ကျောင်းတော်က အကျိတ်အခဲနှင့် ဘီလီယံ ၅၀

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရန်ကုန်အများပြည်သူသယ်ယူပို့ဆောင်ရေး YBS စနစ်တွင် ပါဝင်ခဲ့ကြသည့် ဘတ်စ်ကားကုမ္ပဏီများသည် ယခုအခါ ဧရာဝတီဘဏ်၏ အကြွေးတောင်းမှုနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကပင် ဧရာဝတီဘဏ်က YBS ကုမ္ပဏီများကို တရားစွဲတော့မည်ဟူသော သတင်းများသည် သတင်းထောက်အသိုင်းအဝိုင်းကြားတွင် ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။

မတ်လ ၇ ရက်တွင် ‘ဟစ်တိုင်-အွန်လိုင်းသတင်းဌာန’ ဟု အမည်တပ်ထားသော Facebook Account မှ ‘ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း တာဝန်ခံချေးထားသော ဧရာဝတီဘဏ်မှချေးငွေ ဘီလီယံ ၅၀၊ ဦးကျော်နေဝင်းတို့မှ ပြန်မဆပ်လို့ တရားစွဲတော့မည်’ ခေါင်းစဉ်ဖြင့် အစည်းအဝေးဓာတ်ပုံ နှစ်ပုံနှင့်အတူ စာရွက်ငါးရွက်ကို ဖော်ပြခဲ့သည်။

အဆိုပါကိစ္စရပ်များကို ဖော်ပြခဲ့သည့်ဟစ်တိုင်သည် အွန်လိုင်းသတင်းဌာနဟု အမည်တပ်ထားသော်လည်း အခြားသော တရားဝင်ရပ်တည်လျက်ရှိသည့် မီဒီယာများမှ ဖော်ပြသောသတင်းများကို ရံဖန်ရံခါ ကူးယူဖော်ပြလျက်ရှိသည့် Facebook Account တစ်ခုဖြစ်သည်။

ဟစ်တိုင်တွင်ဖော်ပြခဲ့သည့် ဓာတ်ပုံနှစ်ပုံမှာ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီထံသို့ ဧရာဝတီဘဏ်တာဝန်ရှိသူများ သွားရောက်တွေ့ဆုံသည့်ပုံနှင့် ဤဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည့် Omni Focus ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်နေဝင်း သွားရောက်တွေ့ဆုံနေသည့်ပုံဖြစ်သည်။

စာရွက်ငါးရွက်အနက် YRTA လက်အောက်ရှိ YBS ကုမ္ပဏီသုံးခုသည် ချေးငွေအရင်းအတိုးပြန်ဆပ်ရန် ပျက်ကွက်သောကြောင့် ဥပဒေအရအရေးယူပေးရန် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်ထံ ဧရာဝတီဘဏ်က အကြောင်းကြားသည့်စာရွက်နှစ်ရွက်မှာ အဓိကဖြစ်သည်။

ကျန်ရှိသည့် သုံးရွက်မှာ ရည်ညွှန်း ချက် (၁)၊ (၂)နှင့် ပူးတွဲ(၁) တို့ဖြစ်သည်။

ရည်ညွှန်းချက်(၁) မှာ YRTA က ကျပ် ၁၀ ဘီလီယံ ချေးယူလိုကြောင်း ဧရာဝတီဘဏ်ထံပေးပို့သည့်စာ၊ ရည်ညွှန်းချက် (၂) မှာ ယာဉ်ဟောင်းများ ယာဉ်သစ်လဲမည့်ကိစ္စအတွက် လိုအပ်သည့် ချေးငွေကို ဧရာဝတီဘဏ်က Lead Aranger အဖြစ် ဆောက်ရွက်မည့်အကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့က ဗဟိုဘဏ်ထံ အကြောင်းကြားစာနှင့် ပူးတွဲ (၁) မှာ အရစ်ကျပေးသွင်းငွေ ပျက်ကွက်မှုကြောင့် ဧရာဝတီဘဏ်က Omni Focus ထံသို့ သတိပေးစာ (Bank Notice) တို့ဖြစ်သည်။

အဆိုပါစာရွက်စာတမ်းများမှာ စာရွက်အစစ်အမှန်များဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျက အတည်ပြုသည်။ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူးလည်းဖြစ်ပြီး ကော်မတီနှင့် ဧရာဝတီဘဏ်၊ Bank Notice တာဝန်ရှိသူတို့နှင့် တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူလည်းဖြစ်သည်။

ဤကုမ္ပဏီဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီးဟောင်းနေဝင်း၏ မြေးဖြစ်သူ ဦးကျော်နေဝင်း ဖြစ်သည်။ ဧရာဝတီဘဏ်မှာမူ တပ်မတော်အစိုးရလက်ထက်တစ်လျှောက်လုံး ဝေဖန်ခံခဲ့ရသည့် နာမည်ကျော် မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်၏ ဘဏ်ဖြစ်သည်။

ဆိုရလျှင် ဤကိစ္စသည် သာမန်စီးပွားရေးလုပ်ငန်းရှင်နှစ်ဦး၏ ပြဿနာမဟုတ်ပေ။ နှစ်ဦးလုံးသည် အင်အားကြီးသော စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး နိုင်ငံအရေးအဆက်အသွယ်နှင့် စီးပွားရေး အဆက်အသွယ်များလည်း လက်တံ ရှည်သူများဖြစ်ရာ ပြည်သူများအကြား စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့သည်။

တရားတဘောင်နှင့် ရှင်း

ဤပြဿနာများ၏ အစသည် YBS စနစ်အကောင်အထည်ဖော်ရာတွင် အခြေတည်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ YBS စနစ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း စတင်အကောင်အထည်ဖော်ခဲ့သည်မှာ ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်ဆိုပါက နှစ်နှစ်၊ နှစ်လ ပြည့်သွားပြီဖြစ်သည်။ YBS စနစ်သည် ယာဉ်ဟောင်းများကို ယာဉ်သစ်များဖြင့် အစားထိုး၍ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုဖြင့် ရန်ကုန်ပြည်သူများကို သွားလာမှု လွယ်ကူရန် ရည်သန်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း YBS စနစ်ကို အကောင်အထည်ဖော်ရန်အတွက် ငွေကြေးလိုအပ်သည်။ အထူးသဖြင့် ယာဉ်ဟောင်းများကို ယာဉ်သစ်များဖြင့် အစားထိုးနိုင်ရေးသည် ငွေလိုသည်။

ထို့ကြောင့်ပင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် လိုအပ်သည့် ဘဏ္ဍာငွေ ကျပ် ၁၀ ဘီလီယံကို ချေးယူလိုကြောင်း ဧရာဝတီဘဏ်ထံသို့ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လ ၂၄ ရက်တွင် စာပေးပို့ခဲ့သည်။ ယင်း စာသည် အွန်လိုင်းတွင်ပျံ့နှံ့နေသည့် စာရွက်ဖြစ်သည်။

၂၀၁၆ ၂၀၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ၎င်း၏ထည့်ဝင်ငွေ ကျပ် ဘီလီယံ ၇၀ နှင့် ဧရာဝတီဘဏ်ထံမှ ချေးငွေ ကျပ် ၈ ဘီလီယံတို့ဖြင့် ယာဉ်သစ်အစင်းရေ ၁၀၀၀ ဝယ်ယူထားကြောင်း တရားဝင်ဖော်ပြထားသည်။ အဆိုပါယာဉ်များကို YUPT နှင့် YBPC ကုမ္ပဏီတို့တွင် ထည့်သွင်းပြေးဆွဲလျက် ရှိသည်။

Omin Focus သည်လည်း ယာဉ်သစ်အစင်းရေ ၅၀၀ ဝယ်ယူရန်အတွက် ဧရာဝတီဘဏ်ထံမှ ချေးငွေရယူခဲ့သည်။ ချေးငွေပမာဏမှာ ကျပ် ဘီလီယံ ၅၀ ဟု Omin Focus ကုမ္ပဏီဥက္ကဋ္ဌ ဦးကျော်နေဝင်းက The Voice Journal သို့ အတည်ပြုသည်။

ထိုနောက် အွန်လိုင်းပေါ်တွင် ပျံ့နှံနေသည့်စာများအရ Omin Focus ကုမ္ပဏီသည် ၂၀၁၇ နိုဝင်ဘာလမှ ၂၀၁၈ နိုဝင်ဘာလအထိ အတိုးအရင်းပေးရန် ပျက်ကွက်လျက်ရှိသောကြောင့် YRTA ဥက္ကဋ္ဌ ဝန်ကြီးဒေါ်နီလာကျော်ထံ အကြောင်းကြားခဲ့သည်။

ထို့ပြင် အတိုးအရင်းမဆပ်သည့် ကုမ္ပဏီများကို တရားစွဲမည်ဖြစ်ကြောင်း ဧရာဝတီဘဏ်က မတ် ၇ ရက်တွင် ကြေညာခဲ့သည်။

Omin Focus ကုမ္ပဏီကမူ ၎င်းတို့ကုမ္ပဏီသည် အတိုး၊ အရင်း ပြန်ဆပ်သည့်ကာလများလည်း ရှိခဲ့သည်ဟု ဆိုသည်။ ဧရာဝတီဘဏ်မှ ဝန်ကြီးဒေါ်နီလာကျော်ထံသို့ပေးပို့သောစာတွင် Omin Focus ကုမ္ပဏီ၏ ပြန်ဆပ်ငွေ နှစ်ဘီလီယံ နီးပါးရှိကြောင်း ဖော်ပြထားသည်။

ဦးကျော်နေဝင်းကမူ ဧရာဝတီဘဏ်ချေးငွေများကို ပြန်ဆပ်မည်ဟု ဆိုသည်။ ယင်းသို့ပြန်ဆပ်မည့် အကြောင်းကိုလည်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်တွင် ဧရာဝတီဘဏ် Law Firm သို့ အကြောင်းကြားပြီးဖြစ်ကြောင်း ဆိုသည်။ ထို့ပြင် Omin Focus ကုမ္ပဏီသည် ချေးငွေများကို ပြန်ဆပ်ရန်အတွက် ဘဏ္ဍာရေးအရ လုပ်ငန်းရှေ့အလားအလာ ကောင်းလျက်ရှိသည်ဟု ဦးကျော်နေဝင်း ကဆိုသည်။

ထို့ပြင် တရားစွဲပါကလည်း တရားရုံးတွင် အထက်ပါအတိုင်းပင် ထွက်ဆိုမည်ဟုလည်း ယခုကဲ့သို့ရှင်းပြသည်။

“တရားရုံးသွားလို့ရှိရင် အဖြေကလည်း ဒီအတိုင်းပဲထွက်မှာပဲ။ အစ်ကိုတို့ကို ပိုက်ဆံချေးထားလားမေးရင် မှန်တယ် ချေးထားတယ်။ ပိုက်ဆံပြန်ပေးမလားမေးရင် ပြန်ပေးမယ်။ ဘယ်အချိန်ပြန်ပေးမလဲမေးရင် တရားရုံးရောက်ရင် တရားရုံးကဆုံးဖြတ်ချက်ကို လက်ခံမယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်လိုပေးမလဲဆိုတဲ့ပုံစံကိုပြောမယ်။ အဲဒီအချိန်ကျရင်တော့ စောဒကတက်လို့မရဘူး။ ဒါပေမဲ့ ရလဒ်တွေက ပြောင်းပြန်ဖြစ်လာရင်တော့ အဲဒါသူတို့ကိစ္စ။ အစ်ကိုတို့နဲ့မဆိုင်ဘူး”

ကျောင်းတော်က အကျိတ်အခဲ

ဤဖြစ်စဉ်နောက်တွင် ဘဏ်ချေးငွေအတွက် အပြန်အလှန်ဝိရောဓိဖြစ်ကြသည်သာမက စီးပွားရေးလုပ်ငန်းလုပ်ကိုင်ကြရင်းမှ ငြိကြစွန်းကြသည့် ကိစ္စများလည်းရှိသည်။

ဦးဇော်ဇော်သည်လည်း ၎င်း၏ လူထုမိတ်ဆွေ YBS ကုမ္ပဏီအတွက် ယာဉ်အစီးရေ ၅၀၀ ဝယ်ယူသည်။ ဦးကျော်နေဝင်းကလည်း ၎င်း၏ Omin Focus ကုမ္ပဏီအတွက် အစီးရေ ၅၀၀ ဝယ်ယူသည်။ ၎င်းတို့နှစ်ဦးလုံး ဝယ်ယူသည့် ကားများမှာ Foton အမျိုးအစား ဘတ်စ်ကားဖြစ်သည်။

ထို့ကြောင့် အတူတကွဝယ်ယူရန်အတွက် ၎င်းတို့နှစ်ဦးအကြား စာချုပ်ချုပ်ခဲ့ကြသည်။ ယင်းသည် ပထမစာချုပ်ဖြစ်သည်။ စာချုပ်ချုပ်ပြီးနောက် ဦးဇော်ဇော် က နှစ်ဖက်သဘောတူစာချုပ်ကို တစ်ဖက်သတ် ဖျက်သိမ်းခဲ့သည်ဟု ဦးကျော်နေဝင်းက စွပ်စွဲပြောကြားသည်။ စာချုပ်ဖျက်ပြီးနောက်တွင် ဦးဇော်ဇော်သည် စရန်ငွေအဖြစ် ပေးထားခဲ့သည့် အမေရိကန်ဒေါ်လာခြောက်သန်းကို ပြန်လည်တောင်းယူသွားခဲ့သည်ဟု ဦးကျော်နေဝင်းကဆိုသည်။

“သူ့(ဦးဇော်ဇော်) အပေါ်မှာ အစ်ကို စေတနာထားခဲ့တယ်။ သူလည်း စီးပွားရေးသမားပဲ။ ငါလည်းသူ့အပေါ်မှာ ကူညီရမယ့်တာဝန်ရှိတယ်ဆိုပြီး သူပြောတဲ့ စကားတစ်ခွန်းနဲ့…” ဟု ၎င်းကဆိုသည်။

“အစ်ကိုကြိုက်တာလုပ်။ ကျွန်တော် လူလိမ်မဟုတ်ဘူးဆိုပြီး အဲဒီခြောက်သန်း အစ်ကိုပြန်ပေးခဲ့တာ” ဟု ဦးကျော်နေဝင်း က ဆက်လက်ပြောကြားသည်။

ထိုနောက်တွင် ဦးဇော်ဇော်နှင့် ဦးကျော်နေဝင်းတို့သည် ဒုတိယစာချုပ်ကို ပြန်လည်ချုပ်ဆိုကြသည်။

ပထမစာချုပ်ဖျက်သိမ်းသည့်အချိန်တွင် Fonton ကုမ္ပဏီထံသို့ ယာဉ်များကို မှာယူပြီးဖြစ်သောကြောင့် ငွေများကို စိုက်ပေးခဲ့ရသည်ဟု ဦးကျော်နေဝင်းက ဆိုသည်။ လက်ရှိအချိန်ထိလည်း ဦးဇော်ဇော်သည် ၎င်း၏ လူထုမိတ်ဆွေကုမ္ပဏီ အတွက် ဝယ်ယူထားသည့် Fonton ယာဉ်အစီးရေ ၅၀၀ အတွက် ငွေအပြည့်မပေးသေးကြောင်း ဦးကျော်နေဝင်းက ရှင်းပြသည်။

ဦးကျော်နေဝင်းကမူ ပထမစာချုပ်ကို တစ်ဖက်သတ်ဖျက်သိမ်းခံရခြင်းသည် ၎င်းအတွက် များစွာနစ်နာကြောင်း ယူဆလျက်ရှိသည်။

အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိသော စာရွက်ငါးရွက်တွင် ဧရာဝတီဘဏ်ထံမှ Omin Focus ကုမ္ပဏီ ချေးယူထားသော ငွေစာရင်းအတိအကျကိုဖော်ပြထားပြီး ယင်းသို့ သတင်းထွက်လာမှုကြောင့် ယခင်ကဖြစ်ပေါ်ခဲ့သည့် ၎င်းနစ်နာသည်ဟု ယူဆသည့် အထက်ပါကိစ္စများကို ဦးကျော်နေဝင်းက The Voice Journal ထံ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

အကျိတ်အခဲများသည် ဤမျှနှင့် မပြီးချေ။

YBS ကုမ္ပဏီများသည် ချေးငွေ ပြန်မဆပ်မှုကြောင့် ဧရာဝတီဘဏ်က တရားစွဲမည်ဟု ထုတ်ပြန်ချက်ထုတ်၍ ကြေညာသကဲ့သို့ပင် ဧရာဝတီဘဏ်၏ လုပ်ထုံးလုပ်နည်းနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသောကြောင့် တရားစွဲမည်ဟု ဦးကျော် နေဝင်းကလည်း မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။

ဧရာဝတီဘဏ်၏ မည်သည့်လုပ်ထုံးလုပ်နည်းကို ဦးကျော်နေဝင်း မကျေနပ်ပါသနည်း။

လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ဖြစ်သည်။ ထိုအချိန်တွင် ဦးကျော်နေဝင်းနှင့် ဦးဇော်ဇော်တို့သည် ဧရာဝတီဘဏ်တွင် ပူးတွဲဘဏ်အကောင့်တစ်ခု ဖွင့်လှစ်ခဲ့သည်။ ဦးကျော်နေဝင်း၏ Omin Focus ကုမ္ပဏီယာဉ်လိုင်းမှ ရရှိသောငွေများကို အဆိုပါဘဏ်အကောင့်တွင် ထည့်သွင်းရန်ဖြစ်သည်။

ထိုဘဏ်အကောင့်ထဲသို့ အခြားသော YBS ကုမ္ပဏီတစ်ခု၏ ငွေများ မှားယွင်းဝင်ရောက်လာခဲ့သည်။ ထို့သို့ ဝင်ရောက်လာမှုကို ဦးကျော်နေဝင်းက နှစ်ပတ်ခန့်ကြာမှ သိရှိခဲ့ရသည်။ ထိုအချိန်တွင် ဧရာဝတီဘဏ်သည် အဆိုပါငွေများကို ပြန်လည်ထုတ်ယူသွားပြီဖြစ်သည်။ ဦးကျော်နေဝင်းက ယင်းကိစ္စကို နောက်မှသိရှိခဲ့ရသည်ဟု The Voice Journal သို့ ဖွင့်ဟသည်။

ယင်းကိစ္စကို ဦးကျော်နေဝင်းက YRTA အစည်းအဝေးတစ်ခုတွင် တင်ပြခဲ့သကဲ့သို့ ဘဏ်သို့လည်း တရားဝင်အကြောင်းကြားခဲ့သည်ဟုဆိုသည်။ သို့သော်လည်း ဧရာဝတီဘဏ်က တာဝန်ယူဖြေရှင်းခဲ့ခြင်းမရှိဟု ဦးကျော်နေဝင်းကဆိုသည်။ ယခုအခါ ဦးကျော်နေဝင်းက ဧရာဝတီဘဏ်၏ အဆိုပါလုပ်ရပ်သည် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်ညီပါ၏လောဟု မေးခွန်းထုတ်လိုက်ပြီဖြစ်သည်။ လိုအပ်ပါက တရားစွဲမည်ဟုလည်း ဆိုသည်။

“ငွေ Amount က မများဘူးဆိုတာသိရတယ်။ သိန်းဂဏန်းလေးလောက်ပဲရှိတယ်။ သူတို့ရဲ့ ဧရာဝတီဘဏ် အပြောပေါ့။ ကိုကျော်နေဝင်းက သံသယဝင်တယ်။ ဒီလောက်မကနိုင်ဘူးပေါ့။ ဘာကြောင့် ဘယ်လိုဖြစ်တာလဲဆိုတာကို သူကို တစ်ကျပ်ပဲဖြစ်ဖြစ်၊ တစ်ဆယ်ပဲဖြစ်ဖြစ် ဘဏ်လုပ်ထုံးလုပ်နည်းနဲ့ ငွေ Amount တစ်ခုက အဲဒီလိုဝင်ပြီး ပြန်မထုတ်ရဘူးဆိုတဲ့ဟာကတော့ စည်းမျဉ်းစည်းကမ်း ရှိတယ်ဆိုပြီး ကိုကျော်နေဝင်းက ထောက်ပြထားတာ။ အဲဒီဟာကို မကျေမနပ်ဖြစ်နေတာ” ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက The Voice Journal သို့ ပြောကြားသည်။

“ဧရာဝတီဘဏ်က အန်ကယ်တို့ကို ပွင့်ပွင့်လင်းလင်းမပြောဘူး။ မပြောတဲ့အတွက် အန်ကယ်တို့ကလည်း ကိုကျော်နေဝင်းပြောတာကို အန်ကယ်တို့ပြန်ပြောလိုက်တဲ့အခါကျတော့ (ဧရာဝတီဘဏ်က) မှန်တယ်။ သူတို့မှားပြီး သွင်းမိ လိုက်တယ်။ ဒါရိုးရိုးသားသားမှားယွင်းခြင်းဖြစ်တယ်လို့ သူတို့(ဧရာဝတီဘဏ်) အနေနဲ့ အန်ကယ်တို့ကို ပြန်ဖြေရှင်းတယ်” ဟု ဦးကျော်ဇေယျက ဆက်လက် ရှင်းပြသည်။

ဤကိစ္စတွင် နှစ်ဖက်စလုံး၌ တာဝန်ရှိသည်ဟု ဗဟိုဘဏ်အငြိမ်းစား ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကဆိုသည်။ ဘဏ်အကောင့်ပိုင်ရှင်သည် ၎င်း၏ငွေကြေးမဟုတ်သည်နှင့် သိလျှင်သိခြင်း ဘဏ်ထံအကြောင်းကြားရန် လိုအပ်သကဲ့သို့ ဘဏ်ကလည်း အဆိုပါငွေကြေးကို ဘဏ်အကောင့်ပိုင်ရှင်မသိဘဲ ထုတ်ယူခွင့်မရှိဟု ၎င်းကထောက်ပြသည်။

“အရေးကြီးဆုံးကတော့ တာဝန်သိဖို့ပါ။ ငါ့ပိုက်ဆံမဟုတ်ဘူးဆိုတာ ကိုယ်စဉ်းစားရမှာပေါ့။ ဘဏ်ကလည်း အကောင့်တစ်ခုထဲဝင်သွားရင် Customer ကို အသိပေးရမယ်။ မှားသွားတယ်။ သုံးမိရင်လည်း ပြန်ဆက်ပြီး ညှိနှိုင်းဖို့လိုတယ် နှစ်ဖက်ပြောတာပါ” ဟု ၎င်းကဆိုသည်။

ပုတ်သင်ဥပေါ်လာခြင်း

Omin Focus ကုမ္ပဏီသည် ဧရာဝတီဘဏ်ထံမှ ချေးငွေကျပ်ဘီလီယံ ၅၀ ကို ချေးယူခဲ့သည်။ ချေးငွေအတွက် Deposit ငွေ အမေရိကန်ဒေါ်လာ လေးသန်းနှင့်ညီမျှသော မြန်မာငွေ (ကျပ်ခြောက် ဘီလီယံနီးပါး) အပ်နှံထားခဲ့သည်။
အခြားသော အာမခံအဖြစ် မည်သည့်ပစ္စည်းမှ ထားရှိခြင်းမရှိခဲ့ချေ။

ထို့ပြင် ငွေစတင်ချေးစဉ်ကမူ Omin Focus ကုမ္ပဏီသည် လုပ်ငန်းစတင် ထူထောင်စဖြစ်သည်။ လုပ်ငန်းတစ်ခု စတင်သည့် ကုမ္ပဏီတစ်ခုအတွက် ဤမျှများပြားသည့် ကျပ်ဘီလီယံ ၅၀ ကိုထုတ်ချေးသည်မှာလည်း စဉ်းစားဖွယ်ဖြစ်သည်။

ဦးကျော်နေဝင်းကမူ ၎င်းတို့ Omin Focus ကုမ္ပဏီသည် ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီချေးယူခဲ့သည်ဟု ဆိုသည်။ ဘဏ်ကတောင်းခံသော စာရွက်စာတမ်းနှင့် အထောက်အထားများကို တင်ပြခဲ့ရသည်ဟု ၎င်းကဆိုသည်။ ထို့ပြင် Omin Focus ကုမ္ပဏီ၏ Business Plan ကိုလည်းတင်ပြခဲ့ရသည်။

Omin Focus ကုမ္ပဏီ၏ Business Plan ကို အလားအလာရှိသည်ဟု ဧရာဝတီဘဏ်ဘက်က လက်ခံသောကြောင့် ငွေထုတ်ချေးခဲ့ခြင်းဖြစ်ပြီး ဘယ့်အတွက်ငွေချေးသည်ဆိုသည်ကိုမူ ဧရာဝတီဘဏ်သို့သာ မေးမြန်းရန် ဦးကျော်နေဝင်းကဆိုသည်။

ဧရာဝတီဘဏ်၏ တရားဝင်ထုတ်ပြန်ချက်တွင်မူ YBS ကုမ္ပဏီများကို ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီသာ ငွေထုတ်ချေးထားသည်ဟု ဆိုထားသည်။

သို့သော်လည်း SMEs လုပ်ငန်းတစ်ခု ကျပ်သိန်း ၂၀၀ ရရှိရေး အပြင်းအထန်ကြိုးစား၍ ပုဂ္ဂလိကဘဏ်ထံမှ ငွေချေးနေရချိန်တွင် ဤကဲ့သို့ ကျပ်ဘီလီယံ ၅၀ ကို ပုဂ္ဂလိကဘဏ်ကြီးတစ်ခုက အာမခံမယူဘဲ ထုတ်ချေးသည်မှာလည်း မေးခွန်း ထုတ်ဖွယ်ရာဖြစ်သည်။

ပုဂ္ဂလိကဘဏ်ရပ်ဝန်းတွင် ဤမျှကြီးမားသော ပမာဏကို အာမခံမယူဘဲ ချေးပေးသည်ကို ဘဏ်လုပ်ငန်းလုပ်သက် ၁၅ နှစ်ကျော်ခန့်ရှိသည့် အမည်မဖော်လိုသည့် မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ မှတ်ချက်ပြုသည်။

“ဒါမျိုးတစ်ခါမှ မကြားဖူးဘူး”

ဘဏ်များသည် အာမခံပစ္စည်းယူ၍လည်းကောင်း၊ Customer နှင့် ဘဏ်အကြား ယုံကြည်မှုမြင့်မားခြင်းကြောင့်လည်းကောင်း ငွေထုတ်ချေးကြသော်လည်း ကျပ် ဘီလီယံ ၅၀ ကို အာမခံပစ္စည်းမယူဘဲ ချေးယူခြင်းမျိုး ဘဏ်လောကတွင် မရှိခဲ့ကြောင်း အဆိုပါပုဂ္ဂိုလ်က ရှင်းပြသည်။

ဤနေရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ အာမခံဖြင့်သာ ယခုကဲ့သို့ များပြားသောငွေကို ရယူခြင်း ဖြစ်နိုင်သည်ဟု ထောက်ပြမှုများရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း အစိုးရသည် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ချေးငွေရရှိရေးအတွက် အာမခံပေးခြင်းမျိုးကို လုပ်ခွင့်မရှိကြောင်း ဗဟိုဘဏ်အငြိမ်းစား ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ထောက်ပြသည်။

အစိုးရသည် ပုဂ္ဂလိကလုပ်ငန်းများအတွက် အာမခံပေးခွင့်မရှိဘဲ နိုင်ငံတော်က လုပ်ဆောင်မည့် စီမံကိန်းများအတွက် ငွေချေးရာတွင် အာမခံခွင့်ရှိသည်ဟု ၎င်းကရှင်းပြသည်။

“ပုဂ္ဂလိကလုပ်ငန်းဖြစ်လို့ရှိရင် နိုင်ငံတော်က အာမမခံရဘူး။ ရှင်းရှင်းလေးပဲ။ အစိုးရလုပ်ငန်းဆိုရင်တော့ အာမခံပေါ့။ ဟံသာဝတီပရောဂျက်လုပ်တယ်။ ဒါအစိုးရပိုင်တဲ့အပြည်ပြည်ဆိုင်ရာလေဆိပ်မို့ အစိုးရအနေနဲ့ အာမခံတာ ရတယ်။ အစိုးရက စက်ရုံအလုပ်ရုံ လုပ်တယ်။ အစိုးရအာမခံပေးလို့ရတယ်၊ ဗဟိုဘဏ်အာမခံပေးလို့ရတယ်” ဟု ဦးသန်းလွင်ကဆိုသည်။

ဘဏ်များသည် ယေဘုယျအားဖြင့် ပြည်သူများ၏ စုဆောင်းအပ်နှံငွေကို ပြန်လည်ထုတ်ချေးသည့် သဘောလည်း ရှိပေသည်။ ဆိုလိုသည်မှာ ဘဏ်များက အကြွေးပြန်မရခြင်းသည် ယင်းဘဏ်တွင် အပ်နှံထားသည့် ပြည်သူ့ဘဏ္ဍာငွေအတွက် စိုးရိမ်စရာများဖြစ်ပေါ်လာနိုင်ပေသည်။

“ဒါကပြည်သူ့ပိုက်ဆံ။ ဘဏ်ရဲ့ အရေးကြီးဆုံးတာဝန်က ဘာလဲသိလား။ ပြည်သူလူထုယုံကြည်အပ်နှံထားတဲ့ ပိုက်ဆံကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမှာက ဘဏ်ရဲ့တာဝန်။ ဒါကိုယ့်ပိုက်ဆံ မဟုတ်ဘူး။ ဟုတ်တယ် မဟုတ်လား” ဟု ဦးသန်းလွင်က ဘဏ်လုပ်ငန်းများ၏ သဘောသဘာဝကို ရှင်းပြသည်။

သို့သော်လည်း ဧရာဝတီဘဏ်ကမူ လက်ရှိချေးငွေသည် ဧရာဝတီဘဏ်စုစု ပေါင်းပိုင်ဆိုင်မှု၏ ၁ ရာခိုင်နှုန်းသာရှိရာ စိုးရိမ်ရန်မလိုကြောင်း ထုတ်ပြန်ကြေညာထားသည်။ ဘီလီယံ ၅၀ ချေးငွေကိစ္စအတွက် ဧရာဝတီဘဏ် ပြန်ကြားရေးထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ မေးလိုသည်များကို အီးမေးလ်ဖြင့် ပေးပို့ရမည်ဆိုသဖြင့် မတ်လ ၁၂ ရက်တွင် မေးခွန်းရှစ်ခုကို အီးမေးလ်ပို့ခဲ့သော်လည်း ယခုဆောင်းပါးအပြီးသတ်ချိန် မတ်လ ၁၄ ရက် ည ၁၀ နာရီအထိ အကြောင်းပြန်ခြင်းမရှိခဲ့ချေ။

နောက်ထပ်စဉ်းစားဖွယ်တစ်ချက်မှာ Omni Focus ဟု အလွယ်ခေါ်ကြသည့် ကုမ္ပဏီ၏ အမည်အပြည့်အစုံမှာ Omni Focus General Services Public Company Limited ဟူ၍ဖြစ်သည်။ ဧရာဝတီဘဏ်သည် ဦးကျော်နေဝင်းကို ငွေချေးခြင်းမဟုတ်။ Omni Focus ကို ငွေထုတ်ချေးခြင်းဖြစ်သည်။ Omni Focus သည် Company Limited ဟု ဆိုထားရာ ပေးရန်ရှိသည်များ (Liabilities) ကို အကန့်အသတ်ဖြင့်သာ ပေးချေမည်ဖြစ်သည်။

ဥပမာဆိုရလျှင် ကုမ္ပဏီ (Co., Ltd.) တစ်ခုသည် အကြွေးပြန်မဆပ်နိုင်လျှင် ဒေဝါလီခံရမည်။ ထိုသို့ ဒေဝါလီခံပြီးနောက်တွင် ပေးရန်တာဝန်ရှိသည့်အတိုင်း ပြန်လည်ပေးဆပ်မည်။ ပေးရန်တာဝန်ကို သိန်းပေါင်းနှစ်သိန်းထားမည် ဆိုပါက ဘီလီယံ ၂၀ ထက်ပိုသော မည်သည့်အကြွေးကိုမှ ပေးရန်တာဝန်မရှိပေ။ မြန်မာနိုင်ငံတွင် ကျပ်သိန်းပေါင်းနှစ်သိန်း ထားရှိသောကုမ္ပဏီ (Co., Ltd.) မှာ အရေအတွက်အားဖြင့် လွန်စွာနည်းပေလိမ့်မည်။

Omni Focus ကဲ့သို့ သက်တမ်းနှစ်အနည်းငယ်သာရှိသည့် လုပ်ငန်းအတွက်မူ ပို၍ စဉ်းစားဖွယ်ဖြစ်သည်။

တစ်နည်းအားဖြင့်လျှင် Omni Focus ၏ ပြန်လည်ပေးဆပ်ရန်တာဝန် (Liabilities) မှာ ဦးကျော်နေဝင်း၏ ပြန်လည်ပေးဆပ်ရန်တာဝန် (Liabilities)မဟုတ်ပေ။ ဆိုလိုသည်မှာ ဦးကျော်နေဝင်း၏ ပိုင်ဆိုင်မှုများအားလုံးသည် Omni Focus ပိုင်မဟုတ်သောကြောင့် ဘဏ်က အကြွေးပြန်တောင်းမှုသည် Omni Focus ကုမ္ပဏီ ပြန်လည်ပေးဆပ်ရန်တာဝန်ထက် ကျော်လွန်နေပါက ဦးကျော်နေဝင်းနှင့်သက်ဆိုင်ခြင်းမရှိသည့် သဘောပင်။

သို့သော်လည်း ဦးကျော်နေဝင်းကမူ ချေးငွေများကို ပြန်ဆပ်မည်ဟု ယခုလို ဆိုသည်။

“ပိုက်ဆံပြန်ပေးမလားမေးရင် ပြန်ပေးမယ်။ ဘယ်အချိန်ပြန်ပေးမလဲမေးရင် တရားရုံးရောက်ရင် တရားရုံးက ဆုံးဖြတ်ချက်ကို လက်ခံမယ်”

အထိန်းအကွပ်မဲ့ပြီလော

ပြည်သူ့ဘဏ္ဍာငွေများစွာကို လိမ်လည်သွားခဲ့သည့် Red dot ကိစ္စတွင်လည်း ဗဟိုဘဏ်က ယင်းကိစ္စသည် ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ပြည်တွင်းသို့ ဝင်ရောက်လုပ်ကိုင်လျက်ရှိသည့် Red dot ကို ဗဟိုဘဏ်အပါအဝင် အစိုးရ၏မည်သည့်ဌာနကမှ တာဝန်ခံခြင်းမရှိသည့်အခါတွင် ပြည်သူသာ နစ်နာခဲ့ရသည်။

ကျပ် ဘီလီယံ ၅၀ ကို အာမခံပစ္စည်းထားရှိခြင်းမရှိဘဲ ဧရာဝတီဘဏ်က ထုတ်ချေးခဲ့မှုအပေါ် Regulatory Body ဖြစ်သော ဗဟိုဘဏ်၏ ထိန်းကျောင်းမှုကား အဘယ်နည်း။ ဧရာဝတီဘဏ်သည် ဤကိစ္စတွင် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခဲ့ပါ၏လော။ စသည်ဖြင့် မေးခွန်းများစွာအတွက် ဗဟိုဘဏ်ညွန်ကြားရေးမှူးချုပ် ဦးဝင်းသော်ကို The Voice Journal က ဆက်သွယ်ခဲ့သည်။

“အဲဒီကိစ္စကတော့ မီဒီယာကိုဖြေဖို့လုပ်တဲ့ ဒုတိယဥက္ကဋ္ဌရှိပါတယ်။ သူ့ကိုပဲ အဲဒီကိစ္စနဲ့မေးရင် သူကိုပဲဖြေဖို့ဆိုပြီး ဥက္ကဋ္ဌကလမ်းညွှန်ထားပါတယ်”ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ထံသို့ မေးမြန်းရန် ၎င်းကပြန်လည်ဖြေကြားသည်။

The Voice Journal သည် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်ထံ ဖုန်းနှစ်ကြိမ်ဆက်သွယ်ရာ ဆက်သွယ်သူမှာမည်သူနည်းဟု စာတိုပြန်ပို့လာ၍ The Voice Journal မှဖြစ်ပြီး ဧရာ ၀တီဘဏ်ချေးငွေကိစ္စအတွက် မေးမြန်းလိုခြင်းဖြစ်ကြောင်း Message ပြန်ပို့ခဲ့သည်။ ထိုနောက် မတ်လ ၁၄ ရက် ည ၈ နာရီခန့်တွင် ဖုန်းပြန်ဆက်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။

“ပြည်သူလူထု ပိုက်ဆံဖြစ်တဲ့အတွက် ဗဟိုဘဏ်က ငွေရေးကြေးရေးစနစ်ကြီး အားပျော့သွားအောင်ဖြစ်တဲ့ ကိစ္စမျိုး ဗဟိုဘဏ်ကဝင်ပြီးထိန်းကျောင်းပေးရမှာပေါ့” ဟု အငြိမ်းစား ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကဆိုသည်။

“ဗဟိုဘဏ်ပါမှဖြစ်မှာပါ။ ဒီကိစ္စပြေလည်ဖို့အလားအလာခက်တယ်လေ။ အန်ကယ်အဲဒီလိုပဲမြင်တယ်”

တိုင်းအစိုးရပါဝင်သည်လော

ဦးကျော်နေဝင်း၏ Omni Focus ကုမ္ပဏီသည် ဧရာဝတီဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၅၀ ချေးယူခဲ့ရာ ယင်းကိစ္စတွင် တိုင်းအစိုးရအဖွဲ့ပါဝင်လျက်ရှိသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။ ထို့အတူ တိုင်းအစိုးရနှင့်အတူ YRTA သည်လည်း ဤကိစ္စတွင်ပါဝင်ခဲ့သလောဟု မေးခွန်းထုတ်မှုများရှိသည်။

ဤသို့မေးခွန်းထုတ်မှုများ၏ အကြောင်းရင်းကား အဘယ်နည်း။

အဓိကမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရက YBS ဖော်ဆောင်ရေး လိုအပ်သောချေးငွေကို ဧရာဝတီဘဏ်မှ ရယူမည့်အကြောင်း ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က ဗဟိုဘဏ်ထံသို့ စာပေးပို့ခဲ့ခြင်း ဖြစ်သည်။ ဤစာသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့် စာရွက်ငါးရွက်အနက် တစ်ရွက်ဖြစ်သည်။

အဆိုပါစာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကိုယ်စား မျိုးအောင်ဌေး (အတွင်းရေးမှူး)ဟု ဖော်ပြပါရှိသည်။ တိုင်းအစိုးရအဖွဲ့သည် ဤချေးငွေကိစ္စတွင် အမှန်တကယ်ပါဝင်ခြင်းရှိ မရှိတွင် အငြင်းပွားမှုများစွာရှိသည်။

ဧရာဝတီဘဏ်သည် YRTA ဥက္ကဋ္ဌ ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ထံသို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်တွင် စာတစ်စောင်ပေးပို့ခဲ့သည်။ ယင်းစာသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ စာတွင် Omni Focus အပါအဝင် ကုမ္ပဏီသုံးခုသည် ချေးငွေကျပ် စုစုပေါင်းကျပ် ၅၀ ဘီလီယံကို ပြန်မဆပ်သောကြောင့် အရေးယူပေးရန် ဖော်ပြထားခြင်းဖြစ်သည်။

ဤကုမ္ပဏီသုံးခုသည် ဦးကျော်နေဝင်း၏ ကုမ္ပဏီများဖြစ်ကြောင်း သတင်းများထွက်ပေါ်သော်လည်း The Voice Journal က ဟုတ် မဟုတ်မေးရာ အတည်ပြုခြင်းမရှိ၊ ငြင်းဆန်ခြင်းမရှိဘဲ ဧရာဝတီဘဏ်ကိုသာမေးရန် ပြန်လည်ဖြေကြားသည်။

YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်ထံ The Voice Journal က ဆက်သွယ်၍ ကျပ်ဘီလီယံ ၅၀ ကိစ္စ မေးမြန်းရာ ဧရာဝတီဘဏ်ကိုသာမေးရန် ယခုကဲ့သို့ဆိုသည်။

“အဲဒါဆရာ့မမေးနဲ့။ ဧရာဝတီဘဏ်နဲ့ တိုက်ရိုက်သာမေးနော်။ ဆရာတို့ YRTA နဲ့ ဘာမှမပတ်သက်ဘူး။ လောလောဆယ်တော့။ သူတို့ကိုမေး။ သူတို့ကို မေးနော်”

ကျပ်ဘီလီယံ ၅၀ ချေးယူသည့်ကိစ္စတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မပါဝင်ဟု Omni Focus ကုမ္ပဏီ ဥက္ကဋ္ဌဦးကျော်နေဝင်းက ဆိုသည်။

“အစ်ကိုတို့ကုမ္ပဏီက တိုင်းဒေသကြီးအစိုးရရင်းနှီးမြှုပ်နှံမှုပါထားတဲ့ ကုမ္ပဏီမှမဟုတ်တာ” ဟု ၎င်းကငြင်းဆိုသည်။

မည်သို့ပင်ဖြစ်စေ အင်အားကြီး စီးပွားရေးလုပ်ငန်းရှင်နှစ်ဦးဖြစ်သည့် ဦးဇော်ဇော်နှင့် ဦးကျော်နေဝင်း၊ ၎င်းတို့၏ ကုမ္ပဏီဖြစ်သည့် ဧရာဝတီဘဏ်နှင့် Omni Focus / Regulatory Body များဖြစ်သည့် ဗဟိုဘဏ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ။ ဤသည်ကား ကျပ်ဘီလီယံ ၅၀ ပြဿနာတွင် ကိုယ်တိုင်ကိုယ်ကျ ကပြခဲ့ကြသည့် ဇာတ်ရုပ်များ ဖြစ်တော့သည်။

ဤဇာတ်ကွက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ မည်သည့်နေရာက ပါဝင်ခဲ့သနည်းဆိုသည်ကို ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ယခုကဲ့သို့ဆိုသည်။

“တိုင်းအစိုးရရဲ့ပါဝင်ပတ်သက်မှုက အွန်လိုင်းမှာပျံ့နေတဲ့ဟာတွေပဲပေါ့။ တိုင်းအစိုးရရဲ့ မေတ္တာရပ်ခံချက်ကြောင့် ဘဏ်ကလည်း ချေးလိုက်တာပေါ့။ အဲဒီတော့ သူ(တိုင်းအစိုးရ) တာဝန်ယူရမှာပေါ့။ အခုပြဿနာတွေဖြစ်တဲ့အခါကျတော့ သူ့တာဝန်မကင်းဘူးပေါ့။ အန်ကယ်တို့ကတော့ အဲဒီလိုပဲသုံးသပ်မှာပဲလေ”

ဇာတ်ကားမသိမ်းသေးပေ။ 

 

ရဲနိုင်ဦး၊ ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *