၂၁ရာစုအတွက်သင်ခန်းစာ၂၁ခု

(၁) မှန်းချက်နှင့် နှမ်းထွက်

သမိုင်းကို နိဂုံးမချုပ်နိုင်သေး

လူသားတွေသည် အချက်အလက်တွေ၊ ကိန်းဂဏန်းတွေ၊ အီကွေးရှင်းတွေထက် ပုံပြင်တွေနှင့် စဉ်းစားလေ့ရှိကြသည်။ ပုံပြင်က ရိုးလေလွယ်လေ ပိုကောင်းလေဖြစ်၏။ လူတိုင်း၊ အုပ်စုတိုင်း၊ နိုင်ငံတိုင်းတွင် ကိုယ်ပိုင်ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ ရှိကြသည်။ ပြီးခဲ့သော ၂၀ ရာစုတွင် နယူးယောက်၊ လန်ဒန်နှင့် ဘာလင်မှာရှိသော ကမ္ဘာ့ရေပေါ်ဆီ လူ့မလိုင်တွေသည် လွန်လေပြီးသော အတိတ်ကို ရှင်းပြနိုင်ပြီး ကမ္ဘာ့အနာဂတ်ကိုလည်း မှန်းဆနိုင်သည်ဟုဆိုကြသော မဟာပုံပြင်ကြီးသုံးပုဒ်ကို စီကုံးဖန်တီးခဲ့ကြသည်။ ယင်းတို့မှာ ဖက်ဆစ်ပုံပြင်၊ ကွန်မြူနစ်ပုံပြင်နှင့် လစ်ဘရယ်ပုံပြင်တို့ဖြစ်ကြသည်ဟူ၏။ ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ပုံပြင်ကို နောက်ကောက်ချလိုက်ပြီးနောက် ၁၉၄၀ နှောင်းပိုင်းနှစ်များနှင့် ၁၉၈၀ နောက်ပိုင်းနှစ်များအကြား ကမ္ဘာသည် လစ်ဘရယ်ပုံပြင်နှင့် ကွန်မြူနစ်ပုံပြင်နှစ်ပုဒ်တည်း၏ စစ်မြေပြင်ဖြစ်လာသည်။ များမကြာမီကွန်မြူနစ်ပုံပြင်ပြိုလဲသွားပြီး လစ်ဘရယ်ပုံပြင်တစ်ပုဒ်တည်းသာ လူ့သမိုင်း၏ အဓိကလမ်းညွှန်နှင့် ကမ္ဘာ့အနာဂတ်၏ မရှိမဖြစ်လက်စွဲတော်အဖြစ် ကျန်ရစ်ခဲ့တော့သည် သို့မဟုတ် ထိုသို့ဖြစ်လေသည်ဟု ကမ္ဘာ့ရေပေါ်ဆီများက ထင်ကြလေတော့သည်။

လစ်ဘရယ်ပုံပြင်က လွတ်လပ်မှု၏ တန်ဖိုးနှင့် အစွမ်းကို မွှမ်း၏။ သည်ပုံပြင်အလိုအရ လူသားမျိုးနွယ်သည် နှစ်ထောင်ပေါင်းများစွာ ဖိနှိပ်သော အစိုးရများအောက် နေထိုင်ခဲ့ရပြီး လူအများအနေနှင့် နိုင်ငံရေးအခွင့်အရေးများ၊ စီးပွားရေးအခွင့်အလမ်းများမရှိသည့်အပြင် လူအများ၏ လွတ်လပ်စွာ သွားလာခွင့်၊ စဉ်းစားတွေးခေါ်ချက်များ လွတ်လပ်စွာဖလှယ်ခွင့်၊ ကုန်ပစ္စည်းများ လွတ်လပ်စွာစီးဆင်းခွင့်များကို လွန်စွာကန့်သတ်ခံခဲ့ရသည်။ သို့သော် လူအများက ၎င်းတို့၏ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြပြီး လွတ်လပ်မှုသည် တဖြည်းဖြည်းချင်း အခြေတည် အရှိန်ရလာသည်။ ကြမ်းကြုတ်သော အာဏာရှင်အစိုးရများနေရာတွင် ဒီမိုကရေစီအစိုးရများ နေရာယူလာသည်။ လွတ်လပ်သော စီးပွားရေးလုပ်ငန်းများက ကန့်သတ်ချက်များကို ကျော်လွှားလာကြသည်။ တစ်ကြောင်းစွဲ ဘာသာရေးဆရာများနှင့် အမြင်ကျဉ်းမြောင်းသော ဓလေ့ထုံးတမ်းများနောက်ကို လူအများက မျက်စိစုံမှိတ်မလိုက်ကြတော့ဘဲ ကိုယ်တိုင်ကိုယ်ကျ စဉ်းစားတွေးခေါ်လာနိုင်ကြသည်။ တံတိုင်းများ၊ ကျုံးများ၊ သံဆူးကြိုးခတ်ခြံစည်းရိုးများနေရာတွင် လမ်းမကြီးများ၊ ခံ့ထည်သော တံတားကြီးများ၊ ပျားပန်းခတ်မျှ လှုပ်ရှားနေသော လေဆိပ်ကြီးများက အစားထိုးလာသည်။

လစ်ဘရယ်ပုံပြင်တွင် ကမ္ဘာကြီး၌ အစစ အရာရာ အဆင်မချောသေးဘဲ ကျော်လွှားရမည့် အကျပ်အတည်းများရှိနေသည်ကို အသိအမှတ်ပြုလက်ခံထားသည်။ ဂြိုဟ်ကမ္ဘာ၏ နေရာအတော်များများတွင် အာဏာရှင်များကြီးစိုးနေဆဲဖြစ်ပြီး လစ်ဘရယ်နိုင်ငံတော်တော်များများတွင်ပင် နိုင်ငံသားအများသည် ဆင်းရဲမွဲတေမှု၊ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများကို ခံစားနေရသေးသည်။ သို့တစေ ယင်းပြဿနာများကို ကျော်လွှားနိုင်ရန် အဖြေက ရှိပြီး ဖြစ်သည်။ ကျွန်တော်တို့လုပ်ရမည်မှာ လူအပေါင်းကို လွတ်လပ်မှုပိုပေးရန်ဖြစ်သည်။ လူ့အခွင့်အရေးကို ကာကွယ်ပြီး လူတိုင်းကို မဲပေးခွင့်ပေးရမည်၊ လွတ်လပ်သော ဈေးကွက်များ ဖော်ဆောင်ပြီး လူများ၊ စဉ်းစားကြံဆမှုများ၊ ကုန်ပစ္စည်းများကို ကမ္ဘာတလွှားလွယ်နိုင်သမျှ လွယ်လွယ်စီးဆင်းနိုင်စေရန် ဆောင်ရွက်ပေးရမည်။ တစ်ယောက်နှင့် တစ်ယောက်ယူဆပုံချင်း အနည်းငယ်သာကွာပြီး ဂျော့ဗ်ဒဗလူဘုရှ်နှင့် ဘားရက်အိုဘားမားတို့ကဲ့သို့ ပုဂ္ဂိုလ်များ လက်ခံထားသည့် ဤလစ်ဘရယ်နတ်ဆေးအရ ကျွန်တော်တို့၏ နိုင်ငံရေး၊ စီးပွားရေးစနစ်များကို တစ်ကမ္ဘာလုံးပိုမိုချိတ်ဆက်ခြင်းနှင့် လစ်ဘရယ်ပြုခြင်းကို ဆက်လုပ်လျှင် လူသားအားလုံးအတွက် ငြိမ်းချမ်းပြီး သာယာဝပြောသော ကမ္ဘာကြီးဖြစ်လာမည် အမှန်ပင်ဟု ဤပုံပြင်က ဆိုလေသည်။

ယင်း တစ်ဟုန်ထိုးတိုးတက်မှုဖြစ်စဉ်ကို ဝင်ပါလာသည်နှင့်အမျှ နိုင်ငံများမှာ ငြိမ်းချမ်းမှု၊ သာယာဝပြောမှုကို မြန်မြန်ခံစားရမည် ဖြစ်သည်။ ဤရှောင်လွှဲလို့မရသော ဖြစ်စဉ်ကို ငြင်းဆန်သော နိုင်ငံများမှာ ဒုက္ခသုက္ခမျိုးစုံ ကြုံတွေ့ရမည်။ သူတို့တွေလည်း ဉာဏ်အလင်းပွင့်လာသောအခါ နိုင်ငံကို ဖွင့်ပေးလိုက်ကြမည်ဖြစ်ပြီး သူတို့၏ လူ့အဖွဲ့အစည်း၊ နိုင်ငံရေးနှင့် ဈေးကွက်များလည်း လစ်ဘရယ်လမ်းစဉ် လိုက်ကြမည်သာဖြစ်သည်။ အချိန်ကြာကောင်း ကြာနိုင်သော်လည်း အဆုံးတွင် မြောက်ကိုရီးယား၊ အီရတ်နှင့် အယ်လ်ဆာလ်ဗဒေါနိုင်ငံတို့လည်း ဒိန်းမတ်တို့ အိုင်အိုဝါတို့လို ဖြစ်လာကြပေမည်။

၁၉၉၀ ပြည့်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်များတွင် လစ်ဘရယ်ပုံပြင်သည် တစ်ကမ္ဘာလုံး တဖွဖွရွတ်ကြသော ဂါထာဖြစ်လာသည်။ ဘရာဇီးမှ အစ အိန္ဒိယအဆုံး အစိုးရအတော်များများသည် သမိုင်း၏ ရှောင်လွှဲမရသော တိုးတက်မှုကြီးနောက်လိုက်ရန်အလို့ငှာ လစ်ဘရယ်ဆေးကို သောက်ကြရတော့သည်။ ဆေးမသောက်သည့် သူများမှာ ဘိုးတော်ဘုရားခေတ်မှာ နေရစ်ခဲ့သူများဟု အထင်ခံရသည်။ ၁၉၉၇ တွင် အမေရိကန်သမ္မတဘီလ်ကလင်တန်က ယုံကြည်ချက်ရှိရှိဖြင့် နိုင်ငံရေးလစ်ဘရယ် မလုပ်သော တရုတ်အစိုးရကို ‘သမိုင်း၏ မှားယွင်းသောဘက်မှာ ရပ်သည်’ ဟုသမုတ်လေသည်။

သို့သော် ၂၀၀၈ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကပ်ဆိုက်ပြီးချိန်မှစ၍ ကမ္ဘာတလွှားရှိ လူအများမှာ ဤလစ်ဘရယ်ပုံပြင်သည် မှန်းချက်နှင့် နှမ်းထွက်မကိုက်ကြောင်း ပိုပြီး သဘောပေါက်လာကြသည်။ တံတိုင်းများနှင့် စည်းရိုးများ ပြန်ခေတ်ထလာသည်။ ပြောင်းရွှေ့အခြေချနေထိုင်ခြင်းနှင့် ကုန်သွယ်ရေးသဘောတူညီမှုများကို ဆန့်ကျင်ခြင်း မြင့်တက်လာသည်။ အပြင်ပန်းအားဖြင့် ဒီမိုကရေစီအစိုးရများမှာလည်း တရားရေးမဏ္ဍိုင်၏ လွတ်လပ်စွာစီရင်ပိုင်ခွင့်ကို စွက်ဖက်ခြင်း၊ မီဒီယာလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်း၊ အတိုက်အခံမှန်သမျှကို နိုင်ငံတော်ပုန်ကန်မှုဟု ယိုးစွပ်ခြင်းများ ပြုလုပ်လာကြသည်။ တူရကီနှင့် ရုရှားတို့ကဲ့သို့သော နိုင်ငံများမှ မဟာခေါင်းဆောင်ကြီးများမှာမူ လစ်ဘရယ်မဆန်သော ဒီမိုကရေစီများနှင့် အာဏာရှင်စနစ်များကို ဗြောင်ပင်ကျင့်သုံးလာကြသည်။ ယနေ့တရုတ်ကွန်မြူနစ်ပါတီကို သမိုင်း၏ မှားယွင်းသောဘက်မှာ ရပ်သည်ဟု တစ်ထစ်ချ မည်သူပြောရဲပါသေးသနည်း။

ဗြိတန်နိုင်ငံဥရောပသမဂ္ဂမှ နုတ်ထွက်ရန် မဲပေးခဲ့သောဖြစ်စဉ်နှင့် အမေရိကန်ပြည်ထောင်စုတွင် ဒေါ်နယ်ထရမ့် ထိပ်ရောက်လာမှုများဖြင့် ပြောစမှတ်တွင်ရသော ၂၀၁၆ ခုနှစ်သည် အမာခံလစ်ဘရယ်တိုင်းပြည်များဖြစ်သော အနောက်ဥရောပနှင့် မြောက်အမေရိကသို့ ဤမှန်းချက်နှင့် နှမ်းထွက်မကိုက်မှု ဒီရေလှိုင်းလုံးကြီး ရောက်လာသည့်အချိန်ကို ထင်ရှားစေသည်။ လွန်လေသော နှစ်အနည်းငယ်ကမူ အမေရိကန်နှင့် ဥရောပသားများမှာ အီရတ်နှင့် လစ်ဗျားကို သေနတ်နှင့် တေ့ပြီး ဇွတ်လစ်ဘရယ်ခိုင်းခဲ့သော်လည်း အခုချိန်တွင်မူ ကန်တက်ခီနှင့် ယော့ခ်ရှိုင်းရားမှ လူအများအပြားပင် လစ်ဘရယ်ပန်းတိုင်ကို မဖြစ်နိုင်တော့ သို့မဟုတ် နှစ်သက်ဖွယ်မကောင်းတော့ဟု မြင်လာကြသည်။ အချို့က အတိတ်ကမ္ဘာ၏ အထက်အောက်အလွှာခွဲသောစနစ်ကို ပြန်တမ်းတပြီး သူတို့၏ လူမျိုးရေး၊ အမျိုးသားရေး၊ လိင်ခွဲခြားမှုများမှ ရရှိသော အခွင့်အရေးများကို မစွန့်လွှတ်ချင်ကြပေ။ အချို့ကလည်း (မှန်သည်မှားသည် အပထား) လစ်ဘရယ်ပြုခြင်းနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် လူအများစုမှာ နင်းပြားအဖြစ် အနင်းခံရပြီး ထိပ်မှ လက်တစ်ဆုပ်စာ ရေပေါ်ဆီလူတစ်စုကိုသာ ကြီးပွားစေသည်ဟု ကောက်ချက်ချကြသည်။

၁၉၃၈ တွင် လူသားများမှာ ကမ္ဘာ့ပုံပြင်ကြီးသုံးပုဒ်မှ ရွေးချယ်နိုင်လေ၏။ ၁၉၆၈ တွင် နှစ်ပုဒ်သာ ကျန်တော့သည်။ ၁၉၉၈ တွင်မူ ပုံပြင်တစ်ပုဒ်တည်းသာ ကြီးစိုးရာမှ ၂၀၁၈ တွင် ပုံပြင်တစ်ပုဒ်မှ ရွေးစရာ မကျန်တော့ပေ။ ကမ္ဘာကို ပြီးခဲ့သော ဆယ်စုနှစ်များက လွှမ်းမိုးထားသော လစ်ဘရယ်ထိပ်သီးများ ခြေမကိုင်မိလက်မကိုင်မိ၊ ချာချာလည်ဖြစ်ရသည်မှာလည်း မဆန်းလှ။ ပုံပြင်တစ်ပုဒ်တည်းရှိသောအဖြစ်မှာ အင်မတန်မှ စိတ်အေးချမ်းသာနေလို့ ရသည်။ အရာရာမှာလည်း အံဝင်ခွင်ကျပင်။ ရုတ်ချည်း ဘယ်ပုံပြင်ကိုမျှ ကိုးစားလို့ မရသောအဖြစ်မှာမူ ထိတ်လန့်စရာ။ ဘယ်အရာမှ အံမဝင်တော့။ ၁၉၈၀ ပြည့်နှစ်များတွင် ဆိုဗီယက်ထိပ်သီးများဖြစ်ခဲ့သလိုပင် လစ်ဘရယ်များအဖို့ သမိုင်းကြောင်းက မည်သို့မည်ပုံအံချော်သွားသနည်း စဉ်းစားမရ ဖြစ်ရတော့သည်။ ကမ္ဘာ့အရှိတရားကို ဘယ်မျက်မှန်တပ်ပြီး ရှုရမည်နည်း ကြံရာမရဖြစ်ကုန်၏။ လမ်းပျောက်နေသောအခါ အရာရာကို ကမ္ဘာပျက်တော့မတတ် ထင်လာသည်။ သမိုင်း၏ နိဂုံးက ထင်ထားသလို အဆုံးတွင် အားလုံးပျော်ရွှင်စွာနေထိုင်သွားကြလေတော့သည်ဟု ဖြစ်မလာသောအခါ ကမ္ဘာဖျက်မိုးကြီး မကြာခင်ရွာတော့မည်ဟု ထင်လာ၏။ အရှိတရားကို ယထာဘူတကျကျ မဆန်းစစ်နိုင်သောအခါ အလုံးစုံပျက်သုဉ်းပုံနည်းအဖုံဖုံကို စိတ်က တစ်မျိုးပြီး တစ်မျိုးတွေးလာသည်။ ခေါင်းလေးကိုက်ရုံဖြင့် ကိုယ့်ဘာသာကိုယ် ဦးနှောက်ကင်ဆာဖြစ်နေပါပြီဟု ထင်သူများကဲ့သို့ လစ်ဘရယ်အတော်များများလည်း ဗြိတိန် ဥရောပသမဂ္ဂမှ နုတ်ထွက်ရုံ၊ ဒေါ်နယ်ထရမ့်ထိပ်ရောက်လာရုံနှင့်တင် လူသားမျိုးနွယ် ပျက်သုဉ်းတော့မည်ဟု ကမ္မနိမိတ်ပြလေပြီဟု တွေးကြောက်ကြတော့သည်။

ခြင်တဝီဝီကိုသတ်ခြင်းမှ အတွေးတစီစီကို သတ်ခြင်း

နည်းပညာရိုက်ခတ်မှု အရှိန်အဟုန်မြင့်လာခြင်းကလည်း ချာချာလည်လမ်းပျောက်မှုနှင့် ဂြိုဟ်ဆိုးဝင်တော့မည်ဆိုသော ခံစားချက်ကို ပိုဆိုးစေသည်။ ရေနွေးငွေ့အင်ဂျင်၊ ရေနံချက်စက်ရုံနှင့် တယ်လီဗီရှင်းများရှိသော ကမ္ဘာကို စီမံခန့်ခွဲရန် လစ်ဘရယ်နိုင်ငံရေးစနစ်ကို စက်မှုခေတ်က ပုံဖော်ပေးလိုက်ခြင်းဖြစ်သည်။ ဤစနစ်အနေနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာနှင့် ဇီဝနည်းပညာများ ထွန်းကားပြောင်းလဲနေသော ခေတ်ကြီးကို စီမံရန်မူကား ခက်ချေတော့သည်။

နိုင်ငံရေးသမားများရော မဲဆန္ဒရှင်များပါ နည်းပညာအသစ်များ၏ ပေါက်ကွဲနိုင်သော စွမ်းပကားကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ နားလည်နိုင်ဖို့ပင် မနည်းလိုက်ယူရသည်။ ၁၉၉၀ ပြည့်နှစ်များမှစ၍ အခြားအရာများထက် အင်တာနက်က ကမ္ဘာကို ပို၍ပြောင်းလဲခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် အင်တာနက်တော်လှန်ရေးကို ဦးဆောင်သူများမှာ နိုင်ငံရေးပါတီများထက် အင်ဂျင်နီယာများ ဖြစ်ကြသည်။ အင်တာနက်သည် မည်သို့မည်ပုံဖြစ်သင့်သည်ဟု စာဖတ်သူ မဲပေးရဖူးပါသလော။ ဒီမိုကရေစီစနစ်မှာ သူ့ကို ဘာက ဝင်ဆောင့်သွားသလဲ နားလည်ရန်ပင် မနည်းကြိုးစားနေရသည့် အဖြစ်။ နောက်လာဦးမည့် AI ထွန်းကားလာမှုနှင့် Blockchain တော်လှန်ရေးကဲ့သို့သော ဂယက်များကို ကိုင်တွယ်ဖြေရှင်းရန် သူ့အနေနှင့် မလွယ်ကူပေ။

ယနေ့ခေတ်တွင်ပင် ငွေကြေးစနစ်မှာ ကွန်ပျူတာများကြောင့် အင်မတန်ရှုပ်ထွေးသော စနစ် ဖြစ်လာပြီး လူသားများအနေနှင့် နားလည်ရန်ခက်လာသည်။ AI စနစ် တိုးတက်လာသည်နှင့်အမျှ မည်သူမှ နားမလည်နိုင်တော့သည့် ငွေကြေးစနစ် ဖြစ်လာနိုင်သည်။ ထိုအခါနိုင်ငံရေးစနစ်ကို ဘယ်လိုသက်ရောက်မည်နည်း။ အစိုးရတစ်ရပ်က သူ့ဘတ်ဂျက်ကို အတည်ပြုရန် သို့မဟုတ် အခွန်စနစ်သစ်တစ်ရပ်ကို အတည်ပြုရန် ကွန်ပျူတာအယ်လ်ဂိုရစ်သမ်၏ အတည်ပြုမှုကို ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးသို့ စောင့်နေရမည့်အဖြစ်ကို စာဖတ်သူမြင်ယောင်ကြည့်ပါ။ တစ်ချိန်တည်းမှာပင် တစ်ဦးဆီမှ တစ်ဦးဆီသို့ တိုက်ရိုက်ချိတ်ဆက်သည့် Blockchain ကွန်ရက်များနှင့် Bitcorn ကဲ့သို့သော လျှို့ဝှက်ငွေကြေး (Cryptocurrency) များကြောင့် ငွေရေးကြေးရေးစနစ်တစ်ခုလုံးကို အစအဆုံးပြန်ပြင်ပြီး အခွန်စနစ်ကို လုံးလုံးလျားလျားဆန်းသစ်ဖို့ လိုကောင်းလိုလာနိုင်သည်။ ဥပမာ – ဒေါ်လာကို အခွန်ကောက်ရန် အဓိပ္ပာယ်မရှိတော့သည့် အဖြစ် သို့မဟုတ် မဖြစ်နိုင်တော့သည့် အခြေသို့ ရောက်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အရောင်းအဝယ်အများစုမှာ မည်သည့်နိုင်ငံ၏ ငွေကြေး သို့မဟုတ် မည်သို့သော ငွေကြေးကိုမှ သုံးရန်မလိုသော အဖြစ် ရောက်လာနိုင်သောကြောင့်ဖြစ်၏။ ထိုအခါ အစိုးရများမှာ လုံးလုံးကို ဆန်းသစ်သည့် အခွန်များကောက်ခံရန် ကြံဆလာရနိုင်သည်။ ဥပမာ – သတင်းအချက်အလက်ကို အခွန်ကောက်ခံခြင်း (သတင်းအချက်အလက်မှာ စီးပွားရေးတွင် အရေးကြီးဆုံးအဖိုးတန်ပစ္စည်းဖြစ်လာနိုင်ပြီး အရောင်းအဝယ်အများစုတွင် လဲလှယ်သည့် တစ်ခုတည်းသော အရာ ဖြစ်လာနိုင်သည်)။ နိုင်ငံရေးစနစ်အနေနှင့် ဤအကျပ်အတည်းကို ငွေကြေးလုံးဝကုန်ခန်းသည့်အဖြစ် မရောက်ခင် ကိုင်တွယ်ဖြေရှင်းရန် စွမ်းနိုင်ပါ့မလား။

ထို့ထက်ပိုအရေးကြီးသည်မှာ သတင်းအချက်အလက်နည်းပညာနှင့် ဇီဝနည်းပညာနှစ်မြွှာပူး အံ့မခန်းတိုးတက်ပြောင်းလဲမှုက စီးပွားရေးနှင့် လူ့အဖွဲ့အစည်းကိုသာမက ကျွန်ုပ်တို့၏ ရုပ်ခန္ဓာနှင့် နာမ်ခန္ဓာအဆောက်အဦတည်ဆောက်မှုကိုပါ သက်ရောက်လာနိုင်သည်ဆိုသည့်အချက်ပင် ဖြစ်ပါ၏။ အတိတ်က ကျွန်ုပ်တို့ လူသားများအနေနှင့် မိမိတို့၏ ကိုယ်ခန္ဓာပြင်ပဗဟိဒ္ဓဖြစ်သော ကမ္ဘာကြီးကို မည်သို့ထိန်းချုပ်ရမည်နည်းကို လေ့လာခဲ့ကြသည်။ သို့တစေ မိမိတို့၏ ကိုယ်တွင်းအဇ္ဈတ္တကို မထိန်းချုပ်နိုင်သလောက် ဖြစ်သည်။ ကျွန်ုပ်တို့အနေဖြင့် ဆည်တစ်စင်းဆောက်ပြီး မြစ်ရေစီးမှုကို တားဆီးနိုင်၏။ သို့ရာတွင် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အိုမင်းရင့်ရော်လာမှုကို မတားဆီးနိုင်။ ဆည်ရေသောက်စနစ်တစ်ခု မည်သို့တည်ဆောက်ရမည်နည်းသိသော်လည်း ဦးနှောက်တစ်ခုကို မတည်ဆောက်တတ်။ ကျွန်ုပ်တို့ အိပ်ချိန်ခြင်တဝီဝီဝဲနေပါက ခြင်ကို ဘယ်လိုသတ်ရမလဲသိသော်လည်း အတွေးတစီစီတဝဲဝဲပေါ်နေပြီး အိပ်မရဖြစ်နေပါက ထိုအတွေးကို ဘယ်လိုဖျောက်ရလဲ ကျွန်ုပ်တို့အများစုက မသိကြချေ။

ဇီဝနည်းပညာနှင့် သတင်းအချက်အလက်နည်းပညာတော်လှန်ရေးများက မိမိကိုယ်တွင်း အဇ္ဈတ္တကို မိမိတို့ကိုယ်တိုင် ထိန်းချုပ်နိုင်စေမည်ဖြစ်ပြီး အသက်ဇီဝကို ဖန်တီးပြုပြင်လာနိုင်မည် ဖြစ်သည်။ ဦးနှောက်များ ဖန်တီးလာနိုင်ပြီး လူ့သက်တမ်းရှည်ရန်လည်း စွမ်းလာမည်ဖြစ်သည်။ အတွေးများကိုလည်း မိမိတို့အလိုရှိသလို ဖျောက်ပစ်လာနိုင်မည်ဖြစ်သည်။ နောက်ဆက်တွဲမည်သို့ဖြစ်မည်ကိုမူ မည်သူမျှမသိကြချေ။ လူသားများသည် ကိရိယာများကို ဖန်တီးခြင်းတွင် စွမ်းကြ၏။ သို့သော် ဉာဏ်ရှိရှိကြ အသုံးမချတတ်ကြ။ သမိုင်းကို ပြန်ကြည့်လျှင် ဒါကို သိနိုင်လေသည်။ မြစ်တစ်စင်းကို ဆည်ဆောက်ပြီး လိုသလို စီရင်ခြင်းက ဂေဟစနစ်ကို မည်သို့ရှုပ်ထွေးစွာ သက်ရောက်မည်နည်း တွက်ချက်ရသည်ထက် ပိုလွယ်သည်။ ထို့အတူ ကျွန်ုပ်တို့၏ အတွေးစီးဆင်းမှုကို ပြုပြင်ခြင်းက ကျွန်ုပ်တို့၏ စိတ်သဘောကို မည်သို့သက်ရောက်မည်၊ လူ့အဖွဲ့အစည်းကို မည်သို့သက်ရောက်မည် မှန်းဆခြင်းထက် ပို၍လွယ်မည်ဖြစ်သည်။

ပြီးခဲ့သော ကာလအတွင်း ကျွန်ုပ်တို့လူသားများသည် မိမိတို့ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲနိုင်သော အစွမ်းကို ရရှိလာခဲ့သည်။ သို့သော် ကမ္ဘာ့ဂေဟစနစ်၏ ရှုပ်ထွေးနက်နဲမှုကို နားမလည်သောကြောင့် ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော အပြောင်းအလဲများက ဂေဟစနစ်တစ်ခုလုံးကို သက်ရောက်လာပြီး ယခုအခါ ဂေဟစနစ်ပျက်ယွင်းခြင်း အန္တရာယ်ကို ကြုံနေရသည်။ လာမည့် ရာစုနှစ်တွင် ဇီဝနည်းပညာနှင့် သတင်းအချက်အလက်နည်းပညာက ကျွန်ုပ်တို့ကို ကိုယ်တွင်းအဇ္ဈတ္တကို ပြုပြင်ပြောင်းလဲနိုင်စွမ်းပေးလာမည် ဖြစ်သည်။ သို့တစေ ကျွန်ုပ်တို့၏ စိတ်သဘောရှုပ်ထွေးနက်နဲမှုကို နားမလည်သောကြောင့် ကျွန်ုပ်တို့ပြုလုပ်သော အပြောင်းအလဲများကြောင့် စိတ်ပိုင်းဆိုင်ရာစနစ်တစ်ခုလုံး ပျက်ယွင်းပြိုလဲနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်သည်။

ဇီဝနည်းပညာနှင့် သတင်းအချက်အလက်နည်းပညာတော်လှန်ရေးကို ဆောင်ရွက်နေကြသူများမှာ အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များ၊ စွန့်ဦးတီထွင်စီးပွားရေးသမားများဖြစ်ပြီး သူတို့အနေနှင့် မည်သူ့ကိုမှ ကိုယ်စားပြုခြင်းမရှိသလို သူတို့ဆုံးဖြတ်ချက်များ၏ နိုင်ငံရေးပိုင်းတွင် သက်ရောက်မှုများကို မသိကြသလောက်ဖြစ်သည်။ လွှတ်တော်များ၊ ပါတီများအနေနှင့်ရော ဤကိစ္စများကို သူတို့လက်ထဲ ရောက်လာအောင် စွမ်းနိုင်ကြပါမည်လော။ လက်ရှိတွင် စွမ်းပုံမရ။ နိုင်ငံရေးလုပ်ငန်းစဉ် ဦးစားပေးကိစ္စရပ်များတွင် နည်းပညာရိုက်ခတ်မှု အကြောင်းပါဝင်ခြင်းပင် မရှိပေ။ ၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် နည်းပညာရိုက်ခတ်မှုကို ညွှန်းဆိုရာတွင် အဓိကပြောကြသည့်ကိစ္စမှာ ဟယ်လာရီကလင်တန်၏ အီးမေးလ်အရှုပ်တော်ပုံ ဖြစ်သည်။ အလုပ်အကိုင်များဆုံးရှုံးလာမှုကို ပြောကြသော်လည်း သမ္မတလောင်းနှစ်ဦးလုံးက လူအစား အလိုအလျောက်စက်ကိရိယာကို အစားထိုးခြင်းကြောင့် ဖြစ်လာနိုင်သည့် သက်ရောက်မှုကို မပြောကြချေ။ ဒေါ်နယ်ထရမ့်က မဲဆန္ဒရှင်များကို မက္ကဆီကန်များနှင့် တရုတ်များက သူတို့အလုပ်ကို ဝင်နေရာယူလာနိုင်သည်ဟု သတိပေးပြီး မက္ကဆီကို နယ်စပ်တွင် တံတိုင်းဆောက်သင့်ကြောင်း ဆိုသည်။ သို့တစေ ကွန်ပျူတာအယ်လ်ဂိုရစ်သမ်များက သူတို့အလုပ်ကို ဝင်နေရာယူလာနိုင်ကြောင်း မဲဆန္ဒရှင်များကို သတိပေးခြင်းမရှိသလို ကယ်လီဖိုးနီးယားနယ်စပ်တွင် ကွန်ပျူတာတံတိုင်းကြီး ကာသင့်ကြောင်း ပြောကြားခြင်း မရှိချေ။   

ဤသည်မှာ အနောက်လစ်ဘရယ်ကမ္ဘာ၏ အသည်းနှလုံးနေရာတွင် ရှိသော မဲဆန္ဒရှင်များပါ လစ်ဘရယ်ပုံပြင်နှင့် ဒီမိုကရေစီလမ်းစဉ်ကို ယုံကြည်မှုလျော့လာခြင်း အကြောင်းရင်းတစ်ရပ်ဖြစ်နိုင်သည် (သို့ရာတွင် အခြားအကြောင်းရင်းများလည်း ရှိသေးပါသည်)။ သာမန်ပြည်သူများမှာ Artificial Intelligence (AI) တွေ ဇီဝနည်းပညာတွေ နားလည်ချင်မှ နားလည်မည်ဖြစ်သော်လည်း အနာဂတ်မှာ သူတို့ဘက်တွင် မရှိတော့ကြောင်းကို ရိပ်စားမိနိုင်သည်။ ၁၉၃၈ တွင် ဆိုဗီယက် ရုရှား၊ ဂျာမနီ သို့မဟုတ် အမေရိကန်ရှိ သာမန်ပြည်သူတစ်ဦး၏ အခြေအနေမှာ ဆိုးရွားကောင်း ဆိုးရွားနိုင်သော်လည်း သူသည် ကမ္ဘာကြီးတွင် အရေးပါဆုံးဖြစ်ကြောင်း၊ ကမ္ဘာ့အနာဂတ်ရင်နှစ်သည်းချာဖြစ်ကြောင်း အဆက်မပြတ်ကြားနေရလေသည် (သို့ရာတွင် ယင်းသာမန်ပြည်သူတစ်ဦးမှာ ဂျူး မဟုတ် သို့မဟုတ် လူမည်း မဟုတ်ရန်တော့ လိုသေးပေ၏)။ သူ့အနေနှင့် ကျောက်မီးသွေးတွင်း အလုပ်သမားများ၊ စတီးလ်အလုပ်သမားများ၊ အိမ်ရှင်မများကို သူရဲကောင်းအနေနှင့် ပုံဖော်ပြထားသည့် ဝါဒဖြန့်ပိုစတာများကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်နိုင်သည်။ “ပိုစတာမှာ ငါ့ပုံကြီး။ ငါက အနာဂတ်ရဲ့သူရဲကောင်းပဲ” လုပ်လို့ ရလေသည်။

၂၀၁၈ တွင် သာမန်ပြည်သူတစ်ဦးမှာ မိမိကိုယ်ကိုယ်အရေးမပါဟု ပို၍ ခံစားလာရသည်။ TED Talks များ၊ အစိုးရအကြံပေးပညာရှင်အုပ်စုများ၊ အဆင့်မြင့်နည်းပညာဆိုင်ရာ ကွန်ဖရင့်များတွင် အားကြိုးမာန်တက်ပြောနေကြသည့် ဂလိုဘယ်လိုက်ဇေးရှင်း၊ Blockchain ၊မျိုးရိုးဗီဇဖန်တီးပြုပြင်ခြင်း၊ AI ၊ Machine Learning အစရှိသည့် ခပ်ဆန်းဆန်းစကားလုံးများက ကိုယ်နဲ့ မဆိုင်ဟု ခံစားလာရသည်။ လစ်ဘရယ်ပုံပြင်မှာ အညတရပြည်သူများ၏ ပုံပြင်ဖြစ်လေသည်။ စက်တစ်ဝက် လူသားတစ်ဝက် Cyborg များ၊ ကွန်ပျူတာကွန်ရက် အယ်လ်ဂိုရစ်သ်များ၏ ကမ္ဘာနှင့် ဘယ်လိုများ သက်ဆိုင်ပါဦးတော့မည်နည်း။

၂၀ ရာစုတွင် လူထုက ဂုတ်သွေးစုပ်ဖိနှိပ်ခြင်းကို တော်လှန်ခဲ့ကြပြီး စီးပွားရေးလုပ်သားအင်အားစုလူထု၏ အရေးပါသည့် အခန်းကဏ္ဍကို နိုင်ငံရေးအာဏာအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ယခုအခါ လူထုမှာ ခေတ်နဲ့ ကိုယ်နဲ့ လုံးလုံးမျှမဆိုင်နိုင်တော့သည့်အဖြစ်ကို ကြောက်လာရပြီး သူတို့၏ လက်ကျန်နိုင်ငံရေးအာဏာကို အချိန်မနှောင်းခင် ကသုတ်ကရိုက်သုံးစွဲလာကြသည်။ ဗြိတိန်ဥရောပသမဂ္ဂမှ နုတ်ထွက်ခြင်းနှင့် ဒေါ်နယ်ထရမ့်တက်လာခြင်းတို့မှာ ရှေးက မြင်နေကျ ဆိုရှယ်လစ်တော်လှန်ရေးများနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်သည်။ ရုရှား၊ တရုတ်နှင့် ကျူးဘားတို့တွင် ဖြစ်ခဲ့သော တော်လှန်ရေးများမှာ စီးပွားရေးအတွက် အရေးပါပြီး နိုင်ငံရေးအာဏာလက်မဲ့ဖြစ်နေသော လူထု၏ တော်လှန်ရေးဖြစ်သည်။ ၂၀၁၆ ထရမ့်နှင့် ဗြိတိန် Brexit ဖြစ်စဉ်တို့မှာ နိုင်ငံရေးအာဏာလက်ဝယ်ရှိသေးပြီး စီးပွားရေးအရ အရေးမပါတော့မှာ စိုးလာရသည့် လူထုက ထောက်ခံခြင်းဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည်မှာ ၂၁ ရာစု လူထုတော်လှန်ရေးများသည် လူထုကို အမြတ်ထုတ်နေသည့် လူကုံထံများကို တော်လှန်ရခြင်းမဟုတ်တော့ဘဲ လူထုကို မလိုအပ်တော့သည့် လူကုံထံများကို တော်လှန်ရခြင်းဖြစ်လာနိုင်သည်။ သည်တိုက်ပွဲမှာ ရှုံးဖို့ရာသာ များတော့၏။ ဂုတ်သွေးစုပ်အမြတ်ထုတ်ခြင်းကို တော်လှန်ရခြင်းထက် မိမိနှင့်မဆိုင်တော့သော အဖြစ်ကို တော်လှန်ရခြင်းက ခက်ဖို့ရာသာ ရှိတော့၏။

သီဟ၀င့်အောင်

(ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင်  21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *