မပစ်ပယ်အပ်သော ပြည်တွင်းခရီးသွားလုပ်ငန်း

ဓာတ်ပုံ - မိုးကျော်လွင်

ပြည်ပခရီးသွားများမှာ အကြောင်းအမျိုးမျိုးပြ၍ မြန်မာပြည်သို့ မျက်စိမကျသော်လည်း ပြည်တွင်းခရီးသွားများကမူ ဥဒဟိုသွားနေဆဲပင် ဖြစ်သည်။

လာမည့် မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များတွင်လည်း နယ်ပြန်မည့်သူများ၊ ခရီးထွက်မည့်သူများအပြင် အပန်းဖြေအားလပ်ရက် ခရီးထွက်မည့်သူများ၏ အမျိုးမျိုးသောခရီးစဉ်များမှာ အသင့်ပြင်ဆင်နေကြပြီဖြစ်သည်။

၂၀၁၆ ခုနှစ်မှစတင်ကာ ပြည်တွင်းခရီးသွားလုပ်ငန်းသည် အရှိန်ရလာခဲ့ပြီဖြစ်သည်။ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် ပြည်တွင်းခရီးသွားဦးရေသည် သုံးဆနီးပါးမြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းမှု စတင်ခဲ့သည့်နောက်ပိုင်း နိုင်ငံတကာခရီးသွားများကို တံခါးဖွင့်လိုက်ရုံမျှမက ပြည်တွင်းခရီးသွားလုပ်ငန်းကိုပါ စာမျက်နှာသစ်ဖွင့်လှစ်လိုက်သည်။

ထောင်ပေါင်းများစွာသော ပြည်တွင်းခရီးသွားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဘုရားဖူးခရီး၊ အပန်းဖြေခရီးများ စိတ်အားထက်သန်စွာလည်ပတ်ကြသည်။ ယခင်က မြန်မာနိုင်ငံတွင် အုံလိုက်ကျင်းလိုက် ခရီးသွားလာမှုနည်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်မှစတင်ကာ ပြည်တွင်းခရီးသွားလုပ်ငန်းသည် တဟုန်ထိုးတိုးတက်လာခဲ့သည်။

အများပြည်သူရုံးပိတ်ရက် သုံး လေးရက် ရသည့်အချိန်များတွင် အဝေးပြေးလမ်းမကြီးများပေါ်ရှိ တိုးဂိတ်များ၌ ခရီးသွားယာဉ်တန်းများ ပိတ်ဆို့သည်အထိ ပြည်တွင်းခရီးသွားမှုမှာ စည်ကားလျက်ရှိသည်။ ဟိုတယ်နှင့် တည်းခိုခန်းများတွင်လည်း ခရီးသွားများက အပြည့်။ ယင်းသည် ပြည်တွင်းခရီးသွားလာမှု တိုးတက်လာခြင်း၏ သက်သေသာဓကလည်း ဖြစ်သည်။

‘ခရီးသွားလုပ်ငန်း’ ဟုဆိုလျှင် နိုင်ငံခြားသားခရီးသွားများကိုအ ဓိကမြင်ကြသည်။ ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရာတွင်လည်း ပြည်ပခရီးသွားပိုမိုဝင်ရောက်ရေးကို အလေးပေးပြီး ပြည်တွင်းခရီးသွားများကိုမူ ထည့်သွင်းစဉ်းစားမှုနည်းသည်။

သို့ဆိုလျှင် ပြည်တွင်းခရီးသွားလုပ်ငန်းသည် မည်မျှအရေးကြီးသနည်း။ လက်ရှိတိုးတက်လာသော ပြည်တွင်းခရီးသွားလုပ်ငန်း၏ လားရာက အဘယ်နည်း။

ဒီရေအလား ပြည်တွင်းခရီးသွား

ပြည်တွင်းခရီးသွားလုပ်ငန်းသည် ဆိုင်းမဆင့်ဗုံမဆင့်တိုးတက်လာသည်။ ၂၀၁၅ ခုနှစ်က ပြည်တွင်းခရီးသွား ၂ ဒသမ ၄၆ သန်းသာ ရှိသော်လည်း ၂၀၁၆ ခုနှစ်တွင် ခုနစ်သန်းအထိ တိုးတက်လာကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း၏ စာရင်းများအရသိရသည်။

၂၀၁၈ ခုနှစ်တွင် ပြည်တွင်းခရီးသွားရှစ်သန်းအထိရှိပြီး နှစ်စဉ်ခရီးသွားတစ်သန်းခန့် ပိုမိုတိုးတက်နိုင်ကာ ၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းခရီးသွား ၁၀ သန်းအထိရှိလာနိုင်ကြောင်း အဆိုပါအသင်းက ခန့်မှန်းသည်။

အိမ်နီးချင်းတရုတ်နိုင်ငံသားများသည် ပြည်ပခရီးစဉ်လည်ပတ်ခြင်းထက် ပြည်တွင်းခရီးစဉ်လည်ပတ်ခြင်းကို ပိုနှစ်သက်ကြသည်။ တရုတ်နိုင်ငံ လူဦးရေသန်း ၁၂၀၀ ကျော်အနက် ပြည်တွင်းခရီးစဉ်များသို့ နှစ်စဉ် ခရီးသည်သန်း ၂၀၀ မှ ၃၀၀ ခန့်လည်ပတ်နေကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အေးက ပြောကြားသည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံကဲ့သို့ ပြည်တွင်းခရီးသွားလာမှုများပြားလာနိုင်ကြောင်း ၎င်းက ယူဆသည်။ မြန်မာနိုင်ငံတွင် ခရီးသွားယဉ်ကျေးမှုထွန်းကားလာခြင်း၊ တိုင်းနှင့် ပြည်နယ်ဖွံဖြိုးမှုအလိုက် ခရီးစဉ်အသစ်များ ဖော်ထုတ်လာခြင်းကြောင့် ပြည်တွင်းခရီးသွားတိုးတက်လာပြီး ထပ်မံတိုးတက်မည့်အခြေအနေလည်းရှိကြောင်း ၎င်းက ဆိုသည်။

“သီတင်းကျွတ်တုန်းက သီတင်းကျွတ်ပိတ်ရက်ထွက်ကြတယ်။ ခရစ်စမတ်နဲ့ နယူးရီးယား အဲဒီကာလမှာလည်း လူအပြည့်ပဲ။ ဖေဖော်ဝါရီကုန် မတ်လတွေမှာ ဧပြီသင်္ကြန်ကို ခရီးသွားဖို့စာရင်းတွေ ပေးထားကြတာ အပြည့်ပဲ” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းခရီးသွားများ အဓိကလည်ပတ်ကြသည့် အင်းလေး၊ ကျိုက်ထီးရိုး၊ ပုဂံနှင့် မန္တလေးခရီးစဉ်များသို့ ပြည်တွင်းခရီးသည်ဝင်ရောက်မှု တစ်နှစ်ထက် တစ်နှစ်တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်နှိုင်းယှဉ်ချက်အရ အင်းလေး ၅၂ ရာခိုင်နှုန်း၊ ကျိုက်ထီးရိုး ၄၆ ရာခိုင်နှုန်း၊ ပုဂံ ၄၂ ရာခိုင်နှုန်း၊ မန္တလေး ၁၆ ရာခိုင်နှုန်း၊ ငွေဆောင်ကမ်းခြေ ၃၅ ရာခိုင်နှုန်းအသီးသီး တိုးတက်လာကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဝင်ရောက်မှု ကျဆင်းနေချိန်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းမှာ တိုးတက်နေပြီး ခရီးသည်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းသည် ပြည်တွင်းခရီးသွားများဖြစ်ကြောင်း ဦးမောင်မောင်အေးက ဆိုသည်။ ပြည်တွင်းခရီးသွားများသုံးစွဲသည့် ငွေပမာဏသည် ၂၀၁၅ ခုနှစ်က ကျပ် ၇၃၃ ဒသမ ၂၄ ဘီလီယံသုံးစွဲခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၁ ဒသမ ၇ ထရီလီယံအထိရှိခဲ့ကြောင်း ကမ္ဘာ့ခရီးသွားကောင်စီ(WTTC) က တွက်ချက်သည်။

ပြည်တွင်းခရီးသွားများ သုံးစွဲသည့် ငွေပမာဏသည် နှစ်စဉ် ၅ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်နိုင်ပြီး ၂၀၂၇ ခုနှစ်တွင် ကျပ် ၂ ဒသမ ၉ ထရီလီယံ(ကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံ) အထိ ရှိနိုင်ကြောင်း WTTC က ခန့်မှန်းထားသည်။

ခရီးစဉ်သစ်များ မွေးဖွားခြင်း

ပြင်သစ်နိုင်ငံထက် အရွယ်အစားကြီးပြီး အရှေ့တောင်အာရှတွင် ဒုတိယအကြီးဆုံဖြစ်သည့် မြန်မာနိုင်ငံတွင် ခရီးသွားများလည်ပတ်ရန် ကောင်းမွန်သည့်နေရာများစွာ ရှိသည်။

ဘင်္ဂလားပင်လယ်အော်ကမ်းခြေများဖြစ်သည့် ချောင်းသာ၊ ငွေဆောင်၊ ငပလီကမ်းခြေတို့သည် ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေခရီးထွက်ရန် အများရွေးချယ်ကြသည့် နေရာများဖြစ်ကြောင်း Online Booking ကုမ္ပဏီအချို့နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။ ခရီးစဉ်ဒေသသစ်ဖြစ်သည့် ဧရာဝတီတိုင်းရှိ ဂေါ်ရန်ဂျီကျွန်းသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း ပြည်တွင်းခရီးသွားများကြား ရေပန်းစားလာသော ခရီးစဉ် ဖြစ်သည်။

ယခင်က အထက်မြန်မာပြည်ဘုရားဖူးခရီးစဉ်များတွင် ပုဂံ၊ ညောင်ဦး-ပုပ္ပား၊ ရွှေစက်တော်၊ မန္တလေး၊ စစ်ကိုင်း၊ အလောင်းတော်ကဿပ စသည့် ခရီးစဉ်များကို အဓိကသွားရောက်ကြသော်လည်း နောက်ပိုင်းတွင် မုံရွာ၊ ရွှေဘို၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ မိုးကုတ်စသည့် ခရီးစဉ်သစ်များ တိုးချဲ့လာကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းထံမှ သိရသည်။

အောက်မြန်မာပြည်ခရီးစဉ်များတွင် ရန်ကုန်-ကျိုက်ထီးရိုးခရီးစဉ်သည် ပုံမှန်သွားနေကျ ခရီးစဉ်တစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်မှ စတင်ကာ မွန်ပြည်နယ် မော်လမြိုင်၊ သံဖြူဇရပ်မှ တနင်္သာရီတိုင်း ထားဝယ်နှင့် မြိတ်စသည့် ခရီးစဉ်များကိုလည်း တိုးချဲ့ဝန်ဆောင်မှုပေးသည်။

မြိတ်ကျွန်းပတ်ခရီးစဉ်၊ ကရင်ပြည် ဘားအံ၊ မြ၀တီနယ်စပ်ခရီးစဉ်များကိုလည်း ခရီးသွားများ စိတ်ဝင်စားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး၊ အင်းလေး၊ ကလောစသည့် ခရီးစဉ်များသည် လူကြိုက်များပြီး ရွာငံရေပြာအိုင်ခရီးစဉ်များသို့လည်း လမ်းကြောင်းအမျိုးမျိုးမှ ပို့ဆောင်ပေးနေကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းထံမှ သိရသည်။

“ခရီးသွားကတော့ များပါတယ်။ ပုံမှန်သွားနေကျသူတွေလည်း သွားကြတယ်။ ဒါပေမဲ့ ခရီးသွားဝန်ဆောင်မှုလုပ်တဲ့သူ များလာတော့ ခရီးသည်က တစ်နေရာထဲ မရှိတော့ဘူး။ ပြန့်ထွက်သွားတာပေါ့။ အခုချိန်က သွားတာက ရွှေစက်တော်ဘုရားပွဲရာသီဆိုတော့ ရွှေစက်တော်ဘက် သွားတယ်။ နောက်အင်းတော်ကြီးဘက် သွားကြတယ်။ သင်္ကြန်အတွက်လည်း Booking တွေ လုပ်နေကြတယ်”ဟု ကြယ်စင်ကောင်းကင်ဘုရားဖူးနှင့် ခရီးသွားလုပ်ငန်းရှင်ဦးမြင့်ဝင်းက ပြောကြားသည်။

ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းအောက်တွင် အသင်းဝင်ခရီးသွားလုပ်ငန်းပေါင်း ၅၀၀ ကျော် ရှိသည်။ ခရီးစဉ်လမ်းကြောင်းအလိုက် Package အမျိုးမျိုး၊ ဈေးနှုန်းအမျိုးမျိုးရှိပြီး ရန်ကုန် – ကျိုက်ထီးရိုးခရီးစဉ် ၁၂,၀၀၀ ကျပ်မှ ရန်ကုန်-မြစ်ကြီးနားခရီးစဉ် ကျပ် ၁၂၀,၀၀၀ အထိ ဈေးရှိကြောင်း ခရီးသွားဝန်ဆောင်မှုကုမ္ပဏီများထံမှ သိရသည်။

ခရီးသည်များတိုးလာသကဲ့သို့ ခရီးသွားဝန်ဆောင်မှုပေးသည့် လုပ်ငန်းများလည်း များပြာလာသဖြင့် ဈေးကွက်ပြိုင်ဆိုင်မှုလည်း ပြင်းထန်လာကြောင်း ဦးမြင့်ဝင်းက ပြောကြားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်က ရန်ကုန်တွင် ဘုရားဖူးနှင့် ခရီးသွားလုပ်ငန်းအရေအတွက်မှာ လက်ချိုးရေတွက်၍ ရနိုင်ကြောင်း ၎င်းက ဆိုသည်။

“ခရီးသည်က နှစ်တိုင်းတိုးတက်မှုရှိတယ်။ ခရီးသွားဧည်သည် တိုးတက်ပေမယ့် လုပ်ငန်းတွေက အကုန်လုံး ဂိတ်တွေများလာတော့ လုပ်ငန်းတွေက သိပ်မကောင်းတော့ဘူး” ဟု ဦးမြင့်ဝင်းက ပြောကြားသည်။

လက်ရှိတွင် ခရီးသွားလုပ်ငန်းများလာသဖြင့် ဝန်ဆောင်မှုပိုကောင်းရန် ပြိုင်ဆိုင်လာကြသည်။ ခရီးသွားများကို ဆွဲဆောင်ရန် အွန်လိုင်း၊ သတင်းစာစသည်တို့တွင် ကြော်ငြာရသောကြောင့် အသုံးစရိတ်ပိုကုန်ကျကြောင်း ဦးမြင့်ဝင်းက ဆိုသည်။ ယင်းသို့ မပြိုင်ဆိုင်လျှင်လည်း ခရီးသွားမရနိုင်သော အခြေအနေပင်။

ခရီးသွားရေစီး

မြန်မာနိုင်ငံတွင် ခရီးသွားအမျိုးအစား အကြမ်းဖျင်း လေးမျိုးရှိကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တို့က သတ်မှတ်သည်။

Light Truck ၊ Pick Up ယာဉ်များငှား၍ စုစည်းလည်ပတ်သော ခရီးသွား၊ အဝေးပြေးယာဉ်လိုင်းများ စီးနင်း၍ တစ်ဦးချင်း၊ အစုအဖွဲ့အလိုက် လည်ပတ်သော ခရီးသွား၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများက စီစဉ်ပေးသည့် ခရီးသွားနှင့် ကိုယ်ပိုင်ယာဉ်များဖြင့် လည်ပတ်သည့် ခရီးသွားများ ဖြစ်သည်။

ထိုခရီးသွားများသည် ပုံစံအမျိုးမျိုးဖြင့် ခရီးသွားလာနေကြခြင်းဖြစ်ပြီး သုံးစွဲသည့် ငွေကြေး၊ လည်ပတ်သည့် နေရာချင်း မတူညီကြပေ။ သို့သော်လည်း ယခင်က ဘုန်းကြီးကျောင်းများတွင် တည်းခို၍ ဘုရားဖူးခရီးလည်ပတ်သည့် ပုံစံကို ခရီးသည်များ ကြိုက်နှစ်သက်မှုမရှိတော့ကြောင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။

ကမ်းခြေ၊ ကျွန်း စသည့် အပန်းဖြေခရီးစဉ်များ၊ နယ်စပ်ဖြတ်ကျော်ခရီးစဉ်များစွာကိုလည်း မြန်မာခရီးသွားများက နှစ်သက်လာကြသည်။ ကရင်ပြည်နယ်၊ တနင်္သာရီခရီးစဉ်ဒေသများတွင် ထိုင်းနယ်စပ်မြို့များသို့ လည်ပတ်သည့် ခရီးစဉ်လမ်းကြောင်းများကို ခရီးသွားလုပ်ငန်းရှင်များက စီစဉ်လာကြသည်။

ပြောင်းလဲစခေတ်တွင် ခရီးသွားများက ဈေးနှုန်းထက် ဝန်ဆောင်မှုကောင်းသည့် ကုမ္ပဏီများကို ပိုမိုရွေးချယ်လာကြကြောင်း တနင်္သာရီတိုင်း ထားဝယ်အခြေစိုက် Moe Travel and Local Tour ကုမ္ပဏီတည်ထောင်သူ ဦးမိုးဇော်က ပြောကြားသည်။

“ခရီးသွားရင်းတွေ့ကြုံရတဲ့ ပင်ပန်းမှုနဲ့ ကုန်ကျစရိတ်တွေ ယှဉ်ပြီး ခရီးသွားမှုပုံစံအဆင့်အတန်းတွေလည်း မြင့်လာတယ်။ အရင်ကတော့ ရောက်ဖူးရင်ပြီးတာပဲဆိုတဲ့ ဖြစ်သလို အဆင့်ကနေပြီး ကားဆိုရင်လည်း ကောင်းတာကို ရွေးချယ်လာကြတယ်”ဟု ပြည်တွင်းခရီးသွားများ၏ အလေ့အထပြောင်းလဲလာမှုအပေါ် ၎င်းက မှတ်ချက်ပြုသည်။

ပြည်တွင်းခရီးသွားများသည် ၁၂ ရာသီပွဲတော်များအလိုက် ခရီးသွားနေခြင်းကြောင့် မိုးရာသီကာလများတွင်ပင် ခရီးထွက်နေရကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အေးက ဆိုသည်။

ပြည်တွင်းခရီးသွားများသည် မိုးရာသီ၌ပင် ပုဂံ၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ တောင်ကြီးမြို့တို့သို့ လည်ပတ်နေကြကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်အရေးကြောင့် မြန်မာနိုင်ငံသို့ ဥရောပနှင့် အမေရိကခရီးသွားများ ဝင်ရောက်မှုလျော့ကျလာချိန်တွင် နိုင်ငံတကာခရီးသွားများကို ပြန်လည်ဆွဲဆောင်နိုင်ရန် မြန်မာအစိုးရက ကြိုးစားလျက်ရှိသည်။ ခရီးသွားသံတမန်များ ခန့်အပ်ခြင်းများ ပြုလုပ်သည်အထိ ခရီးသွားဈေးကွက်မြှင့်တင်ရန် ကြိုးပမ်းလျက်ရှိသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစပြီး ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံသားများကို ဗီဇာကင်းလွတ်ခွင့်ပြုကာ တရုတ်နိုင်ငံသားခရီးသွားများကို ဆိုက်ရောက်ဗီဇာခွင့်ပြု၍ နိုင်ငံခြားခရီးသွားများကို ဆွဲဆောင်သည်။ သို့သော် မျှော်မှန်းသလောက်တိုးမလာကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံခြားသားတွေ ဘယ်လောက်လာလဲ။ အခု ပိုဆိုးတယ်။ Promotion တွေ လုပ်လိုက်ရတာဆို အလုအယက်။ တရုတ်ကို တစ်မျိုး၊ ဂျပန်ကို တစ်မျိုး၊ ကိုးရီးယားကို တစ်မျိုး လုပ်လိုက်ရတာ။ တို့က ဒီမှာ အေးအေးဆေးဆေးပဲ တိုးတက်နေတာ။ ဒါပေမဲ့ အစိုးရ Guide Line လုပ်ဖို့ လိုနေတယ်” ဟု ဦးမောင်မောင်အေးက ဆိုသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် အရောင်တင်ဆီ

နိုင်ငံခြားခရီးသွားဝင်ရောက်ရေးသည် နိုင်ငံအတွက် အရေးကြီးသကဲ့သို့ပင် ပြည်တွင်းခရီးသွားလုပ်ငန်းဖွံဖြိုးရန်သည်လည်း အရေးကြီးသည်။

ယင်းအတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ပံ့ပိုးမှုလိုအပ်ကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းရှင်များက ဆိုသည်။ လက်ရှိတွင် ပြည်တွင်းခရီးသွားလုပ်ငန်းအတွက် ပံ့ပိုးမှုမရှိကြောင်း Moe Travel and Local Tour ကုမ္ပဏီတည်ထောင်သူ ဦးမိုးဇော်က ဆိုသည်။ အစိုးရသည် ပုဂ္ဂလိကလုပ်ငန်းများ အကျိုးအမြတ်များလာပါက အခွန်ကောက်ရန်သာ အာရုံစိုက်နေကြောင်း ၎င်းက ဝေဖန်သည်။

ပုဂ္ဂလိကလုပ်ငန်းများဖွံဖြိုးရေးလိုအပ်ချက်ကို အစိုးရက လျစ်လျူရှုနေပြီး အခွန်အပေါ်တွင်သာ အာရုံစိုက်လျက်ရှိသည်ဟု ဆိုလိုခြင်းပင်။

အိမ်နီးချင်းထိုင်းနိုင်ငံသည် ၎င်း၏ ပြည်တွင်းခရီးသွားလုပ်ငန်းအောင်မြင်ရန် အစိုးရက ကူညီပံ့ပိုးသည်။ ထိုင်းနယ်စပ်မြို့များသည် ရေမြေရှုခင်း၊ ဒေသထွက်ကုန် လောက်လောက်လားလား မရှိသော်လည်း ထိုင်းအစိုးရက ဦးဆောင်၍ ခရီးသွားလာရန်နေရာတစ်ခုအဖြစ် ဖန်တီးနိုင်ခဲ့သည်။

ထိုင်းနယ်စပ် ချက်အမ်မြို့သည် ရေမြေ၊ရှုခင်းများ မကောင်းသော်လည်း ဂရိနိုင်ငံဆန်တိုရေနီမြို့ရှိ နေအိမ်များကဲ့သို့ ဖန်တီး၍ ခရီးသွားများကို ဆွဲဆောင်ခဲ့ကြောင်း ဦးမိုးဇော်က ဆိုသည်။

မြန်မာနိုင်ငံတွင် ယင်းကဲ့သို့ ပံ့ပိုးမှုမရှိပေ။ ဥပမာအားဖြင့် တနင်္သာရီတိုင်း မြိတ်ခရိုင်တွင် ကျွန်းစုများရှိပြီး အဆိုပါ ကျွန်းများသို့ လည်ပတ်သည့် ခရီးသွားများအတွက် အပေါ့အပါးသွားရန် တည်ဆောက်မည့် အိမ်သာကိုပင် ခွင့်ပြုချက်မရကြောင်း ဦးဇော်မိုးက ဆိုသည်။ အဆိုပါကျွန်းများကို ပိုင်ဆိုင်လိုသူများသဖြင့် တိုင်းအစိုးရက အိမ်သာဆောက်ရန်ပင် ခွင့်မပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲ့ဒီတော့ ကျွန်တော်တို့ဆီမှာက ခရီးသွားလုပ်ငန်းက ကိုယ်ကြိုးစားရင် ကိုယ့်မိသားစု စားလို့ရမယ်။ ကိုယ့် အကျိုးအမြတ်ရမယ်။ ဧည့်သည်တွေကို ကိုယ့်ဝန်ဆောင်မှုကောင်းရင် ကိုယ်နဲ့ အတူတူ ခရီးသွားကြမယ်ဆိုတဲ့ အဆင့်လောက်ပဲ”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြည်တွင်း၊ ပြည်ပခရီးသွား မခွဲခြားဘဲ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရန် ဆောင်ရွက်နေသော်လည်း ပြည်တွင်းခရီးသွားလုပ်ငန်းကို အာရုံစိုက်ရန်လိုအပ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်အေးဟန်က ဝန်ခံသည်။

ခရီးသွားဈေးကွက်မြှင့်တင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများအတွက် အားနည်းနေသေးကြောင်း ၎င်းက ဆိုသည်။ တိုင်းနှင့် ပြည်နယ်များတွင် ကျင်းပသည့် စီးပွားရေးဆိုင်ရာပြပွဲများတွင် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပါဝင်ရန်ကူညီပေးမှုရှိကြောင်း ၎င်းက ဆိုသည်။

“များသောအားဖြင့် ပြည်ပခရီးသွားဧည့်သည်တွေကို ခရီးသွားဈေးကွက်မြှင့်တင်တာနဲ့ ပတ်သက်လို့ ပိုပြီး လုပ်ပေးနေတာရှိပါတယ်။ ဒါဆို ပြည်တွင်းခရီးသွားက အရေးမကြီးဘူးလား။ အရေး အရမ်းကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ပြည်တွင်းခရီးသွားဈေးကွက်က ပြီးခဲ့တဲ့နှစ်ကထက်စာရင် ပိုပြီး ကျယ်ပြန့်လာတယ်” ဟု ဦးအောင်အေးဟန်က ဆိုသည်။

ပြည်တွင်းခရီးသွားကဏ္ဍကို ပစ်ပယ်ထားခြင်းမဟုတ်သလို ပြည်တွင်း ပြည်ပတန်းတူမြှင့်တင်နိုင်ရန် ကြိုးစားနေကြောင်း ၎င်းက ဆိုသည်။ အစိုးရက ဦးဆောင်ပံ့ပိုးပေးနိုင်လျှင် တရိပ်ရိပ်တိုးတက်လာသည့် ပြည်တွင်းခရီးသွားလုပ်ငန်းသည် ပိုအရှိန်ရလာမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်တို့က ယုံသည်။

ပြည်တွင်းခရီးသွားများသည်နှင့်အမျှ ခရီးစဉ်တစ်လျှောက်ရှိ ပို့ဆောင်ရေး၊ ဟိုတယ်နှင့် တည်းခိုခန်း စသည်တို့တွင် ကျွဲကူးရေပါ အလုပ်ဖြစ်လာကြသည်။ ဒေသခံတို့၏ လက်မှုအရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်များသည်လည်း အလုပ်ဖြစ်လာကြသည်ဖြစ်ရာ အစိုးရက ပြည်တွင်းခရီးသွားလုပ်ငန်းကို မပစ်ပယ်အပ်ကြောင်း ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အေးက ယခုကဲ့သို့ ဆိုသည်။

“ခရီးသွားတွေက ဝယ်ယူတာ များလေ၊ ဒေသခံတွေ စီးပွားဖြစ်လေ တိုင်းပြည်က တိုးတက်လေပဲ”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *