောင်းသွားပါက လူ့အဖွဲ့ အစည်းအတွက် ဆိုးကျိုးသက်ရောက်မှုရှိနိုင်ပြီး ခွဲခြားဆက်ဆံခံရသည့် ကလေးတွင် စိတ်ဒဏ်ရာအနာတရဖြစ်သွားနိုင်ကြောင်း ပြောပြသည်။

“အဆုံးစွန်ကြည့်မယ်ဆိုရင် မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေအထိ သက်ရောက်နိုင်တယ်ပေါ့။ ကိုယ်နဲ့ မတူသူက ကိုယ့်ရန်သူ ဖြစ်လာမယ်။ အကြမ်းဖက်တာမျိုးတွေ လုပ်မယ်။ ငါတို့နဲ့ မတူတဲ့ အိုင်ဒီယာတွေကို လက်မခံနိုင်ဘူးဆိုတာမျိုးတွေ ဖြစ်လာမှာပေါ့”ဟု ၎င်းက သုံးသပ်သည်။

အခြေခံပညာသင်ရိုးသစ်တွင် အမုန်းစကားပြောဆိုမှုနှင့် ခွဲခြားဆက်ဆံမှုများမပါဝင်စေရန် ဆောင်ရွက်သင့်ပြီး မတူညီသော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် အတွေးအခေါ်များကို ထည့်သွင်းပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း ဦးမျိုးမြင့်ထွန်းက ပြောသည်။

နိုင်ငံတကာတွင် ဆရာ၊ ဆရာမများသည် ခွဲခြားဆက်ဆံမှုနှင့် အမုန်းစကား ပြောဆိုမှုများကို သင်ကြားခြင်းမပြုပါဟု ခံဝန်ကတိလက်မှတ်ထိုးရကြောင်း၊ မြန်မာနိုင်ငံတွင်လည်း အခြေခံပညာရေးမှ စတင်ကာ အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးကို မူဝါဒချမှတ်ကာဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပေးသည်။

“နိုင်ငံတကာမှာ အမုန်းတရားဖြစ်စေတဲ့ အယူအဆမျိုးတွေ မသုံးဖို့ဆိုတာတွေ စည်းမျဉ်းစည်းကမ်းတွေ ကျင့်သုံးပြီး ဆောင်ရွက်တယ်။ မြန်မာနိုင်ငံပညာရေး စနစ်မှာ အဲဒါတွေ မတွေ့သေးဘူး။ ပညာရေးဝန်ကြီးဌာနမှာ မတွေ့သေးဘူး”ဟု ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းတွင်လည်း အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးဆိုင်ရာ ရှင်းလင်းသည့် မူဝါဒ မတွေ့ရပေ။

ယင်းစီမံကိန်း၏ အခန်း (၇) ရှိအခြေခံပညာသင်ရိုးညွှန်းတမ်းအခန်းတွင်မူ ကျား၊ မ ကွဲပြားမှု၊ မသန်စွမ်းနှင့် တိုင်းရင်းသားကလေးများအားလုံး အကျုံးဝင်သော တန်းတူညီမျှသည့် ပညာရေးတိုး တက်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်းသာ ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ ဝံသာနုစိတ်ဓာတ်ကဗျာမသင်ရန် ညွှန်ကြားမှုအပါအဝင် သင်ရိုးသစ်တွင် အမုန်းစကားနှင့် ခွဲခြား ဆက်ဆံသည့် သင်ခန်းစာများမပါဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး ဆိုင်ရာ သင်ခန်းစာများပါဝင်ရန် ဆောင် ရွက်မည်ဆိုသော ပညာရေးဝန်ကြီးဌာန၏ ပြောဆိုထားချက်ကို ပညာရေးအသိုင်းအဝိုင်းနှင့် အရပ်ဘက်အဖွဲ့အစည်းများက ထောက်ခံကြိုဆိုကြသည်။

ပညာရေးဝန်ကြီးဌာနကလည်း အမုန်းစကားဆန့်ကျင်သော အရပ်ဘက် အဖွဲ့အစည်းများ၊ ကလေးသူငယ်အခွင့်အရေး တက်ကြွလှုပ်ရှားသူများနှင့် သင်ရိုးသစ်တွင် အမုန်းစကားအခြေခံခွဲခြားဆက်ဆံမှုများကို အားပေးသည့် သင်ခန်းစာများမပါဝင်ရေး ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အမုန်းစကားနှင့် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း အမုန်းစကားဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသည့် ဒေါ်ဇာခြည်ဦးထံ The Voice Journal က မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ပြောဆိုသည်။

“ပညာရေးကနေပြီးတော့ ငြိမ်းချမ်းစွာ တူယှဉ်တွဲနေထိုင်တဲ့ စိတ်ဓာတ်ကို ရိုက်သွင်းလို့ ရတယ်။ အဲလိုလုပ်လိုက်ရင် ပြည်တွင်းမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်တွေကို တစ်ဖက်တစ်လမ်းကနေပြီးတော့ ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်အောင် တိုးမြှင့်ပေးနိုင်သလို ဖြစ်သွားလိမ့်မယ်”

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *