အဂတိ

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အပြီးတွင် နောက်ပြန်တွေးမိသလို အရှေ့သို့လည်း မျှော်ကြည့်မိပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးထိရောက်ရန် ‘ငါးကြီးကြီးကိုကြော်ရမည်’ ဟူသော သီအိုရီရှိပြီး စီးပွားရေးပညာရှင်ဆရာကြီးဦးမြင့် ပြောစကားမှ တစ်ဆင့် ရေပန်းစားသွားသည်။ ငါးသေး၊ ငါးလတ်များကို ကြော်ခဲ့ရာမှ ငါးကြီးကြီးကို ကြော်ပြီလား။

ရွေးကောက်ပွဲတစ်နှစ်ခွဲခန့်သာလိုချိန်တွင် ပြည်သူလူထုထောက်ခံမှုရအောင် အဂတိလိုက်စားမှုတိုက်ဖျက်ပြနေသည်ဟု အချို့က ဝေဖန်သည်။ စာရေးသူအမြင် လက်ခုပ်သံရအောင်၊ မဲရအောင် လုပ်သည် ဟုတ်ဟုတ် မဟုတ်ဟုတ် နောင်ထွက်မည့် ရလဒ်က ပိုအရေးကြီးသည်။ နောင်တွင် အဂတိလိုက်စားမှုများ လျော့ပါးသွားဖို့သာ လိုသည်။ လက်ခုပ်သံညံသော်လည်း အဂတိလိုက်စားမှုများ လျော့ပါးမသွားလျှင်၊ အရေးယူခံရသည်များသာ နည်းသွားပြီး အဂတိလိုက်စားမှုများ ကိုယ်ပျောက်သွားလျှင်မူ နိုင်ငံအတွက် အကျိုးမရှိပါ။

ငါးကြီးကြီးကို ကြော်ခြင်းသည် ကောင်းသော်လည်း ကြော်ရသည့် အဆင့် မရောက်လျှင် ပိုကောင်းသည်၊ အဂတိလိုက်စားခွင့် မရလျှင် ပိုကောင်းသည်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် သာလွန်သည်။ စနစ် ဆက်လက်တည်ဆောက်ရန် လိုပါသေးသည်။
ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်များအထိအရှ များနေသည်။ ပြည်ထောင်စုအစိုးရတွင်မူ အထိအရှနည်းနေသည်။ အဘယ်ကြောင့်နည်း။ ပြည်ထောင်စုအစိုးရက အပြစ်ပိုကင်းနေသလား။ ထိုမေးခွန်းကို မေးအပြီး ကျွန်တော့်စိတ်ထဲတွင် ဆက်စပ်မေးခွန်းများပေါ်လာသည်။ ဖက်ဒရယ်စနစ်သည် ကောင်းစွာလည်ပတ်နေပြီး ပြည်နယ်၊ တိုင်းဒေသကြီးနှင့် ဗဟိုအစိုးရအကြား အာဏာခွဲဝေပုံ ကောင်းမွန်နေသလား။ ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များသည် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရနေသလား။ သုံးခုထပ်စဉ်းစားမိသည်။

မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဟု အစိုးရနှစ်လွှာရှိရာ ပြည်ထောင်စုအစိုးရသည် သမ္မတစနစ်ပုံစံဖြစ်သည်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ပါလီမန်စနစ်ဖြစ်သည်ဟု ပြောနိုင်သည်။ အဂတိကိစ္စတွင် ပါလီမန်စနစ်နှင့် သမ္မတစနစ်တို့အကြား မည်သို့ကွာဟပါသလဲ။ နောက်တစ်ချက်မှာ Check and Balance ခေါ် ထိန်းညှိမှုစနစ် ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များသည် ခြွင်းချက်အချို့မှလွဲပြီး အတော်လေးငြိမ်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းအစိုးရများကို သက်ဆိုင်ရာလွှတ်တော်များသည် ထိန်းညှိနိုင်သလား။ နောက်ဆုံးအချက်။ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်ရာတွင် ဟာကွက်များ ရှိနေသလား။ လူမှန်နေရာမှန် ရောက်သလား။ နောက်ဆုံးအချက်တွင်ပင် တွေးစရာနှစ်ချက်ရှိသည်။ တစ်ချက်မှာ‘Power Corrupts’ ‘အာဏာသည် လူကို ပျက်စီးစေသည်”။ အာဏာမရသေးသော သူကို အာဏာပေးကြည့်လျှင် ပြောင်းလဲသွားတတ်သည်။ အာဏာမရမီက ရိုးသားသူဟု ထင်ရသူသည် အာဏာရလျှင် အာဏာကိုအလွဲသုံးစားလုပ်တတ်သည်များ ကြုံကြရသည်။ ထို့ကြောင့် ရွေးချယ်ရာတွင် တစ်ချီတည်းဖြင့် မှန်ရန် ခက်သည်။ သို့ဆိုသောကြောင့် လွန်မှ အရေးယူရမည်ဟု မဆိုလို။ Monitoring and Evaluation စဉ်ဆက်မပြတ် စောင့်ကြည့်အကဲဖြတ်ရန် လိုသည်။ ထို့ကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်အကဲဖြတ်သည့် စနစ် သို့မဟုတ် ယန္တရား ရှိရမည်။ နောက်တစ်ချက်။ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များကို မခန့်မီ သေချာစွာ အကဲဖြတ်ပြီးမှ ခန့်အပ်သလားဟူသော မေးခွန်းပင်ဖြစ်သည်။ ယင်းသည် ပါတီနှင့် ဆိုင်သည်။ ပါတီက ရာထူးများကို မည်သည့်ပေတံများဖြင့် တိုင်းတာအကဲဖြတ် ခန့်အပ်ခဲ့သလဲ။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိစ္စသည် ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းဒေသကြီးသို့ သွားရောက်အပြီးတွင်မှ ပေါ်လာခြင်းဖြစ်သည်။ ပြည်သူလူထု၏ တိုက်ရိုက်အသံများကို ဒေါ်အောင်ဆန်းစုကြည် ကြားအပြီး တစ်နိုင်ငံလုံးဟိုးလေးတကျော်ဖြစ်အပြီးတွင် ယခုကိစ္စ ဖြစ်ပွားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သာ ထိုသို့ မသွားခဲ့၊ တစ်နိုင်ငံလုံးသို့ ဟိုးလေးတကျော် မဖြစ်ခဲ့လျှင် ယခုကဲ့သို့ အမှုဖွင့်ခြင်းများ ပေါ်လာမလား။

တိုင်မှပေါ်နှင့် စနစ်

ဂတိလိုက်စားမှုများသည် တိုင်မှပေါ်ခြင်းထက် စနစ်ဖြင့် လေ့လာဆန်းစစ်ဖော်ထုတ်နိုင်လျှင် ပိုကောင်းသည်။ အစိုးရစီမံကိန်းများ၊ အလုပ်များကို လက်ရှိအာဏာရပုဂ္ဂိုလ်များနှင့် နီးစပ်သူများ၏ ကုမ္ဗဏီများက အရများနေသလား။ အာဏာရအပြီးတွင် ထိုပုဂ္ဂိုလ်များ ကုမ္ပဏီထောင်နှုန်း တက်လာသလား။ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင်များနှင့် နီးစပ်သူများ၊ ဆွေမျိုးသားချင်းများသည် လွန်ခဲ့သော ၂နှစ် ၃နှစ်အတွင်းတွင် ကုမ္ဗဏီများ ပိုထောင်လာကြသလား။ ထိုသို့ စနစ်တကျလေ့လာဆန်းစစ်နိုင်လျှင် လွန်မှ သိခြင်းမျိုး ဖြစ်မည် မဟုတ်ပါ။ ‘အစိုးရစီမံကိန်းများကို လုပ်လိုသည့် ကုမ္ပဏီများ၊ အစိုးရက ၀ယ်ယူလိုသော ပစ္စည်းများကို ရောင်းမည့် ကုမ္ပဏီများသည် လေလံဆွဲရာတွင် သူတို့နှင့် တော်စပ်သော ပုဂ္ဂိုလ်များ အစိုးရအဖွဲ့တွင် လွှတ်တော်တွင် ရှိနေလျှင် လျှောက်လွှာတွင် တိကျစွာ ရေးသားဖော်ပြရမည်’ ဟူသော စည်းမျဉ်းမျိုးချလျင် သင့်လျော်မလား အဖြေရှာသင့်သည်။

အစိုးရအဖွဲ့ပြင်ပမှ ပုဂ္ဂိုလ်များ၏ သြဇာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် အစိုးရအဖွဲ့တွင် လွှတ်တော်တွင် ရာထူးယူမထားသော ပြင်ပပုဂ္ဂိုလ်များ၏ သြဇာကိစ္စကိုလည်း အလေးထားဆောင်ရွက်သင့်သည်။ အစိုးရအဖွဲ့တွင်းမှ ရာထူးရှိများကြောက်ရသည့် ပုဂ္ဂိုလ် ( ဥပမာ ပါတီတွင်းမှ ပုဂ္ဂိုလ်) က သြဇာသုံးသောကြောင့် အဂတိလိုက်စားမှုများ ဖြစ်ပွားလျှင် မည်သို့ဆောင်ရွက်မည်နည်း။ မိမိတို့အပေါ် သြဇာညောင်းသည့် ပြင်ပပုဂ္ဂိုလ်က မလျော်သြဇာသုံးလျှင် သက်ဆိုင်ရာအရာရှိများသည် အနည်းနှင့် အများ သြဇာဒဏ်ခံရမည် ဖြစ်သည်။ ယင်းကို မည်သို့စည်းခြားကြမည်နည်း။ မြန်မာနိုင်ငံသည် ပုဂ္ဂိုလ်ရေးသြဇာကို အလေးထားသောနိုင်ငံဖြစ်သည့်အတွက် ယင်းသို့ ပြင်ပသြဇာကြီးပုဂ္ဂိုလ်များ၏ အခန်းကဏ္ဍကို စဉ်းစားတွက်ချက်ထားသင့်ပါသည်။

ငွေကြေးအပေးအယူကိစ္စပါမှသာ အဂတိဟု တွေးထင်ကြသည်များရှိသည်။ မပေးသင့်သော အခွင့်အရေးတစ်ခုကို ကျေးဇူးခံကျေးဇူးစားတစ်ခုခုကြောင့်၊ ချစ်မြတ်နိုးသောကြောင့် အာဏာရပုဂ္ဂိုလ်က ပေးအပ်ပြီး ငွေကြေးအရ ပြန်မယူလျှင်ရော အဂတိတွင် အကျုံးမ၀င်ပေဘူးလား။ တိုင်းပြည်ကမူ နစ်နာနေပြီ။

တနင်္သာရီတိုင်းဝန်ကြီးချုပ်ကိစ္စသည် ငါးကြီးကြီးဖြစ်ရုံမက ရေထဲတွင် မျောနေသော ရေခဲတောင်၏ ရေတွင် ပေါ်နေသော ထိပ်စွန်းလေး ဖြစ်နေသည်လား။ ရေမျော ရေခဲတောင်တို့ မည်သည် အစိတ်အပိုင်းသေးသေးလေးသာ ရေပေါ်တွင် ပေါ်နေပြီး မမြင်ရသော ရေအောက်တွင် ၈၅၊ ၉၀ ရာခိုင်နှုန်း ရှိနေတတ်သည်။ အဂတိရေခဲတောင်ကို ဖော်ထုတ်နိုင်သည့် စနစ် အမြန်ဖော်ဆောင်နိုင်ပါစေ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *