ရခိုင်ကရဲများ ကျောမလုံရခြင်း

ရဲတပ်ဖွဲ့ရှိလျှင် ပြည်သူပါမလုံခြုံသည့်အခြေအနေသို့ ရောက်နေသည်။ ရခိုင်ပြည်နယ်တွင် ရဲတပ်ဖွဲ့စခန်းအချို့ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပစ်မှတ်ထားတိုက်ခိုက်မှု ခပ်စိပ်စိပ်ဖြစ်လာခြင်းကြောင့် ဖြစ်သည်။

လောလောလတ်လတ် တိုက်ခိုက်ခံရသည့်စခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲကင်းစခန်းဖြစ်ပြီး မတ်လ ၉ ရက်နေ့ ည ၁၁ နာရီကျော်တွင် AA က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင်ကိုးဦး သေဆုံးခဲ့ သည်။ ယင်းကြောင့် အင်အားနည်းသည့် ရဲကင်းစခန်းအချို့ကို ရုပ်သိမ်းကာ အခြားစခန်းနှင့် ပူးပေါင်းစုဖွဲ့လိုက်ရသည်။ ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူအချို့လည်း ထွက်ပြေးကြသည်။

ယင်းမတိုင်ခင်ကလည်း ဘူးသီးတောင်မြို့နယ်တွင် နယ်ခြားစောင့်ရဲကင်း စခန်းလေးခု အလစ်အငိုက်တိုက်ခိုက်ခံရပြီး ရန်ကုန်-စစ်တွေ ကားလမ်းပေါ်တွင်လည်း ရဲယာဉ်တန်းလည်း တိုက်ခိုက်ခံခဲ့ရသေးသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး တိုက်ခိုက်မှုအပါအဝင် တိုက်ခိုက်မှုအချို့လည်းရှိခဲ့သည်။

တိုက်ခိုက်ရေးတာဝန်မယူထားသည့် ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ဝေဖန်ပြစ်တင်မှုများရှိပြီး အခြားတစ်ဖက်တွင်လည်း တပ်မတော်၏ စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့ပါဝင်သဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း တုံ့ပြန်ထောက်ပြမှုများလည်း ရှိနေသည်။ ရဲတပ်ဖွဲ့မှာ မည်သည့်အကြောင်းအရင်းကြောင့် ပစ်မှတ်ထားခံရခြင်း ဖြစ်လာသနည်း။

မျှခြေမရောက်သေးခြင်း

ရဲစခန်းကဲ့သို့ ပစ်မှတ်မျိုးကို တိုက်ခိုက်ခြင်းမှာ စစ်၏သဘောတရားအရ တစ်ဖက်နှင့် တစ်ဖက် နားလည်မှုရနိုင်သည့် မျှခြေတစ်ခုသို့ မရောက်သေးခြင်းကြောင့် ဖြစ်သည်။

“စစ်ရဲ့ သဘောတရားကတော့ တစ်ဖက်နဲ့ တစ်ဖက်နဲ့ အထာမကျသေးဘူးလို့ ပြောမှာပေါ့။ တချို့အထာကျသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအကြီးတွေကျတော့ တစ်ဖက်နဲ့ တစ်ဖက် ဘာလုပ်လို့ရတယ်။ ဘာလုပ်လို့ မရဘူးဆိုတာမျိုးကို အထာထားတယ်” ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာ့အဖွဲ့အစည်း (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပေးသည်။

“တိုက်လို့ရတိုင်းလည်း တိုက်တာ မဟုတ်ဘူး” ဟုလည်း ၎င်းကပြောဆိုသည်။

ဥပမာဆိုရလျှင် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့ KIO တို့အကြား တိုက်ပွဲများစွာ ဖြစ်ပွားသော်လည်း တပ်မတော်က KIA ခေါင်းဆောင်များရှိသည့် လိုင်ဇာဌာနချုပ်ကို တိုက်ခိုက်ခြင်း မရှိသကဲ့သို့ KIA ကလည်း တပ်မတော်အကြီးအကဲများကို တိုက်ခိုက်ခြင်းမရှိကြောင်း ဒေါက်တာ မင်းဇော်ဦးက ထောက်ပြသည်။ အထာထားခြင်းဆိုသည်မှာ ယင်းကို ဆိုလိုသည်။

နောက်တစ်ချက်မှာ တစ်ဖက်၏ တုံ့ပြန်နိုင်စွမ်းကို နားလည်ခြင်းဖြစ်သည်။ ဥပမာ – တပ်မတော်သည် ၎င်းအပေါ်တိုက်ခိုက်လာလျှင် အဆမတန်သာလွန်သည့်အင်အားဖြင့် တုံ့ပြန်လေ့ရှိပြီး တပ်မတော်တပ်စခန်းတစ်ခု တိုက်ခိုက်ခံရလျှင် စခန်း ငါးခု၊ ခြောက်ခုခန့် တန်ပြန်တိုက်တတ်လေ့ရှိကြောင်း ၎င်းကဆိုသည်။

“အဲဒါမျိုးကို တစ်ဖက်နဲ့ တစ်ဖက်က မင်း ဒါလုပ်ရင် ငါဒါလုပ်တယ်ဆိုတာရှိတော့ နောက်ပိုင်းတွေမှာဆိုရင် တစ်ဖက်နဲ့ တစ်ဖက် မျှခြေတစ်ခုရောက်သွားရင်တော့ ဒီပြဿနာတွေက ရှင်းလို့ရပါတယ်” ဟု ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပေးသည်။

တိုက်ခိုက်ခံရခြင်း အကြောင်းအရင်း

ရဲတပ်ဖွဲ့တိုက်ခိုက်ခံရခြင်းအပေါ် ရှုထောင့်ပေါင်းစုံက သုံးသပ်ကြသည်။ အစိုးရအာဏာစက်ကို ဖယ်ရှားလိုခြင်းဟု ထောက်ပြကြသည်။

တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတာဝန်များကို ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားစေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းကလည်းဖြစ်၊ စစ်ရေးလေ့လာသုံးသပ်သည့် သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ ဒေါက်တာ နိုင်ဆွေဦးက မှတ်ချက်ပေးသည်။

“ရဲစခန်းကို ဝင်တိုက်တာက ဒေသရဲ့အုပ်ချုပ်ရေးယန္တရားပျက်အောင် တမင်လုပ်တယ်လို့ မြင်တယ်။ တပ်မတော်စစ်ကြောင်းတွေမရှိတဲ့နေရာတွေကို ရွေးပြီးတော့ လုပ်သွားတယ်” ဟု ၎င်းကဆိုသည်။

အုပ်ချုပ်ရေးယန္တရားပျက်ပြားလျှင် AA က ယင်းနေရာတွင် ဩဇာအာဏာတည်ဆောက်ကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားကို အစားထိုးနိုင်ရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း ဒေါက်တာနိုင်ဆွေဦးက ပြောဆိုသည်။

ဒေါက်တာ မင်းဇော်ဦးကလည်း AA က အစိုးရ၏ အုပ်ချုပ်ရေးယန္တရားကို ဖယ်ရှားလိုသည့် ရည်မှန်းချက်ရှိနေသည်ဟုတွေ့ရကြောင်း ရှုမြင်သည်။ အစိုးရအုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သည့် ရဲစခန်း၊ ထွေ/အုပ်ကဲ့သို့ ဌာနများမရှိတော့လျှင် အစိုးရအာဏာစက်လည်း မရှိတော့ကြောင်း ၎င်းကဆိုသည်။

“အဲဒါဆိုရင် လက်နက်ကိုင်တွေရဲ့ အာဏာစက်ကို ထူထောင်လို့ရတယ်။ တခြားနိုင်ငံတွေမှာလည်း အဲဒီလိုမျိုး ရှိပါတယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

တပ်စခန်းများကို တိုက်ခိုက်ခြင်း မဟုတ်ဘဲ ရဲစခန်းကို တိုက်ခိုက်ခြင်းမှာ အားနည်းသည့် ပစ်မှတ်အပျော့ကို ရွေးချယ်တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း ရှုမြင်သူများရှိသည်။ AA ဖွဲ့စည်းတည်ထောင်ထားသည်မှာ သက်တမ်းနုသေးခြင်း၊ လက်နက်အင်အား၊ လူအင်အားနည်းပါးသေးခြင်း စသည့် အကြောင်းတရားများကြောင့် ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စသည့် အားနည်းသည့်ပစ်မှတ်ဟုခေါ်သည့်နေရာများကို တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ထောက်ပြသူများရှိသည်။

“AA အနေနဲ့ အခုမှပေါ်လာတဲ့အဖွဲ့အစည်းဖြစ်တဲ့အခါကျတော့ သူရဲ့တပ်သားတွေကလည်း တိုက်ရည်ခိုက်ရည်ကလည်း အဲဒီလောက်ရှိတာ မဟုတ်ဘူးလေ။ တိုက်ရည်ခိုက်ရည်ကလည်း နုသေးတဲ့အခါကျတော့ ဒီလိုအနေအထားမျိုးမှာ ပြောက်ကျားစစ်ရဲ့ အနေအထားကတော့ အမာရှောင်ပြီးတော့ အပျော့ကိုတိုက်တယ်ဆိုတာမျိုးပေါ့။ အဲဒီသဘောတရားတော့ ရှိတာပေါ့” ဟု ဒေါက်တာ မင်းဇော်ဦးက ဆိုသည်။

နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ တပ်မတော်စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်နေခြင်းကြောင့်ဆိုသည့် အချက်ပင်ဖြစ်သည်။ ရဲတပ်ဖွဲ့သည် တပ်မတော်အကြီးအကဲ၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတာဝန် သီးသန့်ထမ်းဆောင်နေခြင်းမဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနသည် တပ်မတော်အကြီးအကဲ၏ အုပ်ချုပ်မှုအောက်တွင်ရှိပြီး အရေးအကြောင်းကြုံလာလျှင် တပ်မတော်၏ အရန်အင်အားစုဟု သတ်မှတ်ထားသဖြင့် တပ်မတော်နှင့် ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ရခြင်း၊ သတင်း ထောက်လှမ်းပေးရခြင်း စသည်တို့ မလွှဲသာမရှောင်သာ လုပ်ဆောင်ပေးနေရသည့် အခြေအနေဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဲဒါကြောင့် တစ်ဖက်က AA အနေနဲ့ ရဲတပ်ဖွဲ့က တပ်မတော်နဲ့ ပူးပေါင်းတယ်၊ အနှောင့်အယှက်ပေးတဲ့ နေရာမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အတူတူလို့ သတ်မှတ်တာပေါ့” ဟု ၎င်းက ပြောဆိုသည်။

AA က ရဲတပ်ဖွဲ့ကို ကြိုတင်သတိပေးကြေညာချက်များ ထုတ်ပြန်ခဲ့သည်ကိုတွေ့ရပြီး တပ်မတော်စစ်ဆင်ရေးတွင် ရဲတပ်ဖွဲ့သည် အဓိကအစိတ်အပိုင်းတစ်ရပ်ဟု AA က ယူဆထားသည်ကို တွေ့ရကြောင်း ဦးဖေသန်းက ဆိုသည်။

“ရဲဟာ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတာဝန်သာမက တပ်မတော်စစ်ဆင်ရေးတွေမှာပါဝင်နေလို့ AA ဘက်က တိုက်ရတယ်ဆိုတဲ့အကြောင်းပြချက်က တစ်နည်းအားဖြင့်တော့ မှန်ကန်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

အကယ်၍ ရဲတပ်ဖွဲ့သည် တပ်မတော်အကြီးအကဲ လက်အောက်တွင်မရှိဘဲ အရပ်သားအစိုးရက ဖွဲ့စည်းတည်ထောင်ထားသည့် ဝန်ကြီးဌာနတစ်ခုခုအောက်တွင်ရှိလျှင် ယင်းသို့ ရှုပ်ထွေးမှုများဖြစ်လာနိုင်ဖွယ်မရှိကြောင်း ဦးဖေသန်းက ထောက်ပြသည်။ အဆိုပါရှုပ်ထွေးမှုအပေါ် အမြင်မရှင်းသဖြင့် AA က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။

AA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကမူ ယိုးတရုပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခြင်းမှာ ဗဟိုက ညွှန်ကြားခြင်းမဟုတ်ဘဲ ဒေသတွင်းတပ်မှူးများ ဦးဆောင်သည့် အောက်ခြေတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အောက်ခြေတပ်ဖွဲ့ကို စုံစမ်းစစ်ဆေးနေကြောင်း ပြောဆိုသည်။ ယိုးတရုပ်ရဲစခန်းသည် မြန်မာ့တပ်မတော်ကို AA နှင့် ပတ်သက်၍ နေ့စဉ်သတင်းပေးပို့နေသည့် ထောက်လှမ်းရေးစခန်းဖြစ်နေသဖြင့် ဝင်ရောက်တိုက်ခိုက်ရသည်ဟု အောက်ခြေတပ်ဖွဲ့က သတင်းပို့ကြောင်း ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင်ရှိသည့် ရဲတပ်ဖွဲ့များတွင် တပ်မတော်ကလည်း ရောနှောပါဝင်နေပြီး အချို့နေရာများတွင် တပ်မတော်သားများက ရဲတပ်ဖွဲ့ယူနီဖောင်းများ ပြောင်းလဲဝတ်ဆင်ကာ တာဝန်ထမ်းဆောင်နေကြောင်း၊ အချို့စခန်းများမှာ တပ်မတော်ကို သတင်းပေးရပြီး အချို့မှာ ပြည်သူများကို ဖိနှိပ်ရာတွင် အသုံးပြုသည့် ယန္တရားတစ်ခုကဲ့သို့ ဖြစ်နေကြောင်း ဦးခိုင်သုခက ပြောဆိုသည်။

“အဲဒါကြောင့် သူတို့ လုပ်ဆောင်ချက်အပေါ်မှာ လိုအပ်ချက်ရှိရင် ဝင်ရောက်တိုက်ခိုက်ရတာလည်းရှိတယ်”

တပ်မတော်၏ စစ်ဆင်ရေးတွင် ပါဝင်ခြင်း၊ သတင်းများပေးခြင်းတို့ကြောင့် ရဲစခန်းများနှင့် ရဲတပ်ဖွဲ့ဝင်များကို အကြိမ်ကြိမ် သတိပေးထားကြောင်း၊ ယင်းသို့ သတိပေးထားသော်လည်း ဆက်လက်လုပ်ဆောင်သဖြင့် အရေးယူရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဆိုပါကိစ္စများနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကြည်လင်းတို့ကို မေးမြန်းရန် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သူ ဒေါက်တာ နိုင်ဆွေဦးကမူ တပ်မတော်စစ်ဆင်ရေးလုပ်ငန်းများတွင် ပါဝင်သဖြင့် ရဲတပ်ဖွဲ့တိုက်ခိုက်ခံရသည်ဆိုခြင်းမှာ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း ပြောဆိုသည်။ ရဲတပ်ဖွဲ့သည် တိုင်းရင်းသားပြည်သူများကို ကာကွယ်ရန် ဖွဲ့စည်းထားခြင်းသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာသလိုပဲ” ဟု ၎င်းက ဆိုသည်။

အုပ်ချုပ်ရေး ယိုယွင်းခြင်း

ရဲကင်းစခန်းများ မကြာခဏတိုက်ခိုက်ခံရပြီး အင်းအားနည်း ရဲကင်စခန်းအချို့ ရုပ်သိမ်းရခြင်း၊ AA သတင်းပေးဟုစွပ်စွဲပြီး ကျေးရွာအုပ်ချုပ်ရေးမှူးလေးဦး ဖမ်းဆီးခံရရာမှ အစပြုကာ မြောက်ဦးတစ်မြို့နယ်လုံးနီးပါးက ကျေးရွာအုပ်ချုပ်ရေးမှူးများ နုတ်ထွက်ကြခြင်းမှာ အုပ်ချုပ်ရေးယန္တရား ယိုယွင်းလာခြင်းဖြစ်ကြောင်း ထောက်ပြကြသည်။

ယိုးတရုတ်ရဲကင်းစခန်း တိုက်ခိုက်ခံရပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန်ပင် အခက်အခဲဖြစ်ခဲ့သည်။ ရသေ့တောင်မြို့နယ်က စာစစ်ဌာနအချို့တွင် ရဲမရှိသဖြင့် စာမေးပွဲမေးခွန်းထုတ်ယူရန်ပင် အခက်အခဲဖြစ်ခဲ့သည်။

“ဒေသအုပ်ချုပ်ရေးယန္တရားကို ပျက်ပြားအောင် တမင်လုပ်တာ။ လက်ရှိအချိန်မှာလည်း လုံခြုံရေးစိုးရိမ်ရတဲ့ အနေအထားရောက်နေပါပြီ” ဟု ဒေါက်တာ နိုင်ဆွေဦးက ပြောဆိုသည်။

ရခိုင်ပြည်နယ်က စစ်ဆင်ရေးနယ်မြေများတွင် တရားဥပဒေစိုးမိုးရေးအားနည်းသွားပြီဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုသည်လည်း တပ်မတော်နှင့် AA နှစ်ဖက်လုံးကို ကြောက်ရသည့် အခြေအနေဖြစ်နေကြောင်း ဦးဖေသန်းက ဆိုသည်။

တပ်မတော်ကလည်း ပေါ်တာဆွဲခြင်း၊ လမ်းပြလုပ်ခိုင်းခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးတရားစွဲဆို အရေးယူခြင်းများရှိပြီး AA ကလည်း ၎င်းတို့အပေါ် အနှောင့်အယှက်ပေးသူများကို ခြိမ်းခြောက်အရေးယူမှုများရှိနေကြောင်း ၎င်းက ပြောဆိုသည်။

“အဲဒီလို နှစ်ဖက်လုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ အနှောင့်အယှက်ပေးတယ်။ အရေးယူမှုတွေ ရှိလာသလို သူတို့အတွက် အသုံးချတာလည်းရှိတယ်။ အဲဒါကြောင့် အဲဒီနေရာမှာ လူတွေက အကြောက်တရားတော်တော်များနေတယ်။ နှစ်ဖက်စလုံးကို ကြောက်နေရတယ်” ဟု ဦးဖေသန်းက မှတ်ချက်ပေးသည်။

ထို့ကြောင့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးအပိုင်းတွင် ယိမ်းယိုင်အားနည်းနေပြီး ပြည်သူလူထုသည်လည်း တရားဥပဒေစိုးမိုးမှုအပိုင်းကို ယုံကြည်မှုအားနည်းကာ မိမိအသက်အန္တရာယ်ကို အဓိကထား ကာကွယ်နေရကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများက ဆက်လက်ပြင်းထန်နေသည်။ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့၌ မတ်လ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများအနက် အပြင်းထန်ဆုံးဖြစ်နေပြီး တပ်မတော်က လက်နက်ကြီး၊ ရဟတ်ယာဉ်များအပြင် တိုက်လေယာဉ်ကိုလည်း ပထမဆုံးအကြိမ်သုံးလာကြောင်း AA ဘက်က ထုတ်ပြန်ထားသည်။

တိုက်ပွဲများ ပြင်းထန်လာသည်နှင့်အမျှ အရပ်သားများ ထိခိုက်သေဆုံးကြသည့်အပြင် လုံခြုံရေးတာဝန်ထမ်းဆောင်သူများလည်း မလုံခြုံတော့ပေ။ ရဲစခန်းများ၊ အရပ်ဘက်အာဏာပိုင်များနှင့် လူပုဂ္ဂိုလ်များအပေါ် တိုက်ခိုက်မှုရပ်တန့်ရန် ဥရောပသမဂ္ဂက ကြေညာချက် ထုတ်ပြန်ထားသည်။

ယိုးတရုပ်ရဲစခန်းက တိုက်ခိုက်ခံရစဉ် သေဆုံးသွားသည့် ဒုတိယရဲတပ်ကြပ်၏ ဇနီး ဒေါ်အုန်းခင်ကမူ AA သည် တိုင်းပြည်ရလိုသည့် ရည်မှန်းချက်ဖြင့် လုပ်ဆောင်နေပြီး ရဲတပ်ဖွဲ့ဝင်များမှာလည်း တိုင်းပြည်တာဝန်ထမ်းနေခြင်းဖြစ်ပြီး နှစ်ဖက်ကြားတွင် ပြည်သူများ အသက်မဆုံးရှုံးစေလိုကြောင်း မီဒီယာအချို့ကို ပြောဆိုပြီး အောက်ပါအတိုင်းလည်း တောင်းဆိုလိုက်သည်။

“စစ်ကို ရပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်” 

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *