ကစားကြသည် ဆိုရာဝယ်၊ အရပ်ဘက် – စစ်ဘက်နှင့်ပတ်သက်သော ထပ်မံတင်ပြချက်

နိုင်ငံရေးပြဿနာ

ယခုတစ်လော မြန်မာ့နိုင်ငံရေး၏ ‘ဟော့ထ်’ အဖြစ်ဆုံး အကြောင်းအရာကို ပြောပါဆိုလျှင် ‘၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ’ ဟု ဆိုရမည်ထင်သည်။ ဤကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်တွင်း လွှတ်တော်ပ ပညာတတ်တွေ၊ ပညာရှင်တွေ ပြောကြဆိုကြသည့်အခါတိုင်း ဥပဒေရှုထောင့်က ချဉ်းကပ်ကြသည်က များသည်။ လမ်းပေါ်မှ နှစ်ဖက်ဆန္ဒပြပွဲများကို ကြည့်လိုက်လျှင်မူ သူတို့ရင်ထဲမှ နိုင်ငံရေးမကျေနပ်ချက်များကို တွေ့လိုက်ရသလိုဖြစ်သည်။ သို့အတွက်ကြောင့်ပင် စာရေးသူအနေနှင့် အခြေခံဥပဒေမှာ ဖော်ပြချက်အရ ‘ဥပဒေရေးရာ’ ဟု ဆိုရသည့်တိုင် အနှစ်သာရအားဖြင့် ‘နိုင်ငံရေးပြဿနာ’ ဟု ထင်သည်။

အားလုံးသိကြသည့်အတိုင်း ၂၀၀၈ အခြေခံဥပဒေကို ယခင် တပ်မတော်အစိုးရခေတ်က တပ်မတော်၏ စပွန်ဆာဖြင့် ရေးဆွဲအတည်ပြုခဲ့ခြင်းဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေက ဖန်တီးပေးနိုင်သည်မှာ ‘ပဲ့ကိုင်ဒီမိုကရေစီ’ (Guided Democracy) သာဖြစ်သည်။ ‘စစ်ဘက် လွှမ်းမိုးသော အပြောင်းအလဲ’ (Military Dominant Transition) ဟု ဆိုနိုင်သည်။ သို့နှင့်တိုင် ၂၀၀၈ အခြေခံဥပဒေကြောင့်ပင် တပ်မတော်အနေနှင့် အပြောင်းအလဲကို လက်ခံခဲ့ခြင်းဖြစ်သလို ဒီမိုကရက်တစ် အင်အားစုများအတွက်လည်း ဘက်ပေါင်းစုံပိတ်ဆို့ထားသော အခြေအနေမှ ‘ထွက်ပေါက်မဟာဗျူဟာ’ အဖြစ် ဖောက်ထွက်နိုင်ခဲ့ခြင်းဖြစ်သည်။ ပြောကြစတမ်းဆိုလျှင် ထိုစဉ်ကာလက ၂၀၀၈ ထက်ပို၍လည်း မျှော်လင့်နိုင်သည်တော့မဟုတ်ပါ။ သို့တစေ ၂၀၀၈ အခြေခံဥပဒေအရဆိုလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုသော်လည်းကောင်း၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကိုသော်လည်းကောင်း အောင်အောင်မြင်မြင် အဆုံးသတ်နိုင်ဖို့ အမှန်ပင်အခက်အခဲရှိပါသည်။ သို့အတွက် ၂၀၀၈ အခြေခံဥပဒေကို ညှိနှိုင်းပြင်ဆင်ကြရမည်ဖြစ်သည်။ ဤအကြောင်းကြောင့်ပင် ‘အခြေခံဥပဒေကိစ္စမှာ အနှစ်သာရအားဖြင့် နိုင်ငံရေးပြဿနာ’ ဟု ဆိုရခြင်းဖြစ်သည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ လက်နက်နှင့် စာရင်းရှင်းခဲ့ကြသည်မှာ မြန်မာ့အစဉ်အလာတစ်ခုလိုပင် ဖြစ်နေပါပြီ။ သို့တိုင် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တော်လှန်ရေး၏ ‘ခါးသည်း၊ နာကြည်း၊ နောင်ကြဉ်စရာများ’ နှင့် ရင်ဆိုင်ပြီးသောအခါ နိုင်ငံရေးနည်း (တစ်နည်း) ‘စေ့စပ်ညှိနှိုင်းအဖြေရှာခြင်း’ (Negotiation) ဘက် ဦးလှည့်လာခဲ့ကြသည်။ သည်တွင် စေ့စပ်ညှိနှိုင်းရင်းမှ ‘ထိပ်တိုက် ရင်ဆိုင်မှုများ’ (Confrontation) နှင့် မလွဲမရှောင်သာ ရင်ဆိုင်လာရပြန်သည်။

ဤအဆင့်တွင် နှစ်ဖက်သဘောထားကြီးစွာနှင့် ကျော်လွှားနိုင်မည်ဆိုလျှင်မူ ‘စေ့စပ်ညှိနှိုင်းဆွေးနွေးရေးစားပွဲ’ ပေါ်သို့ ပြန်ရောက်လာနိုင်ပါသည်။ ဤသို့မဟုတ်ဘဲ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ကြလျှင်တော့ လက်နက်ကိုင်တိုက်ပွဲထဲ ပြန်လည်လိမ့်ကျသွားနိုင်သည်။ ယခုရောက်ရှိနေသောအဆင့်မှာ အန္တရာယ်ကြီးလှသော ထိပ်တိုက်ရင်ဆိုင်ရေးအဆင့် ဖြစ်သည်။

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး

၂၀၀၈ အခြေခံဥပဒေ၏ အခြေခံမူတစ်ခုမှာ ‘အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး’ ဟု ထင်ပါသည်။ ဤနေရာတွင် အဆိုပါကိစ္စနှင့် ဆက်စပ်ပတ်သက်နေသော စာတစ်အုပ်ကို ကိုးကားလိုသည်။ လာရီဒိုင်းမွန်းနှင့် မက်ပလက်တနာတို့တည်းဖြတ်သော ‘အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနှင့် ဒီမိုကရေစီ’ (Civil-Military Relations and Democracy) ဆိုသော စာအုပ်ဖြစ်သည်။ ဤစာအုပ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ‘ဒီမိုကရေစီအပြောင်းအလဲ’ နှင့် ‘အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး’ ကို နိုင်ငံတကာအတွေ့အကြုံများနှင့် ယှဉ်တွဲဖော်ပြထားသည်။ မြန်မာနိုင်ငံအတွက် ဆက်စပ်စဉ်းစားစရာများပါလိမ့်မည်ထင်၍ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

၁။ တည်ငြိမ်သော ဒီမိုကရေစီသို့ သွားရာလမ်းတွင် ကျော်လွှားဖို့ အခက်အခဲဆုံး အတားအဆီးတစ်ခုမှာ ‘အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး’ ဖြစ်ပါသည်။ သို့တိုင် ဤအတားအဆီးမှာ ဘယ်လိုမှ ကျော်ဖြတ်လို့ မရနိုင်သော အခက်အခဲကား မဟုတ်ပါချေ။

၂။ စစ်ဘောင်ကျယ်လာခြင်းနှင့် စစ်ဘက်အာဏာသိမ်းမှုတို့မှာ နိုင်ငံရေးက တွန်းပို့လိုက်သော ဖြစ်စဉ်များပင်ဖြစ်သည်။ သို့နှင့်အမျှ စစ်ဘက်အပေါ် အရပ်ဘက်လွှမ်းမိုးမှု ပြန်လည်ရရှိအောင် ကြိုးပမ်းရသည့် ဖြစ်စဉ်တွင်လည်း နိုင်ငံရေးနည်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်သည်။

၃။ ဤသို့ နိုင်ငံရေးနည်းဖြင့် ကြိုးပမ်းရာတွင် ‘တဖြည်းဖြည်း အရှိန်မြှင့်တင်ရေး’ (Incrementalism) နည်းနာဖြင့် ကြိုးစားသည်က ပို၍ အကျိုးများဖွယ်ရှိသည်။

၎။ အရပ်ဘက်၏ စစ်ဘက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ အချိန်မတိုင်မီ စတင်ရန် ကြိုးပမ်းမှုများမှာ ဆန့်ကျင်ဘက်အကျိုးဆက်များ ပေါ်ထွက်လာနိုင်သည်။ (စစ်ဘက်လွှမ်းမိုးမှုများကို ကြာသင့်သည်ထက် ပိုကြာသွားနိုင်သည်။)

၅။ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်၏ အဆင့်တိုင်း၊ အချိန်တိုင်းတွင် အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်များအနေနှင့် ရင်းနှီးပေးဆပ်ရမှုများကို အတတ်နိုင်ဆုံး လျော့ပါးသက်သာအောင် ကြိုးပမ်းကြရမည်။ (ဒေါ်အောင်ဆန်းစုကြည် မကြာခဏ ပြောလေ့ရှိသော ‘လူထုသက်သာ စေမည့်နည်းလမ်း’ သဘောဖြစ်ပါလိမ့်မည်။)

၆။ အပြန်အလှန် အလျှော့ပေးစေ့စပ်ကြရမည့်ဖြစ်စဉ်မျိုး ပေါ်ထွက်လာစေရန် လိမ္မာပါးနပ်စွာ ဂရုဓမ္မထားပြီး ဆောင်ရွက်ဖို့လိုသည်။ ဤနေရာတွင် မည်သို့သော အပြောင်းအလဲမျိုးကို စစ်ဘက်က မည်ရွေ့မည်မျှအတိုင်းအတာထိ လက်ခံနိုင်လောက်သည်ကို ကြိုတင်တွက်ဆနိုင်ဖို့ အထူးအရေးကြီးပါသည်။

၇။ အရပ်ဘက်ခေါင်းဆောင်များအနေနှင့် တပ်မတော်၏ အဆင့်နေရာ၊ ဂုဏ်သိက္ခာနှင့် (တရားဝင်) ဝင်ငွေကို လက်ခံပေးဖို့ သဘောတူလျှင် အပြန်အလှန်ယုံကြည်မှုများ အားကောင်းလာနိုင်ပါသည်။

၈။ အရပ်သားနိုင်ငံရေးသမားများနှင့် နိုင်ငံရေးပါတီများ ချည့်နဲ့အားနည်းပြီး ကွဲပြဲနေသောအချိန်မျိုးတွင် စစ်ဘက်က နိုင်ငံရေးထဲသို့ နယ်ကျွံလာတတ်သည်။ အရပ်သားနိုင်ငံရေးပါတီများ၏ အကွဲအပြဲနှင့် အုပ်ချုပ်ရေးဆိုင်ရာ ရှုံးနိမ့်မှုများက မွေးထုတ်လိုက်သော အာဏာလေဟာနယ်ထဲသို့ စစ်ဘက်က ဝင်ရောက်လာခြင်းသာ ဖြစ်သည်။

၉။ တစ်ဦးချင်းဝင်ငွေဒေါ်လာ ၃,၀၀၀ အထက်ရှိသော နိုင်ငံများတွင် အာဏာသိမ်းဖို့ ကြိုးစားသည်များပင်မရှိပါ။ တစ်ဦးချင်းဝင်ငွေ ဒေါ်လာ ၁,၀၀၀ အထက်ရှိသော နိုင်ငံများတွင် အာဏာသိမ်းဖို့ ကြိုးစားသည်များ ရှိကောင်းရှိနိုင်သော်လည်း မအောင်မြင်သည်က များပါသည်။ အောင်မြင်သောအာဏာသိမ်းမှုများ ပေါ်ထွက်လာတတ်သည်မှာ တစ်ဦးချင်းဝင်ငွေဒေါ်လာ ၁,၀၀၀ အောက်ရှိသော နိုင်ငံများသာဖြစ်သည်။ သို့အတွက် အာဏာသိမ်းမှုကို အကောင်းဆုံးကာကွယ်နည်းမှာ ‘စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု’ ဟု ဆိုနိုင်ပါသည်။

တစ်ပြိုင်တည်းလား၊ လွယ်တာက အရင်စမလား

မြန်မာနိုင်ငံ၏ ပြည်ထောင်စုလွှတ်တော်တွင်ကား ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာပြင်ဆင်ရေး ဒီဘိတ်ကြီးမှာ တဖြည်းဖြည်း အရှိန်ပြင်း၍ ပြင်း၍ လာနေသည်။ ကြိုတင်ညှိနှိုင်းမှု အလျဉ်းမရှိဘဲ ‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ’ ဖွဲ့စည်းရန် အာဏာရ NLD ပါတီမှ ကြိုးပမ်းလာရာ တပ်မတော်သားအစုအဖွဲ့နှင့် USDP ပါတီက ကန့်ကွက်သည်။ ဤအချိန်မှာပင် USDP မှ ဦးဆောင်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက ပုဒ်မ ၂၆၁ ကို ပြင်ဆင်နိုင်ရန် သီးခြားတင်ပြသည်။ အဆိုပါ တင်ပြချက်ကိုပင် သီးခြားပြင်ဆင်ရန် မသင့်၍ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီလုပ်ငန်းစဉ်တွင် ထည့်သွင်းရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူးက တင်ပြလာရာ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များမှ မတ်တတ်ရပ်ကန့်ကွက်မှုတွေ လျှံကျလာတော့သည်။

ပူးပေါင်းကော်မတီအတွင်းရေးမှူး၏ အစီရင်ခံစာတွင် ယခုလို အကြောင်းပြထားသည်ကို တွေ့ရပါသည်။

၁။ အခြေခံဥပဒေပါ နိဒါန်းမှစ၍ နောက်ဆက်တွဲဇယားများအထိ ပြဋ္ဌာန်းချက်များမှာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်ဖြစ်ရာ ပုဒ်မတစ်ခုချင်းစီ ပြင်ဆင်ရန် သင့်မြတ်မှုမရှိကြောင်း …၊

၂။ ၂၁ ရာစုပင်လုံညီလာခံမှ အတည်ပြုပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အရ ‘နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမည်’ ဆိုသောအချက်နှင့် ကိုက်ညီမှုရှိစေရန် လိုကြောင်း …၊

၃။ သို့အတွက် ပုဒ်မတစ်ခုချင်းစီကို ပြင်ဆင်သည်ထက် ဆက်စပ်နေသော ပုဒ်မများကို တစ်ပြိုင်တည်းပြင်ဆင်သွားသင့်ကြောင်း … စသဖြင့် တင်ပြသွားပါသည်။

ဤတွင် စာရေးသူအနေနှင့် ဆိုခဲ့ပါအတွင်းရေးမှူးအစီရင်ခံစာနှင့် မတူသော နည်းနာတစ်ရပ်ကို ‘ဖျတ်’ ခနဲ တွေးမိပါသည်။ အဆိုပါနည်းနာကို တင်ပြခဲ့သူမှာ ယနေ့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ NLD ဥက္ကဋ္ဌကိုယ်တိုင်ဖြစ်သည်။

စာရေးသူ အမှတ်မမှားဘူးဆိုလျှင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်နှင့် ပဉ္စမအကြိမ်တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုလို …’အခြေခံဥပဒေကတော့ လွယ်တာက စပြင်ရမှာပဲ။ ခက်တာတွေကတော့ ဖြည်းဖြည်းချင်း ညှိနှိုင်းပြီးမှ ပြင်လို့ရမယ် …’ ဆိုသောစကားပင်။ အင်မတန်လက်တွေ့ကျပြီး ကောင်းကောင်းအလုပ်ဖြစ်နိုင်သော နည်းနာဟု စာရေးသူက ထင်ထားသည်။

‘ဗဟိုချက်’ နှင့် ကစားခြင်း

‘ဖွဲ့စည်းပုံအခြေခံဥပဒေပါ မည်သည့်ပုဒ်မမျိုးကို ပြင်ပြင်၊ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်၍ လွှတ်တော်အတွင်း အများဆုံးလွှမ်းမိုးထားသည့် NLD နှင့် တပ်မတော်တို့ ညှိညှိနှိုင်းနှိုင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ် …။’

ကောက်နုတ်ချက်

SNLD ပါတီမှ မိုင်းရှုးအမတ် ဦးစိုင်းထွန်းအေး၏ အကြံပြု တိုက်တွန်းချက်မှ

အစိုးရရော တပ်မတော်ပါ အလေးထားစဉ်းစားသင့်သည့် တိုက်တွန်းချက်ဟု ထင်ပါသည်။ သည်ပုံအတိုင်းဆိုလျှင် တပ်မတော်နှင့် USDP တင်ပြသည်ကို NLD က ကန့်ကွက်၊ NLD တင်ပြသည်ကို တစ်ဖက်မှ ကန့်ကွက်နှင့် နောက်ဆုံး ‘ဘာအဖြေမှမရ’ ဖြစ်သွားနိုင်စရာ ရှိသည်။ ‘ဒီပုံအတိုင်း မိုးကြီးချုပ်သွားလျှင် …’

ဤကိစ္စနှင့်ပတ်သက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားစပ်မိရာ ငယ်ပေါင်းသူငယ်ချင်းတစ်ယောက်က ယခုလို ပြောသည်။

“နိုင်ငံရေးဆိုတာ ကစားတာပဲ …။ ကစားပါစေ …၊ နိုင်ငံရေးလုပ်နေ တာပဲလေ …”

သူ့စကားကို စာရေးသူက အနုလုံ ပဋိလုံစဉ်းစားနေမိသည်။

‘ကစားတော့ ကစားကြတာပင်’၊ သို့သော် မတူဟုထင်သည်။ ရွေးကောက်ပွဲ မဲဆွယ်နိုင်ငံရေးဆိုလျှင်တော့ တစ်မျိုး။ အနိုင်-အရှုံးရှိနိုင်သည်။

‘အကြွင်း သုညဂိမ်း’ (Zero-Sum Game) သဘောမျိုးဖြစ်သည်။ ကိစ္စမရှိ …။ သို့တစေ … အခြေခံဥပဒေနှင့်ဆိုင်သော (ထိုထက်ပို၍ ဆိုရလျှင်) အခြေခံဥပဒေ၏ ‘ဗဟိုချက်’ (Hub) နေရာတွင်ရှိနေသော ‘အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးပြဿနာ’ မှာ ဤလို ‘ဂိမ်း’ မျိုးမဟုတ်။ ဖြစ်လည်း မဖြစ်သင့် …။ အစိုးရ (NLD) ရော၊ တပ်မတော်ပါ ဘယ်သူမှ ရှုံးလို့မဖြစ်။ နှစ်ဖက်လုံးနိုင်မှဖြစ်မည်။ ဒါမှလည်း တစ်တိုင်းပြည်လုံး အကျိုးများလိမ့်မည်။ ‘အကြွင်းသုညမဟုတ် ဂိမ်း’ (Nonzero-sum Game) ဖြစ်သည်။ မတူဟု ထင်သည်။ 

ကျော်ဝင်း
၁၂ မတ်လ၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *